← Chapters

အခန်း ၁၇၁

Vol. 17 Ch. 171

အခန်း ၁၇၁

Vol. 17 Ch. 171

Chapter 171

~

အခန်း ၁၇၁ : ရှုပ်ထွေးနေသော ယွီလီ

~

​ရက်အနည်းငယ် ကြာပြီးနောက် ယန်ကျီချန်း အိမ်မှ ပြောင်းရွှေ့သွားသည် ။

​အကြောင်းရင်းသည်တော့ ယန်ဖူကွေ့က သူ့အား ယွမ်ငါးရာ အကုန်အကျခံကာ စက်ရုံငယ်လေး တစ်ခုတွင် အလုပ်သင် နေရာတစ်ခု ရအောင် ကူညီပေးခဲ့သောကြောင့်ပင် ။

​ထိုနေ့တွင်ပင် ယန်ကျီချန်းက အိမ်ငှားကာ ပြောင်းရွှေ့သွားခဲ့၏ ။

​စက်ရုံငယ်လေး ဖြစ်သော်လည်း တရားဝင် အလုပ်ခွင်တစ်ခုဖြစ်ပြီး အလုပ်အကိုင် တည်ငြိမ်ကာ တရားဝင် ဝန်ထမ်းဖြစ်လာပါက အိမ်ရာ ချထားပေးနိုင်သည် ။

​ထိုအချိန်မှစ၍ သူသည် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ရတော့မည် ။ ယန်ဖူကွေ့ကလည်း သူတတ်နိုင်သမျှ အကုန်လုပ်ပေးခဲ့ပြီဟု ခံစားရ၏ ။

​သားအရင်း ဖြစ်သော်လည်း တစ်သက်လုံး လုပ်ကျွေးနေရန် မဖြစ်နိုင်ပေ ။

​အနည်းဆုံးတော့ ယန်ကျီဝမ်က ယန်ဖူကွေ့၏ ဆုံးဖြတ်ချက်ကို အတော်လေး ကျေနပ်မိသည် ။

​ယန်ကျီချန်းသည် ယန်မိသားစု၏ အစိတ်အပိုင်း တစ်ခု ဖြစ်နေသော်လည်း ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် အမိုးတစ်ခုအောက်တည်းတွင် အတူစားသောက်ရသည်မှာ အနည်းငယ် အဆင်မပြေတော့ပေ ။

​သူက ယန်ကျီချန်းကို အမြဲတမ်း အထင်သေးခဲ့ပြီး အကယ်၍ ယန်ဖူကွေ့သာ အဖြေတစ်ခု ရှာမပေးခဲ့ပါက သူကိုယ်တိုင် သီးသန့် ချက်စားနေလောက်ပေပြီ ။

​ထို့အပြင် သူ ယွီလီ၏ ခံစားချက်ကိုလည်း ထည့်တွက်ရမည် ။

​ဤကိစ္စက ဘဝ၏ အသေးအဖွဲ ဇာတ်လမ်းတိုလေး တစ်ခုအဖြစ်သာ မှတ်ယူနိုင်ပြီး ယန်ကျီချန်း ပြောင်းသွားသည်နှင့် တစ်ပြိုင်နက် ပြေလည်သွားခဲ့လေပြီ ။

​ယန်ကျီဝမ်၏ ဘဝကလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏ ။

​သူ အလုပ်သွားချိန်တွင် ဟောက်ဟိုင်၌ ငါးသွားမျှားလေ့ရှိသည် ။

​အမှတ်များ ရနေချိန်မှာပင် ငါးများကို သံမဏိစက်ရုံသို့ ရောင်းချကာ တစ်ချက်ခုတ် နှစ်ချက်ပြတ် အကျိုးအမြတ်ကို ရယူနိုင်သည် ။

​ယခင်ကနှင့် ဘာမှ ကွာခြားမှု မရှိဟု ဆိုနိုင်သည် ။

​တစ်နေ့တွင်တော့ ....

ယနေ့က ပိတ်ရက်ဖြစ်ပြီး ယန်ကျီဝမ်နှင့် ယန်ဖူကွေ့တို့ အပြင်မှ ငါးမျှားပြီး ပြန်လာကြသည် ။ ခြံဝသို့ ရောက်သောအခါ ယွီလီနှင့် ဆုံလေ၏ ။

​သူမက ယန်ကျီဝမ်ကို စောင့်နေသည်ပုံ ပေါ်ပေသည် ။

​ယန်ဖူကွေ့က ယွီလီကို ခေါင်းညိတ်ပြကာ သူ၏ ပစ္စည်းများကို ယူ၍ အိမ်သို့ ပြန်သွားသည် ။

​ယွီလီက ယန်ကျီဝမ်၏ လက်ထဲမှ ငါးမျှားတံများကို လှမ်းယူလိုက်၏ ။ ထို့နောက် သူတို့နှစ်ယောက် အိမ်ပြန်ရန် ပြင်လိုက်စဥ် အတွင်းမှ မိန်းကလေး တစ်ယောက် ထွက်လာသည်ကို မြင်လိုက်ရသည် ။

​ထိုမိန်းကလေး၏ ရုပ်ရည်က သာမန်သာဖြစ်ပြီး ရုပ်ဆိုးခြင်းလည်း မရှိသလို အထူးတလည် လှပနေခြင်းလည်း မရှိ ။

​မိန်းကလေး ခြံထဲမှ ထွက်သွားပြီးနောက် ယန်ကျီဝမ်က သိချင်စိတ်ဖြင့်..

​" အဲ့ မိန်းကလေးက ဘယ်သူလဲ .. ငါတို့ ခြံထဲက မဟုတ်ပါဘူး .. "

​ယွီလီက ပြုံးကာ..

​" ရှင် သေချာပေါက် ခန့်မှန်းလို့ ရမှာ မဟုတ်ဘူး .. အဲ့ မိန်းကလေးက ရှာကျူးနဲ့ လာတွေ့တာလေ .. "

​" ရှာကျူးနဲ့ လာတွေ့တာ .. ဟုတ်လား .. "

​ယန်ကျီဝမ်က အံ့အားသင့်သွားပြီး ရယ်ကာ..

​" ဟားဟား..ပွဲ အသစ်ပဲ .. "

​" ဘာဖြစ်လို့လဲ .. သူက လူပျိုပဲလေ .. အခြေအနေလည်း မဆိုးပါဘူး .. မိန်းကလေးတွေနဲ့ တွေ့လို့ မရဘူးလား .. "

​ယွီလီ ရှုပ်ထွေးသွားသည် ။

​ယန်ကျီဝမ်က လက်ကို ဝှေ့ယမ်းလိုက်ပြီး..

​" ရှင်းပြရတော့ ခက်တယ် .. အတိုချုပ်ပြောရရင် ရှာကျူး မိန်းမရဖို့ဆိုတာ တော်တော့်ကို ခက်တယ် .. "

​ရှာကျူး လက်ထပ်ရန် လွယ်မည် မဟုတ် ။ သူ၏ မြင့်မားသော စံနှုန်းများကို ဖယ်ထားလျှင်ပင် ယီကျုံးဟိုင်က သူ့ကို ဤမျှ လွယ်လွယ်နှင့် လက်ထပ်ခွင့် ပေးမည်မဟုတ်ချေ ။

​ရှာကျူးသည် ယခင်က အမျိုးသမီးများနှင့် တွေ့ဆုံဖူးသော်လည်း နောက်ဆုံးတွင် အားလုံး ပျက်သွားခဲ့သည် ။

​ယခု ရှာကျူး မျက်မမြင် ချိန်းတွေ့နေသည်မှာ သူလက်ထပ်ပြီးသည်ကို မြင်၍ မနာလိုဖြစ်ပြီး ဤကဲ့သို့ လုပ်ဆောင်နေခြင်း ဖြစ်လောက်သည် ။

​ယွီလီက ဆက်၍ မေးချင်သေးသော်လည်း ယီကျုံးဟိုင် အလျင်စလို ထွက်လာသည်ကို မြင်လိုက်ရသဖြင့် ပါးစပ်ကို ပိတ်လိုက်၏ ။

​ယန်ကျီဝမ်က ထိုမြင်ကွင်းကို မြင်လျှင် မျက်ခုံးပင့်လိုက်သည် ။

​ယီကျုံးဟိုင် ဘာလုပ်ချင်သည်ကို သူ မစဥ်းစားဘဲနှင့်ပင် သိနေသည် ။

​သို့သော် ယွီလီကတော့ မသိ ။ သူမက သိချင်စိတ်ဖြင့်..

​" အဘိုးကြီးယီက ဘာတွေ အလျင်စလို လုပ်နေတာလဲ .. "

​" လာ .. ပွဲသွားကြည့်ရအောင် .. "

​ယန်ကျီဝမ်က ယွီလီကို ဆွဲကာ နောက်မှ လိုက်သွားသည် ။

​ခဏအကြာတွင် ယီကျုံးဟိုင်က အရင် ထွက်သွားသော မိန်းကလေးကို တားကာ တစ်ခုခု ပြောနေသည်ကို သူတို့နှစ်ယောက် မြင်လိုက်ရသည် ။

​ခပ်လှမ်းလှမ်းတွင် ရှိနေသဖြင့် သူတို့ ပြောသည်ကိုတော့ နှစ်ယောက်စလုံး မကြားရ ။

​နောက်ဆုံးတွင် မိန်းကလေးက ဒေါသတကြီး ခြေဆောင့်ကာ ပြေးထွက်သွားသည်ကိုသာ မြင်လိုက်ရ၏ ။

​ချက်ချင်းပင် ယန်ကျီဝမ်က ယွီလီကို ဆွဲကာ အိမ်သို့ ပြန်လာခဲ့သည် ။

​ပစ္စည်းများကို သိမ်းဆည်းပြီးနောက် ယွီလီက နောက်ဆုံးတွင် မနေနိုင်တော့ဘဲ..

​" ယန်ကျီဝမ် .. အဘိုးကြီးယီက အဲ့ မိန်းကလေးကို ဘာပြောလိုက်တယ်လို့ ထင်လဲ .. မိန်းကလေးက တော်တော် ဒေါသထွက်သွားတဲ့ ပုံပဲနော် .. "

​သူမ တကယ်ကို သိချင်နေ၏ ။

​" သူ ရှာကျူး အကြောင်း မကောင်းပြောလိုက်တာ နေမှာပေါ့ .. "

​ယန်ကျီဝမ်က မည်သို့မည်ပုံ ထုတ်လိုက်သည်မသိ ဖရဲစေ့ တစ်ဆုပ်ကို ထုတ်ယူလိုက်ပြီး ခွာစားရင်း ပြောလိုက်သည် ။

​" ဖရဲစေ့တွေ ဘယ်က ရလာတာလဲ .. "

​ယွီလီက သူ့ လက်ထဲမှ လုယူလိုက်ပြီး သံသယဖြင့် မေးလိုက်၏။

​" အဘိုးကြီးယီနဲ့ ရှာကျူးရဲ့ ဆက်ဆံရေးက တော်တော် ကောင်းတာ မဟုတ်ဘူးလား .. ဘာလို့ ရှာကျူး အကြောင်းကို မကောင်းပြောရမှာလဲ .. "

​ယန်ကျီဝမ်က အိတ်ကပ်ထဲမှ နောက်ထပ် တစ်ဆုပ်ကို ထုတ်ယူကာ ဆက်ခွာစားရင်း..

​" ဘာဖြစ်ရမှာလဲ .. သူ ရှာကျူးကို အမြန် မယူစေချင်လို့ပေါ့ .. "

​" ဘာဖြစ်လို့လဲ .. "

​ယွီလီ နားမလည်နိုင် ဖြစ်သွားသည် ။

​ရှာကျူး၏ အိမ်ထောင်ရေးက အဘိုးကြီးယွီနှင့် မည်သို့ပတ်သက်နေပါသနည်း ။

​အဘိုးကြီးယွီက အတော်လေး ဖြောင့်မတ်သည့်ပုံ ပေါက်နေသော်လည်း မည်သို့ကြောင့် ဤကဲ့သို့ လုပ်နိုင်ရသနည်း ။

​သို့သော် သူမ၏ ယောကျ်ားကိုယ်တိုင်က ပြောနေသဖြင့် သူမကို အပျင်းပြေ စနောက်နေခြင်းတော့ မဖြစ်တန်ရာ ။

​" ဖူး .. "

​ယန်ကျီဝမ်က ဖရဲစေ့ အခွံများကို မြေကြီးပေါ်သို့ ထွေးချလိုက်ပြီး ..

​" ဒါတွေ အားလုံးက သူ ခေါ်တဲ့ အိုစာမင်းစာ စီမံကိန်းဆိုတာ အတွက် ပဲလေ .. "

​" ဖရဲစေ့ အခွံတွေကို နေရာတကာ ထွေးမချနဲ့လေ .. ရှင်ကိုယ်တိုင် ပြန်လှည်းခိုင်းမှာနော်.. .. "

​သူမ၏ ယောကျ်ားကို သတိပေးပြီးနောက် ယွီလီက ဆက်၍ မေးလိုက်သည် ။

​" ကျားဒုံရွှီက သူရဲ့ တစ်ခုတည်းသော အိုစာမင်းစာ စီမံကိန်း မဟုတ်ဘူးလား .. ရှာကျူးနဲ့ ဘာဆိုင်လို့လဲ .. "

​" သူက အရန်လေ .. "

​ယန်ကျီဝမ်က ရွှင်မြူးစွာဖြင့်..

​" အဲ့မြေခွေးကြီးက တော်တော် ပါးနပ်တယ် .. သူက ပြင်ဆင်မှု နှစ်ခု လုပ်ထားတာ .. နောင်တစ်ချိန်မှာ ကျားဒုံရွှီက သူ့ကို မလုပ်ကျွေးရင်တောင်မှ သူ့မှာ ရှာကျူး ရှိနေသေးတယ်လေ .. "

​ယီကျုံးဟိုင်သည် အလွန် အမြော်အမြင်ရှိသည်ဟု ဆိုရမည် ။ ကံကောင်းစွာဖြင့် သူ ပြင်ဆင်မှု နှစ်ခု လုပ်ထားခဲ့သည် ။ ထိုသို့မဟုတ်ပါက နောက်ပိုင်းတွင် ကျားဒုံရွှီ ကွယ်လွန်သွားသောအခါ သူ၏ တွက်ချက်မှုများက သဲထဲရေသွန် ဖြစ်သွားပေမည် ။

​ယခုအချိန်တွင်တော့ ကျားဒုံရွှီ မတော်တဆမှု ဖြစ်မဖြစ် ဆိုသည်က မသေချာသေးပေ ။

​သူ ဤကမ္ဘာသို့ ရောက်လာ၍ လိပ်ပြာအကျိုးသက်ရောက်မှု ဖြစ်ပေါ်လာနိုင်ချေလည်း ရှိသည် ။

​သို့သော်လည်း ယန်ကျီဝမ်၏ အမြင်အရ မတော်တဆမှု ဖြစ်နိုင်ခြေ အလွန်များသည် ။

​ကျားမိသားစု၏ ဘဝက ယခုအခါ အလွန် ခက်ခဲနေပြီး ယီကျုံးဟိုင်နှင့် ရှာကျူးတို့၏ အကူအညီဖြင့်သာ ဖြစ်သလို ရပ်တည်နေရသည် ။

​ထို့အပြင် ကျားဒုံရွှီက မိဘကို သိတတ်သော သားတစ်ယောက် ဖြစ်ပြီး စားစရာ အားလုံးကို ကျားကျန်းရှီကိုသာ ပေးလေ့ရှိ၏ ။

​သူက ပင်ပန်းသော ကာယအလုပ်ကိုလည်း လုပ်ရသေးသည် ။

​အချိန်အကြာကြီး အစားအသောက် လုံလောက်စွာ မစားရပါက တစ်ခုခု မဖြစ်လျှင်သာ ထူးဆန်းနေပေလိမ့်မည် ။

​" ရှာကျူး လက်ထပ်သွားရင်တောင်မှ သူ့ကို လုပ်ကျွေးဖို့အတွက် အဟန့်အတား မဖြစ်ဘူး မဟုတ်ဘူးလား .. "

​ယွီလီက နားမလည်နိုင်သေးပေ ။

​ယန်ကျီဝမ်က သူ့မိန်းမ၏ နဖူးကို ခပ်ဖွဖွ တောက်လိုက်ပြီး သူမ ဒေါသမထွက်ခင် ရှင်းပြလိုက်သည် ။

​" အဲ့ဒါက ရှာကျူးရဲ့ မိန်းမက လက်မခံမှာကို သူ ကြောက်လို့ပေါ့ .. "

​" တကယ်လို့ မင်းသာဆိုရင် ဆွေမျိုးမတော်တဲ့ လူတစ်ယောက်ကို အိုလာတဲ့အခါ လုပ်ကျွေးဖို့ ဆန္ဒရှိပါ့မလား .. "

​" သေချာပေါက် မရှိဘူးပေါ့ .. "

​ယွီလီက မစဥ်းစားဘဲ ချက်ချင်း ပြန်ဖြေလိုက်သည် ။

​ဤသည်က သာမန်လူ တစ်ယောက်၏ အတွေးပင် ဖြစ်သည် ။

​ခဏရပ်ပြီးနောက် ယွီလီက ဆက်ပြောသည် ။

​" ဒါပေမဲ့ အဲ့ဒီလူက ကျွန်မအပေါ် အရမ်းကောင်းခဲ့မယ်ဆိုရင်တော့ ကျွန်မ ဆန္ဒရှိပါတယ် .. "

​" ပြဿနာက အဲ့တာပဲ .. "

​ယန်ကျီဝမ်က အေးအေးဆေးဆေးပင်..

​" သူတို့ ဆန္ဒရှိတာ..မရှိတာက တစ်ကဏ္ဍ .. အဓိက သော့ချက်က အဲ့ဒီ မြေခွေးကြီး ယီကျုံးဟိုင်ရဲ့ သဘောတူညီချက်ကို ရဖို့ပဲ .. သူ သဘောတူမှသာ ရှာကျူးကို လက်ထပ်ခွင့် ပေးလိမ့်မယ် .. အဲ့ဒါက အရေးကြီးဆုံး အပိုင်းပဲ .. "

​" ဟယ် .. ဒီလို လူမျိုး ရှိသေးတာလား .. "

​ယွီလီက အံ့သြတကြီး ရေရွတ်လိုက်ပြီး..

​" ဒါဆို ဒါက သူ့ မိန်းမယူမှာလား .. ဒါမှမဟုတ် ရှာကျူး မိန်းမ ယူမှာလား .. "

​" ကဲပါ .. အဲ့တာတွေ ငါတို့နဲ့ မဆိုင်ဘူး .. အချိန်လည်း တော်တော် လင့်နေပြီ .. မေမေ့ကို ညစာပြင်ဖို့ သွားမကူတော့ဘူးလား .. "

​ယန်ကျီဝမ်က ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်လိုက်ပြီး သတိပေးလိုက်သည် ။

​" အာ .. ကျွန်မ အခုသွားလိုက်မယ် .. "

​ယွီလီက အလောတကြီး အော်ပြောလိုက်ပြီး အမြန် ပြေးထွက်သွားသည် ။

​ယန်ကျီဝမ်က ထိုမြင်ကွင်းကို ကြည့်ကာ ခေါင်းခါရင်း ရယ်လိုက်၏ ။

​သူ၏ ဇနီးချောလေးသည် အလွန် လုံ့လဝီရိယ ရှိပြီး အမြဲတမ်း အလုပ်တစ်ခုခု ရှာလုပ်နေတတ်သည် ။

​ရန်ရွေ့ဟွားက သူမကို ဟင်းချက်ရာတွင် မခိုင်းသော်လည်း အတင်းဝင်လုပ်နေ၏ ။

​ခဏအကြာတွင် ယွီလီက နောက်တစ်ကြိမ် ပြန်ပြေးလာသည် ။

​" ယန်ကျီဝမ် .. မြန်မြန် ထွက်ခဲ့အုံး .. လမ်းရုံးက ဒါရိုက်တာဝမ် ရှင့်ကို လာရှာနေတယ် .. "

​" သူ ငါ့ဆီက ဘာလိုချင်လို့လဲ .. "

​ယန်ကျီဝမ် အလွန် အံ့အားသင့်သွားသည် ။ သူနှင့် ဒါရိုက်တာဝမ်သည် အဆက်အသွယ် သိပ်မရှိ ။

​တိတိကျကျ ပြောရလျှင် ပြီးခဲ့သည့် အိမ်ရာ ချထားပေးစဥ်ကသာ တွေ့ခဲ့ရခြင်း ဖြစ်သည် ။

​သို့သော်လည်း လမ်းရုံးမှ ခေါင်းဆောင်တစ်ဦး ဖြစ်နေသဖြင့် သွားတွေ့ရန်တော့ လိုအပ်ပေမည် ။ ထို့ကြောင့် ယန်ကျီဝမ်က မတ်တပ်ရပ်ကာ အပြင်သို့ ထွက်သွားလိုက်သည် ။

All Chapters