အခန်း ၁၇၄
Vol. 17 Ch. 174
Chapter 174
~
အခန်း ၁၇၄ : ယွီလီ တရားဝင် ဝန်ထမ်း ဖြစ်လာခြင်း...
~
ညနေ ငါးနာရီဝန်းကျင်ခန့်တွင် ယန်ကျီဝမ်၏ သုံးဘီးစက်ဘီးသည် ရပ်ကွက်ရုံး ( လမ်းရုံး .. အတူတူပဲနော်.. အဲ့ခေတ်က ရပ်ကွက်ရုံး သပ်သပ် မရှိဘူး..ဦးလေး သုံးယောက်က ရပ်ကွက် လူကြီး လို့ ပြောလို့ရတယ် ...) အပေါက်ဝ၌ ရပ်တန့်သွားသည် ။
အစောင့်ခန်းထဲမှ အဘိုးကျန်း၏ ခေါင်းပြူထွက်လာပြီး ရယ်ကာ...
" ဟားဟား...ကောင်လေး.. မင်း အချိန်တိကျလှချည်လား.. နေ့တိုင်း အလုပ်ဆင်းချိန်ရောက်တာနဲ့ ပေါ်လာတော့တာပဲ.. "
အဘိုးကျန်းသည် ရပ်ကွက်ရုံး၏ အစောင့်ဖြစ်သည် ။ တပ်နီတော်တွင် တိုက်ပွဲဝင်ရင်း ခြေတစ်ဘက် ဆုံးရှုံးခဲ့ရသဖြင့် ခြေတစ်ဘက်တည်းသာ ရှိတော့သည် ။ တပ်မှထွက်ပြီးနောက် အထူးအခွင့်အရေး ရကာ ရပ်ကွက်ရုံးရှိ သက်သောင့်သက်သာရှိသော အလုပ်တွင် ခန့်အပ်ခံရခြင်းဖြစ်သည် ။
" မင်္ဂလာပါ အဘိုးကျန်း.. "
ယန်ကျီဝမ်က အဘိုးကြီးနှင့် ရင်းနှီးနေပြီဖြစ်၍ စီးကရက်တစ်လိပ် ကမ်းပေးလိုက်ပြီး ပြုံးကာ...
" ကျွန်တော့် မိန်းမကို အလုပ်ဆင်းချိန် လမ်းကြုံဝင်ကြိုတာပါ.. "
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း စားခြင်းနှင့် အိပ်ခြင်းမှလွဲ၍ သူ ညွှန်မှူးဝမ်အား ကတိပေးထားသော ငါး ကျင်းနှစ်ရာ ပြည့်မီစေရန် ဟောက်ဟိုင်ရေကန်ဘေးတွင်သာ ငါးထိုင်မျှားနေခဲ့သည် ။
သုံးဘီးစက်ဘီးပေါ်တွင် ငါး ကျင်းလေးဆယ်ခန့် ပါလာပြီး ပြီးခဲ့သည့်ရက်များက ဖမ်းမိသော ငါးများနှင့် ပေါင်းလိုက်လျှင် ကျင်းနှစ်ရာ ကျော်သွားပြီ ဖြစ်သည် ။
" မင်းက ယောကျ်ားကောင်း တစ်ယောက်ပဲ ကောင်လေး.. "
အဘိုးကျန်းက လက်ဝှေ့ယမ်းလိုက်ပြီး...
" မင်း ငါးတွေကို ထမင်းစားဆောင်ဆီ အရင်သွားပို့လိုက်အုံး.. မဟုတ်ရင် ကျောက်ကြီးက သူ့ကို အလုပ်ပိုပေးတယ်ဆိုပြီး ထပ်ညည်းနေလိမ့်မယ်.. "
" မဖြစ်နိုင်တာ.. ဆရာကျောက်က ကျွန်တော့်ကို မြင်တာနဲ့ ပြုံးနေတာ ပါးစပ် မစိတော့ဘူး.. သူ ကျွန်တော့်ကို နေ့တိုင်းတောင် လာစေချင်နေတာ.. "
ယန်ကျီဝမ်က ရယ်၍ ပြောလိုက်သော်လည်း သူ၏ သုံးဘီးစက်ဘီးကို ထမင်းစားဆောင်ဘက်သို့ တွန်းသွားလိုက်သည် ။
သို့သော် သူပြောသည်က မမှားပေ ။ ယခုအချိန်တွင် နေရာတိုင်း၌ ရိက္ခာများ ရှားပါးနေပြီး ထမင်းစားဆောင် တာဝန်ခံကျောက်သည်လည်း လမ်းရုံးရှိ ရဲဘော်များအတွက် အစားအစာ မလုံလောက်မည်ကို စိုးရိမ်နေရသည် ။ ထို့ကြောင့် ယန်ကျီဝမ် ငါးလာပို့တိုင်း တာဝန်ခံကျောက် မပျော်ဘဲ နေမည်ဆိုလျှင်သာ ထူးဆန်းနေပေမည် ။
ထမင်းစားဆောင်တွင် ငါးများချကာ ငွေရှင်းပြီးနောက် ယန်ကျီဝမ်က အစောင့်ခန်းသို့ ပြန်လာကာ အဘိုးကျန်းနှင့် စကားပြောရင်း နောက်ပြောင်နေလိုက်သည် ။
ခဏအကြာတွင် ယွီလီသည် အသက်ကြီးကြီး အမျိုးသမီးတစ်ဦးနှင့်အတူ ထွက်လာ၏ ။
ထိုအမျိုးသမီးကြီးသည် ညွှန်မှူးဝမ်က ယွီလီအတွက် စီစဥ်ပေးထားသော ဆရာဖြစ်ပြီး သူမ၏ မျိုးရိုးနာမည်မှာ ဝေ့ ဖြစ်သည် ။
အပေါက်ဝရှိ ယန်ကျီဝမ်ကို မြင်လျှင် အဒေါ်ကြီးက ယွီလီ့ကို ကြည့်၍ ပြုံးကာ...
" ယွီလေး.. နင့်ယောကျာ်းက နင့်အပေါ် တကယ်ကောင်းတာပဲ.. အလုပ်ဆင်းတာကို လာကြိုနေပြန်ပြီ.. "
" အင်း.. "
ယွီလီ၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လာသည် ။ သူမက ယန်ကျီဝမ်ထံသို့ လျှောက်သွားပြီး...
" ယန်ကျီဝမ်.. "
ယန်ကျီဝမ်က လှည့်ကြည့်ကာ ပြုံး၍...
" အလုပ်ဆင်းပြီလား.. "
ယွီလီက ခေါင်းညိတ်ပြသည် ။
" ဒါဆို သွားကြစို့.. "
ယန်ကျီဝမ်က စက်ဘီးပေါ်တက်လိုက်ပြီး ယွီလီကို တက်ရန် အချက်ပြလိုက်သည် ။
" ဆရာမ.. အဘိုးကျန်း.. သွားလိုက်ပါအုံးမယ်.. "
ယွီလီက နှုတ်ဆက်ပြီးနောက် စက်ဘီးပေါ်သို့ တက်လိုက်၏ ။
ယန်ကျီဝမ်နှင့် ယွီလီတို့ ထွက်သွားတော့မည်ကို မြင်လျှင် အဒေါ်ကြီးက အမြန် သတိပေးလိုက်သည် ။
" ယွီလေး.. ငါပြောထားတာကို မမေ့နဲ့နော်.. "
" ဟုတ်ကဲ့ပါ.. "
ထို့နောက် ယန်ကျီဝမ်က ယွီလီကို တင်ကာ အိမ်သို့ နင်းလာခဲ့သည် ။
လမ်းတွင်..
ယန်ကျီဝမ်က ..
" မိန်းမ.. မင်းရဲ့ ဆရာမက ဘာတွေ မှာလိုက်တာလဲ.. "
ယွီလီက ပြန်ဖြေသည် ။
" သိပ်ထူးထူးခြားခြားတော့ မဟုတ်ပါဘူး.. အကူအညီလေးတစ်ခု တောင်းလိုက်တာပါ.. "
" ဘာအကူအညီလဲ.. "
ယွီလီက အမှန်အတိုင်း ရှင်းပြလိုက်သည် ။
" သူ့ချွေးမလေး ကလေးမွေးထားတာ နို့မထွက်လို့တဲ့.. ရှင်က ငါးဖမ်းတော်တော့ ငါးကြင်းဖြူလေး ဘာလေး ရနိုင်မလား ဆိုပြီး ရှင့်ကို ပြောပေးဖို့ အကူအညီ တောင်းတာ.. "
ဤခေတ်တွင် နို့ရွှင်စေရန် အများအားဖြင့် ဝက်ခြေထောက်နှင့် မြေပဲဟင်းချို ၊ ငါးကြင်းဖြူဟင်းချို (သို့မဟုတ်) နို့မှုန့်အနှစ်ကဲ့သို့သော အားဖြည့်စာများကိုသာ သုံးလေ့ရှိကြသည် ။ သို့သော် အခြားအရာများမှာ ရှာဖွေရန် ခက်ခဲပြီး ငါးကြင်းဖြူက အလွယ်ကူဆုံးပင် ။
ယွီလီ၏ ယောကျ်ား ယန်ကျီဝမ်သည် ငါးဖမ်းကျွမ်းကျင်ကြောင်း သိထားသဖြင့် သူမက ယွီလီမှတစ်ဆင့် ယန်ကျီဝမ်ကို အကူအညီတောင်းလိုခြင်းဖြစ်သည် ။
" အဒေါ်ကြီးက မင်းအပေါ် ဘယ်လိုနေလဲ.. "
ယန်ကျီဝမ်က ကြားပြီးသည်နှင့် အကြောင်းအရာနှင့် မသက်ဆိုင်သည့် မေးခွန်းကို မေးလိုက်သည် ။
ယွီလီက သူ၏ဆိုလိုရင်းကို သဘာဝကျကျ နားလည်သဖြင့် ခေါင်းညိတ်လိုက်ပြီး...
" ဆရာမက ကျွန်မအပေါ် အရမ်းကောင်းပါတယ်.. သေသေချာချာကို သင်ပေးတာ.. "
" ဒါဆိုလည်း ကောင်းတာပေါ့.. "
ယန်ကျီဝမ်က ပြုံးလိုက်ပြီး...
" ဒီအကူအညီက ပေးလို့ရပါတယ်.. ဘယ်လိုပဲဖြစ်ဖြစ် ငါးမျှားတဲ့အခါ ငါးအသေးလေးတွေ တော်တော်များများ မိတတ်တာပဲလေ.. "
ပုံမှန်အားဖြင့် ထိုငါးများကို သူ ရေထဲ ပြန်ပစ်ချလေ့ရှိပြီး တခါတရံမှသာ အိမ်တွင် စားရန် ယူလာတတ်သည် ။
ငါးအကြီးအသေး မရွေး အိမ်သို့ သယ်လာတတ်သည့် ယန်ဖူကွေ့နှင့်တော့ မတူချေ ။ ယန်ဖူကွေ့၏ အဆိုအရ စားမကုန်ပါက နောက်မှ စားရန် ငါးခြောက်လှန်းထား၍ ရပေသည် ။
" ရှင်ကတော့လေ.. "
ယွီလီက ယန်ကျီဝမ်၏ ကျောကို ဖွဖွလေးပုတ်ကာ ချွဲနွဲ့စွာဖြင့်...
" တကယ်လို့ သူ ကျွန်မအပေါ် မကောင်းဘူးလို့ ပြောလိုက်ရင် ရှင် မကူညီတော့ဘူးပေါ့.... "
" သေချာတာပေါ့.. ကိုယ့်မိန်းမအပေါ် မကောင်းတဲ့သူကို ပိုက်ဆံပေးရင်တောင် ကိုယ် လုံးဝ မကူညီဘူး..ကိုယ့်မိန်းမအပေါ် ကောင်းတယ်ဆိုရင်တော့ အလကားဆိုရင်တောင် ကူညီပေးမှာပေါ့.. "
ယန်ကျီဝမ်က ချက်ချင်းပင် ဖြေလိုက်သည် ။
" ဟွန့်.. ရှင်က မြှောက်ပြောဖို့လောက်ပဲ သိတာ.. "
ပါးစပ်မှ ထိုသို့ ပြောနေသော်လည်း ယွီလီ၏ ရင်ထဲတွင်တော့ ကြည်နူးသွားပြီး ယန်ကျီဝမ်၏ ကျောပြင်ထက်သို့ ခေါင်းလေးကို ညင်သာစွာ မှီချလိုက်သည် ။
...
အချိန်များ ကုန်လွန်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်လ ကြာသွားခဲ့ပြီ ။
ယနေ့တွင် ယွီလီ အလုပ်ဆင်းပြီးနောက် အိမ်သို့ စိတ်လှုပ်ရှားစွာ ပြန်လာခဲ့၏ ။
ခြံဝင်းတံခါးထဲသို့ ဝင်ဝင်ချင်းမှာပင် ပန်းပင်ရေလောင်းနေသော ယန်ဖူကွေ့နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံလေသည် ။
ကျောင်းပိတ်ရက် ဖြစ်နေသဖြင့် ယန်ဖူကွေ့သည် တစ်နေကုန် ပန်းပင့ရေလောင်းလိုက်၊ ငါးမျှားထွက်လိုက်ဖြင့် အလွန် အေးချမ်းသော ဘဝကို ဖြတ်သန်းနေသည် ။
ယွီလီ ပျော်ရွှင်နေသည်ကို မြင်လျှင် ယန်ဖူကွေ့က ပြုံးကာ မေးလိုက်သည် ။
" လီလီ ပြန်လာပြီပဲ.. ဘာကိစ္စရှိလို့ ဒီလောက် ပျော်နေရတာတုန်း.. "
" အဖေ.. "
ယွီလီက အရင်ဆုံး နှုတ်ဆက်လိုက်ပြီးနောက် ခေါင်းညိတ်ကာ...
" အဖေက တော်တာပဲ.. ချက်ချင်းကို ခန့်မှန်းမိတာ.. သတင်းကောင်းလေး တစ်ခုတော့ ရှိတယ်.. ဒါပေမဲ့ မလောပါဘူး.. ခဏနေမှ အားလုံးကို တစ်ခါတည်း ပြောပြမယ်.. "
ထိုသို့ပြောပြီးနောက် ယွီလီက ပစ္စည်းများထားရန် သူမတို့အိမ်ဘက်သို့ ပြန်သွားပြီးနောက် ညစာပြင်ဆင်ရာတွင် ကူညီပေးရန် အိမ်မကြီးဘက်သို့ ကူးလာခဲ့သည် ။
ညစာ စားနေစဥ်..
ယန်ဖူကွေ့က...
" လီလီ.. သမီး သတင်းကောင်း ပြောစရာရှိတယ်ဆို.. အခု အားလုံးစုံနေပြီဆိုတော့ ပြောပြလို့ ရပြီမလား.. "
သူ စကားပြောပြီးသည်နှင့် ရန်ရွေ့ဟွား ၊ ယန်ကျီဖန့် ၊ ယန်ကျီခွမ်းနှင့် ယန်ကျီတိ တို့ အားလုံးက သူမကို လှမ်းကြည့်လိုက်ကြသည် ။
ယန်ကျီဝမ်က ရယ်ကာ...
" မင်း တရားဝင်ဝန်ထမ်း ဖြစ်သွားပြီလား.. "
"ဟင်.. ရှင် ဘယ်လိုလုပ် သိတာလဲ.. "
ယွီလီက ယန်ကျီဝမ်ကို အံ့သြတကြီး ကြည့်လိုက်သည် ။
ညွှန်မှူးဝမ်က သူမ အလုပ်မဆင်းမီ ရုံးခန်းထဲသို့ ခေါ်ပြီး ထိုအကြောင်းကို ပြောပြခဲ့ခြင်းဖြစ်သည် ။ သို့သော် သူမယောကျာ်းက မည်သို့ သိနေရသနည်း ။
ယန်ကျီဝမ်က ပြုံးနေသော်လည်း ဘာမှ မပြော ။ ယွီလီ တရားဝင် ဝန်ထမ်းဖြစ်သွားသည်ကို သူသိရုံသာမက မည်သည့်အကြောင်းကြောင့် ဖြစ်သွားရသည်ကိုပါ သူ သိထားသည် ။
သူ လမ်းရုံးသို့ မကြာခဏ ငါးသွားပို့ပေးနေခြင်းကြောင့်ဖြစ်ပြီး ထိုကိစ္စကို ယွီလီ့အား မပြောပြထားခြင်းသာ ဖြစ်သည် ။ အလကား ပေးခြင်းတော့ မဟုတ် ။ ရောင်းချခြင်းပင် ။
သို့သော် ယခုကဲ့သို့ ခက်ခဲကျပ်တည်းနေသော ကာလတွင် ရိက္ခာဝယ်ယူနိုင်ခြင်းကပင် လုံလောက်နေချေပြီ ။
ထို့ကြောင့် ယန်ကျီဝမ်၏ ကျေးဇူးကို သိသောအားဖြင့် ညွှန်မှူးဝမ်က ယွီလီ့ကို တရားဝင် ဝန်ထမ်းအဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်သည် ။ သို့မဟုတ်လျှင် တရားဝင် ဝန်ထမ်းဖြစ်ရန် မည်သို့ လွယ်ကူနိုင်ပါမည်နည်း ။
ရန်ရွေ့ဟွားက စိတ်လှုပ်ရှားစွာဖြင့်...
" လီလီ.. သမီး တကယ်ပဲ တရားဝင် ဝန်ထမ်း ဖြစ်သွားတာလား.. "
ယွီလီက ပြုံး၍ ခေါင်းညိတ်ကာ...
" ခုလေးတင် အလုပ်ဆင်းခါနီး ညွှန်မှူးဝမ်က ရုံးခန်းထဲခေါ်ပြီး ဒီသတင်းကောင်းကို ပြောပြတာ.... လုပ်ထုံးလုပ်နည်းတွေ အားလုံးလည်း ပြီးသွားပါပြီ.. "
ရန်ရွေ့ဟွားက လက်ခုပ်တီးလိုက်ပြီး...
" ဒါ အရမ်းကောင်းတာပဲ.. အခုဆို ငါတို့မိသားစုမှာ တကယ့် ဝန်ထမ်း သုံးယောက်တောင် ရှိသွားပြီ.. "
" မရီးက အရမ်းမိုက်တာပဲ.. "
ယန်ကျီခွမ်းနှင့် ယန်ကျီတိတို့ကလည်း လက်ခုပ်တီးကာ ယွီလီကို ချီးကျူးလိုက်ကြသည် ။
သူတို့၏ မရီးက သူတို့အပေါ် အလွန်ကောင်းပြီး အရသာရှိသော အစားအစာများကို အမြဲချန်ထားပေးလေ့ရှိသည် ။ ယခု သူမ တရားဝင် ဝန်ထမ်းဖြစ်သွားပြီဆို၍ သူမအတွက် ဝမ်းသာနေကြ၏ ။
ယန်ဖူကွေ့က ရန်ရွေ့ဟွားကို ပြောလိုက်သည် ။
" ဒီနေ့က ပျော်စရာကောင်းတဲ့နေ့ပဲ.. မိန်းမ ငါ့ဗီရိုထဲက အရက် သွားယူခဲ့ပါအုံး.. ဒုတိယသားနဲ့ ငါ အရက်နည်းနည်းလောက် သောက်ပြီး အောင်ပွဲခံရမယ်.. "
" ကောင်းပြီလေ.. အခုပဲ သွားယူလိုက်မယ်.. "
ယန်ကျီဖန့်က ရယ်လိုက်ပြီး...
" ဟီးဟီး ...အဖေ.. သားရော နည်းနည်း သောက်လို့ရမလား.. "
" သွားစမ်းပါ.. "
ယန်ဖူကွေ့က မှုန်တေတေ မျက်နှာထားဖြင့်...
" ကလေးက ဘာအရက် သောက်စရာလိုလို့လဲ.. အလကား အလေအလွင့် ဖြစ်တာပဲ အဖတ်တင်မယ်.. "
ယန်ကျီဖန့်က နှုတ်ခမ်းဆူလိုက်ပြီး...
" ဘာကလေးလဲ.. သား ဆယ့်ငါးနှစ်တောင် ရှိနေပြီ.. နောက်ထပ် တစ်နှစ်ဆို အလုပ်တောင် ဝင်လုပ်လို့ရပြီ.. "
ယန်ဖူကွေ့က လှောင်လိုက်သည် ။
" အလုပ်လုပ်မယ်.. မင်း ကောင်းကင်ကို ပျံတက်သွားပါလား.. အလုပ်ရှာရတာ အဲ့လောက် လွယ်တယ်လို့များ ထင်နေလား.. "
( ဝက်ပျံကြီး...)
ဤကလေးက စာပေတွင် ထူးချွန်သူ မဟုတ်သဖြင့် ယန်ဖူကွေ့ ကြီးကြီးမားမား မျှော်လင့်ထားခြင်း မရှိ ။ သားအကြီးဆုံးလောက် ပြဿနာ မရှာလျှင်ပင် ရပြီဟု သဘောထား ထားသည် ။