အခန်း ၁၇၀
Vol. 17 Ch. 170
Chapter 170
~
အခန်း ၁၇၀ : ရွေးချယ်စရာ နှစ်ခု
~
ယန်ဖူကွေ့ အလွန် ဒေါသထွက်ကာ စားပွဲကို တဒုန်းဒုန်း ထုလိုက်ပြီး ...
" သောက်အဓိပ္ပါယ် မရှိတာ.."
" မင်းစကားအရဆိုရင် ဒီကိစ္စမှာ ဒုတိယသားရဲ့ အမှားဖြစ်နေတာပေါ့ .."
ယန်ကျီချန်းက အလျှော့မပေးဘဲ ပြန်ချေပသည် ။
" မဟုတ်လို့လား .."
သူက ..
" တခြားသူတွေရဲ့ ညီအကိုတွေ ဘယ်လိုလုပ်ကြလဲ ဆိုတာ ကြည့်ပါအုံး.. ကျွန်တော်တို့က ညီအကို မဟုတ်ဘူးလား .."
ယန်ကျီဝမ် က ပြင်းပြင်းထန်ထန် မရိုက်ခဲ့သဖြင့် သူ၏ နှာခေါင်းသွေးယိုခြင်းက ရပ်သွားလေပြီ ။
ယခုဆိုလျှင် သူ ပြန်လည်ချေပရန်ပင် ယုံကြည်မှု ရှိနေ၏ ။
အကယ်၍ ဒုတိယကောင်သာ သူ့ကို ကူညီခဲ့လျှင် သူ ဤမျှလောက် အခက်တွေ့နေမည် မဟုတ်ချေ ။
သူ သိပ်အများကြီး မလိုချင် ။ တစ်နေ့ကို ငါးယွမ် သို့မဟုတ် နှစ်ယွမ် သုံးယွမ်လောက် ပေးလျှင်ပင် သူ ကျေနပ် ပေပြီ ။
မည်သို့ပင်ဆိုစေကာမူ အပြင်တွင် ကြုံရာကျပန်း အလုပ်လုပ်၍ ရသော ငွေထက်တော့ ပိုများနေသေးသည် ။
ညီတစ်ယောက်အနေဖြင့် အဆင်ပြေနေလျှင် အကိုဖြစ်သူအား ကူညီသင့်သည် မဟုတ်ပါလော ။
သူ ဘာမှ အမှားလုပ်ထားခြင်းမရှိ ။
သူလုပ်ခဲ့မိသော တစ်ခုတည်းသော အမှားမှာ ဒုတိယညီ၏ အိမ်သို့ ငါးစာသွားရှာရင်း ရွှေလက်ကောက်ကို မြင်ပြီး လောဘတက်သွားခြင်းပင် ။ ထိုအချက်ကိုတော့ သူ ဝန်ခံသည် ။
" ဟင်းဟင်း.. သားကြီး မင်းကတော့ .."
ယန်ဖူကွေ့က ဒေါသတကြီး ရယ်လိုက်ပြီး..
" မင်းပြောပုံအရဆို ငါက မင်းအတွက် အလုပ်တစ်ခု ဝယ်ပေးရဦးမှာပေါ့ .."
" အဲ့လိုဆို အကောင်းဆုံးပေါ့ .."
ထိုစကားကို ကြားလျှင် ယန်ဖူကွေ့က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်၏ ။
သားကြီးဖြစ်သူမှာ ကယ်တင်၍ မရနိုင်တော့ချေ ။
သူ သက်ပြင်းချလိုက်ပြီး..
" သားကြီး.. မင်းလည်း အိမ်ရဲ့ အခြေအနေကို သိသင့်တယ်.. ငါတစ်ယောက်တည်း အလုပ်လုပ်ပြီး မိသားစုကြီးကို ထောက်ပံ့နေရတာ.. အလုပ်ဝယ်ဖို့ ပိုက်ဆံ ဘယ်မှာရှိမလဲ .."
" ဒုတိယကောင်က ငါးမျှားလို့ အများကြီး ရနေတာ မဟုတ်ဘူးလား .."
ယန်ကျီချန်းက ထိုအရာသည် သူ့အတွက် ပေးရမည့် တာဝန်တစ်ခုလို ပြောလိုက်၏ ။
" အဲ့တာ ဒုတိယသားရဲ့ ကိုယ်ပိုင်ငွေလေ.. ဘာလို့ မင်းအတွက် အလုပ်ဝယ်ပေးဖို့ သူက ထုတ်ပေးရမှာလဲ .."
ယန်ဖူကွေ့က စိတ်ပျက်စွာဖြင့်..
" အဲ့ဒါကပဲ မင်း ဒုတိယသားကို မမီတဲ့ နေရာပဲ .."
" အဖေက မျက်နှာလိုက်နေတာပါ .."
ယန်ကျီချန်းက နှာခေါင်းရှုံ့လိုက်ပြီး..
" အဖေတို့ အိုလာရင် သူ ပြန်ကြည့်မယ်လို့ ပြောထားလို့ မဟုတ်ဘူးလား.. သူ့ဘက်ကို ဒီလောက်ထိ မျက်နှာလိုက်ဖို့ လိုလို့လား .."
" မျက်နှာလိုက်တယ် .."
ယန်ဖူကွေ့ ဒေါသ မည်သို့ ထွက်ရမည်ကိုပင် မသိတော့...
" မင်းအမေနဲ့ ငါက မျက်နှာလိုက်တယ်လို့ မင်းပြောတယ်ပေါ့.. ဒုတိယသားက ဘာတွေလုပ်ပေးခဲ့လဲ.. မင်းကရော ဘာတွေလုပ်ပေးခဲ့လဲ .."
" ငါ အဲ့အကြောင်းတွေ မပြောချင်ဘူး.. တစ်ခုပဲ ပြောမယ်.. တကယ်လို့ မင်းသာ ပိုက်ဆံရှာဖို့ နည်းလမ်းတစ်ခုခု တွေ့ခဲ့ရင် ဒုတိယသားကို မင်း ခေါ်သွားမှာလား .."
" ကျွန်တော် .."
" မင်း ခေါ်သွားမှာ မဟုတ်ဘူး .."
ယန်ဖူကွေ့က အပြစ်ရှိသလို ခံစားရစွာဖြင့်..
" ဒါက ငါ့အမှားပါ.. ငါ အမြဲတမ်း တွက်ကပ်နေတော့ မင်းလည်း ငါ့ရဲ့ တွက်ကပ်တဲ့ အကျင့်တွေကို အကုန်သင်ယူသွားတာပဲ.. ဒုတိယသားကသာ သတိမပေးခဲ့ရင် ငါတို့ လင်မယား နှစ်ယောက် အိုလာရင် ပြုစုမယ့်သူ မရှိဘဲ ဇာတ်သိမ်းရမှာ သေချာတယ် .."
" မင်း ဒီလို ဖြစ်လာတာ ငါ့မှာလည်း တာဝန်ရှိပါတယ်.. ဒါပေမဲ့..ဟူးးးးး .."
သူ စကားကို ရပ်လိုက်သည် ။
ယန်ဖူကွေ့ သက်ပြင်းအရှည်ကြီး ချလိုက်၏ ။ သူ ချက်ချင်းပင် အသက်အများကြီး ကြီးလာသကဲ့သို့ ခံစားမိချေသည် ။
သူက လက်ကို အားနည်းစွာ ဝှေ့ယမ်းလိုက်ပြီး..
" ထားလိုက်ပါတော့.. အခုချိန်မှ ဒါတွေပြောနေလည်း အဓိပ္ပါယ်မရှိတော့ဘူး.. ဘာပဲဖြစ်ဖြစ် ကိစ္စက ဒီထိ ရောက်လာပြီဆိုတော့ အဖြေတစ်ခုတော့ ရှိရမယ် .."
ထိုစကားကို ကြားလျှင် ရန်ရွေ့ဟွား၏ မျက်နှာအမူအရာက ရှုပ်ထွေးသွား၏ ။
ယန်ကျီဝမ်နှင့် ယွီလီ လင်မယားကတော့ ဝင်ပြောရန် ရည်ရွယ်ချက် မရှိ ။
ယန်ကျီဝမ်က ယန်ဖူကွေ့ မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ကိုသာ ကြားချင်နေသည် ။ ယွီလီသည်တော့ ယခုမှ အိမ်ထောင်ကျ၍ ဝင်လာသည်မှာ မကြာသေးသဖြင့် ဝင်ပြောပိုင်ခွင့် မရှိသလို မိသားစုကြား ဝင်မရှုပ်ချင်၍ နှုတ်ဆိတ်နေခဲ့သည် ။
ယန်ကျီချန်းကမူ လက်မခံနိုင်သေးသော ပုံပေါက်နေ၏ ။ မည်သို့ပင် ဆိုစေကာမူ သူ အမှားလုပ်ခဲ့သည်ဟု မခံစားရချေ ။
ယန်ဖူကွေ့က ယန်ကျီချန်းကို ကြည့်ကာ ..
" သားကြီး.. ငါမင်းကို ရွေးချယ်စရာ နှစ်ခု ပေးမယ်.. ပထမတစ်ခုက ငါတို့ သားအဖ အဆက်အသွယ် ဖြတ်တဲ့ စာတစ်စောင် ရေးမယ်.. အဆက်အသွယ် ဖြတ်ပြီးတာနဲ့ မင်း လွတ်လပ်တဲ့သူ ဖြစ်သွားပြီ.. နောင်အနာဂတ်မှာ မင်းဘာလုပ်လုပ် ငါ ဝင်မစွက်ဖက်တော့ဘူး .."
" အဘိုးကြီးယန်.. ဒါကတော့ .."
ထိုစကားကို ကြားလျှင် ရန်ရွေ့ဟွား၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး..
" အဲ့လောက်ထိ အခြေအနေ မဆိုးသေးပါဘူး.. အဲ့ဒီအဆင့်ထိ မရောက်သေးပါဘူး .."
" အဘွားကြီး.. ဘာမှ ဝင်မပြောနဲ့ဦး.. သားကြီး သူ့ဘာသာ ဆုံးဖြတ်ပါစေ .."
ယန်ဖူကွေ့က သူမအား အသံမာမာဖြင့် ဟန့်တားလိုက်ပြီး ယန်ကျီချန်းကိုသာ ဆက်ကြည့်နေသည် ။
ဤတစ်ကြိမ်တွင်တော့ ယန်ကျီချန်း တကယ်ကို ထိတ်လန့်သွားလေပြီ ။ အခုချိန်၌ သူ့တွင် သင့်တော်သော အလုပ်တစ်ခုပင် မရှိသေးချေ ။ အကယ်၍ ဆက်ဆံရေးသာ ဖြတ်တောက်လိုက်ပါက သူ အိမ်ပေါ်မှ ဆင်းပေးရတော့မည် ။
ထိုအခါ သူ ဘာစားရမည်နည်း ။ ဘယ်မှာ နေရမည်နည်း ။
ဤသည်က သူ့ကို သေခိုင်းနေသည်နှင့် ဘာကွာတော့မည်နည်း ။
သူက အမြန်ပင်..
" ဒုတိယ ရွေးချယ်စရာကရော ဘာလဲ .."
' ဘာပဲဖြစ်ဖြစ် ငါက အဖေ့ရဲ့ သားအရင်းပဲမို့ ဒီလောက်ထိတော့ ရက်စက်မှာ မဟုတ်ဘူး.. '
ယန်ကျီချန်းက တွေးလိုက်သည် ။ သူ့အတွေးက မမှားပေ ။
ယန်ဖူကွေ့ ဆက်ပြောသည်ကို သူ ကြားလိုက်ရ၏ ။
" ဒုတိယ ရွေးချယ်စရာကတော့ မင်းပြောသလို မင်းအတွက် အလုပ်တစ်ခု ငါဝယ်ပေးမယ် .."
ထိုသည်ကို ကြားလျှင် ယန်ကျီချန်း အလွန် ဝမ်းသာသွားသည် ။ သူ ခေါင်းညိတ် သဘောတူရန် ပြင်လိုက်စဥ် ယန်ဖူကွေ့က ဆက်ပြောလာ၏ ။
" အစောကြီး ဝမ်းသာမနေနဲ့ဦး.. မင်းအတွက် အလုပ်ဝယ်ပေးဖို့ သဘောတူပေမဲ့ အဲ့ဒီ အလုပ်ဝယ်တဲ့ ပိုက်ဆံကို ချေးငွေအနေနဲ့ သတ်မှတ်မယ်.. ပြီးရင် မင်း ပြန်ဆပ်ရမယ် .."
" ရပါတယ် .."
ယန်ကျီချန်းက နှစ်ခါမစဥ်းစားတော့ဘဲ ခေါင်းညိတ်သဘောတူလိုက်သည် ။
သူ အလိုချင်ဆုံးက ကောင်းမွန်သော အလုပ်တစ်ခုပင် ။ သူ့သာ အလုပ်တစ်ခုရှိနေလျှင် ယန်ကျီဝမ်၏ ပစ္စည်းများကို မက်မောနေတော့မည်မဟုတ် ။
" ပြီးတော့ ဒီနေ့ဖြစ်ခဲ့တဲ့ ကိစ္စမျိုး နောက်တစ်ကြိမ် လုံးဝ ထပ်မဖြစ်ရဘူး.. အဲ့လိုမှ မဟုတ်ရင်တော့ ငါတို့ သားအဖ ဆက်ဆံရေးကို ထည့်မတွက်ဘဲ မင်းကို ထောင်ထဲ ကိုယ်တိုင်ပို့ရင် အပြစ်မတင်နဲ့ .."
" ဟုတ်ကဲ့ပါ.. ဒီနေ့လို ကိစ္စမျိုး နောက်ထပ်ဖြစ်ခဲ့ရင် အဖေ ဘာမှပြောနေစရာ မလိုဘူး.. ကျွန်တော့်ဘာသာ ရဲစခန်းသွားပြီး အဖမ်းခံလိုက်မယ် .."
ယန်ကျီချန်းက အလေးအနက် ကတိပေးလိုက်၏ ။ သူပြောသည့်စကားက အမှားအမှန် မသေချာသော်လည်း သူ၏ လက်ရှိ အပြုအမူကတော့ လက်ခံနိုင်စရာ ရှိပေသည် ။
" မင်း ကတိတည်ဖို့ မျှော်လင့်ပါတယ် .."
ယန်ဖူကွေ့က ခေါင်းအသာ ညိတ်လိုက်ပြီးနောက်..
" အလုပ်ဝယ်မယ့် ပိုက်ဆံအတွက် အတိုးတော့ မယူဘူး.. ဒါပေမဲ့ ငါ့မှာ စည်းကမ်းချက်တစ်ခု ရှိတယ် .."
" ပြောပါ အဖေ .."
အလုပ်တစ်ခုရရေးအတွက် ယန်ကျီချန်းက အရာရာကို လိုက်လျော မည့်ပုံပေါ်နေသည် ။ သူ အချိန်အကြာကြီး စိတ်ပူနေခဲ့ရသည်မှာ သေချာခိုင်မာသော အလုပ်တစ်ခုပင် မဟုတ်ပါလော ။
သူ ဒုတိယကောင်လောက် ဝင်ငွေ မကောင်းနိုင်သော်လည်း ဤမျှဆိုလျှင်ပင် အလွန် ကျေနပ်နေပေပြီ ။
" ငါ့ရဲ့ စည်းကမ်းချက်က ငါ မင်းအတွက် အလုပ်ရှာပေးပြီးတာနဲ့ မင်း အိမ်ပေါ်ကနေ ဆင်းပေးရမယ် .."
ယန်ဖူကွေ့က မေးလိုက်သည် ။
" အဲ့ဒါကို မင်း လက်ခံနိုင်လား .."
" ပြဿနာမရှိပါဘူး .."
ယန်ကျီချန်းက ချက်ချင်းပင် ခေါင်းညိတ်လိုက်၏ ။
သူ့အတွက် ဤမိသားစုတွင် ဆက်နေရသည်က နေရထိုင်ရ ခက်ခဲလှ၏ ။ အိမ်ခွဲနေရသည်က ပို၍ပင် ကောင်းသေးသည် ။
ယန်ဖူကွေ့တွင်လည်း ရည်ရွယ်ချက်ကောင်းများ ရှိပေသည် ။ ဒီနေ့ဖြစ်ရပ်နှင့် အတိတ်က အကြောင်းအရင်းများကြောင့် သားကြီးနှင့် ဒုတိယသားတို့ ကြားက ဆက်ဆံရေးက ပြန်လည် ပြုပြင်ရန် ခက်ခဲမည်ကို သူ သိထား၏ ။
ဤအခွင့်အရေးကို အသုံးချ၍ သားကြီးအား အိမ်မှ ဆင်းခိုင်းလိုက်သည်က ပိုကောင်းပေမည် ။
သူ ရာဇဝတ်မှု မကျူးလွန်သရွေ့ ကျန်သောအရာ အားလုံးကို ညှိနှိုင်း၍ ရနိုင်သည် ။ ဤကိစ္စမှတစ်ဆင့် သူက ဒုတိယသား၏ ဘက်တွင် ရှိနေကြောင်းကိုလည်း ဒုတိယသားအား ပြောပြချင်နေသည် ။
ဒုတိယသားက မိဘအပေါ် သိတတ်သဖြင့် သူ့ကို စိတ်ပျက်အောင် လုပ်၍ မဖြစ်ပေ ။ သူ တစ်လျှောက်လုံး ဘာမှမပြောခဲ့သော်လည်း ယန်ဖူကွေ့ မည်သည့်ဘက်က ရပ်တည်မည်ကို စောင့်ကြည့်နေခြင်းဖြစ်သည် ။
သားကြီးနှင့် ဒုတိယသားကြားတွင် သူ ဒုတိယသားကို ပို၍ မျက်နှာသာပေးသည်မှာ အမှန်ပင် ။
သူ သဘောတူသည်ကို မြင်လျှင် ယန်ဖူကွေ့က ခေါင်းညိတ်ပြီး..
" ကောင်းပြီ.. ဒီနေ့ မင်းပြောခဲ့တဲ့ စကားတွေကို မှတ်မိဖို့ ငါ မျှော်လင့်တယ်.. အလုပ်ကိစ္စကတော့ လောလို့မရသေးဘူး.. ငါ အရင် စုံစမ်းကြည့်ရဦးမယ်.. ဒါပေမဲ့ ငါ ကြိုပြောထားမယ်.. အခုခေတ်မှာ အလုပ်ရှာရတာ အရမ်း ခက်တယ်.. သံမဏိစက်ရုံလို စက်ရုံကြီးမျိုးကို ဝင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ.. မင်း သိပ်ကြီး မျှော်လင့်မထားနဲ့ .."
" ရပါတယ်.. သင့်တော်တဲ့ အလုပ်တစ်ခု ဖြစ်ရင်ကို ရပါပြီ .."
ယန်ကျီချန်းက ခေါင်းညိတ်လိုက်ပြီးနောက် မနေနိုင်ဘဲ မေးလိုက်သည် ။
" မိဘထောက်ပံ့ကြေး ပိုက်ဆံကိစ္စကရော ဘယ်လိုလုပ်မလဲ .."
ယန်ဖူကွေ့က ခေါင်းခါပြီး သက်ပြင်းချလိုက်၏ ။ ဤသားကြီးက တကယ်ကို ကယ်တင်၍ မရတော့ပေ ။
ယခုအချိန်ထိ သားကြီးသည် မိဘလုပ်ကျွေးရမည့် နှစ်ယွမ်ကို နှမြောတွန့်တိုနေဆဲပင် ။ သားတစ်ယောက်အနေဖြင့် မိဘများကို ပြုစုစောင့်ရှောက်ရန် ငွေပေးရမည်က သူ၏ တာဝန် မဟုတ်ပါလော ။
သို့သော် ဤသည်ကလည်း သူ၏ အမှားပင် ။ ယန်ကျီချန်း၏ တွက်ကပ်သည့် အကျင့်များက သူ့ထဲမှ ဆင်းသက်လာခြင်း ဖြစ်၏ ။ ကိုယ်စိုက်သည့်အပင် ကိုယ်ပြန်ရိတ်သိမ်းရစမြဲပင် ။
သူက ပင်ပန်းနွမ်းနယ်နေသော မျက်နှာထားဖြင့် လက်ကို ဝှေ့ယမ်းလိုက်ပြီး..
" မိဘလုပ်ကျွေးမယ့် ပိုက်ဆံကိုတော့ ထားလိုက်ပါတော့.. မင်းကိုယ်မင်းသာ သေချာ ဂရုစိုက်ပါ.. အလုပ်ဝယ်တဲ့ ပိုက်ဆံအတွက်လည်း မင်း ငါ့ကို အများကြီး ပြန်ပေးစရာ မလိုဘူး.. တစ်လကို ငါးယွမ် ပြန်ဆပ်ရင် ရပြီ .."
" ဟီးဟီး.. ကျေးဇူးတင်ပါတယ် အဖေ .."