← Chapters

အခန်း ၁၇၂

Vol. 17 Ch. 172

အခန်း ၁၇၂

Vol. 17 Ch. 172

Chapter 172

~

အခန်း ၁၇၂ : ညွှန်မှူးဝမ်၏ ရည်ရွယ်ချက်

~

​" ညွှန်မှူး.. အထဲကြွပြီး ရေနွေးကြမ်းလေး သောက်ပါအုံး.. ယွီလီက ယန်ကျီဝမ်ကို သွားခေါ်နေပါပြီ.. "

( ဒါရိုက်တာဝမ်ကို... ညွှန်မှူး ပဲ ရေးလိုက်မယ်ဗျ.. ဒါရိုက်တာတွေ များနေလို့ 😑..အကုန် ဒါရိုက်တာတွေကြည့်ပဲ... )

​ယန်ဖူကွေ့က ဖိတ်ခေါ်လိုက်၏ ။

​" ရပါတယ်.. ကျွန်မ စကားနည်းနည်းလောက် ပြောပြီးရင် ပြန်မှာပါ.. "

​ညွှန်မှူးဝမ်က ခေါင်းခါလိုက်သည် ။

​မကြာမီပင် ယန်ကျီဝမ် ရောက်လာပြီး သူ့နောက်တွင် ယွီလီ လိုက်ပါလာ၏ ။

​ယန်ကျီဝမ်က ဖော်ရွေသော အပြုံးဖြင့် ...

​" ညွှန်မှူး.. ဘာကိစ္စများ ရှိလို့လဲဗျ.. ညွှန်ကြားစရာ ရှိလို့လား.. "

​" ညွှန်ကြားစရာဆိုတာထက် ငါ အကူအညီတောင်းချင်တဲ့ ကိစ္စလေးတစ်ခု ရှိလို့ပါ.. "

​ညွှန်မှူးဝမ်က ပြန်လည် ပြင်ပြောလိုက်သည် ။

​သူမ၏ ရာထူးက မသေးသော်လည်း ယန်ကျီဝမ်က သူမဌာနအောက်မှ လက်အောက်ငယ်သား မဟုတ် ။ ထို့ကြောင့် ညွှန်ကြားသည်ဟု သုံးနှုန်းရန်က မသင့်တော်ပေ ။

​" ပြောပါ ခင်ဗျာ.. ကျွန်တော် ကူညီနိုင်တဲ့ ကိစ္စဆိုရင်တော့ ငြင်းမှာ မဟုတ်ပါဘူး.. "

​ယန်ကျီဝမ်က ပြုံး၍ ပြောလိုက်သည် ။

​သူမက လမ်းရုံး၏ ညွှန်မှူး ဖြစ်သဖြင့် နောင်တစ်ချိန်တွင် ဆက်ဆံရပေဦးမည် ။ သူမနှင့် ရင်းနှီးအောင် နေထိုင်ခြင်းက အရှုံးမရှိပေ ။

​သို့သော် သူ စကားကို အပိုင်မပြောရဲချေ ။ အကယ်၍ ခက်ခဲသော ကိစ္စရပ် ဖြစ်နေလျှင် မည်သို့လုပ်မည်နည်း ။

​" ဟုတ်ပါတယ်.. ညွှန်မှူးဝမ်.. ကျုပ်တို့ကို အားနာမနေပါနဲ့.. "

​ယန်ဖူကွေ့က ဘေးမှ ထောက်ခံလိုက်၏ ။

​" ယန်လေး.. ငါတို့ သီးသန့် ခဏလောက် စကား ပြောလို့ရမလား.. "

​ယန်ကျီဝမ်က ခေါင်းအသာ ညိတ်ပြကာ ညွှန်မှူးဝမ်၏ နောက်မှ တံခါးအပြင်သို့ လိုက်သွားခဲ့သည် ။

​ထို့နောက် ညွှန်မှူးဝမ်က...

​" ယန်လေး.. မင်း ငါးမျှားတာ တော်တော် ကျွမ်းကျင်တယ်လို့ ကြားတယ်.. ဟုတ်လား.. "

​ယန်ကျီဝမ်က သူမ လာရခြင်း အကြောင်းရင်းကို သိချင်နေခဲ့သော်လည်း ထိုစကားကို ကြားပြီးနောက် စိတ်ထဲတွင် အနည်းငယ် ခန့်မှန်းမိသွားလေပြီ ။

​" မဆိုးဘူးလို့ ပြောလို့ရပါတယ် ခင်ဗျာ.. အနည်းဆုံးတော့ သံမဏိစက်ရုံက ပေးတဲ့ တာဝန်တွေကို ပြီးမြောက်အောင် လုပ်နိုင်တဲ့ အဆင့်လောက်ပါပဲ.. "

​ယန်ကျီဝမ်က နှိမ့်ချစွာ ပြောလိုက်သည် ။

​သူမက ငါးအတွက် လာခြင်း သေချာနေ၏ ။ အကယ်၍ အနည်းငယ်သာ လိုချင်ခြင်း ဖြစ်ပါက ပြောဆိုရ လွယ်ကူပြီး နောင်တွင်လည်း သူမ၏ အကူအညီ လိုအပ်နိုင်သဖြင့် တတ်နိုင်သမျှ ကူညီပေးရမည် ဖြစ်သည် ။

​သို့သော် သူမ အများကြီး လိုချင်နေလျှင်တော့ သူ့အတွက် အနည်းငယ် ခက်ခဲသွားပေလိမ့်မည် ။

သူက သံမဏိစက်ရုံ၏ လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးရဦးမည် မဟုတ်ပါလော။

​လက်ရှိတွင် စက်ရုံတစ်ခုလုံးရှိ ဝယ်ယူရေး ဌာန၌ သူတစ်ယောက်တည်းသာ အလုပ်ဖြစ်နေခြင်းပင် ။

​တခြား အဝယ်တော်များသည် နေ့တိုင်း တောရွာများသို့ သွားကာ ပစ္စည်း ရှာဖွေနေကြသော်လည်း ရိက္ခာ အများအပြား မရကြပေ ။

​ဌာနခွဲမှူး လျောင်က သူ့ကို မြင်တိုင်း အခြား ရိက္ခာများပါ ရှာပေးရန် ဇွတ်တောင်းနေသဖြင့် သူ သံမဏိစက်ရုံသို့ သွားရန်ပင် ကြောက်လန့်နေချေသည် ။

​အကယ်၍ သွားလျှင်ပင် ဌာနခွဲမှူး လျောင်ကို ပတ်ပြေးနေရ၏ ။

​" အာ.... နှမြောစရာကောင်းလိုက်တာ.. မင်းမှာ ဒီလို အရည်အချင်း ရှိမှန်း စောစော သိခဲ့ရင် ငါတို့ လမ်းရုံးမှာ အလုပ်လုပ်ဖို့ ဆွဲထားမှာ.. "

​ညွှန်မှူးဝမ်က နောင်တဟန်ဖြင့် ပြောလိုက်သည် ။

​လမ်းရုံးတွင်လည်း ဝယ်ယူရေး ဌာနတစ်ခု ရှိပြီး သံမဏိစက်ရုံနှင့် မနှိုင်းယှဥ်နိုင်သော်လည်း လူဦးရေကတော့ မနည်းလှ ။

​ယခုအချိန်တွင် အခြေအနေများက ခက်ခဲနေပြီး နေရာတကာတွင် ရိက္ခာများ ရှားပါးနေသည် ။

​သူမ၏ အုပ်ချုပ်မှုအောက်တွင် ဤမျှ စွမ်းရည်ရှိသော လူငယ်တစ်ယောက် ရှိနေမှန်း စောစော သိခဲ့ပါလျှင် ရအောင် ဆွဲထားပေမည် ။

​နှမြောစရာ ကောင်းသည်က သူ စက်ရုံဝယ်ယူရေး ဌာနသို့ ရောက်သွားခဲ့လေပြီ ။

​ယန်ကျီဝမ်က ယဉ်ကျေးစွာဖြင့်...

​" ကျွန်တော်တို့ အားလုံးက နိုင်ငံတော်အတွက် အကျိုးပြုနေကြတာပဲလေ.. ဘယ်နေရာမှာပဲ ဖြစ်ဖြစ် အတူတူပါပဲ.. "

​" အဲ့ဒါလည်း ဟုတ်တာပါပဲ.. "

​ညွှန်မှူးဝမ်က အနည်းငယ် ရှက်ရွံ့စွာဖြင့် ဆက်ပြောသည် ။

​" တကယ်တော့ ဒီတစ်ခေါက် မင်းဆီ လာရတဲ့ အကြောင်းရင်းက ငါးနည်းနည်းလောက် ကူညီရှာပေးဖို့ တောင်းဆိုချင်လို့ပါ.. အခု အခြေအနေတွေ ခက်ခဲနေတာကိုလည်း မင်းသိတာပဲ.. ငါတို့ လမ်းရုံးက ဝန်ထမ်းတွေ အသားမစားရတာ လနဲ့ချီနေပြီ.. အလုပ်တွေတောင် ဆက်မလုပ်နိုင်တော့ဘူး.. ငါတို့ တကယ် အခက်တွေ့နေလို့ပါ.. "

​သူမ၏ စကားများက အနည်းငယ် ချဲ့ကားထားသော်လည်း အမှန်တရားနှင့် များစွာ ကွာခြားမှု မရှိပေ ။

လမ်းရုံး၏ အလုပ်က အလွန် ရှုပ်ထွေးပြီး နေရာအနှံ့ ကွင်းဆင်းရသည် ။

​သို့သော် ဗိုက်ဝအောင် မစားရပါက ကွင်းဆင်းရန် မည်သို့ ခွန်အား ရှိပါမည်နည်း ။

​ထို့ကြောင့် သူမက ဝန်ထမ်းများ၏ လုပ်ငန်းခွင် စိတ်အားထက်သန်မှုကို မြှင့်တင်ရန်အတွက် ငါးအချို့ ရရှိနိုင်ရန် ယန်ကျီဝမ်ထံသို့ အကူအညီ တောင်းရန် စဥ်းစားခဲ့ခြင်း ဖြစ်သည် ။

​ထိုသို့ဖြင့် ဤခရီးစဥ် ပေါ်ပေါက်လာခဲ့ခြင်းပင် ။

​" အော်.. ဒါကို ပြောတာကိုး.. "

​ယန်ကျီဝမ်က ခက်ခဲဟန် ဆောင်ကာ...

​" ညွှန်မှူးဝမ်.. ဘယ်လောက်အထိ လိုချင်လို့လဲ.. ကျွန်တော် သံမဏိစက်ရုံက ပေးထားတဲ့ တာဝန်တွေကိုလည်း ပြီးအောင် လုပ်ရဦးမှာဆိုတော့ အများကြီးတော့ ရဖို့ မလွယ်ဘူး ထင်တယ်.. "

​ညွှန်မှူးဝမ်က ခဏတာ တွန့်ဆုတ်သွားပြီးနောက် လက်ချောင်းနှစ်ချောင်းကို ထောင်ပြလိုက်၏ ။

​" ကျင်းနှစ်ဆယ်လား.. အဲ့ဒါဆိုရင်တော့ မဆိုးပါဘူး.. အချိန်နည်းနည်း ပိုပေးလိုက်ရင် ရနိုင်ပါတယ်.. "

​ယန်ကျီဝမ်က သက်ပြင်းချကာ စိတ်အေးသွားသည် ။

​ယခုအခါ မိသားစု စားဝတ်နေရေးအတွက် ငါးမျှားသူများ ပိုမို များပြားလာသောကြောင့် ဟောက်ဟိုင်၌ ငါးမျှားရသည်က ပို၍ ခက်ခဲလာပြီး ငါးများလည်း ရှားပါးလာလေပြီ ။

​လက်ရှိတွင် ယန်ကျီဝမ် တစ်နေ့လျှင် ကျင်းတစ်ရာ ဖမ်းရန် ခက်ခဲနေပြီ ဖြစ်သော်လည်း ကျင်း ငါးဆယ်ခန့်ကတော့ ဖြစ်နိုင်သေးသည် ။

​သို့သော် ဤအတိုင်းသာ ဆက်သွားနေပါက နောင်တွင် ပို၍ပင် ရှားပါးလာပေလိမ့်မည် ။

​ကံကောင်းသည်က ငါးအကောင်ငယ်လေးများ ဖမ်းမိလျှင်ပင် အမှတ်များ ရရှိနိုင်သဖြင့် ဤသည်က သတင်းကောင်းတစ်ခု ဖြစ်၏ ။

​" မဟုတ်ဘူး.. မဟုတ်ဘူး.. ငါပြောတာ ကျင်းနှစ်ရာ.. "

​ညွှန်မှူးဝမ်က မျက်နှာနီရဲစွာဖြင့် ရှင်းပြလိုက်သည် ။ အကယ်၍ အခက်အခဲနှင့် မကြုံတွေ့ရပါက သူမ ဤကဲ့သို့ တောင်းဆိုရန် မျက်နှာပူပေသည် ။

​" ကျင်းနှစ်ရာ.. "

​ယန်ကျီဝမ် ထိတ်လန့်သွားပြီး ခါးသီးစွာ ပြုံးလိုက်ကာ...

​" ညွှန်မှူးဝမ်.. ဒါကတော့ ကျွန်တော့်ကို အတော်လေး အခက်တွေ့စေပြီ.. အခု ရိက္ခာတွေ ရှားပါးနေတာကိုလည်း သိမှာပါ.. ဟောက်ဟိုင်မှာ ငါးမျှားတဲ့လူတွေလည်း ပိုများလာတယ်.. ကျွန်တော် သံမဏိစက်ရုံရဲ့ တာဝန်ကို ပြီးဖို့တောင် အစွမ်းကုန် ကြိုးစားနေရတာ.. "

​" နည်းနည်းပါးပါးဆိုရင်တော့ ပြဿနာမရှိဘူး.. ဟောက်ဟိုင်မှာ အချိန်ပိုပေးပြီး စောင့်မျှားလိုက်ရင် ရနိုင်ပေမဲ့ ကျင်းနှစ်ရာကျတော့....... "

​" မင်းအတွက် ခက်ခဲမှန်း ငါသိပါတယ်.. ဒါပေမဲ့ ငါလည်း တခြား ရွေးချယ်စရာ မရှိလို့ပါ.. ငါတို့ ဝန်ထမ်းတွေ အသားမစားရတာ လနဲ့ချီနေတော့ အလုပ်လုပ်ဖို့ စိတ်မပါကြတော့ဘူး.. ဒီအတိုင်းသာ ဆက်သွားရင် အလုပ်တွေ ရှေ့ဆက်နိုင်တော့မှာ မဟုတ်ဘူး.. "

​ညွှန်မှူးဝမ်က တစ်တွတ်တွတ် ညည်းတွားနေလေသည် ။

​သို့သော် ယန်ကျီဝမ်ကတော့ စိတ်လှုပ်ရှားခြင်း မရှိ ။

​လမ်းရုံးက အခက်အခဲ ကြုံတွေ့နေရသည်ကို သူယုံကြည်သော်လည်း ဤခေတ်ကာလတွင် မည်သည့်နေရာကများ မခက်ခဲဘဲ ရှိပါမည်နည်း ။

​အမှန်တော့ ငါးကျင်းနှစ်ရာ ဖမ်းရန်မှာ ယန်ကျီဝမ်အတွက် အလွန်ခက်ခဲသော အရာမဟုတ်ပေ ။ သို့သော် သူ မည်သို့ကြောင့် ကူညီရမည်နည်း ။

​သူမ၏ စကားအနည်းငယ်ကြောင့်နှင့်ပင် လွယ်လွယ်ကူကူ သဘောတူ၍ မဖြစ်နိုင် ။

​ယန်ကျီဝမ် ဟူသည်က ယန်မိသားစုဝင်ဖြစ်သည် ။ အကျိုးအမြတ် မရနိုင်လျှင် လက်တစ်ချောင်းပင် လှုပ်မည်မဟုတ် ။

​ယခုအခါ နေရာတိုင်းတွင် ရိက္ခာများ ရှားပါးနေသဖြင့် ယခင်ကထက် ပိုမို အဖိုးတန်သည် ။

​အကယ်၍ နည်းပါးပါက စေတနာဖြင့် ကူညီပေးနိုင်သော်လည်း ကျင်းနှစ်ရာဆိုသည်က များလွန်းနေသည် ။ ဤအချိန်ကာလတွင် ထိုပမာဏမှာ ငွေရှိလျှင်ပင် ဝယ်ယူ၍ မရနိုင်သော အရာမျိုး ဖြစ်၏ ။

​ညွှန်မှူးဝမ်ကလည်း သဘာဝကျကျ နားလည်သည် ။

​သူပြောသည်မှာ လုပ်ရကိုင်ရ ခက်ခဲသည်ဟု ဆိုလိုခြင်း ဖြစ်ပြီး လုံးဝ လုပ်မရခြင်း မဟုတ်ပေ ။

​ထို့ကြောင့် တစ်ခုခုကို ပြန်လည် ပေးဆပ်ရမည် ဖြစ်သည် ။

​အမှန်တော့ သူမ မလာခင်ကတည်းက ဤအချက်ကို စဉ်းစားထား၏ ။

​ထို့ကြောင့် သူမက...

​" ယန်လေး.. မင်းအတွက် ခက်ခဲမှန်း ငါသိပါတယ်.. မင်းကိုလည်း အနစ်နာမခံစေရပါဘူး.. ငါးတစ်ကျင်းကို ငါးမော့နှုန်း ပေးရင်ရော ဘယ်လိုလဲ.. "

​ယန်ကျီဝမ်က ခေါင်းခါလိုက်ပြီး...

​" ညွှန်မှူးဝမ်.. ဒါက ငွေကိစ္စ မဟုတ်ပါဘူး....... "

​သံမဏိစက်ရုံကပင် တစ်ကျင်းလျှင် လေးမော့ ပေးနေပြီးသား ဖြစ်ရာ ပိုပေးသည့် တစ်မော့ကို သူ ဂရုမစိုက် ။

​သူ့တွင် အခြား အတွေးများ ရှိနေသည် ။

​" ဒါက....... "

​ညွှန်မှူးဝမ်က ခဏ တွန့်ဆုတ်သွားပြီးနောက် အံကို ကြိတ်ကာ...

​" ဒါဆိုရင် ဒီလိုလုပ်ရအောင်.. မင်း မိန်းမက အလုပ်မရှိသေးဘူးမလား.. မင်း ငါ့ကို ငါးကျင်းနှစ်ရာ ရှာပေးနိုင်သရွေ့ မင်းမိန်းမကို လမ်းရုံးမှာ အလုပ်ဝင်ဖို့ ငါ ကတိပေးနိုင်တယ်.. "

​" ဒါပေမဲ့ လက်ရှိ ရာထူးနေရာတွေက တစ်နေရာစာကို တစ်ယောက်နှုန်း ဖြစ်နေတာ သိမှာပါ.. ငါ သူ့ကို ယာယီ ဝန်ထမ်း နေရာပဲ ပေးနိုင်လိမ့်မယ်.. မင်း ဘယ်လို ထင်လဲ.. "

​' ယာယီ ဝန်ထမ်း နေရာပဲလား... '

​ယန်ကျီဝမ်က မေးစေ့ကို ပွတ်ရင်း စဉ်းစားနေသည် ။

​အမှန်အတိုင်း ပြောရလျှင် သူ ဤရလဒ်ကို လုံးဝ ကျေနပ်ခြင်း မရှိပေ ။

​ယာယီ ဝန်ထမ်းဆိုသည်မှာ တရားဝင် ဝန်ထမ်းမဟုတ်သဖြင့် အချိန်မရွေး အလုပ်ထုတ်ခံရနိုင်သည် ။

​သို့သော် တရားဝင် ဝန်ထမ်းနေရာ ရရန်က ငါးကျင်းနှစ်ရာဖြင့် မလောက် ။ ညွှန်မှူးဝမ် ပြောသကဲ့သို့ပင် ယခုအချိန်တွင် အလုပ်အကိုင် ရရှိရန်မှာ အလွန် ခက်ခဲလှသည် မဟုတ်ပါလော ။

​သူ တွန့်ဆုတ်နေသည်ကို မြင်သောအခါ ညွှန်မှူးဝမ်က ဆက်၍ ဖျောင်းဖျလိုက်သည် ။

​" ယန်လေး.. ဒါ ငါ့ဘက်က အကြီးမားဆုံး စေတနာပါပဲ.. ယာယီ ဝန်ထမ်း နေရာဆိုပေမဲ့ သူ သေချာ ကြိုးစားရင် တရားဝင် ဝန်ထမ်း ဖြစ်လာနိုင်တဲ့ အခွင့်အရေး ရှိတာပဲမလား.. "

​ယန်ကျီဝမ်ကလည်း လောဘကြီးလွန်းလျှင် အရာအားလုံး ပျက်စီးသွားနိုင်ကြောင်း သိသဖြင့် ခေါင်းညိတ်လိုက်ကာ...

​" ကောင်းပါပြီ.. ညွှန်မှူးက ဒီလောက်အထိ ပြောမှတော့ ကျွန်တော် သဘောမတူရင် ကျေးဇူးကန်းရာ ကျရော့မယ်.. "

​" ဒါပေမဲ့ ငါးကျင်းနှစ်ရာဆိုတာ မနည်းတဲ့ ပမာဏမို့လို့ ကျွန်တော့်ကို အချိန်နည်းနည်းတော့ ပေးရမယ်.. "

​" ဒါဆို အချိန် ဘယ်လောက် ကြာမလဲ.. "

​ယန်ကျီဝမ် ခဏ စဉ်းစားလိုက်ပြီး...

​" တစ်ပတ်အတွင်း ရစေရမယ်... "

​" ကောင်းပြီ.. "

​ညွှန်မှူးဝမ်က သက်ပြင်းချကာ စိတ်အေးသွားသည် ။

​တစ်ပတ်ဆိုလျှင် အဆင်ပြေသည် ။ အကယ်၍ အချိန် အလွန်ကြာသွားပါက လမ်းရုံး၏ လုပ်ငန်းများ ရပ်ဆိုင်းသွားပေလိမ့်မည် ။

​" ရဲဘော် ယန်လေး.. ဒါဆိုရင် ငါ မင်းရဲ့ ငါးတွေကို စောင့်နေမယ်နော်.. "

​" ပြဿနာ မရှိပါဘူး ခင်ဗျာ.. "

​အဓိက ကိစ္စရပ် ပြီးဆုံးသွားပြီးနောက် ညွှန်မှူးဝမ်က နှုတ်ဆက်ကာ ပြန်သွားခဲ့ပြီး ယန်ကျီဝမ်လည်း လှည့်၍ အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည် ။

All Chapters