အခန်း ၁၄၄
Vol. 15 Ch. 144
အခန်း (၁၄၄) ဧကရာဇ်တစ်ပိုင်း အဆင့် လက်နက်
ရှုချွမ်း၏ ရည်ရွယ်ချက်ရှိရှိ ထိန်းချုပ်မှုအောက်တွင် နတ်ဘုရားသတ်ဓား၏ ပုံသဏ္ဌာန်မှာ ဖြည်းညှင်းစွာ တည်ငြိမ်ခိုင်မာလာခဲ့သည်။
'ထန်ဓား'နှင့် ဆင်တူသော ဓားတစ်လက်က အနန္တဝိညာဉ် မီးဖိုအိုးကြီးအတွင်း၌ ပေါ်ထွက်လာခဲ့သည်။
သူ၏ ယခင်ဘဝတုန်းက ရှုချွမ်းက ဓားအမျိုးမျိုးကို အမြဲတမ်း နှစ်သက်မြတ်နိုးခဲ့သူဖြစ်ပြီး အိမ်တွင် မသွေး ရသေးသော ဓားအမျိုးမျိုးကို စုဆောင်းထားခဲ့ဖူးသည်။
၎င်းတို့အနက် ရှုချွမ်း အနှစ်သက်ဆုံးမှာ ထန်ဓားဖြစ်ပြီး စစ်မှန်စွာ သွေး ထား သည့် ထန်ဓားတစ်လက်ကို ပိုင်ဆိုင်ရန် အမြဲတမ်း တောင့်တခဲ့ဖူးသည်။
သူ၏ ယခင်ကမ္ဘာတွင်မူ အေးစက်သော လက်နက်များထဲ၌ အထွတ်အထိပ်အဆင့်ရှိသော အရာအဖြစ် ထန်ဓားကို နောက်နောင်မျိုးဆက်များက ကျယ်ကျယ်ပြန့်ပြန့် သိရှိချီးကျူးခဲ့ကြပေသည်။
နတ်ဘုရားသတ်ဓားကို ထန်ဓားပုံစံအဖြစ် ပြန်လည်သွန်းလုပ်ရခြင်း၌ ရည်ရွယ်ချက်နှစ်ခု ရှိပေသည်။
တစ်ခုမှာ သူ၏ ယခင်ဘဝက ကာလရှည်ကြာစွာ ရှိနေခဲ့သော ဆန္ဒတစ်ခုကို ဖြည့်ဆည်းရန် ဖြစ်သည်။
ဒုတိယတစ်ခုမှာမူ ဤဓားကို အသုံးပြုလျက် သူ၏ အိမ်လွမ်းစိတ်ကို ဖော်ပြရန် ဖြစ်ပေသည်။
ရှုချွမ်း၏ နှလုံးသား အနက်ရှိုင်းဆုံးနေရာတွင် အမြဲတမ်း ဆန္ဒတစ်ခု ရှိနေခဲ့သည်၊ ၎င်းမှာ သူ၏ အရင်ကမ္ဘာဆီသို့ နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိရန်ပင် ဖြစ်သည်
အသက်ကြီးရင့်နေပြီဖြစ်သော မိဘနှစ်ပါးကို ပြန်လည်တွေ့မြင်ရန်နှင့် မွေးဖွားသည်မှာ မကြာသေးသော သူ၏ ညီမလေးကို ပြန်လည်တွေ့ဆုံရန် ဖြစ်ပေသည်။
ဤဆန္ဒမှာ သူ စနစ်ကို ရရှိပြီးနောက်တွင် ပိုမိုပြင်းထန်လာခဲ့ရသည်။
ဤအချက်ကပင် ရှုချွမ်းကို ဤကမ္ဘာထက်တွင် အစွမ်းထက်ဆုံး ကျွမ်းကျင်သူတစ်ဦး ဖြစ်လာစေရန် ပံ့ပိုးပေးထားသည့် ပြတ်သားသော စိတ်ဓာတ်ပင် ဖြစ်သည်။
စနစ်ရှိနေသရွေ့ တစ်နေ့တွင် ထိုကမ္ဘာဆီသို့ သေချာပေါက် ပြန်သွားနိုင်လိမ့်မည်ဟု သူ အခိုင်အမာ ယုံကြည်ထားသည်။
ထို့အပြင် သူသာ လုံလောက်စွာ အစွမ်းထက်လာပါက အချိန်ကာလကိုပင် ပြောင်းပြန်လှန်ပစ်နိုင်ပြီး သူ ခန္ဓာကိုယ်ကူးပြောင်းလာခဲ့သည့် ထိုအခိုက်အတန့်ဆီသို့ တိုက်ရိုက် ပြန်လည်ရောက်ရှိသွားနိုင်ပေသည်။
ထိုထန်ဓားကို ကောက်ယူလျက် ရှုချွမ်းက ဂရုတစိုက်ဖြင့် ပွတ်သပ်လိုက်၏။
ဤအခိုက်အတန့်ကျမှသာ သူက စစ်မှန်သော ပိုင်ဆိုင်မှု ခံစားချက်မျိုးကို ရရှိလိုက်တော့သည်။
နတ်ဘုရားသတ်ဓားမှာ ယခုအခါ ဒုတိယအဆင့် ဧကရာဇ်လက်နက် အပိုင်းအစများနှင့် ပေါင်းစပ်သွားခဲ့ပြီဖြစ်ရာ ၎င်းကို နတ်ဘုရားသတ်ဓားဟု ဆက်လက်ခေါ်ဆိုရန် မသင့်တော်တော့ပေ။
ရှုချွမ်းသည် ၎င်းကို အမည်သစ်တစ်ခု ပေးရန် ဆုံးဖြတ်လိုက်သည်။
"တောင့်တခြင်း... အိမ်ပြန်ခြင်း..."
"မင်းကို 'ဝမ်ကျီဓား' လို့ပဲ ခေါ်မယ်"
ဝမ်ကျီဓားအထက်တွင် ရှုချွမ်း၏ ခံစားချက်များစွာ ကိန်းဝပ်နေခဲ့ပြီ ဖြစ်သည်။
ဓားရိုးကို ခပ်ဖွဖွ ပွတ်သပ်လိုက်ရာ 'ဝမ်ကျီ' ဆိုသော စာလုံးနှစ်လုံးမှာ ၎င်းအထက်တွင် ပေါ်ထွက်လာခဲ့၏။
ဤဓားမှာ ဘဝသစ်တစ်ခု ထပ်မံရရှိသွားခဲ့ရုံမျှမက အမည်သစ်တစ်ခုပါ ရရှိသွားခဲ့ခြင်း ဖြစ်ပေသည်။
ယခုအချိန်တွင် ဝမ်ကျီဓားမှာ ယုံကြည်နိုင်စရာမရှိအောင် အစွမ်းထက်လှပြီး ယခင်က နတ်ဘုရားသတ်ဓားထက်မက အဆပေါင်းများစွာ သာလွန်ပေသည်။
၎င်းသည် ယခုအခါ 'ဧကရာဇ်တစ်ပိုင်းလက်နက်' အဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး ဧကရာဇ်လက်နက်တစ်ခုအဖြစ်သို့ လုံးဝကူးပြောင်းရန် ခြေလှမ်းတစ်လှမ်းမျှသာ လိုအပ်တော့သည်။
၎င်းက ဧကရာဇ်လက်နက်အစစ်အမှန် ဖြစ်မလာသေးသည့် အကြောင်းအရင်းမှာ ရှုချွမ်း၏ ကျင့်ကြံခြင်းနယ်ပယ်က နှောင့်နှေးစေခဲ့ခြင်းကြောင့် လုံးဝဖြစ်၏။
ဤဓားကို သန့်စင်ခဲ့သူအနေဖြင့် သူကိုယ်တိုင်က ဧကရာဇ်အရှင်နယ်ပယ် ကျင့်ကြံခြင်းကို မပိုင်ဆိုင်ထားပါက သန့်စင်လိုက်သော ဓားကို မည်သို့ ဧကရာဇ်လက်နက်ဟု ခေါ်ဆိုနိုင်ပါမည်နည်း။
နောင်အနာဂတ်တွင် ရှုချွမ်းအနေဖြင့် ဧကရာဇ်အရှင်နယ်ပယ်သို့ အဆင့်တက်သွားခဲ့သည့် အချိန်၌ ဝမ်ကျီဓားမှာလည်း ချက်ချင်းပင် ပထမအဆင့်ရှိ ဧကရာဇ်လက်နက်တစ်ခုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားနိုင်လိမ့်မည် ဖြစ်သည်။
ထို့အပြင် ၎င်းမှာ ရှုချွမ်းနှင့် နက်ရှိုင်းသော ဆက်နွှယ်မှုရှိသည့် ဧကရာဇ်လက်နက်တစ်ခု ဖြစ်ပေလိမ့်မည်။
၎င်းသည် ရှုချွမ်း၏ ကြီးထွားလာမှုနှင့်အတူ အစဉ်အမြဲ ဆက်လက်သန်မာလာနိုင်စွမ်း ရှိပေသည်။
ဝမ်ကျီဓားက လက်နက်နှစ်ခုလုံး၏ အားသာချက်အားလုံးကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး အနန္တဝိညာဉ် မီးဖိုအိုးကြီး၏ သန့်စင်မှုအောက်တွင် ၎င်း၏ အားနည်းချက်အားလုံး ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
ယခုအချိန်တွင် ဝမ်ကျီဓားမှာ လုံးဝ ပြည့်စုံလွန်းလှသည်ဟု ဆိုရပေလိမ့်မည်။
ယခင်က နတ်ဘုရားသတ်ဓားကို အသုံးပြုစဉ်ကမူ ရှုချွမ်းအနေဖြင့် အလွန်အမင်း သတ်ဖြတ်မှုများ ပြုလုပ်မိပါက ဓားအတွင်း၌ သတ်ဖြတ်ခြင်းဆန္ဒများနှင့် မကောင်းဆိုးဝါးချီများ စုပုံလာပြီး အသုံးပြုသူ၏ စိတ်ကို ထိခိုက်စေမည်ကို စိုးရိမ်ခဲ့ရသည်။
ယခု ဝမ်ကျီဓားနှင့် ဆိုပါကမူ ထိုကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်လာမည်ကို စိုးရိမ်ရန် လုံးဝမလိုတော့ချေ။
အကြောင်းမှာ ဝမ်ကျီဓားက သတ်ဖြတ်ခြင်းဆန္ဒများနှင့် မကောင်းဆိုးဝါးချီများကို ဓားသွားအတွင်း၌ ပြည့်စုံစွာ သိုလှောင်ထားနိုင်ပြီး အသုံးပြုသူကို စိုးစဉ်းမျှ သက်ရောက်မှု ရှိစေမည်မဟုတ်ခြင်းကြောင့် ဖြစ်သည်။
အမှန်စင်စစ်အားဖြင့် တိုက်ခိုက်နေစဉ်အတွင်း ၎င်းသည် ရန်သူ၏ စိတ်ကို နှောင့်ယှက်ဖျက်ဆီးရန်အတွက် ထိုအရာများကို ထုတ်လွှတ်ပေးနိုင်သေး၏။
အလွန်အမင်း အစွမ်းထက်လှပေသည်။
ထို့အပြင် ဝမ်ကျီဓားသည် ၎င်း၏ ပုံသဏ္ဌာန်ကိုပင် ပြောင်းလဲနိုင်ပြီး အခြားသော တိုက်ခိုက်မှုများကိုပါ ထုတ်ဖော်နိုင်သေးသည်။
ထို့အပြင် လက်ရှိတွင် ဝမ်ကျီဓားမှာ ဧကရာဇ်တစ်ပိုင်းလက်နက် အဆင့်၌သာ ရှိသေးသည်ဆိုသော်လည်း ၎င်း၏ မာကျောမှုမှာ ပထမအဆင့် ဧကရာဇ်လက်နက်များစွာထက်ပင် သာလွန်လှပေသည်။
ဘာပဲဖြစ်ဖြစ် ၎င်းက ဧကရာဇ်လက်နက်တစ်ခု ဖြစ်ရန် အလားအလာ အလွန်များပြားသော စာအုပ်နှင့် ပေါင်းစပ်သွားခဲ့ခြင်း ဖြစ်၏။
၎င်းစာအုပ်မှာ ကြေမွပျက်စီးသွားခဲ့ပြီ ဖြစ်သော်လည်း ၎င်း၏ ကုန်ကြမ်းပစ္စည်းမှာ ပြောင်းလဲသွားခြင်းမရှိသဖြင့် ဤကဲ့သို့သော အံ့ဖွယ်အရာကို ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။
"ကောင်းတယ်... တကယ့်ကို ကောင်းတယ်"
ရှုချွမ်းက ကြည့်ရှုလေလေ ပိုမိုနှစ်သက်သဘောကျလေလေဖြစ်ပြီး လက်ကနေပင် မချချင်လောက်အောင် ဖြစ်နေခဲ့ရသည်။
အချိန်အတော်ကြာပြီးနောက်မှသာ သူက ဝမ်ကျီဓားကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ မချင့်မရဲဖြင့် သိမ်းဆည်းလိုက်တော့၏။
ထို့နောက် သူက အနန္တဝိညာဉ် မီးဖိုအိုးကြီးကို သိမ်းဆည်းလိုက်ပြီး ဤနေရာ၏ ပတ်ဝန်းကျင်ကို ရှင်းလင်းလိုက်သည်။
ရှုချွမ်းက ဤနေရာမှ ထွက်ခွာရန် ပြင်ဆင်လိုက်ပြီ ဖြစ်သည်။
ယခင်က ဖြစ်ပေါ်ခဲ့သော လှုပ်ခတ်မှုနှစ်ခုမှာ လူအချို့၏ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်သွားခဲ့ပြီဖြစ်ပြီး အချိန်ကို တွက်ချက်ကြည့်ရသရွေ့ သူတို့သည် မကြာမီ ဤနေရာသို့ ရောက်ရှိလာကြတော့မည် ဖြစ်သည်။
အလွန်အမင်း အေးစက်လှသော အအေးပိုင်းဒေသ၏ နိမ့်ပါးလှသော အပူချိန်မှာ သဘာဝအတားအဆီးတစ်ခု ဖြစ်သည်ဆိုသော်လည်း တစ်စုံတစ်ဦးက ဤအအေးဓာတ်ချီများကို ပိတ်ဆို့နိုင်မည့် နည်းလမ်းများ ပိုင်ဆိုင်ထားခြင်း မရှိဟု အာမခံချက်မရှိချေ။
မလိုအပ်သော ပြဿနာများကို ရှောင်ရှားရန်အတွက် ရှုချွမ်းက ဤနေရာမှ ထွက်ခွာရန်နှင့် 'နင်ယို့ချီ' နှင့် 'ယန်ရှန်း' တို့ကို လိုက်လံရှာဖွေရန် ဆုံးဖြတ်လိုက်သည်။
သူက နင်ယို့ချီကို ရှာဖွေရခြင်းမှာ သဘာဝကျစွာပင် ရှေးဟောင်းစစ်မြေပြင်အတွင်း၌ သူမကို ကာကွယ်ပေးပါမည်ဟု 'နင်ချန်ထျန်း' ကို ကတိပေးခဲ့ဖူးခြင်းကြောင့်ဖြစ်ပြီး ထို့အပြင် ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးမှာလည်း သာမန်ထက် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
ယန်ရှန်းကို ရှာဖွေရခြင်းမှာမူ သေချာပေါက်ပင် အခွင့်အရေးကို အရယူကာ သူ့ကို သတ်ဖြတ်ပစ်ရန်အတွက် ဖြစ်ပေသည်။
သို့သော်လည်း..
ရှုချွမ်းက အလွန်အမင်း အေးစက်လှသော အအေးပိုင်းဒေသမှ လှမ်းထွက်လိုက်ရုံမျှရှိသေးစဉ်မှာပင် လူအုပ်စုတစ်စုနှင့် ထိပ်တိုက် တိုးမိသွားခဲ့တော့သည်။
ဤလူများမှာ ယခင်က နန်းတော်အတွင်းရှိ အုပ်စုထဲမှ လူအချို့ ဖြစ်ကြ၏။
သူတို့သည် ရှုချွမ်း၏ အနီးအနားတွင် ရှိနေခဲ့ကြခြင်းဖြစ်ပြီး ပထမဆုံးသော ဖိနှိပ်မှုအော်ရာ ပေါ်ထွက်လာခဲ့စဉ်ကတည်းက သူတို့က ပူးပေါင်းလျက် ဤနေရာဆီသို့ အပြေးအလွှား ဦးတည်လာခဲ့ကြခြင်း ဖြစ်သည်။
ရောက်ရှိလာချိန်တွင်မူ အပြင်သို့ ထွက်ခွာလာသော ရှုချွမ်းနှင့် ကွက်တိ တိုးမိသွားခဲ့ကြခြင်း ဖြစ်သည်။
ရှုချွမ်းက စနစ်ကို အသုံးပြုကာ ဤလူအုပ်စုကို အကဲခတ်လိုက်ရာ သူတို့၏ ကျင့်ကြံခြင်းနယ်ပယ်များမှာ သူ၏ မျက်စိရှေ့မှောက်တွင် ပေါ်ထွက်လာခဲ့သည်။
ဤလူကိုးဦးစလုံးမှာ ကမ္မနယ်ပယ်သိုင်းပညာရှင်များ ဖြစ်ကြပြီး ခေါင်းဆောင်ဖြစ်သူ 'လျို့မင်' မှာမူ ကမ္မနယ်ပယ် အဆင့် ၈ အထိ ခွန်အားကိုပင် ပိုင်ဆိုင်ထားပေသည်။
သူတို့၏ မျက်နှာပေးများကို ကြည့်ရုံမျှဖြင့် ရှုချွမ်းအနေဖြင့် သူတို့တွင် စေတနာကောင်း မရှိသည်ကို သိရှိလိုက်သည်။
ထို့နောက် ဆက်လက်ဖြစ်ပေါ်လာသောအရာအားလုံးက ရှုချွမ်း၏ စကားများကို သက်သေပြသွားခဲ့သည်။
ထိုလူကိုးဦးသည် ရှုချွမ်းကို ဝိုင်းရံပိတ်ဆို့ထားခဲ့ကြပြီး သူ့ကို ထွက်ခွာခွင့်မပေးခဲ့ကြချေ။
"ဒါက သူတော်စင်သားတော်ဖြစ်တဲ့ ရှုချွမ်း မဟုတ်ပါလား... ဘာတွေ ဒီလောက်အထိ အလျင်လိုနေရတာလဲ"
လျို့မင်က ရှုချွမ်း၏ ရှေ့တွင် ရပ်တန့်လျက် အထင်သေးသော လေသံဖြင့် ပြောလိုက်သည်။
သူက 'လောင်းလျာ ' ဆိုသော စကားလုံးကို ရည်ရွယ်ချက်ရှိရှိ အလေးအနက် ပြောဆိုခဲ့ခြင်းဖြစ်ပြီး ရှုချွမ်းအပေါ် မုန်းတီးမှုများ ရှိနေသည့်အလားပင်။
အမှန်စင်စစ်အားဖြင့်လည်း သူ၌ မုန်းတီးမှုများ ရှိနေခဲ့သည်။
သူသည် ရှေးဟောင်းစစ်မြေပြင်အတွင်း၌ ရှုချွမ်းကို သတ်ဖြတ်ပေးပါမည်ဟု ကတိပြုလျက် 'ကျန်းယွမ်မင်းသား'ထံမှ ယွမ်ကျောက်တုံးများနှင့် ရတနာများကို လက်ခံရရှိထားခဲ့ခြင်း ဖြစ်သည်။
သူက ရှုချွမ်းတွင် နိဗ္ဗာနနယ်ပယ် အဆင့် ၂ မျှသာ ရှိသေးသည်ဟု ထည့်တွက်ထားဆဲ ဖြစ်သဖြင့် ရှုချွမ်းကို စိုးစဉ်းမျှ အရေးတယူ မပြုလုပ်ခဲ့ ပေ။
"မင်းတို့ ဘာလိုချင်လို့လဲ..."
ရှုချွမ်းက မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။
သူ၏ ကောင်းမွန်နေသော စိတ်အခြေအနေမှာ ရုတ်တရက် ပေါ်ထွက်လာသော ဤလူကိုးဦးကြောင့် ပျက်စီးသွားခဲ့ရသည်။
ဤအချက်က သူ့ကို အလွန်အမင်း မပျော်မရွှင် ဖြစ်စေခဲ့သော်လည်း သူသည် ချက်ချင်း ဒေါသထွက်မပစ်ခဲ့ချေ။
အကြောင်းမှာ ရှုချွမ်းက ပတ်ဝန်းကျင်၌ ပုန်းကွယ်ချောင်းမြောင်းနေသော မိစ္ဆာမျိုးနွယ်စုဝင် အမြောက်အမြားကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့အားလုံးမှာ ကမ္မနယ်ပယ်နှင့် ထို့ထက်မြင့်သော အဆင့်၌ ရှိနေကြခြင်းကြောင့် ဖြစ်သည်။
သေချာသည်မှာ ထိုမိစ္ဆာမျိုးနွယ်စုဝင်များက အော်ရာနှစ်ခုကို ခံစားမိခဲ့ကြသဖြင့် မိစ္ဆာနယ်ပယ်မှနေ၍ ဤနေရာသို့ ရောက်ရှိလာကြခြင်း ဖြစ်ပေသည်။
"ဒီနေရာမှာ စောစောက ရတနာတစ်ခု ပေါ်ထွက်ခဲ့တယ်... ပြီးတော့ မင်း အထဲကနေ ထွက်လာတာကိုလည်း ငါတို့ မြင်တွေ့ခဲ့ရတယ်... ဆိုတော့ အဲဒီရတနာကို မင်း ရရှိသွားခဲ့တာ မဟုတ်လား..."
လျို့မင်က မဲ့ပြုံးပြုံးရင်း ပြောလိုက်သည်။
"အဲဒါက ဘာဖြစ်လဲ..."
ရှုချွမ်းက ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်၏။ သူသည် ဤလူက မည်သို့သော လှည့်ကွက်များကို သုံးဦးမည်ကို ကြည့်ရှုလိုခြင်း ဖြစ်သည်။
"ဒါဆိုရင်တော့ ဘာဖြစ်လဲ ..."
ရှုချွမ်း ဝန်ခံလိုက်သည်ကို ကြားလိုက်ရချိန်တွင် လျို့မင်မှာ အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွားခဲ့ရသည်။
"ရတနာက မင်းရဲ့လက်ထဲမှာ ရှိနေမှတော့... ငါတို့ အားလုံး အထူးတလည် ချီးကျူးဂုဏ်ပြုနိုင်ဖို့အတွက် အပြင်ကို ထုတ်ပြပေးလို့ ရမလား..."
လျို့မင်က အခွင့်အရေးကို အရယူလျက် ဆက်လက်ပြောလိုက်၏။
သူက ဤသို့ ပြောဆိုခဲ့သော်လည်း ရောက်ရှိနေကြသူ အားလုံးကမူ သူသည် ရှုချွမ်းကို ရတနာအား လွှဲပြောင်းပေးစေလိုခြင်းဖြစ်ကြောင်း သေချာပေါက် သဘောပေါက်ကြပေသည်။
ရှုချွမ်းသည်လည်း ၎င်း၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို သဘာဝကျစွာ နားလည်လိုက်၏။
"ငါက ဘာလို့ ပေးရမှာလဲ... မင်းတို့က အဲဒါနဲ့ ထိုက်တန်လို့လား..."
ရှုချွမ်းက တည်ငြိမ်အေးဆေးစွာဖြင့် ပြောလိုက်သည်။
ဤစကားလုံးများက လျို့မင်၏ တည်ငြိမ်မှုကို ချက်ချင်း ပျက်စီးသွားစေခဲ့ပြီး သူသည် အရှက်ရမှုကြောင့် ချက်ချင်းပင် ဒေါသချောင်းချောင်း ထွက်သွားခဲ့ရတော့၏။
"ငါတို့ဆီမှာ ကမ္မနယ်ပယ် သိုင်းပညာရှင် ကိုးယောက် ရှိနေလို့ပဲ... ပြီးတော့ မင်းက နိဗ္ဗာနနယ်ပယ် အဆင့် ၂ မျှသာ ရှိသေးတာလေ..."
"မင်းကိုယ်မင်း တကယ့်ကို ပြိုင်ဘက်ကင်းနေပြီလို့ ထင်နေတာလား..."
"မင်း တာအို ဖလှယ်ပွဲမှာ အနိုင်ရခဲ့တာကလည်း ငါတို့ မဟာဝေအင်ပါယာရဲ့ ပါရမီရှင်တွေ ဝင်ရောက်မယှဉ်ပြိုင်ခဲ့လို့ မင်း အခွင့်အရေး ရသွားတာပဲ..."
"ဒီနေ့ ငါ ဒီနေရာတင် အတိအလင်း ပြောလိုက်မယ်... ငါ့စကားကို နားထောင်ပြီး ရတနာကို လွှဲပြောင်းပေးလိုက်တာ ပိုကောင်းလိမ့်မယ်... မဟုတ်ရင် မင်း ဒီနေ့ ဒီနေရာမှာတင် အသက်ပျောက်သွားရလိမ့်မယ်..."
လျို့မင်က ဝင့်ဝါစွာ ပြောလိုက်၏။
သူက ရှုချွမ်း၏ ယခင်က အောင်မြင်မှုများအားလုံးကို တန်ဖိုးမရှိသောအရာများအဖြစ် အထင်သေးပစ်ပယ်လိုက်ခြင်း ဖြစ်သည်။
"ဟမ့်... မင်းတို့မှာ အရည်အချင်း ရှိရင် လာယူကြည့်လေ..."
ရှုချွမ်းက ခပ်ဖွဖွ ရယ်မောရင်း ပြောလိုက်၏။
သူက သူ၏ မျက်စိရှေ့မှောက်ရှိ ဤငဖားကောင် အနည်းငယ်ကို တကယ့်ကို အရေးတယူ မပြုလုပ်ခဲ့ပါချေ။
သူတို့က ဆေးလုံးများဖြင့်သာ အဆင့် မြှင့်တင်ထားကြသည့် အသုံးမကျသူများသာ ဖြစ်ကြပြီး မဟာဝေအင်ပါယာအတွင်း၌သာ အမြဲတမ်း ပုန်းကွယ်နေခဲ့ကြသဖြင့် ပြင်ပလောကကြီးကို တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးခြင်း မရှိကြ ပေ။
ကမ္မနယ်ပယ်သို့ ရောက်ရှိရုံမျှဖြင့် မိမိကိုယ်ကိုယ် ပြိုင်ဘက်ကင်းနေပြီဟု ထင်မှတ်နေကြခြင်း ဖြစ်ပေသည်။
"ဟမ့်... မင်းကို အေးအေးဆေးဆေး ပြောနေတာကို နားမထောင်ဘူးပဲ... အဲဒီလိုဆိုရင်လည်း ငါ့ကို အပြစ်မတင်နဲ့တော့..."
လျို့မင်က ဒေါသတကြီးဖြင့် အော်ဟစ် လိုက်တော့သည်။