အခန်း ၁၄၆
Vol. 15 Ch. 146
အခန်း (၁၄၆) အမှောင်မိစ္ဆာများအားလုံးကို သတ်ဖြတ်ခြင်း
"နတ်ဘုရားသတ်ဖြတ်ခြင်း..."
ရှုချွမ်းက ဤတိုက်ကွက်၏ အမည်ကို ခပ်တိုးတိုး ရွတ်ဆိုလိုက်၏။
သူ၏ စကားဆုံးသည်နှင့်တစ်ပြိုင်နက် သူ၏လက်ထဲရှိ ချန်ကျီဓားထံမှ ပူပြင်းလှသော အနီရောင်အလင်းတန်းများ ရုတ်တရက် ပွင့်ထွက်လာခဲ့တော့သည်။
ထို့နောက် ကောင်းကင်ယံကြီးတစ်ခုလုံးကို ဖြိုခွင်းမတတ် ကြီးမားလှသော ဓားကြီးတစ်လက်သည် လေထုထဲတွင် ပေါ်ထွက်လာခဲ့၏။
ဤအခိုက်အတန့်တွင်မူ 'နတ်ဘုရားသတ်ဓားနယ်မြေ သည်လည်း ပွင့်ထွက်လာခဲ့ပြီး ထွက်ပြေးနေကြသော လူများကို လွှမ်းခြုံပိတ်ဆို့လိုက်တော့သည်။
သို့သော်လည်း ရှုချွမ်း၏ အဓိက အာရုံစိုက်မှုကမူ 'လျိုမင်' ထံ၌သာ ရှိနေဆဲ ဖြစ်သည်။
သူ၏ ကမ္မနယ်ပယ် အဆင့် ၈ ခွန်အားနှင့်ဆိုပါက သူ၏ ထွက်ပြေးနှုန်းမှာ အလွန်အမင်း မြန်ဆန်လှပြီး သူ၏ အသက်ကယ်နည်းလမ်းများနှင့် ပေါင်းစပ်လိုက်လျှင် သူ့ကို ဖမ်းဆီးရန် ပိုမိုခက်ခဲပေလိမ့်မည်။
ထို့ကြောင့် ဤလူကို ပထမဆုံး သတ်ဖြတ်ရမည် ဖြစ်သည်။
ထိုသို့မဟုတ်ဘဲ ဤလူသာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါက ဤနေရာတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံး ပေါက်ကြားသွားပေလိမ့်မည်။
သူတော်စင်သားတော် ရှုချွမ်းတွင် ဧကရာဇ်တစ်ပိုင်းလက်နက်တစ်ခု ရှိနေသည်ဟူသော သတင်းမှာ မဟာဝေအင်ပါယာတစ်ခုလုံးသာမက တစ်ခုလုံးသော အရှေ့ဘက်ဒေသအထိပါ ပျံ့နှံ့သွားပေလိမ့်မည်။
ထိုအချိန်ကျပါက ၎င်းက လူအများအပြား၏ လောဘဇောမျက်လုံးများကို ဆွဲဆောင်မိသွားပေလိမ့်မည်။
ကောင်းကင်ဘုရင်နယ်ပယ် ကျွမ်းကျင်သူများပင်လျှင် လာရောက်လုယက်ရန် စိတ်မထိန်းနိုင်ဘဲ ဖြစ်သွားကြပေလိမ့်မည်။
တစ်ယောက်စနှစ်ယောက်စဆိုပါက သူတော်စင်သားတော် ရှုချွမ်းအနေဖြင့် စိုးစဉ်းမျှ ကြောက်ရွံ့နေလိမ့်မည်မဟုတ်ချေ၊ အကြောင်းမှာ သူ၌ ဧကရာဇ်လက်နက်နှစ်ခု ရှိနေသည့်အပြင် ကောင်းကင်ဘုရင်နယ်ပယ် အထွတ်အထိပ်၌ ရှိနေသော ကိုယ်ရံတော် 'ရွှမ်လျဲ့' လည်း ရှိနေခြင်းကြောင့် ဖြစ်သည်။
သို့သော်လည်း ရန်သူ့အရေအတွက်သာ များပြားလာခဲ့ပါက မည်သို့သော မမျှော်လင့်ထားသည့် မတော်တဆမှုမျိုး ဖြစ်ပေါ်လာမည်ကို မည်သူမျှ အာမ မခံနိုင်ချေ။
ဤကဲ့သို့သောအရာမျိုး ဖြစ်မလာစေရန်အတွက် လျိုမင်နှင့် ကျန်ရှိနေသော လူခုနစ်ဦးစလုံးသည် သေချာပေါက် သေဆုံးရပေမည်။
ဒီနေ့တွင်မူ ကောင်းကင်ဘုရင်ကိုယ်တိုင် ဆင်းသက်လာခဲ့လျှင်ပင် သူတို့ကို ကယ်တင်နိုင်လိမ့်မည် မဟုတ်ချေ။
လျိုမင်နှင့် အခြားသူများက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသော ဓားကြီးနှင့် ဓားနယ်မြေ အတွင်းရှိ သိပ်သည်း လှသော သတ်ဖြတ်ခြင်းဆန္ဒများနှင့် မကောင်းဆိုးဝါးချီများကို မြင်တွေ့လိုက်ရချိန်တွင် ဤအခိုက်အတန့်၌ သူတို့၏ နှလုံးသားထဲတွင် ကြောက်ရွံ့တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့ရတော့သည်။
၎င်းနှင့်အတူ မျှော်လင့်ချက်မဲ့မှုနှင့် တတ်နိုင်စွမ်းမရှိမှုတို့ကလည်း ကပ်ပါလာခဲ့၏။
အထူးသဖြင့် လျိုမင်မှာမူ သူတော်စင်သားတော် ရှုချွမ်း၏ အဓိက အာရုံစိုက်ခြင်းခံရသူ ဖြစ်သဖြင့် ပို၍ ဆိုးဝါးလှပေသည်။
ဤအခိုက်အတန့်တွင် သူ၏ ဒူးများမှာ နူးညံ့ပျော့ခွေနေခဲ့ပြီး သူက အတိုင်းအဆမရှိ ထိတ်လန့်တုန်လှုပ်နေခဲ့ရသည်။
"မလုပ်ပါနဲ့... ကျွန်တော့်ကို မသတ်ပါနဲ့..."
"ဒါတွေအကုန်လုံးက ကျန်းယွမ်မင်းသား လျိုချီက ခိုင်းလို့ ကျွန်တော် မင်းကို သတ်ဖို့ ကြံစည်ခဲ့တာပါ"
"ဒါ ကျွန်တော့်အပြစ် မဟုတ်ပါဘူး"
"မင်း သတ်ချင်တယ်ဆိုရင် သူတို့ကိုပဲ သတ်လိုက်ပါ... သူတို့က ကျွန်တော် ခေါ်လာတဲ့ ဓားစာခံ သက်သက်တွေပါပဲ... သူတို့ကို သတ်လိုက်ရင် ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး"
သေခြင်း၏ အရိပ်အယောင်အောက်တွင် လျိုမင်သည် မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ ကျန်းယွမ်မင်းသား လျိုချီကို သစ္စာဖောက်လိုက်ပြီး ရှုချွမ်းအား အရာအားလုံးကို ဖွင့်ဟဝန်ခံလိုက်တော့သည်။
သူက ကျန်ရှိနေသော လူခုနစ်ဦး၏ အသက်ကို အသုံးပြုကာ မိမိ၏ အသက်ရှင်သန်ခွင့် မျှော်လင့်ချက်ကလေးနှင့် လဲလှယ်ရန်ပင် ကြိုးပမ်းလိုက်သေး၏။
ဤစကားကို ကြားလိုက်ရချိန်တွင် ကျန်ရှိသော လူခုနစ်ဦးစလုံးမှာ ထွက်ပြေးနေခြင်းကို ရပ်တန့်လိုက်ကြပြီး လှည့်လျက် လျိုမင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြတော့သည်။
သူတို့ကို ဤရှေးဟောင်းစစ်မြေပြင် အတွင်းသို့ ယုံကြည်ချက်အပြည့်ဖြင့် ခေါ်ဆောင်လာခဲ့ပြီး အခွင့်အလမ်းများနှင့် သဲလွန်စများကို ရှာဖွေရန်အတွက် အစဉ်အမြဲ ဦးဆောင်ခဲ့သော လျိုမင်က သူတို့ကို မည်သည့်အချိန်တွင်မဆို စွန့်ပစ်နိုင်သော ဓားစာခံများ သက်သက်အဖြစ် သဘောထားခဲ့လိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့မိပါချေ။
ဤအချက်က သူတို့ကို သစ္စာဖောက်ခံလိုက်ရသည်ဟု ခံစားရစေသည်။
ချက်ချင်းဆိုသလိုပင် သူတို့သည် ရှုချွမ်းအပေါ် ရှိနေခဲ့သော ဒေါသများအားလုံးကို လျိုမင်ထံသို့ ပြောင်းလဲပုံအောပစ်လိုက်ကြတော့၏။
"မင်း... လျိုမင်... မင်းက ဒီလိုလူစားမျိုး ဖြစ်လိမ့်မယ်လို့ ငါ တကယ့်ကို ထင်မထားခဲ့ဘူး"
"ငါ မင်းကို တကယ့်ကို လူမှားခဲ့တာပဲ... မင်းက တိရစ္ဆာန်ထက် မခြားတဲ့ကောင်ပဲ"
"သူတော်စင်သားတော် ရှုချွမ်း... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ... ကျွန်တော် အခွင့်အလမ်းကြီးတစ်ခုရှိတဲ့ နေရာကို သိထားပါတယ်... ကျွန်တော့်အသက်နဲ့ လဲလှယ်ဖို့အတွက် အဲဒီနေရာကို သူတော်စင် သားတော်ကို ဆက်သဖို့ အဆင်သင့်ပါပဲ"
သိုင်းပညာရှင်တစ်ဦးမှာ လျိုမင်၏ သစ္စာဖောက်မှုကို မခံစားနိုင်တော့ဘဲ ဒေါသတကြီး ခေါင်းလှည့်ကာ လျိုမင်ကို ဆဲဆိုကြိမ်းမောင်းလိုက်သည်။
ထို့နောက် သူက အခွင့်အလမ်းတစ်ခုကို အသုံးပြုကာ ရှုချွမ်းထံမှ အသက်ရှင်သန်ခွင့် အခွင့်အရေးတစ်ခု လဲလှယ်ရန် ကြိုးပမ်းလိုက်၏။
ရှုချွမ်းက ထိုလူနှစ်ဦး ခွေးအချင်းချင်း ကိုက်ဖြတ်နေကြသည်ကို ကြည့်ရင်း အလွန်ပင် စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားလိုက်ရသည်။
သို့သော်လည်း ရှုချွမ်းက ထိုလူပြောဆိုသော အခွင့်အလမ်းကိုမူ စိုးစဉ်းမျှ အာရုံမစိုက်ခဲ့ပါချေ။
သူက စနစ်ကို အသုံးပြုကာ စစ်ဆေးလိုက်ရာ ထိုလူပြောဆိုသော အခွင့်အလမ်းမှာ ဤရှေးဟောင်းစစ်မြေပြင် အတွင်း ကျဆုံးသွားခဲ့သော ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ဦး ချန်ရစ်ခဲ့သည့် အမွေအနှစ် သက်သက်မျှသာ ဖြစ်ပေသည်။
အကောင်းဆုံး ရလဒ်ထွက်လာခဲ့လျှင်ပင် အဆင့်နိမ့် ကောင်းကင်အဆင့်ကျင့်စဉ်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ကျင့်စဉ်များမှာ လက်ရှိ ရှုချွမ်းအတွက်ဆိုပါက အမှိုက်နှင့် မခြားနားချေ။
သူ၏ ရွှေရောင်ရှေးဟောင်းနန်းတော်အတွင်းရှိ ကျင့်စဉ်များမှာ အနည်းဆုံး ထိပ်တန်းအဆင့်ရှိ ကောင်းကင်အဆင့်ကျင့်စဉ်များဖြစ်ပြီး ဧကရာဇ်ကျင့်စဉ် များကဲ့သို့သော အမွေအနှစ်များမှာလည်း ရေတွက်၍မရနိုင်အောင် ရှိနေပေသည်။
သူက ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ဦး ချန်ရစ်ခဲ့သော အမွေအနှစ်ကို တကယ့်ကို မျက်စိထဲ မထည့်ပါချေ။
ရှုချွမ်းထံမှ မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကို မြင်တွေ့ရချိန်တွင် ထိုလူမှာ ချက်ချင်းပင် ပျာယာခတ်သွားခဲ့ရသည်။
သူက သွားကို တင်းတင်းကြိတ်လျက် သူ၏ သိုလှောင်လက်စွပ်ထဲမှ အရာတစ်ခုကို ထုတ်ယူလိုက်၏။
"သူတော်စင်သားတော်... ကျွန်တော် ဒီအရာကို အသက်နဲ့လဲလှယ်ဖို့ ဆက်သပါရစေ... အဆင်ပြေနိုင်မလား..."
ထိုအရာကို မြင်တွေ့လိုက်ရချိန်တွင် ရှုချွမ်း၏ မျက်လုံးများမှာ ချက်ချင်း တောက်ပသွားခဲ့ရသည်။
၎င်းမှာ ယခင်က သူ ရွှေရောက်ရှေးဟောင်း နန်းတော်အတွင်း၌ ငွေလမြင့်မြတ် နယ်မြေတပည့်ထံမှ ရရှိခဲ့ဖူးသော 'ဝိညာဉ်ပုတီးစေ့' ပင် ဖြစ်နေခဲ့သည်။
သိုင်းပညာရှင်တစ်ဦး၏ အစစ်အမှန် သိုင်းဝိညာဉ်ကို သန်မာလာစေနိုင်သည့် ဝိညာဉ်ပုတီးစေ့။
ရှုချွမ်းသည် ယခင်က ဝိညာဉ်ပုတီးစေ့ကို တံခါးပိတ် ကျင့်ကြံစဉ်ကတည်းက စုပ်ယူခဲ့ပြီးသား ဖြစ်သည်။
ထိုဝိညာဉ်ပုတီးစေ့ကို စုပ်ယူပြီးနောက်တွင်မူ သူ၏ အစစ်အမှန် သိုင်းဝိညာဉ်မှာ အရည်အသွေးပိုင်းအရ ချက်ချင်းပင် ခုန်ပျံကျော်လွှား တိုးတက်သွားခဲ့ပြီး စတင်ဖွဲ့စည်းခါစအချိန်နှင့် လုံးဝမတူတော့ဘဲ အတိုင်းအဆမရှိ ခိုင်မာတောင့်တင်းသွားခဲ့ရသည်။
ယခင်က သူက ထိုကဲ့သို့သော ဝိညာဉ်ပုတီးစေ့တစ်စေ့တည်းသာ ရရှိခဲ့ခြင်းအတွက် အနည်းငယ် နှမြောမိခဲ့ဖူးသည်။
ဒီနေ့တွင် ဤအရာကို နောက်တစ်ကြိမ် ထပ်မံတွေ့မြင်ရလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပါချေ။
တကယ့်ကို ကံကောင်းလွန်းလှသည်။
သို့သော်လည်း ရှုချွမ်းက ပြန်လည်စဉ်းစားကြည့်လိုက်ရာ အနည်းငယ် သဘောပေါက်သွားခဲ့သည်။
ဤနေရာမှာ ရွှမ်ထျန်း တိုက်ကြီးနှင့် မိစ္ဆာမျိုးနွယ်စုတို့၏ ရှေးဟောင်းစစ်မြေပြင် ဖြစ်ပေသည်။
ပြီးတော့ မိစ္ဆာမျိုးနွယ်စုမှာလည်း မျိုးနွယ်စုများထဲမှ မျိုးနွယ်စုတစ်ခု ဖြစ်သည်။
မဟာဝေဧကရာဇ်မြို့တော်အတွင်း၌ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြသော ဤမိသားစုကြီးများအနေဖြင့် မိစ္ဆာမျိုးနွယ်စုများ၏ အလောင်းကောင်များထံမှ ဝိညာဉ်ပုတီးစေ့အချို့ကို ရရှိထားခဲ့ကြခြင်းမှာ ပုံမှန်ပင် ဖြစ်ပေသည်။
ရှုချွမ်းက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ထိုဝိညာဉ်ပုတီးစေ့မှာ သူ၏ လက်အတွင်းသို့ ပျံသန်းဝင်ရောက်လာခဲ့တော့သည်။
ရှုချွမ်းက ဝိညာဉ်ပုတီးစေ့ကို လက်ခံလိုက်သည်ကို မြင်တွေ့ရချိန်တွင် ထိုလူမှာ သူ အသက်ရှင်သန်ခွင့် ရရှိတော့မည်ဟု ထင်မှတ်လျက် ချက်ချင်းပင် အတိုင်းထက်အလွန် ဝမ်းသာသွားခဲ့ရသည်။
သို့သော်လည်း ရှုချွမ်းသည် သူ့ကို လွှတ်ပေးမည်ဟု ဘယ်တုန်းကမှ မပြောခဲ့ပါချေ။
သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံရှိ ဓားကြီးထံမှ ဓားချီ တစ်ခု ကွဲထွက်လာခဲ့ပြီး ထိုလူ့ထံသို့ တိုက်ရိုက် ကျရောက်သွားခဲ့တော့သည်။
သူ၏ မယုံကြည်နိုင်လောက်သော မျက်လုံးများအောက်တွင်ပင် သူသည် ဓားချက်တစ်ချက်တည်းဖြင့် ပြာအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့ရတော့သည်။
"ကြည့်ကြစမ်း... သူက ငါတို့ကို လွှတ်ပေးဖို့ ဘယ်တုန်းကမှ စိတ်ကူးမရှိခဲ့ဘူး"
လျိုမင်သည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရချိန်တွင် ချက်ချင်း သဘောပေါက်သွားခဲ့ပြီး ကျန်ရှိနေသော လူအနည်းငယ်ကို အော်ဟစ်ပြောလိုက်သည်။
"အားလုံး အတူတူ တိုက်ကြစမ်း... မင်းတို့ရဲ့ အသက်ကယ်နည်းလမ်းတွေ အကုန်ထုတ်သုံးကြတော့... အဲ့လိုမှ မဟုတ်ရင် ငါတို့အားလုံး ဒီနေ့ ဒီနေရာမှာ တင် သေရလိမ့်မယ်"
လျိုမင်က ဤနေရာတွင် မသေဆုံးချင်ပါ။
မျှော်လင့်ချက်အလင်းရောင်ကလေး တစ်စွန်းတစ်စ ရရှိနိုင်ရန်အတွက် သူက ကျန်ရှိနေသော လူများကို ဆွပေးလျက် မိမိနှင့်အတူ ပူးပေါင်းတိုက်ခိုက်စေရန်သာ ပြုလုပ်နိုင်တော့သည်၊ ထိုသို့ဆိုမှသာ မျှော်လင့်ချက်ကလေး ရှိပေလိမ့်မည်။
ကျန်ရှိနေသော လူအနည်းငယ်၏ မျက်နှာများမှာလည်း ယခုအခါ မရေမရာ ဖြစ်နေခဲ့ကြပြီ ဖြစ်သည်။
လျိုမင်၏ စကားကို ကြားလိုက်ရပြီးနောက်တွင်မူ သူတို့လည်း နောက်ဆုံး၌ သဘောပေါက်သွားခဲ့ကြတော့၏။
"သူ့ကို သတ်ကြစမ်း..."
သူတို့ တုံ့ဆိုင်းမနေတော့သည်ကို မြင်တွေ့ရချိန်တွင် လျိုမင်မှာ အတိုင်းထက်အလွန် ဝမ်းသာသွားခဲ့ရသည်။
"သတ်..."
သူတို့အနည်းငယ်က သူတို့၏ အစွမ်းထက်လှသော တိုက်ကွက်များကို ထုတ်ဖော်လိုက်ကြပြီး တစ်ကိုယ်လုံးရှိ မူလစွမ်းအား များကို ပေါက်ကွဲစေလျက် ခွန်အားကို မြှင့်တင်ပေးနိုင်မည့် လျှို့ဝှက်ကျင့်စဉ်အမျိုးမျိုးကို အသုံးပြုလိုက်ကြသည်။
သူတို့က အနည်းငယ်မျှပင် ပေါ့ဆရဲခြင်း မရှိကြချေ၊ အကြောင်းမှာ ဤအရာက သူတို့ အသက်ရှင်သန်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်ခြင်းကြောင့် ဖြစ်သည်။
"ပုရွက်ဆိတ်တွေရဲ့ နောက်ဆုံးရုန်းကန်မှု သက်သက်ပါပဲ"
ရှုချွမ်းက ဤမြင်ကွင်းကို အထင်သေးသော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်းတို့ရဲ့ လမ်းကို ဆက်လျှောက်ကြတော့... မရဏလမ်းမှာ အဖော်တွေ ရှိနေတာကလည်း တကယ့်ကို ကောင်းတဲ့ အရာပဲ မဟုတ်လား"
သူ၏ စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ယံရှိ ဓားကြီးသည် ကမ္ဘာကို ဖျက်ဆီးပစ်နိုင်လောက်မည့် နတ်ဘုရားအရှိန်အဝါများနှင့်အတူ တိုက်ရိုက် ကျရောက်သွားခဲ့တော့သည်။
သူတို့၏ တိုက်ကွက်များ ရှုချွမ်းထံသို့ မရောက်ရှိမီမှာပင် ရှုချွမ်း၏ တိုက်ကွက်က သူတို့ထံသို့ ပထမဆုံး ကျရောက်သွားခဲ့ပြီး ဖြစ်သည်။
ဘုန်း...
ပြင်းထန်လှသော အသံကြီးနှင့်အတူ ဖုန်မှုန့်များနှင့် မီးခိုးလုံးများမှာ အရပ်မျက်နှာအနှံ့သို့ ပျံတက်သွားခဲ့ရသည်။
ပေါက်ကွဲမှုလှိုင်းတစ်ခုက တုန်ခါမှုလှိုင်းအလား အရပ်မျက်နှာအနှံ့သို့ ရိုက်ခတ်သွားခဲ့၏။
ဤလှိုင်းနှင့် ထိမိသမျှ မည်သူမဆို ချက်ချင်းပင် အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရပြီး နောက်ဆုံးတွင် လေထုထဲ၌ ကွယ်ပျောက်သွားခဲ့ရတော့သည်။
အကျယ်လောင်ဆုံး အော်ဟစ်ခဲ့သော လျိုမင်သည်လည်း ခြွင်းချက်မရှိခဲ့ဘဲ လုံးဝ သေဆုံးသွားခဲ့ရတော့သည်။
မီးခိုးများနှင့် ဖုန်မှုန့်များ ကွယ်ပျောက်သွားခဲ့ချိန်တွင်မူ ဓားကြီးကျရောက်ခဲ့သော နေရာမှာ ပျက်စီးယိုယွင်းနေခဲ့ပြီး တောင်များနှင့် မြစ်များမှာလည်း ကြေမွပျက်စီးနေခဲ့ပြီ ဖြစ်သည်။
ဟင်းလင်းပြင်အက်ကြောင်းတစ်ခုပင် ပေါ်ထွက်နေခဲ့သည်။
ထို့အပြင် အမှောင်ထဲတွင် ပုန်းကွယ်နေခဲ့ကြသော မိစ္ဆာမျိုးနွယ်စုဝင်များမှာမူ...
၎င်းတို့အနက် အများစုမှာ ရှုချွမ်း၏ ဓားချက်ကြောင့် သေဆုံးသွားခဲ့ကြရပြီ ဖြစ်သည်။
အချို့သော ထူးခြားသည့် မိစ္ဆာမျိုးနွယ်စုဝင် အနည်းငယ်သာလျှင် ရှုချွမ်း၏ တိုက်ကွက်ကျရောက်လာသည့် အခိုက်အတန့်၌ အရိပ်များအတွင်းသို့ တိုးဝင်ကာ ထွက်ပြေးနိုင်ခဲ့သဖြင့် ဤဓားချက်ကို ရှောင်ရှားနိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ဆိုလျှင်ပင် သူတို့သည်လည်း အနည်းငယ်မျှမကဘဲ ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ကြရသည်။
တိုက်ခိုက်မှု၏ နောက်ဆက်တွဲရိုက်ခတ်မှုများ ကွယ်ပျောက်သွားခဲ့ပြီးနောက်မှသာ သူတို့က အရိပ်များအတွင်းမှနေ၍ အပြင်သို့ ခုန်ထွက်လာခဲ့ကြတော့သည်။
ရှုချွမ်းက တစ်ချက်ကြည့်ရုံမျှဖြင့်ပင် ၎င်းတို့မှာ မိစ္ဆာမျိုးနွယ်စု၏ 'အမှောင်မိစ္ဆာ' များ ဖြစ်ကြောင်း သိရှိလိုက်သည်။
ဤမျိုးနွယ်စု၏ ပါရမီစွမ်းရည်မှာ အရိပ်များအတွင်းသို့ ဝင်ရောက်နိုင်ခြင်းဖြစ်ပြီး ၎င်းက သူတို့ကို ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုအများစုမှ ရှောင်ရှားနိုင်စေခြင်း ဖြစ်သည်။
ထို့အပြင် ဤမျိုးနွယ်စုဝင်များသည် မွေးရာပါ လုပ်ကြံသတ်ဖြတ်သူများ ဖြစ်ကြသည်။
သတင်းအချက်အလက် စုဆောင်းခြင်းအတွက်ဖြစ်စေ ရန်သူများကို လုပ်ကြံသတ်ဖြတ်ရန်အတွက်ဖြစ်စေ သူတို့သည် အတော်ဆုံး ဖြစ်ကြသည်။
ရှုချွမ်းက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက် ကမ္မနယ်ပယ် အဆင့် ၈ ရှိသော အမှောင်မိစ္ဆာတစ်ကောင်မှာ သူ၏ လက်အတွင်းသို့ ပျံသန်းဝင်ရောက်လာခဲ့တော့သည်။
ဤအမှောင်မိစ္ဆာ အုပ်စုအတွင်း၌ ဤတစ်ကောင်တည်းသာလျှင် အမြင့်မားဆုံး ကျင့်ကြံခြင်းနယ်ပယ်ကို ပိုင်ဆိုင်ထားခြင်း ဖြစ်၏။
ကျန်ရှိနေသော အမှောင်မိစ္ဆာများမှာမူ သူ၏ ယခင်က တိုက်ကွက်ကြောင့် ထိတ်လန့်တုန်လှုပ်နေခဲ့ကြပြီး နေရာ၌တင် တောင့်တောင့်ကြီး ရပ်နေခဲ့ကြကာ ထွက်ပြေးရန်ပင် မဝံ့ရဲကြဘဲ ရှုချွမ်း စိတ်ကြိုက် ပြုလုပ်သမျှကိုသာ ခံယူရန် ပြင်ဆင်နေကြတော့သည်။
'ဝိညာဉ်ရှာဖွေခြင်း'ကို လည်ပတ်လိုက်ရာ ဤအမှောင်မိစ္ဆာ သိရှိထားသမျှ အရာအားလုံးကို ယခုအခါ ရှုချွမ်းက အပြည့်အဝ သိရှိသွားခဲ့ရတော့သည်။