← Chapters

အခန်း ၁၄၅

Vol. 15 Ch. 145

အခန်း ၁၄၅

Vol. 15 Ch. 145

အခန်း (၁၄၅) ယုတ်မာသော တိုက်ခိုက်မှု၊ မင်းတို့အားလုံးကို ဓားစာကျွေးခြင်း

"ငါ့အတွက် သူ့ကို ဝိုင်းတိုက်ကြစမ်း"

လျို့မင်၏ အမိန့်ပေးသံနှင့်အတူ သူ၏အနောက်မှ ကမ္မနယ်ပယ် သိုင်းပညာရှင် ရှစ်ဦးစလုံးက အရှေ့သို့ တဟုန်ထိုး တိုးဝင်လာခဲ့ကြတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ပြင်းထန်လှသော တိုက်ကွက်များစွာသည် ရှုချွမ်းထံသို့ ကျရောက်လာခဲ့သည်။

အကယ်၍ အခြားသော သိုင်းပညာရှင်တစ်ဦးသာဆိုပါက ဤကဲ့သို့သော လူအင်အားနှင့် ရင်ဆိုင်ရချိန်တွင် နေရာ၌တင် ကြောက်လန့်တုန်လှုပ်သွားပေလိမ့်မည်။

သို့သော်လည်း သူတို့ ရင်ဆိုင်နေရသည်က ရှုချွမ်းဖြစ်ပြီး ရှုချွမ်း၏ ကျင့်ကြံခြင်းနယ်ပယ်မှာ နိဗ္ဗာနနယ်ပယ် အဆင့် ၉ သို့ပင် မြင့်တက်နေခဲ့ပြီ ဖြစ်သည်။

သူ နိဗ္ဗာနနယ်ပယ် အဆင့် ၂ ၌သာ ရှိသေးစဉ်ကပင် ရှုချွမ်းသည် ကမ္မနယ်ပယ် အဆင့် ၈ နှင့် နှိုင်းယှဉ်နိုင်သော သိုင်းပညာရှင် လေးဦးကို တစ်ပြိုင်နက်တည်း ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခဲ့သူ ဖြစ်၏။

ယခုအခါ ယခင်လေးဦးလောက်ပင် ခွန်အားမရှိကြသော ကမ္မနယ်ပယ် သိုင်းပညာရှင် ရှစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင်မူ သူက မည်သည့်ဖိအားမျိုးမျှ ခံစားရခြင်း မရှိပေ။

"ဆူညံလိုက်တာ..."

ရှုချွမ်းက သူ၏ လက်သီးကို မြှောက်လိုက်ပြီး 'တစ်ချက်ထိုး လူသား' ကံကြမ္မာ စွမ်းရည်ကို လည်ပတ်လိုက်သည်။

ခပ်ဖွဖွ ပစ်လွှတ်လိုက်သည့် လက်သီးချက် အလား ထင်မှတ်ရသော်လည်း ၎င်းက ထိုလူရှစ်ဦး၏ တိုက်ကွက်များနှင့် ချက်ချင်း ထိပ်တိုက်တွေ့ဆုံသွားခဲ့၏။

မည်သည့် သံသယမျှမရှိဘဲ ထိုလူရှစ်ဦး၏ တိုက်ကွက်များအားလုံးမှာ ရှုချွမ်း၏ လက်သီးတစ်ချက်တည်းဖြင့်တင် ကြေမွပျက်စီးသွားခဲ့ရတော့သည်။

ထို့နောက်တွင်မူ ရှုချွမ်းက သရော်လိုက်သေး၏။

"ဒါကပဲ မဟာ ဝေဧကရာဇ်မင်းဆက်ရဲ့ ပါရမီရှင်တွေ ပြသနိုင်တဲ့ အစွမ်းလား..."

"တကယ့်ကို ပျင်းစရာကောင်းလိုက်တာ..."

သူ၏ စကားလုံးများက ရောက်ရှိနေသူများ၏ ဒေါသကို ချက်ချင်းပင် ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

သူတို့အားလုံးက မြို့တော်အတွင်းရှိ အင်အားကြီးအဖွဲ့အစည်းများနှင့် ထင်ရှားကျော်စောသော မိသားစုကြီးများမှ ဆင်းသက်လာကြသူများ ဖြစ်ကြ၏။

သာမန်ရက်များတွင်မူ မြို့တော်အတွင်း၌ အာဏာနှင့် သက်တောင့်သက်သာရှိမှုကို အပြည့်အဝ ခံစားနေကြရသူများ ဖြစ်သည်။

သူတို့က ဤကဲ့သို့သော သရော်လှောင်ပြောင်မှုကို မည်သည့်အခါက ကြုံတွေ့ဖူးပါမည်နည်း။

၎င်းမှာ သူတို့၏ မျက်နှာကို မြေကြီးပေါ်တွင် ပွတ်တိုက်ပြီး အရှက်ခွဲခံလိုက်ရသကဲ့သို့ပင်။

"မင်း..."

လျို့မင်သည်လည်း အလွန်အမင်း ဒေါသထွက်သွားခဲ့ရပြီး ရှုချွမ်းကို လက်ညှိုးထိုးကာ တစ်စုံတစ်ခုကို ပြောချင်နေသော်လည်း စကားလုံးများက ထွက်မလာခဲ့ ပေ။

အမှန်တရားက မျက်စိရှေ့မှောက်တွင် အထင်အရှား ရှိနေခဲ့ပြီဖြစ်သည်၊ သူခေါ်ဆောင်လာသော လူအချို့၏ အစွမ်းကုန် ထုတ်ဖော်လိုက်သည့် တိုက်ကွက်မှာ ရှုချွမ်း၏ လက်သီးတစ်ချက်တည်းဖြင့် ကြေမွသွားခဲ့ရသည်။

သူတို့ကြားမှ ကွာဟချက်ကို မျက်စိရှိသူ မည်သူမဆို အလွယ်တကူ မြင်တွေ့နိုင်ပေသည်။

သူက ယခုအခါ ရှုချွမ်းကို လာရောက်ရန်စမိခဲ့ခြင်းအတွက် အနည်းငယ်ပင် နောင်တရစပြုလာခဲ့ပြီ ဖြစ်သည်။

အကြောင်းမှာ ဤနေရာသို့ မလာရောက်မီက ကျန်းယွမ်မင်းသားက ရှုချွမ်းကို ကိုင်တွယ်ရန်အတွက် အခြားသူများက ကူညီပေးလိမ့်မည်ဟု ပြောကြားခဲ့ဖူးခြင်းကြောင့် ဖြစ်၏။

သို့သော်လည်း သူကရှေးဟောင်းစစ်မြေပြင်အတွင်းသို့ ဝင်ရောက်လာပြီးနောက်တွင်မူ ထိုကိစ္စကို လုံးဝ လျစ်လျူရှုထားခဲ့မိသည်။

အကြောင်းမှာ သူက ရှုချွမ်းကို အပြောသမား သက်သက်သာဖြစ်ပြီး သူ၏ အောင်မြင်မှုများအားလုံးမှာ အခြားသူများက လုပ်ကြံဖန်တီးပေးထားခြင်းဖြစ်သည်ဟု ထင်မှတ်နေခဲ့ခြင်းကြောင့် ဖြစ်သည်။

ထို့အပြင် သူက ကမ္မနယ်ပယ်နှင့် ထို့ထက်မြင့်သော သိုင်းပညာရှင် ရှစ်ဦးကို ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ရာ ရှုချွမ်းကို အနိုင်ယူရန် သို့မဟုတ် သတ်ဖြတ်ရန်မှာ လက်ဖျောက်တစ်ချက်တီးရသကဲ့သို့ လွယ်ကူလိမ့်မည်ဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ရှုချွမ်းက လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည့် အချိန်ကျမှသာ သူက မည်မျှအထိ မှားယွင်းသွားခဲ့ကြောင်းကို သိရှိလိုက်ရတော့သည်၊ တကယ့်ကို အကြီးအကျယ် မှားယွင်းသွားခဲ့ခြင်း ဖြစ်ပေသည်။

သူခေါ်ဆောင်လာသော လူရှစ်ဦးက ရှုချွမ်းကို မယှဉ်နိုင်ရုံမျှမကဘဲ သူကိုယ်တိုင်ပင်လျှင် ရှုချွမ်းကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း စကားလုံးများက ထုတ်ပြောပြီးသားဖြစ်ရာ ပြန်လည်ရုပ်သိမ်း၍ မရတော့ပေ။

ထို့အပြင် သူတို့က စတင်တိုက်ခိုက်ခဲ့ပြီးသား ဖြစ်သဖြင့် ရှုချွမ်းကလည်း သူတို့ကို အလွယ်တကူ လွှတ်ပေးလိမ့်မည် မဟုတ်သည်မှာ သေချာလှပေသည်။

သူက သွားကို တင်းတင်းကြိတ်လျက် ပြောလိုက်၏။

"အားလုံး အတူတူ တိုက်ကြစမ်း... သူက တကယ်ပဲ ဒီလောက်အထိ အစွမ်းထက် နေလိမ့်မယ်လို့ ငါ မယုံဘူး..."

ပြောပြီးသည်နှင့် သူက လက်ထဲရှိ ဓားရှည်ကို ဆွဲထုတ်ကာ ရှုချွမ်းထံသို့ တိုးဝင်သွားခဲ့တော့သည်။

ကျန်ရှိနေသော လူရှစ်ဦးသည်လည်း လျို့မင်ကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်သည်ကို မြင်တွေ့ရချိန်တွင် ယခင်က ရှုံးနိမ့်မှုကို ခေတ္တဘေးဖယ်ထားလိုက်ကြပြီး သူတို့၏ လက်နက်ကိုယ်စီကို ထုတ်ယူကာ ရှုချွမ်းကို ဝိုင်းဝန်းတိုက်ခိုက်ကြတော့သည်။

"လာစမ်းပါ... အချိန်ကိုက်ပဲ..."

ရှုချွမ်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

သူ၏ ကျင့်ကြံခြင်းနယ်ပယ် အဆင့်တက်သွားခဲ့ပြီးနောက် လှုပ်ရှား ချင်နေခဲ့ရာ ယခုအခါ တစ်စုံတစ်ဦးက သူ့ထံသို့ အလိုက်သင့် လာရောက်ပို့ဆောင်ပေးနေခြင်း ဖြစ်သည်။

ကွက်တိပင်။

သူက လက်တစ်ဖက်ကို လက်သီးအဖြစ် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

"မဟာနေမင်း ကောင်းကင်ယံသို့ လှည့်လည်ခြင်း..."

ရှုချွမ်းက 'မဟာနေမင်း နတ်ဘုရားလက်သီးချက်' ကို သူ၏ နိဗ္ဗာနနယ်ပယ် အဆင့် ၉ ကျင့်ကြံခြင်းအပြင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော နေသူတော်စင်ခန္ဓာကိုယ်တို့နှင့် ပေါင်းစပ်လျက် ထုတ်ဖော်လိုက်ရာ ၎င်း၏ စွမ်းအားမှာ နှိုင်းယှဉ်စရာမရှိအောင် ပြင်းထန်လှပေသည်။

နေမင်းအစစ်အမှန်မီးတောက်မှာ သူ၏ လက်သီးထက်တွင် ချက်ချင်းပေါ်ထွက်လာခဲ့ပြီး သူ၏ လက်မောင်းတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ရာ ကြောက်မက်ဖွယ်ကောင်းသော အပူရှိန်များကို ထုတ်လွှတ်နေသည့် မဟာနေမင်းကြီးတစ်ခုအလား ထင်မှတ်ရပေသည်။

လက်သီးချက်ထက်တွင် ကပ်ပါလာသော နတ်ဘုရားအရှိန်အဝါကို ခံစားမိလိုက်ရချိန်တွင် လျို့မင်မှာ တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထသွားခဲ့ရတော့၏။

သို့သော်လည်း ပစ်လွှတ်လိုက်သော မြားတစ်စင်းသည် နောက်ကြောင်းပြန်လှည့်၍ မရတော့သကဲ့သို့ပင် သူက ယခုအချိန်တွင် ရပ်တန့်၍ မရတော့ပါပေ။

ဘုန်း...

ရှုချွမ်း၏ လက်သီးချက်နှင့် လျို့မင်၏ ဓားတို့ ထိပ်တိုက်တွေ့ဆုံသွားခဲ့ပြီး အဆုံးမရှိသော မီးတောက်များ ပေါက်ကွဲထွက်လာခဲ့ကာ မျက်စိကျိန်းမတတ် တောက်ပသွားခဲ့ရသည်။

မြို့တော်၏ ထိပ်တန်းအဖွဲ့အစည်းမှ တပည့်တစ်ဦးဖြစ်သည့်အတိုင်း လျို့မင်၏ လက်ထဲရှိ ဓားရှည်မှာ ကောင်းကင်အဆင့်လက်နက်တစ်ခု ဖြစ်လာရန် ခြေလှမ်းတစ်လှမ်းမျှသာ လိုတော့သည့် ရတနာတစ်ပါး ဖြစ်ပေသည်။

ဤဓားကို အမှီပြုလျက် သူက ရှုချွမ်း၏ လက်သီးချက်ကို အောင်မြင်စွာ တောင့်ခံနိုင်ခဲ့၏။

သို့သော်လည်း ကြောက်မက်ဖွယ်ကောင်းသော ရိုက်ခတ်မှုဒဏ်ကြောင့် သူကနောက်သို့ မီတာ ဒါဇင်ပေါင်းများစွာအထိ လွင့်ထွက်သွားခဲ့ရသည်။

သူ၏ နှုတ်ခမ်းထောင့်စွန်းမှ သွေးစအချို့ စီးကျလာခဲ့၏။

ဆန့်ကျင်ဘက်အနေဖြင့် ရှုချွမ်းမှာမူ စိုးစဉ်းမျှ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ဘဲ သူ၏ ဆံပင်တစ်ပင်ပင်လျှင် ပျက်စီးသွားခြင်း မရှိပေ။

သူက ကမ္ဘာသို့ ခေတ္တဆင်းသက်လာသည့် နတ်သားတစ်ပါးအလား တင့်တယ်လျက် ခန့်ညားကာ ထူးခြားဆန်းကြယ်သော အသွင်အပြင်ကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။

ဤအခိုက်အတန့်တွင်...

ကျန်ရှိနေသော လူရှစ်ဦး၏ တိုက်ကွက်များမှာလည်း ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

လူလေးဦးက ရှုချွမ်း၏ အရှေ့တည့်တည့်မှ တိုက်ခိုက်လာခဲ့ကြပြီး ကျန်ရှိသော လူလေးဦးမှာမူ ရှုချွမ်း၏ နောက်ကျောဘက်ဆီသို့ ဝိုင်းရံပိတ်ဆို့လာခဲ့ကြသည်။

သူတို့သည် ရှုချွမ်း၏ အာရုံကို ခွဲထုတ်ပစ်လိုကြခြင်း ဖြစ်သည်။

ရှုချွမ်းကို အရှေ့တည့်တည့်မှ အနိုင်မယူနိုင်သဖြင့် သူတို့သည် ရှုချွမ်းကို အရှေ့နှင့်အနောက် ညှပ်ပိတ်တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြခြင်း ဖြစ်သည်။

ရှုချွမ်းအနေဖြင့် နှစ်ဖက်စလုံးကို တစ်ပြိုင်နက်တည်း ကိုင်တွယ်နိုင်လိမ့်မည်ဟု သူတို့ မယုံကြည်ကြချေ။

အထူးသဖြင့် လူတစ်ဦးမှာ အလွန်အမင်း ကောက်ကျစ်စဉ်းလဲလှပေသည်၊ သူ၏ လက်နက်မှာ သတ္တုတုတ်ရှည်ကြီးတစ်ခုဖြစ်ပြီး သူက ရှုချွမ်း၏ နောက်ကျောဘက်တည့်တည့်ဆီသို့ တိတ်တဆိတ် ချဉ်းကပ်လာခဲ့ခြင်း ဖြစ်၏။

အခွင့်အရေးကို အရယူလျက် ရှုချွမ်းက အရှေ့မှ လူလေးဦးနှင့် နောက်ကွယ်မှ လူသုံးဦးကို ကိုင်တွယ်နေစဉ်အတွင်း သူ၏ လက်ထဲရှိ တုတ်ရှည်ကြီးမှာ ရုတ်တရက် ရှည်ထွက်သွားခဲ့တော့သည်။

၎င်းမှာ မျောက်မင်း စွန်းဝူခုန်း၏ နာခံတတ်သော ရွှေတုတ်အလား ရှုချွမ်း၏ အနောက်ဘက် 'စအိုဝ' ဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားခဲ့၏။

သူက ကာလရှည်ကြာစွာ ပျောက်ဆုံးနေခဲ့သော လျှို့ဝှက်အကွက် ဖြစ်သည့် 'နှစ်တစ်ထောင် နာကျင်မှု' တိုက်ကွက်ကို အသုံးပြုရန် အမှန်တကယ် ကြံစည်နေခြင်း ဖြစ်သည်။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရချိန်တွင် လျိုမင်၏ မျက်နှာထက်၌ အံ့အားသင့်မှုများ ထင်ဟပ်သွားခဲ့ရပြီး သူက မိမိ၏ ဒဏ်ရာများကိုပင် ဂရုမစိုက်တော့ဘဲ ရှုချွမ်းကို ဓားဖြင့် ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။

သူက ထိုလူအတွက် ရှုချွမ်းကို အပြင်းအထန် ဒဏ်ရာရရှိစေမည့် အခွင့်အရေးတစ်ခု ဖန်တီးပေးလိုခြင်း ဖြစ်၏။

နောက်ကွယ်မှ လျှို့ဝှက်နေရာမှာ လူသားခန္ဓာကိုယ်၏ အရေးကြီးဆုံးသော အစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်သည်၊ ၎င်းနေရာကိုသာ ထိခိုက်ဒဏ်ရာရသွားခဲ့ပါက ရှုချွမ်း မည်မျှပင် အစွမ်းထက်နေပါစေ ဤမျှလောက် ပြင်းထန်သော ပျက်စီးမှုအောက်တွင် သူသည် မည်သည့်ခွန်အားမျိုးကိုမျှ ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်တော့ချေ။

ရှုချွမ်းသည်လည်း ဤမြင်ကွင်းကို သတိပြုမိသွားခဲ့ပြီး ထိုလူ မည်သို့လုပ်ဆောင်ရန် ကြံစည်နေသည်ကို ချက်ချင်း သဘောပေါက်သွားခဲ့သဖြင့် ရုတ်တရက် ထိတ်လန့်အံ့ဩသွားခဲ့ရသည်။

သူသည်လည်း ယခင်က ချန်မိသားစု ဘိုးဘေးကို ကိုင်တွယ်စဉ်က ဤကဲ့သို့သော တိုက်ကွက်မျိုးကို အသုံးပြုခဲ့ဖူးသည်။

ဤတိုက်ကွက်ကို အမှီပြုလျက်သာ သူက အားနည်းသူဖြစ်သော်လည်း သန်မာ သူကို အနိုင်ယူနိုင်ခဲ့ပြီး မိမိထက် အဆပေါင်းများစွာ ပိုမိုသန်မာလှသော ချန်မိသားစု ဘိုးဘေးကို ချက်ချင်းပင် သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း တစ်နေ့သောအခါတွင် တစ်စုံတစ်ဦးက ဤတိုက်ကွက်မျိုးကို အသုံးပြုလျက် မိမိကို ပြန်လည်ကိုင်တွယ်လာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့မိပါချေ။

သူ ၎င်းကို မည်သို့ လက်ခံနိုင်ပါမည်နည်း။

"လူယုတ်မာ... မင်း ဘယ်လိုတောင် သတ္တိရှိလှလဲ..."

ရှုချွမ်းက ဒေါသတကြီးဖြင့် အော်ဟစ်ကြိမ်းမောင်းလိုက်၏။ သူသည် ထိုလူကို သေချာပေါက် အောင်မြင်ခွင့်ပေးလိမ့်မည် မဟုတ်ချေ။

ဤအချက်က သူ၏ သိက္ခာပိုင်းဆိုင်ရာ ကိစ္စတစ်ခုတည်းတင်မကဘဲ အကယ်၍ ထိုလူ တကယ်သာ အောင်မြင်သွားခဲ့ပါက သူ၏ သိုင်းတာအိုနှလုံးသား ကိုပါ ပြန်လည်ကုစား၍မရနိုင်လောက်အောင် ထိခိုက်ပျက်စီးသွားစေလိမ့်မည် ဖြစ်သည်။

သူက ဤကဲ့သို့သော အရာမျိုးကို ဖြစ်ခွင့် လုံးဝပေးလိမ့်မည် မဟုတ်ချေ။

သူက လက်သီးတစ်ချက်ဖြင့် လူအချို့ကို လွင့်ထွက်သွားစေခဲ့သည်။

ထို့နောက်...

သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ 'ဝမ်ကျီဓား' မှာ သူ၏ လက်အတွင်း၌ ပေါ်ထွက်လာခဲ့တော့သည်။

ယနေ့တွင်မူ သူ၏ လက်နက်အသစ်၏ စွမ်းအား ကို သူတို့ကို မြည်းစမ်းကြည့်စေရပေမည်။

"ဒါက သူရသွားတဲ့ ရတနာပဲ..."

ဧကရာဇ်တစ်ပိုင်းအဆင့် လက်နက် ပေါ်ထွက်လာမှုက ထိုလူအချို့၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်သွားခဲ့တော့သည်။

သူတို့၏ မျက်နှာထက်တွင် လောဘဇောများ အထင်အရှား ပေါ်ထွက်လာခဲ့၏။

သူတို့က ရှုချွမ်းအပေါ် တိုက်ခိုက်မှုများကို ပိုမိုပြင်းထန်အောင် ပြုလုပ်လိုက်ကြသည်။

သူတို့သာ ရှုချွမ်းကို အနိုင်ယူနိုင်ပါက ဤဓားမှာ သူတို့ပိုင်ဆိုင်မှု ဖြစ်လာပေလိမ့်မည်။

"ဒီနေ့... ငါ အသစ်ရရှိထားတဲ့ ဒီဓားကို စတင်သွေးတိုက် ဖို့အတွက် မင်းတို့အားလုံးကို ဓားစာကျွေးရမှာပဲ..."

"ကောင်းကင် ဖြိုခွင်းခြင်း ..."

ဘုန်း...

တောက်ပလွန်းလှသော ဓားအလင်းတန်းတစ်ခုက လူတိုင်း၏ မျက်စိရှေ့မှောက်တွင် ပေါ်ထွက်လာခဲ့သည်။

ရှုချွမ်းက ယခုအချိန်တွင် သူတို့အနက်မှ မည်သူ့ကိုမျှ လွှတ်ပေးရန် စိတ်ကူးမရှိတော့ပါချေ။

ဓားအလင်းတန်း ကျရောက်သွားခဲ့ရာ ကောက်ကျစ်စွာဖြင့် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့သော ထိုလူ၏ တုတ်ရှည်ကြီးမှာ ချက်ချင်းပင် ပြတ်တောက်သွားခဲ့ရတော့သည်။

ဤမျှလောက်နှင့်တင် လုံးဝမပြီးဆုံးသေးချေ၊ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းမှာ ထိုလူရှိရာဆီသို့ ဆက်လက်ခုတ်ပိုင်းသွားခဲ့သည်။

ခရက်...

အရိုးများ ကျိုးကြေသွားသည့် အသံနှင့်အတူ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့သူမှာ ရှုချွမ်း၏ ဓားချက်တစ်ချက်တည်းဖြင့် ဦးခေါင်းမှနေ၍ ခြေဖျားအထိ ခန္ဓာကိုယ်နှစ်ပိုင်း ပြတ်တောက်သွားခဲ့ရတော့သည်။

ရှုချွမ်းက လူတစ်ဦးကို ဓားချက်တစ်ချက်တည်းဖြင့် နှစ်ပိုင်းဖြတ်ပစ်လိုက်သည်ကို မြင်တွေ့လိုက်ရချိန်တွင် ကျန်ရှိနေသော လူရှစ်ဦးမှာ သူတို့၏ လောဘစိတ်များမှနေ၍ ချက်ချင်းပင် ရုန်းထွက်သွားခဲ့ကြရတော့သည်။

ထိုကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းဆန္ဒနှင့်အတူ အတိုင်းအဆမရှိသော ခွန်အားကြီးမားမှုတို့က

သူတို့ကို အတိတ်တစ်ချိန်က နေဝင်ချိန်အောက်တွင် အသက်လုပြေးခဲ့ရဖူးသည့် သူတို့၏ ဆုံးရှုံးသွားခဲ့သော လူငယ်ဘဝ နေ့ရက်များကို ပြန်လည်သတိရသွားစေခဲ့သည်။

"ပြေးကြ..."

မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ လူအချို့မှာ ထွက်ပြေးရန် ကြိုးပမ်းကြတော့သည်။

ရှုချွမ်း၏ တိုက်ကွက်နှင့် ရင်ဆိုင်ရချိန်တွင် ရောက်ရှိနေသူ မည်သူမျှ ၎င်းကို ပိတ်ဆို့နိုင်စွမ်း မရှိကြသဖြင့် ယခုအခါ သူတို့သည် မိမိတို့၏ အသက်ကို ကယ်တင်နိုင်ရန်သာ မျှော်လင့်ကြတော့သည်။

လူအချို့က အသက်ကယ်ရတနာများကို ထုတ်ယူလိုက်ကြပြီး ရှုချွမ်း၏ တိုက်ကွက်အတွင်းမှနေ၍ ထွက်ပြေးလွတ်မြောက်ရန် အခွင့်အရေးကို မျှော်လင့်လိုက်ကြရာ လျိုမင်သည်လည်း ခြွင်းချက်မရှိခဲ့ပါချေ။

သို့သော်လည်း

ရှုချွမ်းက သူတို့ကို ဤကဲ့သို့သော အခွင့်အရေးမျိုး ပေးပါမည်နည်း။

သေချာသည်မှာ သူ ပေးလိမ့်မည်မဟုတ်ချေ။

"ထွက်ပြေးမလို့လား... မင်းတို့ ပြေးနိုင်ပါဦးမလား..."

ရှုချွမ်းက အထင်သေးသော လေသံဖြင့် ပြောလိုက်တော့သည်။

သူက ဝမ်ကျီဓားကို ထုတ်ယူလိုက်သည့် အခိုက်အတန့်ကတည်းက ဤလူများအတွက် နောက်ပြန်ဆုတ်ရန် လမ်းမရှိတော့ပေ ။

ရှုချွမ်းသည်လည်း သူတို့ကို လွှတ်ပေးရန် စစ်မှန်သော ရည်ရွယ်ချက် စိုးစဉ်းမျှ ရှိမနေခဲ့ပေ။

All Chapters