အခန်း ၁၄၈
Vol. 15 Ch. 148
အခန်း (၁၄၈) နင်ယို့ချီ အန္တရာယ်ကြုံတွေ့ရခြင်း၊ သွားကယ်ခြင်း
မိစ္ဆာမျိုးနွယ်စုများနှင့် ထိုလူများအားလုံးကို ရှင်းလင်းပြီးနောက် ရှုချွမ်းက ဤနေရာတွင် ဆက်လက်အချိန်ဆွဲမနေခဲ့ပါချေ။
သူက ခြေဖျားဖြင့် မြေကြီးကို ခပ်ဖွဖွလေး နင်းလိုက်ရာ ရဲရဲတောက် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး မူလနေရာမှနေ၍ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့တော့သည်။
ထိုအချိန်တွင် ရှေးဟောင်းစစ်မြေပြင်၏ အခြားသော အရပ်မျက်နှာတစ်ခု၌
ဝတ်စုံဖြူဝတ်ဆင်ထားသော မိန်းမပျိုတစ်ဦးကအလွန်အမင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် ထွက်ပြေးနေခဲ့ရ၏။
သူမက ပြင်းထန်လှသော ထိခိုက်ဒဏ်ရာများကို ရရှိထားခဲ့သဖြင့် သွေးများမှာ အဆက်မပြတ် စီးကျနေခဲ့ပြီး သူမ၏ ဝတ်စုံဖြူကြီးတစ်ခုလုံးကို နီရဲအောင် စွန်းထင်းစေခဲ့ကာ သူမ၏ လက်ထဲရှိ ဓားရှည်မှာလည်း နှစ်ပိုင်းကျိုးပြတ်နေခဲ့ပြီ ဖြစ်သည်။
ထိုဝတ်စုံဖြူနှင့် မိန်းမပျိုလေးမှာ 'နင်ယို့ချီ' ပင် ဖြစ်ပေသည်။
သူမက ယခုကဲ့သို့သော အခြေအနေဆိုးနှင့် ကြုံတွေ့ရရန်အတွက် မည်သို့သော ဒုက္ခဆိုးကြီးနှင့် ရင်ဆိုင်ခဲ့ရသည်ကိုမူ မသိရပါချေ။
"ပြေးစမ်း... ဆက်ပြေးစမ်းပါ... မင်း ဘယ်လောက်အထိ ဝေးဝေးပြေးနိုင်မလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့..."
နင်ယို့ချီ၏ အနောက်ဘက်တွင်မူ ဝတ်စုံစိမ်းဝတ်ဆင်ထားသော လူငယ်ဖြစ်သည့် 'ယန်ရှန်း' က ကမ္မနယ်ပယ် သိုင်းပညာရှင် အုပ်စုတစ်စုကို ဦးဆောင်လျက် သူမ၏နောက်သို့ အေးအေးလူလူ လိုက်ပါလာခဲ့ပြီး သူ၏ မျက်နှာထက်တွင် သရော်လှောင်ပြောင်မှုများနှင့် ပြည့်နှက်နေခဲ့သည်။
"ယန်ရှန်း.. နင် တကယ်ပဲ ဘာကို လိုချင်နေတာလဲ..."
နင်ယို့ချီက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ထပ်မံထွက်ပြေးရန် စိတ်ကူးမရှိတော့ဘဲ ဝတ်စုံစိမ်းနှင့် လူငယ် ယန်ရှန်းဘက်သို့ လှည့်ကာ အေးစက်လှသော လေသံဖြင့် မေးမြန်းလိုက်၏။
သူမက ယခင်က အသက်ကယ်နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့ဖူးသော်လည်း ယန်ရှန်းနှင့် သူ၏ လက်အောက်ငယ်သားများ၏ လက်ထဲမှနေ၍ လွတ်မြောက်အောင် မပြေးနိုင်ခဲ့ပါချေ။
၎င်းမှာ သူတို့တွင် မျက်လုံးအပိုများ ပါရှိနေသကဲ့သို့ပင် သူမ မည်သည့်နေရာသို့ ပြေးပါစေ ယန်ရှန်းက သူမကို သေချာပေါက် ရှာဖွေတွေ့ရှိသွားခဲ့ခြင်း ဖြစ်သည်။
"ငါ ဘာလိုချင်တာလဲ ဟုတ်လား... သဘာဝကျကျပဲ မင်းကို သတ်ပစ်ချင်တာပေါ့... မင်းကို အဲဒီရှုချွမ်းနဲ့ ဒီလောက်အထိ နီးနီးကပ်ကပ် နေခိုင်းလို့လဲ... သူ့ဘေးနားမှာရှိတဲ့ လူမှန်သမျှ အကုန်လုံး သေရမယ်..."
"မင်းလည်း ခြွင်းချက်မဟုတ်ဘူး..."
ယန်ရှန်းက အစပိုင်းတွင်မူ နောက်ပြောင်ကျီစယ်သော အပြုံးဖြင့် ပြောဆိုခဲ့သော်လည်း စကားပြောရင်းနှင့် သူ၏ လေသံမှာ တဖြည်းဖြည်း ပိုမိုလေးနက်လာခဲ့ပြီး နောက်ဆုံးတွင်မူ ကြောက်မက်ဖွယ်ကောင်းသော နာကျည်းမှုများနှင့် သတ်ဖြတ်ခြင်းဆန္ဒများမှာ သူ၏ ခန္ဓာကိုယ်ထက်မှ ပေါက်ကွဲထွက်လာခဲ့တော့သည်။
"နင် ငါ့ကို သတ်လိုက်ရင်လည်း နင် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး... ငါ့ရဲ့ ခမည်းတော်က ငါ့အတွက် သေချာပေါက် ကလဲ့စားချေပေးလိမ့်မယ်..."
နင်ယို့ချီက သူမ၏ နှုတ်ခမ်းထောင့်စွန်းမှ သွေးစများကို သုတ်လိုက်ရင်း ပြတ်သားစွာ ပြောလိုက်၏။
ယန်ရှန်းက ရှုချွမ်းအပေါ် အဘယ်ကြောင့် ဤမျှလောက်အထိ နာကျည်းမှုများ ရှိနေရသည်ကို သူမ လုံးဝနားမလည်နိုင်ပါချေ။
သူတို့က တစ်ခုတည်းသော မြင်မြတ်နယ်မြေမှ ဂိုဏ်းတူညီအစ်ကိုများ ဖြစ်ကြသည် မဟုတ်ပါလား။
သို့သော်လည်း သူက ရှုချွမ်းကို သတ်ပစ်ချင်သည်အထိပင် ဖြစ်နေခဲ့သည်။
"ဟမ့်... သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းသမီးလေး... စိတ်မပူပါနဲ့... ငါ မင်းကို ဘယ်သူမှ မသိအောင် တိတ်တဆိတ် သတ်ပစ်မှာပါ... ဒါဆိုရင် ဘယ်သူမှ သိနိုင်မှာမဟုတ်တော့ဘူး..." ယန်ရှန်းက အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
ဤစကားကို ကြားလိုက်ရချိန်တွင် နင်ယို့ချီ၏ နှလုံးသားထဲ၌ မျှော်လင့်ချက်မဲ့မှုများ ခံစားလိုက်ရတော့သည်။
ရုတ်တရက် ပေါ်ပေါက်လာခဲ့သော ဤယန်ရှန်းက သူကိုယ်တိုင် အလွန်အမင်း အစွမ်းထက်နေရုံမျှမကဘဲ သူ၌ ရှိနေသော ရေတွက်၍မရနိုင်သည့် ရတနာများက 'နင်ချန်ထျန်း' သူမအား ပေးသနားခဲ့သော အသက်ကယ်ရတနာ များစွာကိုပါ ပိတ်ဆို့တားဆီးနိုင်ခဲ့ခြင်း ဖြစ်၏။
"ကျွန်မ မသေခင်မှာ... ရှင့်ကို နောက်ဆုံးတစ်ခေါက်လောက် မြင်တွေ့ခွင့်ရရင် တကယ့်ကို ဘယ်လောက်တောင် ကောင်းလိုက်မလဲ..."
နင်ယို့ချီက ခပ်ဖွဖွလေး ပြုံးလိုက်မိ၏။ သူမ၏ မျက်နှာထက်တွင် ပျော်ရွှင်မှုနှင့် နောင်တရမှုတို့ ဒွန်တွဲနေခဲ့သည်။
ထို့နောက်တွင်မူ သူမက မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ရင်း သေခြင်းတရားကို စောင့်ဆိုင်းလိုက်တော့၏။
သူမက အစွမ်းကုန် ရုန်းကန်ခဲ့ပြီးသားဖြစ်ရာ ယန်ရှန်းကို အနိုင်ယူရန် လုံးဝ မဖြစ်နိုင်တော့ပါချေ။
ထို့အပြင် ယန်ရှန်း၏ အနောက်တွင်ရှိသော အသက်ဘေးကို မကြောက်ကြသည့် ကမ္မနယ်ပယ် သိုင်းပညာရှင်များနှင့်ဆိုပါက သူမအတွက် ထွက်ပြေးလွတ်မြောက်ရန် မည်သည့်မျှော်လင့်ချက်မျှ ရှိမနေတော့ပါချေ။
ပြီးတော့ ယန်ရှန်းက ကမ္မနယ်ပယ် သိုင်းပညာရှင်များကို ရှေးဟောင်းစစ်မြေပြင်အတွင်းသို့ မည်သို့ ခေါ်ဆောင်လာခဲ့သလဲဆိုသည်ကိုလည်း သူမ မသိပါချေ။
သူတို့က ယန်ရှန်း၏ အမိန့်ကိုသာ နာခံကြသော 'ရုပ်သေးရုပ်'များအလား ဖြစ်နေခဲ့ကြသည်။
"ဘာလဲ... မောသွားပြီလား... မျက်လုံးမှိတ်ပြီး အိပ်ပျော်တော့မလို့လား... ငါ့အမြင်အရတော့ အချိန်က စောလွန်းသေးတယ်လို့ ထင်တာပဲ..."
ရုတ်တရက်ဆိုသလို
ရင်းနှီးလှသော အသံတစ်သံက နင်ယို့ချီ၏ နားအတွင်းသို့ ပဲ့တင်ထပ်ဝင်ရောက်လာခဲ့သည်။
ဤအသံကို ကြားလိုက်ရချိန်တွင် နင်ယို့ချီ၏ မျက်လုံးများအတွင်းမှ မျက်ရည်များမှာ အတားအဆီးမရှိ စီးကျလာခဲ့ရတော့သည်။
"ဒါက... ပုံရိပ်ယောင် များလား..."
နင်ယို့ချီက ခပ်တိုးတိုး ရေရွတ်လိုက်ရင်း မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်ရာ သူမ၏ မျက်စိရှေ့မှောက်တွင် အလွန်အမင်း ရင်းနှီးလှသော ရှုချွမ်း ရပ်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် သူမ ကိုယ်သူမပင် မယုံကြည်နိုင်ဘဲ ဖြစ်သွားခဲ့ရသည်။
ရှုချွမ်းထံမှ နွေးထွေးလှသော ခန္ဓာကိုယ်အပူရှိန်ကို ခံစားမိလိုက်ရသည့် အချိန်ကျမှသာ သူမက ရှုချွမ်း အမှန်တကယ် ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ယုံကြည်ရဲသွားခဲ့တော့သည်။
"ရှင် နောက်ဆုံးတော့ ရောက်လာခဲ့ပြီပေါ့ ရှုချွမ်း... ကျွန်မ ရှင့်ကို စောင့်နေတာ တကယ့်ကို ကြာလှပြီ..."
ရောက်ရှိလာသော လူကို မြင်တွေ့လိုက်ရချိန်တွင် ယန်ရှန်း၏ မျက်နှာထက်ရှိ နာကျည်းမှုများမှာ ပိုမိုပြင်းထန်လာခဲ့ပြီး သူက အုံ့မှိုင်းလှသော အမူအရာဖြင့် ပြောလိုက်သည်။
သူက နင်ယို့ချီကို ချက်ချင်းမသတ်ဘဲ လိုက်လံတိုက်ခိုက်နေခဲ့ခြင်းမှာ ရှုချွမ်း လာရောက်ကယ်တင်မည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ပေသည်။
ယန်ရှန်းက ရှုချွမ်းအနေဖြင့် နင်ယို့ချီအတွက် သေချာပေါက် ရောက်ရှိလာလိမ့်မည် ဖြစ်ကြောင်း သိရှိထားခဲ့၏၊ သူက ရှုချွမ်း ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းကာ သူတို့နှစ်ဦးစလုံးကို တစ်ပါတည်း သတ်ဖြတ်ပစ်ရန် ကြံစည်ထားခဲ့ခြင်း ဖြစ်သည်။
"မြန်မြန် ထွက်သွားတော့... ရှင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး..."
ယန်ရှန်း၏ စကားကို ကြားလိုက်ရချိန်တွင် နင်ယို့ချီသည် ယန်ရှန်း၏ စစ်မှန်သော ရည်ရွယ်ချက်မှာ ရှုချွမ်းဖြစ်ပြီး မိမိမှာ ငါးစာ သက်သက်သာဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွားခဲ့သည်။
ရည်ရွယ်ချက်မှာ ရှုချွမ်းကို အပြင်သို့ မျှားထုတ်ရန် ဖြစ်၏။
ယခုအခါ ယန်ရှန်း၏ ရည်ရွယ်ချက် အောင်မြင်သွားခဲ့ပြီ ဖြစ်သဖြင့် နောက်တစ်ဆင့်မှာ ရှုချွမ်းကို သတ်ဖြတ်ရန် ဖြစ်ပေသည်။
"ဘာမှမဖြစ်ဘူး... ငါ့ကိုပဲ အပ်ထားလိုက်ပါ..."
ရှုချွမ်းက နင်ယို့ချီ၏ မျက်နှာထက်မှ ဖုန်မှုန့်ကလေးများကို ညင်သာစွာ သုတ်ပေးလိုက်ရင်း ခပ်တိုးတိုး ပြောလိုက်၏။
မိမိ၏ မျက်စိရှေ့မှောက်ရှိ လူသားထံမှ ပေးစွမ်းနိုင်သော လုံခြုံမှုအတိုင်းအဆကို ကြည့်ရှုရင်း နင်ယို့ချီ၏ နှလုံးသားထဲတွင် နွေးထွေးလှသော စီးကြောင်းတစ်ခု ချက်ချင်းပင် စီးဆင်းသွားခဲ့ရတော့သည်။
သို့သော်လည်း ယန်ရှန်းက ဤမြင်ကွင်းကို မြင်တွေ့လိုက်ရချိန်တွင် ဒေါသတကြီး ဖြစ်သွားခဲ့ရ၏။
"ရှုချွမ်း... ဒီနေ့က မင်း သေရမယ့်နေ့ပဲ..."
"မင်းက ထိုက်ယိမြင့်မြတ်နယ်မြေရဲ့ သူတော်စင်သားတော်နေရာနဲ့ လုံးဝ မထိုက်တန်ဘူး..."
"ငါပဲ... ငါတစ်ယောက်တည်းပဲ အဲဒီနေရာမှာ ထိုင်ရမှာ..."
ယန်ရှန်းက ရှုချွမ်းကို ကြည့်ရင်း ရူးသွပ်စွာ အော်ဟစ်ကြိမ်းမောင်းလိုက်တော့သည်။
"ဟမ့်... မင်းလား... မင်းက ထိုက်တန်လို့လား..." ရှုချွမ်းက ခေါင်းကို အနည်းငယ် မော့လိုက်ရင်း မလှမ်းမကမ်းရှိ ယန်ရှန်းကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။
"မင်းရဲ့ လက်စွပ်ထဲမှာရှိတဲ့ ဝိညာဉ်အကြွင်းအကျန်ကသာ မင်းကို မကူညီခဲ့ဘူးဆိုရင်... မင်း ဒီနေ့လို အခြေအနေမျိုးအထိ ရောက်လာနိုင်ပါ့မလား..."
"ငါ အဲဒီရွှေရောင်ရှေးဟောင်းနန်းတော်ထဲမှာတင် မင်းကို လုံးဝ ရှင်းလင်းပစ်ခဲ့သင့်တာ... မင်းရဲ့ ရတနာတွေကိုပဲ လုယူခဲ့တာ မဟုတ်ဘဲနဲ့..."
သူ၏ စကားလုံးများ ဆုံးသည်နှင့်တစ်ပြိုင်နက် ယန်ရှန်း၏ မျက်လုံးများအတွင်း၌ တုန်လှုပ်မှုများနှင့် ပျာယာခတ်မှုများ ချက်ချင်း ထင်ဟပ်သွားခဲ့ရတော့သည်။
သူက မိမိ၏ လက်စွပ်ထဲတွင် ဧကရာဇ်အရှင်တစ်ပိုင်းနယ်ပယ်ဝိညာဉ်အကြွင်းအကျန် ရှိနေသည့်အကြောင်းကို မည်သူ့ကိုမျှ မပြောပြဖူးပါချေ၊ သို့ဖြစ်ရာ ရှုချွမ်းက မည်သို့ သိရှိနေရသနည်း။
ထို့နောက်တွင်မူ သူက ရှုချွမ်းပြောလိုက်သော စကား၏ နောက်ဆုံးအပိုင်းကို ရုတ်တရက် သဘောပေါက်သွားခဲ့ရသည်။
ချက်ချင်းဆိုသလိုပင် သူ၏ မျက်နှာထက်ရှိ သတ်ဖြတ်ခြင်းဆန္ဒများနှင့် ဒေါသတရားများမှာ ပိုမိုပြင်းထန်လာခဲ့၏။
"ဒါဆိုရင်... အဲဒီတုန်းက လူက မင်းပေါ့..."
ယန်ရှန့်က သွားကို တင်းတင်းကြိတ်လျက် ဤစကားလုံးများကို ထုတ်ဖော်လိုက်သည်။
ယခင်က ရွှေရောင်ရှေးဟောင်းနန်းတော်အတွင်း၌ သူ အပင်ပန်းခံကာ ရရှိခဲ့ဖူးသော 'အထွတ်အထိပ်အရိုး' မှာ အလုခံခဲ့ရပြီး သူ၏ ရတနာအားလုံးမှာလည်း လုယက်ခြင်း ခံခဲ့ရသည့်အပြင် သူက လိုက်လံသတ်ဖြတ်ခြင်းကိုပါ ခံခဲ့ရသေးသည်။
သူက ထိုတရားခံကို ဘယ်တုန်းကမှ ရှာမတွေ့ခဲ့သဖြင့် သူ၏ နှလုံးသားထဲတွင် အတိုင်းအဆမရှိသော နာကျည်းမှုများဖြင့် ပြည့်နှက်နေခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း ထိုလူက ရှုချွမ်း ဖြစ်နေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့မိပါချေ။
ရန်ငြိုးအဟောင်းနှင့် ရန်ငြိုးအသစ်များ ပေါင်းစပ်သွားခဲ့ပြီဖြစ်ရာ ယန်ရှန်း၏ ဒေါသနှင့် နာကျည်းမှုတို့မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ရတော့သည်။
သူက ယခုအခါ ရှုချွမ်းကို သတ်ဖြတ်ပစ်ချင်နေပြီး သူ၏ အသားကိုစားကာ သွေးကို သောက်ပစ်ချင်စိတ်များ ပေါက်ပြင်းနေခဲ့၏။
"ဝိုင်းတိုက်ကြစမ်း... သူ့ကို သတ်ပစ်ကြ..."
ယန်ရှန်း၏ အမိန့်ပေးသံနှင့်အတူ သူ၏ အနောက်တွင်ရှိသော ကမ္မနယ်ပယ် သိုင်းပညာရှင် အုပ်စုကြီးမှာ အရှေ့သို့ တဟုန်ထိုး တိုးဝင်လာခဲ့ကြတော့သည်။
သူက ရှုချွမ်းကို နာကျင်မှုများကို ခံစားစေချင်နေခြင်း ဖြစ်၏။
ရှုချွမ်းက နောက်ထပ် စကားများများ ပြောမနေတော့ဘဲ နင်ယို့ချီကို စိတ်အေးစေမည့် အကြည့်တစ်ချက် ပေးလိုက်သည်။
ထို့နောက် သူက ခြေဖျားဖြင့် ခပ်ဖွဖွလေး နင်းလိုက်ရင်း ကောင်းကင်ယံထံသို့ ပျံသန်းသွားခဲ့၏။
သူက လက်သီးကို ဆန့်ထုတ်လိုက်ရာ ရဲရဲတောက်နေသော လက်သီးရိပ်များစွာသည် လေထုထဲတွင် ပေါ်ထွက်လာခဲ့တော့သည်။
ဘုန်း...
လက်သီးရိပ်များ ပျံသန်းထွက်ခွာသွားခဲ့ပြီး ယန်ရှန်း ထိန်းချုပ်ထားသော သိုင်းပညာရှင်များထံသို့ ကျရောက်သွားခဲ့၏။
သို့သော်လည်း ဤသိုင်းပညာရှင်များသည် ထိုလက်သီးချက်ကို တိုက်ရိုက် တောင့်ခံနိုင်ခဲ့ကြပြီး သူတို့၏ ရင်ဘတ်ထက်တွင် အပေါက်ကြီးတစ်ပေါက် ဖြစ်သွားခဲ့သည့်တိုင်အောင် မည်သည့်အော်ဟစ်သံမျိုးမျှ ထွက်ပေါ်မလာခဲ့ကြချေ။
"ဒါပဲလား ရှုချွမ်း... ငါကြည့်ရသလောက်တော့ မင်းကလည်း ဒီလောက်ကြီး မဟုတ်ပါဘူး..."
ယန်ရှန်းက သူ၏ ဓားရှည်ကို တည့်တည့်မတ်မတ် ကိုင်ဆွဲလျက် ရှုချွမ်းကို လက်ညှိုးထိုးကာ မျက်နှာတစ်ခုလုံး သရော်လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သို့သော်လည်း နောက်တစ်စက္ကန့်အတွင်းမှာပင် သူသည် ဆက်လက်၍ မရယ်မောနိုင်တော့ပါချေ။
ထိုသိုင်းပညာရှင်များ၏ ခန္ဓာကိုယ်များမှာ လျင်မြန်စွာ အက်ကွဲလာခဲ့ပြီးနောက် အပိုင်းအစများအဖြစ်သို့ ကြေမွပျက်စီးသွားခဲ့ကာ မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့ရတော့သည်။
သို့သော်လည်း သွေးတစ်စက်မျှပင် စီးကျလာခြင်း မရှိခဲ့ပါချေ။
ထိုအချိန်ကျမှသာ နင်ယို့ချီက ဤသိုင်းပညာရှင်များ အဘယ်ကြောင့် သေခြင်း ကို မကြောက်ကြသနည်းဟူသော အချက်ကို သဘောပေါက်သွားခဲ့တော့သည်။
သူတို့အားလုံးမှာ ယန်ရှန်းက သိုင်းပညာရှင်များ၏ အလောင်းကောင်များကို အသုံးပြုကာ သွေးတင်ပြုလုပ်ထားခဲ့သော ရုပ်သေးရုပ်များ သက်သက်သာ ဖြစ်ကြ၏။
"နင်က... တကယ်ပဲ မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံနေတာကိုး..."
နင်ယို့ချီက ယန်ရှန်းကို ကြည့်ရင်း ဒေါသတကြီး ပြောဆိုလိုက်၏။
သို့သော်လည်း ယန်ရှန်းကမူ စိုးစဉ်းမျှ အရေးစိုက်ခြင်း မရှိပါချေ။
"ဒါက သေဆုံးသွားတဲ့လူတွေရဲ့ အလောင်းကောင်တွေကို အသုံးချရုံ သက်သက်ပဲလေ... ဘာတွေ ဒီလောက်အထိ အော်ဟစ်နေဖို့ လိုလို့လဲ... မိစ္ဆာကျင့်စဉ်ဖြစ်ဖြစ် ဘာကျင့်စဉ်ဖြစ်ဖြစ် ရှုချွမ်းကို သတ်နိုင်သရွေ့ အရာအားလုံးက ထိုက်တန်ပါတယ်..."
ထို့နောက် သူ၏ အုံ့မှိုင်းလှသော မျက်နှာနှင့်အတူ သူသည် သူ၏ သိုလှောင်လက်စွပ်ထဲမှနေ၍ ကျင့်ကြံခြင်းနယ်ပယ် ပိုမိုမြင့်မားလှသော ကမ္မနယ်ပယ် ရုပ်သေးရုပ်အစုအပုံကြီးကို နောက်တစ်ကြိမ် ထပ်မံဆင့်ခေါ်လိုက်ပြန်သည်။
သူသည် ဤအရာကို အသုံးပြုကာ ရှုချွမ်း၏ ခွန်အားများကို ကုန်ခမ်းသွားစေရန် ကြံစည်နေခြင်း ဖြစ်၏။
"မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံတဲ့သူမှန်သမျှ... သေဆုံးရတာနဲ့ပဲ ထိုက်တန်တယ်..."
ရှုချွမ်းက ပြောလိုက်၏။
"မင်းမှာ အရည်အချင်းရှိရင် လာပြီး ငါ့ကို သတ်လိုက်လေ... ဘာလို့ အဓိပ္ပာယ်မရှိတဲ့ စကားတွေ ဒီလောက်အထိ ပြောနေတာလဲ..."
ယန်ရှန်းက ဆက်လက်၍ ရန်စလိုက်သည်။
ထို့နောက် သူက ရုပ်သေးရုပ်များကို ရှုချွမ်းထံသို့ တိုက်ခိုက်ရန် အမိန့်ပေးလိုက်တော့သည်။