← Chapters

အခန်း ၁၇၃

Vol. 17 Ch. 173

အခန်း ၁၇၃

Vol. 17 Ch. 173

Chapter 173

~

အခန်း ၁၇၃ : လမ်းရုံး၏ ယာယီ ဝန်ထမ်း

~

​" ဒုတိယသား.. ညွှန်မှူးဝမ် ဘယ်မှာလဲ .."

​အိမ်ပြန်ရောက်ပြီး ထိုင်ခုံတွင် ထိုင်လိုက်သည်နှင့် ယန်ဖူကွေ့က မေးလိုက်သည် ။

​" ပြန်သွားပြီ .."

​ယန်ဖူကွေ့က ထပ်မေးသည် ။

​" မင်းဆီ လာတာ ဘာကိစ္စတဲ့လဲ .."

​" ထွေထွေထူးထူး မဟုတ်ပါဘူး .."

​ယန်ကျီဝမ်က ပြန်ဖြေသည် ။

​" လမ်းရုံးအတွက် ငါးနည်းနည်းလောက် ကူရှာပေးဖို့ လာပြောတာပါ .."

​" တကယ်ပဲ ဒီကိစ္စကိုး .."

​ယန်ဖူကွေ့က ခေါင်းညိတ်လိုက်၏ ။ ညွှန်မှူးဝမ်က သူ၏ဒုတိယသားကို လာရှာပြီး သီးသန့်စကားပြောချင်သည်ဆိုကတည်းက သေချာပေါက် အကူအညီလို၍ ဖြစ်ကြောင်း သိလိုက်သည် ။

​ဒုတိယသားက ဟင်းချက်ခြင်းနှင့် ငါးမျှားခြင်းတွင်သာ ကျွမ်းကျင်သော်လည်း ခြံဝင်းထဲရှိ လူများမှလွဲ၍ အပြင်လူများက သူ၏ဟင်းချက်စွမ်းရည်ကို သိပ်မသိကြပေ ။ ဆက်စပ်ကြည့်လိုက်လျှင် ငါးမျှားသည့် ကိစ္စဖြစ်မည်ဟု သူခန့်မှန်းမိသည် ။

​" မင်း ကူညီနိုင်ရင်လည်း ကူညီလိုက်ပါ.. ဘာပဲဖြစ်ဖြစ် သူက ငါတို့ကို အုပ်ချုပ်နေတဲ့သူပဲ .."

​စကားပြောပြီးနောက် ယန်ဖူကွေ့က စကားလမ်းကြောင်းပြောင်းကာ မေးလိုက်သည် ။

​" သူ ဘယ်လောက်တောင် လိုချင်လို့လဲ .."

​" ကျင်းနှစ်ရာ .."

​ယန်ကျီဝမ်က အမှန်အတိုင်း ပြန်ဖြေသည် ။

​" ကျင်းနှစ်ရာ.. မင်း သဘောတူလိုက်တာလား .."

​ယန်ဖူကွေ့က အနည်းငယ် တုန်လှုပ်သွားပြီးနောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် ။

​" ကျင်းနှစ်ရာဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး.. အရင်တုန်းကဆိုရင်တော့ အဆင်ပြေနိုင်ပေမဲ့ အခုလို အခြေအနေကြပ်တည်းနေတဲ့ အချိန်မှာ မိသားစု စားဝတ်နေရေးအတွက် ငါးမျှားချင်တဲ့သူတွေ များနေတော့ ငါးတွေက ပိုပိုရှားလာပြီ .."

​ပြီးခဲ့သည့် ပိတ်ရက်က သူ ငါးသွားမျှားခဲ့စဥ် တစ်နေကုန် မျှားသော်လည်း ကျင်းနှစ်ဆယ် သုံးဆယ်ခန့်သာ ရခဲ့သည် ။

​ယခုအခါ ငါးစျေးနှုန်းများ ပိုမိုမြင့်တက်လာသော်လည်း စုစုပေါင်း ယွမ်ဆယ်ဂဏန်းပင် မပြည့်သဖြင့် ယခင်ကထက် များစွာ နည်းပါးသွားလေပြီ ။

​ယန်ကျီဝမ်က ခေါင်းညိတ်လိုက်သည် ။

​ယန်ဖူကွေ့က မကျေမနပ်ဖြင့်..

​" ဒုတိယသား.. မင်းကို ဘယ်လိုပြောရမလဲ.. သူက လမ်းရုံးရဲ့ ခေါင်းဆောင်ဆိုပေမဲ့ ကူညီနိုင်ရင်တော့ ကူညီရမှာပေါ့.. ဒါပေမဲ့ ကျင်းနှစ်ရာဆိုတာ နည်းတဲ့ ပမာဏမှ မဟုတ်တာ.. မင်း သံမဏိစက်ရုံရဲ့ တာဝန်တွေကိုလည်း ပြီးအောင် လုပ်ရဦးမှာလေ.. မင်း သဘောမတူသင့်ဘူး .."

​' ဒုတိယသားက ငယ်သေးတော့ အားနာပြီး သဘောတူလိုက်တယ်ထင်တယ်... '

​ထိုသို့မြင်သောအခါ ယန်ကျီဝမ်က သူ့ဖခင်၏ အတွေးကို ခန့်မှန်းမိသွားသည် ။

​သူက ရယ်ကာ ပြောလိုက်၏ ။

​" ဟဲဟဲ...အဖေ ဘာတွေ တွေးနေတာလဲ.. ကျွန်တော် အဲ့လောက် မအ ပါဘူး.. အကျိုးအမြတ် မရှိဘဲ ဘာမှမလုပ်ဘူး.. ဘာပဲဖြစ်ဖြစ် ကျွန်တော်က ယန်မိသားစုဝင်ပဲလေ.. အရှုံးပေါ်မယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူး .."

​" အော်.. ဒါဆို မင်းက ဘာတောင်းဆိုလိုက်လို့လဲ .."

​ယန်ဖူကွေ့က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည် ။

​" ထွေထွေထူးထူး မဟုတ်ပါဘူး.. အလုပ်နေရာ တစ်ခု ရလိုက်တယ်.. ဒါပါပဲ .."

​ယန်ကျီဝမ်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည် ။

​ယန်ဖူကွေ့ ဆွံ့အသွားပြီးနောက် အာမေဍိတ်သံဖြင့်...

​" ဘာ...... အလုပ်နေရာ တစ်ခု ဟုတ်လား .."

​" အဘိုးကြီးယန်.. ဘာ အလုပ်နေရာလဲ.. ရှင်တို့ သားအဖ နှစ်ယောက် ဘာတွေ ပြောနေကြတာလဲ.. လန့်လိုက်တာတော်.."

​ယန်ဖူကွေ့၏ အာမေဍိတ်သံကို ကြားသောအခါ ရန်ရွေ့ဟွားက မီးဖိုချောင်ထဲမှ ခေါင်းပြူထွက်လာကာ မေးလိုက်သည် ။

​ယန်ဖူကွေ့က သူမကို ဂရုမစိုက်ဘဲ ယန်ကျီဝမ်ကိုသာ စိုက်ကြည့်ရင်း....

​" ဒုတိယသား.. မင်းပြောတာ တကယ်လား.. ညွှန်မှူးဝမ်ဆီကနေ အလုပ်နေရာ တစ်ခု တကယ်ရခဲ့တာလား .."

​" အယ် .."

​ရန်ရွေ့ဟွား အံ့ဩသွားပြီး ဟင်းချက်ခြင်းကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အမြန် ထွက်လာကာ..

​" ဒုတိယသား.. နင့်အဖေ ပြောတာ တကယ်လား .."

​ယွီလီလည်း အပြင်သို့ ထွက်လာပြီး မျှော်လင့်ချက် အပြည့် မျက်လုံးများဖြင့် ယန်ကျီဝမ်ကို ကြည့်နေ၏ ။

​ ယန်ကျီဝမ် သူမအတွက် အလုပ်တစ်ခု ရှာပေးမည်ဟု ကတိပေးထားသော်လည်း အလုပ်အကိုင် ရရှိရန် မလွယ်ကူကြောင်း သူမ သိထားသည် ။

​သို့သော် ဤမျှ အချိန်တိုအတွင်းမှာပင် ယန်ကျီဝမ်က အလုပ်နေရာ တစ်ခု ရလာမည်ဟု သူမ မျှော်လင့်မထားခဲ့ပေ ။

​ဤသည်က အံ့သြစရာ ကောင်းလွန်းသည် ။ သူမ ရွေးချယ်ခဲ့သော အမျိုးသား ပီသပါပေသည် ။

​" တကယ်ပါ .."

​ယန်ကျီဝမ်က ပြုံး၍ ခေါင်းညိတ်ပြီး ရှင်းပြသည် ။

​" ဒါပေမဲ့ အစောကြီး ဝမ်းသာမနေကြနဲ့ဦး.. သူက ယာယီ ဝန်ထမ်း နေရာပဲ ကတိပေးတာ.. တရားဝင် ဝန်ထမ်း နေရာ မဟုတ်ဘူး .."

​ယန်ဖူကွေ့က လက်ကို ပွတ်သပ်ရင်း မျက်လုံးများ မှေးကျဉ်းသွားကာ...

​" ယာယီ ဝန်ထမ်း ဖြစ်တော့ရော ဘာဖြစ်လဲ.. ယာယီ ဝန်ထမ်းတွေလည်း တရားဝင် ဝန်ထမ်း ဖြစ်လာနိုင်တဲ့ အခွင့်အရေး ရှိတာပဲလေ.. မင်းရဲ့ အလုပ်ကရော ယာယီ ဝန်ထမ်းကနေ တရားဝင် ဝန်ထမ်း ဖြစ်လာတာပဲ မဟုတ်လား .."

​" ဟုတ်တာပေါ့ .."

​ရန်ရွေ့ဟွားက ဝမ်းသာအားရဖြင့် ဝင်ထောက်ခံလိုက်သည် ။

​ယွီလီက ပို၍ပင် စိတ်လှုပ်ရှားနေ၏ ။ သူမက တိုက်ရိုက်ပင် မေးလိုက်သည် ။

​" ဒါဆို ကျီဝမ်..ကျွန်မ လမ်းရုံးကို ဘယ်တော့ သတင်းသွားပို့ရမလဲ .."

​အိမ်တွင် ယန်ဖူကွေ့က ဆရာတစ်ယောက် ဖြစ်ပြီး ယန်ကျီချန်းမှာလည်း အလုပ်တစ်ခု ရှိကာ အိမ်ခွဲနေပြီ ဖြစ်သည် ။ ယန်ကျီဖန့်က ကျောင်းတက်နေဆဲ ဖြစ်ပြီး ရန်ရွေ့ဟွားက မိသားစုကို စောင့်ရှောက်ရမည် ဖြစ်၍ ဤအလုပ်နေရာက သူမအတွက် သေချာနေသည် ။

​ဤသည်က ယန်ကျီဝမ် သူမကို ကတိပေးထားခဲ့သည့် အရာလည်း ဖြစ်၏ ။

​ယန်ဖူကွေ့၏ စကားကို ကြားပြီးနောက် ယန်ကျီဝမ်က အနည်းငယ် သက်ပြင်းချလိုက်သည် ။

​သူ တရားဝင် ဝန်ထမ်း ဖြစ်လာရသည့် အကြောင်းရင်းမှာ သူ၏ စွမ်းဆောင်ရည်များကြောင့် ဖြစ်ပြီး အထူးကာလတစ်ခု ဖြစ်နေသဖြင့် တရားဝင် ဝန်ထမ်း ဖြစ်ရန် လွယ်ကူခဲ့ခြင်း ဖြစ်သည် ။ လမ်းရုံးရှိ အလုပ်နှင့်တော့ ကွာခြားပေသည် ။

​သို့သော် သူ၏ ဇနီးဖြစ်သူ အလွန် စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ သူမ၏ စိတ်အားထက်သန်မှုကို သူ မဖျက်ဆီးရက်ပေ ။

​သူ ပြုံးကာ ပြောလိုက်သည် ။

​" မနက်ဖြန်လောက်ဆိုရင် ညွှန်မှူးဝမ်က ထောက်ခံစာ လာပို့ပေးလိမ့်မယ်လို့ ထင်တယ် .."

​ညွှန်မှူးဝမ်၏ အမူအရာကို ကြည့်ခြင်းအားဖြင့် ငါးရရန် အလွန် အလျင်လိုနေပုံရ၍ ဤကိစ္စကို သေချာပေါက် အလေးအနက်ထား ဆောင်ရွက်ပေးမည် ဖြစ်သည် ။

​အဆုံးစွန်ပြောရလျှင် ကြိုးစားအားထုတ်မှု အချို့ကို မပြသဘဲ အခြားသူများက သင့်အတွက် မည်သို့ အလုပ်လုပ်ပေးမည်နည်း ။

​" အရမ်းကောင်းတယ် .."

​ယွီလီက ပို၍ပင် စိတ်လှုပ်ရှားသွားသည် ။ အကယ်၍ ယောက္ခမများသာ မရှိပါက သူမ ယန်ကျီဝမ်၏ ရင်ခွင်ထဲသို့ ပြေးဝင်ဖက်ထားမိမည်မှာ သေချာ၏ ။

​ရန်ရွေ့ဟွားကလည်း ဝမ်းသာအားရဖြင့်...

​" ဝမ်းသာစရာပဲ.. ယွီလီ တရားဝင် ဝန်ထမ်း ဖြစ်လာရင် ငါတို့ မိသားစုမှာ အလုပ်လုပ်တဲ့သူ သုံးယောက်တောင် ရှိသွားပြီ .."

​ယန်ဖူကွေ့ကလည်း ပြုံးကာ ခေါင်းကို ဆက်တိုက် ညိတ်နေလေသည် ။

​ယန်ကျီချန်းအတွက်မူကား..

​ယန်လင်မယားက သူ့ထံမှ ဘာကိုမှ မျှော်လင့်မနေတော့ဘဲ နောင်တွင် အလုပ်ကောင်းကောင်း လုပ်နိုင်ရန်သာ မျှော်လင့်ထားကြသည် ။

​ယွီလီက အလေးအနက် ခေါင်းညိတ်ကာ ပြောလိုက်သည် ။

​" ကျွန်မ ကြိုးစားလုပ်ပြီး တရားဝင် ဝန်ထမ်း မြန်မြန် ဖြစ်လာအောင် လုပ်မှာပါ .."

​" အဲ့ဒီလောက်ထိလည်း မလိုပါဘူး .."

​ယန်ကျီဝမ်က ရယ်ကာ...

​" မင်းကို အလုပ်ရှာပေးဖို့ သဘောတူလိုက်တာက မင်း တစ်နေကုန် အိမ်မှာနေရတာ ပျင်းနေမှာစိုးလို့ အလုပ်တစ်ခု လုပ်ခိုင်းချင်ရုံ သက်သက်ပါ.. မိသားစု စားဝတ်နေရေးအတွက်ကတော့ ငါတို့ ယောက်ျားတွေကိုသာ လွှဲထားလိုက် .."

​" အင်း.. ဟုတ်တယ် .."

​ယန်ဖူကွေ့က သဘောတူကြောင်း ခေါင်းညိတ်လိုက်ပြီး ယွီလီကို ပြောလိုက်သည် ။

​" ယွီလီ.. မင်း ကိုယ့်ကိုယ်ကို အရမ်း ဖိအားပေးနေစရာ မလိုဘူး.. မင်း တရားဝင် ဝန်ထမ်း ဖြစ်မလာရင်တောင် အိမ်မှာ ငါနဲ့ ဒုတိယသား ရှိသေးတာပဲလေ .."

​" ဟုတ်ကဲ့.. ဟုတ်ကဲ့ .."

​ယွီလီက ပီတိဖြာကာ ခေါင်းကို ဆက်တိုက် ညိတ်ပြလိုက်သည် ။

​သူမ၏ ကံကြမ္မာက တကယ်ကို ကောင်းမွန်ပေသည် ။ စံပြ အမျိုးသားကို တွေ့ရှိခဲ့ရုံသာမက ယောက္ခမများကလည်း သူမအပေါ် ကောင်းမွန်ကြ၏ ။

​ထို့နောက် ယန်ဖူကွေ့က ယန်ကျီဝမ်ကို မေးလိုက်သည် ။

​" ဒုတိယသား.. ညွှန်မှူးဝမ်က ငါးတွေ ဘယ်တော့ လိုချင်တာတဲ့လဲ.. အရမ်း အလျင်မလိုဘူးဆိုရင် စနေ..တနင်္ဂနွေ အားတဲ့အချိန် အဖေ မင်းနဲ့အတူ လိုက်မျှားပေးမယ်လေ .."

​" တစ်ပတ်အတွင်းပါ .."

​ယန်ကျီဝမ်က လက်ယမ်းကာ ပြောလိုက်သည် ။

​" ဒါပေမဲ့ မလိုပါဘူး.. ကျွန်တော်ဘာသာ လုပ်လို့ ရတယ်.. အခု ငါးမျှားရတဲ့ အခြေအနေက သိပ်မကောင်းပေမဲ့ သုံးလေးရက်လောက်ဆိုရင်တော့ ရလောက်ပါတယ် .."

​" သံမဏိစက်ရုံက တာဝန်တွေကရော ဘယ်လိုလုပ်မလဲ .."

​" အဆင်ပြေပါတယ်.. ဒီလအတွက် တာဝန်တွေကို ကျွန်တော် ပြီးအောင် လုပ်ထားပြီးပြီဆိုတော့ သိပ်ပြဿနာ မရှိပါဘူး .."

​" ဒါဆိုရင်လည်း ပြီးတာပါပဲလေ .."

​...

​ညဘက်တွင် ...

​လင်မယား နှစ်ယောက် ရေချိုးပြီးနောက် အိပ်ရာဝင်ခဲ့ကြသည် ။

​ယန်ကျီဝမ်ကို ကျေးဇူးတင်သောအားဖြင့် ယွီလီက သူ့ကို ကောင်းစွာ ဆုချရန် ဆုံးဖြတ်လိုက်၏ ။

​နှစ်ယောက်သား သန်းခေါင်ယံအထိ အလုပ်များနေခဲ့ကြပြီးနောက်မှ ငြိမ်သက်သွားကြသည် ။

​နောက်တစ်နေ့ မနက်တွင် ...

​ယန်ကျီဝမ် ခန့်မှန်းထားသည့်အတိုင်းပင် ညွှန်မှူးဝမ်က ထောက်ခံစာကို အစောကြီး လာပို့ပေးလေသည် ။

​ယန်ကျီဝမ် ထပ်ခါတလဲလဲ အာမခံလိုက်ပြီးနောက်တွင်မှ ညွှန်မှူးဝမ် ပြန်သွား၏ ။

​ဤအချိန်တွင် ယန်ဖူကွေ့က ကျောင်းသို့ သွားသဖြင့် အိမ်တွင် ယန်ကျီဝမ်၊ ယွီလီနှင့် ရန်ရွေ့ဟွားတို့သာ ရှိနေကြသည် ။

​" ကျီဝမ်.. ကျွန်မ ဘယ်အချိန် သတင်းသွားပို့ရင် ကောင်းမလဲ .."

​ယွီလီက ချက်ချင်းပင် သတင်းသွားပို့ချင်နေသကဲ့သို့ စိတ်မရှည်ဖြစ်နေသည် ။

​ယန်ကျီဝမ်က ပြုံး၍...

​" မင်းကလည်း လောလိုက်တာ.. ခုနက ညွှန်မှူးဝမ်နဲ့ လမ်းရုံးကို တခါတည်း လိုက်သွားလိုက်ပါလား .."

​ယွီလီက ရှက်ရွံ့စွာဖြင့်...

​" ကျွန်မကို တခြားသူတွေက အရမ်း လောနေတယ် ထင်သွားမှာစိုးလို့ပါ .."

​" ဘာကို ကြောက်စရာရှိလို့လဲ.. ငါ ငါးကျင်းနှစ်ရာ မရှာပေးနိုင်ဘူးလို့ မင်းထင်နေလို့လား .."

​ယန်ကျီဝမ်က သူမ၏ လက်ကို ကိုင်ကာ ခပ်ဖွဖွ ပုတ်ပေးရင်း အားပေးစကား ပြောလိုက်သည် ။

​" ယွီလီ.. မင်း သွားချင်ရင် အခု သွားလိုက်လေ.. ကျန်တာတွေကို ငါ့ကိုသာ လွှဲထားလိုက် .."

​ယွီလီ ခဏ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည် ။

​" အင်းပါ.. ဒါဆိုရင် အခု အခန်းထဲပြန်ပြီး ပြင်လိုက်ဦးမယ်.. ပြီးရင် လမ်းရုံးကို သွားပြီး အလုပ်ဝင်ဖို့ ကိစ္စတွေ သွားလုပ်လိုက်မယ် .."

​စကားပြောပြီးနောက် ယွီလီက စိတ်လှုပ်ရှားစွာဖြင့် အဝတ်အစား လဲရန် အခန်းထဲသို့ ပြန်ဝင်သွားလေသည် ။

All Chapters