အခန်း ၁၆၉
Vol. 17 Ch. 169
Chapter 169
~
အခန်း ၁၆၉ : အိမ်တွင်းရေးအား အပြင်မထုတ်သင့်..
~
" ကျီဝမ်.. အမေပြောတာကို နားထောင်လိုက်ပါ... ဘာပဲဖြစ်ဖြစ် ပစ္စည်းလည်း ပြန်တွေ့ပြီပဲ.. "
ယွီလီက ယန်ကျီဝမ် နောက်ထပ် လက်ပါမိမည်ကို စိုးရိမ်သဖြင့် သူ့လက်ကို ဆွဲကာ ဖျောင်းဖျသည် ။
သို့သော် သူမသည် ယန်ကျီချန်းအား သနား၍ ပြောခြင်းမဟုတ် ။ ယန်ကျီဝမ်၏ လက်သီးချက်များက ပြင်းထန်လွန်းလှသဖြင့် ယန်ကျီချန်း ဒုက္ခိတဖြစ်သွားလျှင် ယန်ကျီဝမ် အမှုပတ်မည်ကို စိုးရိမ်ခြင်းသာ ဖြစ်ပေသည် ။
" စိတ်ပူမနေနဲ့.. ကိုယ် ဘာလုပ်နေလဲဆိုတာ သိပါတယ်.. "
ယန်ကျီဝမ်က ခေါင်းအသာညိတ်ပြကာ သူမအား စိတ်အေးစေရန် အကြည့်ဖြင့် ကြည့်လိုက်၏ ။
သူ၏ တိုက်ခိုက်မှုက ပြင်းထန်ပြီး ယန်ကျီချန်း ဒဏ်ရာရသွားသော်လည်း အမှန်တကယ်တော့ သူ၏ ခွန်အားကို ထိန်းချုပ်ထားခြင်း ဖြစ်သည် ။
သို့မဟုတ်လျှင် ယန်ကျီချန်း မေ့လဲသွားသည်မှာ ကြာလေပြီ ။
ဤလက်သီးချက်က ရှာကျူးကို ကျွေးခဲ့သော လက်သီးချက်လောက်ပင် အားမပါချေ ။
ထို့နောက် သူက ယန်ကျီချန်းကို ကြည့်ကာ...
" မင်း ဘာပြောစရာ ကျန်သေးလဲ.. "
လက်ပူးလက်ကျပ် မိနေပြီဖြစ်သဖြင့် ဆင်ခြေပေးရန် နည်းလမ်း မရှိတော့ချေ ။
ယန်ကျီချန်းက ခေါင်းငုံ့ကာ တိတ်ဆိတ်နေသော်လည်း သူ့မျက်လုံးများက မီးဝင်းဝင်းတောက်နေပြီး လက်တစ်ဖက်ကိုလည်း တင်းတင်းဆုပ်ထား၏ ။
သူ ယခုထက်ထိ ကျေနပ်ပုံ မရသေးပေ ။
သူသည် မည်သည့်နေရာတွင်မဆို ယန်ကျီဝမ်ထက် မနိမ့်ကျ ။ ကွာခြားချက်ဟူ၍ ကံကောင်းခြင်း တစ်ခုသာ ရှိသည် ။
ယန်ကျီဝမ်သည် ငါးစာလုပ်နည်း ရခဲ့သော ကံကောင်းခြင်းကြောင့်သာ ဤမျှ အခြေအနေ ကောင်းလာခြင်း ဖြစ်သည် ။
အကယ်၍ သူသာဆိုလျှင်လည်း လုပ်နိုင်၏ ။
ထို့အပြင် မိဘများ၏ ဘက်လိုက်မှုကြောင့်လည်း သူ ပို၍ မကျေမနပ် ဖြစ်မိသည် ။
သူသည် မိသားစုတွင် သားအကြီးဆုံး ဖြစ်သဖြင့် မိသားစု ပိုင်ဆိုင်မှုများက သူ့ထံသို့သာ ရောက်ရှိသင့်ပေသည် ။
သို့သော် ယခုတွင်တော့ ထိုအရာအားလုံးက ယန်လောင်အာထံသို့သာ ရောက်ရှိသွားချေပြီ ။
' ဘာကြောင့် ဒီလို ဖြစ်ရတာလဲ.. '
သို့သော်လည်း လိမ္မာပါးနပ်သူက အခြေအနေကို သိသဖြင့် သူ ယန်ကျီဝမ်၏ ပြိုင်ဘက်မဟုတ်ကြောင်း နားလည်ကာ ဒေါသကို မျိုသိပ်ထားလိုက်ရ၏ ။
အဘယ်ကြောင့်ဆိုသော် သူ သတိမပြုမိခင်မှာပင် ယန်ကျီဝမ်၏ လက်သီးက ရောက်လာခြင်းကြောင့်ပင် ။ အခွင့်အရေး ထပ်ပေးလျှင်ပင် သူ ယန်ကျီဝမ်ကို ယှဉ်နိုင်မည် မဟုတ် ။
သို့သော် ဤအဖြစ်အပျက်ကြောင့် သူ ယန်ကျီဝမ်ကို ပို၍ မုန်းတီးလာသည် ။
သူတို့၏ ဆက်ဆံရေးမှာ အရင်ကတည်းက ဆိုးရွားခဲ့ပြီး ယခုအခါတွင်တော့ ရန်ဘက်များ ဖြစ်သွားကြပြီဟု ပြောနိုင်ပေသည် ။
သူ တိတ်ဆိတ်နေသည်ကို မြင်လျှင် ယန်ကျီဝမ်က တည်ငြိမ်စွာဖြင့်...
" ဒီကိစ္စ တစ်ခုတည်းနဲ့တင် မင်းကို အချုပ်ထဲ ပို့လို့ရတယ်.. ရွှေလက်ကောက်ဆိုတာ တန်ဖိုးကြီးပစ္စည်းပဲ.. မင်း ထောင် ဘယ်နှစ်နှစ် ကျမလဲဆိုတာ စဉ်းစားကြည့်ပေါ့.. "
ယန်ကျီချန်း၏ တစ်ကိုယ်လုံး တုန်ရီသွားပြီး မျက်နှာ ပျက်သွား၏ ။
ယန်ကျီဝမ်က ဤမျှအထိ ရက်စက်ကာ သူ့အား ထောင်ထဲ ပို့ချင်လိမ့်မည်ဟု သူ ထင်မထားခဲ့ချေ ။
သူကိုယ်တိုင် ထောင်ထဲ မရောက်ဖူးသော်လည်း တခြားသူများ ပြောပြသဖြင့် ကြားဖူးသည် ။
ထိုနေရာသည် လူသားများ နေထိုင်ရန် နေရာမဟုတ်ဘဲ အလုပ်ကြမ်း လုပ်ရရုံသာမက ထမင်းလည်း ဝအောင် မစားရဘဲ အနိုင်ကျင့် ခံရတတ်ပေသည် ။
သူ လူမိုက်တစ်ယောက် ဖြစ်သော်လည်း လမ်းဘေး ဟေးလားဝါးလား အဆင့်သာဖြစ်သည် ။
သူက ရန်ရွေ့ဟွားထံသို့ အကူအညီတောင်းခံသည့် အကြည့်ဖြင့် အလျင်အစလို ကြည့်လိုက်၏ ။
ရန်ရွေ့ဟွားကလည်း သူမ၏ သားနှစ်ယောက် ဤသို့ ရန်ဖြစ်နေသည်ကို မကြည့်ရက်သဖြင့် အမြန်ပင်...
" လောင်အာ.. ဒီလို လုပ်ဖို့ မလိုပါဘူးဟယ်.. နင်တို့နှစ်ယောက်က ညီအစ်ကိုတွေပဲဟာကို.. ရန်သူတွေမှ မဟုတ်တာ.. "
ယန်ကျီဝမ်က ခေါင်းအသာညိတ်ပြကာ ယန်ကျီချန်းအား သတိပေးလိုက်၏ ။
" အမေ ပြောတာကို မင်း ကြားတယ်မလား.. ဒီနေ့တော့ အမေ့မျက်နှာကြောင့် ဒီကိစ္စကို ထားလိုက်မယ်.. နောက်တစ်ကြိမ် ရှိလာရင်တော့ ညီအစ်ကို သံယောဇဉ်ကို မထောက်ဘူးလို့ မပြောနဲ့.. မင်း သတိထားနေတာ ကောင်းလိမ့်မယ်.. "
ဤစကားကို ကြားရမှ ယန်ကျီချန်း စိတ်ထဲတွင် သက်ပြင်းချနိုင်တော့၏ ။
ထောင်ထဲ မရောက်ရလျှင် ကျန်သည့်အရာအားလုံးက ကိစ္စမရှိ ။ သူ သည်းခံနိုင်သည် ။
" ဒီမှာ ဘာတွေ ဖြစ်နေကြတာလဲ.. "
ထိုအချိန်တွင် ယန်ဖူကွေ့က စက်ဘီးကို တွန်းကာ အပြင်မှ ပြန်ရောက်လာသည် ။ သူ ယနေ့တွင်လည်း အလုပ်မှ စောစော ပြန်လာခဲ့ခြင်းပင် ။
အငယ်လေး နှစ်ယောက် အတွက်မူ သူ စိတ်မပူ ။ သူတို့ ဘာသာ လမ်းလျှောက်ပြန်လာကြမည် သို့မဟုတ် တတိယသားနှင့်အတူ ပြန်လာကြပေလိမ့်မည် ။
တခြား ကလေးများလည်း ဤလမ်းအတိုင်း ပြန်လာတတ်ကြပေသည် ။
သူသည် ယန်ကျီချန်း၏ သွေးချင်းချင်းနီနေသော မျက်နှာကို မြင်လျှင် လန့်သွားပြီး စက်ဘီးကို အမြန်ရပ်ကာ အနားသို့ လျှောက်လာခဲ့၏ ။
" ကျီချန်း.. မင်းကို ဘယ်သူ ရိုက်လိုက်တာလဲ.. "
" ကျွန်တော် ရိုက်တာ.. "
ယန်ကျီဝမ်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်၏ ။
ယန်ဖူကွေ့ ဆွံ့အသွားသည် ။
အတော်ကြာမှ သတိပြန်ဝင်လာပြီး မေးလိုက်၏ ။
" အမှန်အတိုင်း ပြောစမ်း.. ဘာတွေ ဖြစ်ခဲ့တာလဲ.. "
" အဘိုးကြီး.. ဒီကိစ္စက... "
" ခဏ စောင့်ဦး.. "
ယန်ဖူကွေ့က ရန်ရွေ့ဟွား၏ စကားကို ဖြတ်ပြောကာ...
" အိမ်ထဲ ရောက်မှပဲ ပြောကြရအောင်.. "
အဘယ်ကြောင့်ဆိုသော် ဆူညံသံများကြောင့် ရှေ့ခြံဝင်းမှ အိမ်နီးနားချင်းများက ခေါင်းပြူ ကြည့်နေကြ၏ ။
ယန်လောင်အာသည် အကျိုးအကြောင်း သိတတ်သူ ဖြစ်သဖြင့် အစ်ကိုကြီး ဖြစ်သူအား အကြောင်းမဲ့ ရိုက်နှက်လိမ့်မည် မဟုတ်ချေ ။
ထို့ကြောင့် သားကြီးက အမှားတစ်ခုခု လုပ်ခဲ့၍သာ ဤသို့ ဖြစ်ရခြင်း ဖြစ်ချေမည် ။
ဤသည်က မိသားစု အရှုပ်ထုပ် ဖြစ်သဖြင့် တံခါးပိတ်၍ ဖြေရှင်းခြင်းက ပို၍ သင့်တော်ပေသည် ။ အိမ်တွင်း ကိစ္စအား အပြင်သို့ မထုတ်သင့်ပေ ။
ရန်ရွေ့ဟွားလည်း သဘောပေါက်သွား၏ ။
သူမက ယွီလီကို ဆွဲကာ အိမ်ထဲသို့ ဝင်သွားသည် ။
ယန်ကျီချန်း မလှုပ်မယှက် ရပ်နေသည်ကို မြင်လျှင် ယန်ကျီဝမ်က အေးစက်စွာဖြင့်...
" မင်းကို အထဲဝင်ဖို့ ပင့်ရဦးမှာလား.. "
ယန်ကျီချန်း မကျေမနပ် ဖြစ်နေသော်လည်း ထရပ်ကာ နှာခေါင်းကို လက်ဖြင့်အုပ်ပြီး အိမ်ထဲသို့ လျှောက်ဝင်သွားရုံသာ တတ်နိုင်တော့၏ ။
...
ယန်မိသားစု ....
" ဘာတွေ ဖြစ်ကြတာလဲ.. မင်းတို့ ညီအစ်ကိုနှစ်ယောက်က ဘာလို့ ရန်ဖြစ်နေကြတာလဲ.. "
ယန်ဖူကွေ့က လူတိုင်းကို ဝေ့ကြည့်ကာ မေးလိုက်သည် ။
နောက်ဆုံးတွင် ရန်ရွေ့ဟွားက ဖြစ်ပျက်ခဲ့သမျှကို ရှင်းပြလိုက်သည် ။
" ဒုန်း.. "
စကားဆုံးလျှင် ယန်ဖူကွေ့က စားပွဲကို ဒေါသတကြီး ရိုက်လိုက်ကာ ယန်ကျီချန်းအား ဆူပူလေတော့၏ ။
" သားကြီး.. မင်း ဘယ်လိုလုပ် ဒီလို အလုပ်မျိုးကို လုပ်ရဲတာလဲ.. ငါ မင်းကို ဒီလို အရာမျိုး ဘယ်တုန်းက သင်ပေးခဲ့ဖူးလို့လဲ.. "
ယန်ကျီချန်းက ယခုထက်ထိ တိတ်ဆိတ်နေဆဲပင် ။
လက်ပူးလက်ကျပ် မိနေသဖြင့် သူ ပြန်ပြောရန် စကားမရှိတော့ ။
သူ ပြန်မဖြေသည်ကို မြင်လျှင် ယန်ဖူကွေ့ ပို၍ ဒေါသထွက်ကာ...
" မင်း..မင်း ကတော့ တကယ်ကို မလွယ်ဘူး.. ကိုယ့်မိသားစု ပစ္စည်းကိုမှ ခိုးရတယ်လို့.. တန်ဖိုးကြီး ပစ္စည်းကိုတောင် ခိုးရဲတယ်.. ယန်လောင်အာက ညီအစ်ကို သံယောဇဉ်ကို ထောက်လို့သာ တော်တော့တယ်.. မဟုတ်ရင် ရဲစခန်းကိုသာ အဖမ်းခံကြည့်...မင်း ထောင်ထဲမှာ နှစ်နဲ့ချီပြီး နေရမှာ သေချာတယ်.. "
" တကယ်လို့ မင်းသာ ထောင်ထဲ ရောက်သွားရင် မင်းဘဝကတော့ ပြီးသွားပြီ.. ဒါပေမဲ့ ကျန်တဲ့ ငါတို့ ယန်မိသားစုက ဘယ်လို မျက်နှာမျိုးနဲ့ အသက်ရှင်ရမလဲ.. "
" ငါတို့ မိသားစုက သူခိုးတစ်ယောက် ထွက်တယ်လို့ အပြောခံရရင် ငါ အပြင်ကို ဘယ်လိုမျက်နှာနဲ့ ထွက်ရမလဲ.. "
ယန်ဖူကွေ့ အမှန်တကယ်ပင် ဒေါသထွက်နေ၏ ။
သူသည် ဂုဏ်သိက္ခာရှိသော ဆရာ တစ်ဦးဖြစ်ပြီး သူ၏ ကလေးကိုပင် ကောင်းမွန်စွာ မသွန်သင်နိုင်ခဲ့လျှင် သူတစ်ပါးအတွက် မည်သို့ စံပြဖြစ်နိုင်ပါမည်နည်း ။
ဤအကြောင်းသာ ပြင်ပသို့ ပြန့်သွားပါက နောင်တွင် မည်သူက သူတို့၏ ကလေးများကို သွန်သင်ရန် သူ့အား ယုံကြည်ကြတော့မည်နည်း ။
ဤသည်က အသေးအဖွဲ ကိစ္စသာ ရှိသေးသည် ။ ကြီးကြီးမားမား စဉ်းစားကြည့်လျှင် သူ၏ အလုပ်ပင် ပြုတ်သွားနိုင်သည် ။
ဤခေတ်ကာလတွင် ဂုဏ်သိက္ခာကို အလွန်အလေးထားကြသဖြင့် ဆရာအလုပ် လုပ်ကိုင်သူ အတွက် ပို၍ပင် အရေးကြီးလှသည် ။
မိသားစုအတွင်း သူခိုးတစ်ယောက် ရှိနေခြင်းက သူ့အား များစွာ ထိခိုက်စေနိုင်၏ ။
အလုပ်ပြုတ်သွားနိုင်သည့် အခွင့်အလမ်းက အလွန်ပင် ဖြစ်နိုင်ချေများသည် ။
ထို့ကြောင့် သူ ဤမျှ ဒေါသထွက်နေရခြင်းပင် ။
အကယ်၍ အလုပ်ပြုတ်သွားပါက နောင်တွင် မိသားစုကို မည်သို့ ကျွေးမွေးရပါမည်နည်း ။
ယန်လောင်အာ ရှိနေသဖြင့် မိဘနှစ်ပါးကို လုပ်ကျွေးရန် အဆင်ပြေနိုင်သော်လည်း မိဘကို ပြုစုစောင့်ရှောက်ခြင်းက သဘာဝကျပေသည် ။
သို့သော် အငယ်လေး နှစ်ယောက်အတွက်မူ မည်သို့ လုပ်ရမည်နည်း ။
သူတို့ကလည်း ယန်လောင်အာကိုသာ မှီခိုရမည်လော ။
ယန်လောင်အာသည်လည်း အိမ်ထောင်ကျပြီး ဖြစ်ကာ နောင်နှစ်တွင် ဖခင်တစ်ဦး ဖြစ်လာနိုင်သည် ။
သူ့တွင်လည်း လုပ်ကျွေးရမည့် မိသားစုငယ်လေး ရှိနေပြီဖြစ်၍ အရာအားလုံးကို သူ့ခေါင်းပေါ်သို့ ပုံမချသင့် ။
" ကျွန်တော် မှားသွားပါတယ်.. ကျွန်တော် ..ကျွန်တော် ရွှေလက်ကောက်ကို မခိုးခဲ့သင့်ဘူး.. ကျွန်တော့်အမှားပါ.. "
ထိုအခါမှ ယန်ကျီချန်းက သူ၏ အမှားကို ဝန်ခံလိုက်၏ ။
အမှားဝန်ခံသည်ကို မြင်မှ ယန်ဖူကွေ့နှင့် ရန်ရွေ့ဟွားတို့ စိတ်သက်သာရာ ရသွားကြသည် ။
ကိုယ့်အမှားကို သိမြင်ခြင်းက ကောင်းမွန်သဖြင့် သူ့အတွက် မျှော်လင့်ချက် ရှိသေးသည် ။
အကယ်၍ သူသာ ယခုထက်ထိ အမှားကို မသိသေးလျှင် ပို၍ ကိုင်တွယ်ရ ခက်ခဲပေလိမ့်မည် ။
သို့သော်လည်း ခဏအကြာတွင် ယန်ဖူကွေ့၏ မျက်နှာက ပြန်လည် မည်းမှောင်သွားပြန်သည် ။
ယန်ကျီချန်း၏ လေသံက ပြောင်းလဲသွားပြီး မကျေမနပ်ဖြင့်...
" ဒီကိစ္စမှာ ကျွန်တော် မှားတာကို ဝန်ခံပါတယ်.. ဒါပေမဲ့ ယန်လောင်အာဘက်ကလည်း နည်းနည်းတော့ မမှားဘူးလား.. "
စကားဆုံးသည်နှင့် ယန်ကျီဝမ်၏ မျက်နှာက ချက်ချင်း အေးစက်သွား၏ ။
ယန်ကျီချန်းက ယခုအချိန်အထိ အမှားကို မသိဘဲ သူ့ကိုပါ ဆွဲထည့်ချင်နေလိမ့်မည်ဟု သူ ထင်မထားပေ ။
ကျန်ရှိသည့် လူသုံးယောက်ကလည်း ယန်ကျီချန်းကို အံ့သြစွာဖြင့် ကြည့်နေမိကြသည် ။
ယန်ကျီချန်းက သူ၏ ဒေါသများကို ပေါက်ကွဲကာ...
" သူနဲ့ကျွန်တော်က ညီအစ်ကိုတွေ.. သူ ပိုက်ဆံရှာမယ့် နည်းလမ်းကို တွေ့တော့ ကျွန်တော့်ကိုကျ ပေးမသိဘူး.. ဒါ ဘယ်လို ညီအစ်ကိုမျိုးလဲ.. "
" အပြင်က သူငယ်ချင်းတွေတောင် အဆင်ပြေတာရှိရင် ကျွန်တော့်ကို ခေါ်ကြသေးတယ်.. သူ ကကြတော့ ဘယ်လိုအချိုးမျိုးလဲ.. ဒါ ညီအစ်ကို အရင်းခေါက်ခေါက် လုပ်ရမယ့် ပုံစံလား..ကျွန်တော်တို့က မိသားစုဝင်တွေ မဟုတ်ကြဘူးလား... "