← Chapters

အခန်း ၁၇၄

Vol. 17 Ch. 174

အခန်း ၁၇၄

Vol. 17 Ch. 174

Chapter 174

~

အခန်း ၁၇၄ : ယွီလီ တရားဝင် ဝန်ထမ်း ဖြစ်လာခြင်း...

~

​ညနေ ငါးနာရီဝန်းကျင်ခန့်တွင် ယန်ကျီဝမ်၏ သုံးဘီးစက်ဘီးသည် ရပ်ကွက်ရုံး ( လမ်းရုံး .. အတူတူပဲနော်.. အဲ့ခေတ်က ရပ်ကွက်ရုံး သပ်သပ် မရှိဘူး..ဦးလေး သုံးယောက်က ရပ်ကွက် လူကြီး လို့ ပြောလို့ရတယ် ...) အပေါက်ဝ၌ ရပ်တန့်သွားသည် ။

​အစောင့်ခန်းထဲမှ အဘိုးကျန်း၏ ခေါင်းပြူထွက်လာပြီး ရယ်ကာ...

​" ဟားဟား...ကောင်လေး.. မင်း အချိန်တိကျလှချည်လား.. နေ့တိုင်း အလုပ်ဆင်းချိန်ရောက်တာနဲ့ ပေါ်လာတော့တာပဲ.. "

​အဘိုးကျန်းသည် ရပ်ကွက်ရုံး၏ အစောင့်ဖြစ်သည် ။ တပ်နီတော်တွင် တိုက်ပွဲဝင်ရင်း ခြေတစ်ဘက် ဆုံးရှုံးခဲ့ရသဖြင့် ခြေတစ်ဘက်တည်းသာ ရှိတော့သည် ။ တပ်မှထွက်ပြီးနောက် အထူးအခွင့်အရေး ရကာ ရပ်ကွက်ရုံးရှိ သက်သောင့်သက်သာရှိသော အလုပ်တွင် ခန့်အပ်ခံရခြင်းဖြစ်သည် ။

​" မင်္ဂလာပါ အဘိုးကျန်း.. "

​ယန်ကျီဝမ်က အဘိုးကြီးနှင့် ရင်းနှီးနေပြီဖြစ်၍ စီးကရက်တစ်လိပ် ကမ်းပေးလိုက်ပြီး ပြုံးကာ...

​" ကျွန်တော့် မိန်းမကို အလုပ်ဆင်းချိန် လမ်းကြုံဝင်ကြိုတာပါ.. "

​လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း စားခြင်းနှင့် အိပ်ခြင်းမှလွဲ၍ သူ ညွှန်မှူးဝမ်အား ကတိပေးထားသော ငါး ကျင်းနှစ်ရာ ပြည့်မီစေရန် ဟောက်ဟိုင်ရေကန်ဘေးတွင်သာ ငါးထိုင်မျှားနေခဲ့သည် ။

​သုံးဘီးစက်ဘီးပေါ်တွင် ငါး ကျင်းလေးဆယ်ခန့် ပါလာပြီး ပြီးခဲ့သည့်ရက်များက ဖမ်းမိသော ငါးများနှင့် ပေါင်းလိုက်လျှင် ကျင်းနှစ်ရာ ကျော်သွားပြီ ဖြစ်သည် ။

​" မင်းက ယောကျ်ားကောင်း တစ်ယောက်ပဲ ကောင်လေး.. "

​အဘိုးကျန်းက လက်ဝှေ့ယမ်းလိုက်ပြီး...

​" မင်း ငါးတွေကို ထမင်းစားဆောင်ဆီ အရင်သွားပို့လိုက်အုံး.. မဟုတ်ရင် ကျောက်ကြီးက သူ့ကို အလုပ်ပိုပေးတယ်ဆိုပြီး ထပ်ညည်းနေလိမ့်မယ်.. "

​" မဖြစ်နိုင်တာ.. ဆရာကျောက်က ကျွန်တော့်ကို မြင်တာနဲ့ ပြုံးနေတာ ပါးစပ် မစိတော့ဘူး.. သူ ကျွန်တော့်ကို နေ့တိုင်းတောင် လာစေချင်နေတာ.. "

​ယန်ကျီဝမ်က ရယ်၍ ပြောလိုက်သော်လည်း သူ၏ သုံးဘီးစက်ဘီးကို ထမင်းစားဆောင်ဘက်သို့ တွန်းသွားလိုက်သည် ။

​သို့သော် သူပြောသည်က မမှားပေ ။ ယခုအချိန်တွင် နေရာတိုင်း၌ ရိက္ခာများ ရှားပါးနေပြီး ထမင်းစားဆောင် တာဝန်ခံကျောက်သည်လည်း လမ်းရုံးရှိ ရဲဘော်များအတွက် အစားအစာ မလုံလောက်မည်ကို စိုးရိမ်နေရသည် ။ ထို့ကြောင့် ယန်ကျီဝမ် ငါးလာပို့တိုင်း တာဝန်ခံကျောက် မပျော်ဘဲ နေမည်ဆိုလျှင်သာ ထူးဆန်းနေပေမည် ။

​ထမင်းစားဆောင်တွင် ငါးများချကာ ငွေရှင်းပြီးနောက် ယန်ကျီဝမ်က အစောင့်ခန်းသို့ ပြန်လာကာ အဘိုးကျန်းနှင့် စကားပြောရင်း နောက်ပြောင်နေလိုက်သည် ။

​ခဏအကြာတွင် ယွီလီသည် အသက်ကြီးကြီး အမျိုးသမီးတစ်ဦးနှင့်အတူ ထွက်လာ၏ ။

​ထိုအမျိုးသမီးကြီးသည် ညွှန်မှူးဝမ်က ယွီလီအတွက် စီစဥ်ပေးထားသော ဆရာဖြစ်ပြီး သူမ၏ မျိုးရိုးနာမည်မှာ ဝေ့ ဖြစ်သည် ။

​အပေါက်ဝရှိ ယန်ကျီဝမ်ကို မြင်လျှင် အဒေါ်ကြီးက ယွီလီ့ကို ကြည့်၍ ပြုံးကာ...

​" ယွီလေး.. နင့်ယောကျာ်းက နင့်အပေါ် တကယ်ကောင်းတာပဲ.. အလုပ်ဆင်းတာကို လာကြိုနေပြန်ပြီ.. "

​" အင်း.. "

​ယွီလီ၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လာသည် ။ သူမက ယန်ကျီဝမ်ထံသို့ လျှောက်သွားပြီး...

​" ယန်ကျီဝမ်.. "

​ယန်ကျီဝမ်က လှည့်ကြည့်ကာ ပြုံး၍...

​" အလုပ်ဆင်းပြီလား.. "

​ယွီလီက ခေါင်းညိတ်ပြသည် ။

​" ဒါဆို သွားကြစို့.. "

​ယန်ကျီဝမ်က စက်ဘီးပေါ်တက်လိုက်ပြီး ယွီလီကို တက်ရန် အချက်ပြလိုက်သည် ။

​" ဆရာမ.. အဘိုးကျန်း.. သွားလိုက်ပါအုံးမယ်.. "

​ယွီလီက နှုတ်ဆက်ပြီးနောက် စက်ဘီးပေါ်သို့ တက်လိုက်၏ ။

​ယန်ကျီဝမ်နှင့် ယွီလီတို့ ထွက်သွားတော့မည်ကို မြင်လျှင် အဒေါ်ကြီးက အမြန် သတိပေးလိုက်သည် ။

​" ယွီလေး.. ငါပြောထားတာကို မမေ့နဲ့နော်.. "

​" ဟုတ်ကဲ့ပါ.. "

​ထို့နောက် ယန်ကျီဝမ်က ယွီလီကို တင်ကာ အိမ်သို့ နင်းလာခဲ့သည် ။

​လမ်းတွင်..

​ယန်ကျီဝမ်က ..

​" မိန်းမ.. မင်းရဲ့ ဆရာမက ဘာတွေ မှာလိုက်တာလဲ.. "

​ယွီလီက ပြန်ဖြေသည် ။

​" သိပ်ထူးထူးခြားခြားတော့ မဟုတ်ပါဘူး.. အကူအညီလေးတစ်ခု တောင်းလိုက်တာပါ.. "

​" ဘာအကူအညီလဲ.. "

​ယွီလီက အမှန်အတိုင်း ရှင်းပြလိုက်သည် ။

​" သူ့ချွေးမလေး ကလေးမွေးထားတာ နို့မထွက်လို့တဲ့.. ရှင်က ငါးဖမ်းတော်တော့ ငါးကြင်းဖြူလေး ဘာလေး ရနိုင်မလား ဆိုပြီး ရှင့်ကို ပြောပေးဖို့ အကူအညီ တောင်းတာ.. "

​ဤခေတ်တွင် နို့ရွှင်စေရန် အများအားဖြင့် ဝက်ခြေထောက်နှင့် မြေပဲဟင်းချို ၊ ငါးကြင်းဖြူဟင်းချို (သို့မဟုတ်) နို့မှုန့်အနှစ်ကဲ့သို့သော အားဖြည့်စာများကိုသာ သုံးလေ့ရှိကြသည် ။ သို့သော် အခြားအရာများမှာ ရှာဖွေရန် ခက်ခဲပြီး ငါးကြင်းဖြူက အလွယ်ကူဆုံးပင် ။

​ယွီလီ၏ ယောကျ်ား ယန်ကျီဝမ်သည် ငါးဖမ်းကျွမ်းကျင်ကြောင်း သိထားသဖြင့် သူမက ယွီလီမှတစ်ဆင့် ယန်ကျီဝမ်ကို အကူအညီတောင်းလိုခြင်းဖြစ်သည် ။

​" အဒေါ်ကြီးက မင်းအပေါ် ဘယ်လိုနေလဲ.. "

​ယန်ကျီဝမ်က ကြားပြီးသည်နှင့် အကြောင်းအရာနှင့် မသက်ဆိုင်သည့် မေးခွန်းကို မေးလိုက်သည် ။

​ယွီလီက သူ၏ဆိုလိုရင်းကို သဘာဝကျကျ နားလည်သဖြင့် ခေါင်းညိတ်လိုက်ပြီး...

​" ဆရာမက ကျွန်မအပေါ် အရမ်းကောင်းပါတယ်.. သေသေချာချာကို သင်ပေးတာ.. "

​" ဒါဆိုလည်း ကောင်းတာပေါ့.. "

​ယန်ကျီဝမ်က ပြုံးလိုက်ပြီး...

​" ဒီအကူအညီက ပေးလို့ရပါတယ်.. ဘယ်လိုပဲဖြစ်ဖြစ် ငါးမျှားတဲ့အခါ ငါးအသေးလေးတွေ တော်တော်များများ မိတတ်တာပဲလေ.. "

​ပုံမှန်အားဖြင့် ထိုငါးများကို သူ ရေထဲ ပြန်ပစ်ချလေ့ရှိပြီး တခါတရံမှသာ အိမ်တွင် စားရန် ယူလာတတ်သည် ။

​ငါးအကြီးအသေး မရွေး အိမ်သို့ သယ်လာတတ်သည့် ယန်ဖူကွေ့နှင့်တော့ မတူချေ ။ ယန်ဖူကွေ့၏ အဆိုအရ စားမကုန်ပါက နောက်မှ စားရန် ငါးခြောက်လှန်းထား၍ ရပေသည် ။

​" ရှင်ကတော့လေ.. "

​ယွီလီက ယန်ကျီဝမ်၏ ကျောကို ဖွဖွလေးပုတ်ကာ ချွဲနွဲ့စွာဖြင့်...

​" တကယ်လို့ သူ ကျွန်မအပေါ် မကောင်းဘူးလို့ ပြောလိုက်ရင် ရှင် မကူညီတော့ဘူးပေါ့.... "

​" သေချာတာပေါ့.. ကိုယ့်မိန်းမအပေါ် မကောင်းတဲ့သူကို ပိုက်ဆံပေးရင်တောင် ကိုယ် လုံးဝ မကူညီဘူး..ကိုယ့်မိန်းမအပေါ် ကောင်းတယ်ဆိုရင်တော့ အလကားဆိုရင်တောင် ကူညီပေးမှာပေါ့.. "

​ယန်ကျီဝမ်က ချက်ချင်းပင် ဖြေလိုက်သည် ။

​" ဟွန့်.. ရှင်က မြှောက်ပြောဖို့လောက်ပဲ သိတာ.. "

​ပါးစပ်မှ ထိုသို့ ပြောနေသော်လည်း ယွီလီ၏ ရင်ထဲတွင်တော့ ကြည်နူးသွားပြီး ယန်ကျီဝမ်၏ ကျောပြင်ထက်သို့ ခေါင်းလေးကို ညင်သာစွာ မှီချလိုက်သည် ။

​...

​အချိန်များ ကုန်လွန်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်လ ကြာသွားခဲ့ပြီ ။

​ယနေ့တွင် ယွီလီ အလုပ်ဆင်းပြီးနောက် အိမ်သို့ စိတ်လှုပ်ရှားစွာ ပြန်လာခဲ့၏ ။

​ခြံဝင်းတံခါးထဲသို့ ဝင်ဝင်ချင်းမှာပင် ပန်းပင်ရေလောင်းနေသော ယန်ဖူကွေ့နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံလေသည် ။

​ကျောင်းပိတ်ရက် ဖြစ်နေသဖြင့် ယန်ဖူကွေ့သည် တစ်နေကုန် ပန်းပင့ရေလောင်းလိုက်၊ ငါးမျှားထွက်လိုက်ဖြင့် အလွန် အေးချမ်းသော ဘဝကို ဖြတ်သန်းနေသည် ။

​ယွီလီ ပျော်ရွှင်နေသည်ကို မြင်လျှင် ယန်ဖူကွေ့က ပြုံးကာ မေးလိုက်သည် ။

​" လီလီ ပြန်လာပြီပဲ.. ဘာကိစ္စရှိလို့ ဒီလောက် ပျော်နေရတာတုန်း.. "

​" အဖေ.. "

​ယွီလီက အရင်ဆုံး နှုတ်ဆက်လိုက်ပြီးနောက် ခေါင်းညိတ်ကာ...

​" အဖေက တော်တာပဲ.. ချက်ချင်းကို ခန့်မှန်းမိတာ.. သတင်းကောင်းလေး တစ်ခုတော့ ရှိတယ်.. ဒါပေမဲ့ မလောပါဘူး.. ခဏနေမှ အားလုံးကို တစ်ခါတည်း ပြောပြမယ်.. "

​ထိုသို့ပြောပြီးနောက် ယွီလီက ပစ္စည်းများထားရန် သူမတို့အိမ်ဘက်သို့ ပြန်သွားပြီးနောက် ညစာပြင်ဆင်ရာတွင် ကူညီပေးရန် အိမ်မကြီးဘက်သို့ ကူးလာခဲ့သည် ။

​ညစာ စားနေစဥ်..

​ယန်ဖူကွေ့က...

​" လီလီ.. သမီး သတင်းကောင်း ပြောစရာရှိတယ်ဆို.. အခု အားလုံးစုံနေပြီဆိုတော့ ပြောပြလို့ ရပြီမလား.. "

​သူ စကားပြောပြီးသည်နှင့် ရန်ရွေ့ဟွား ၊ ယန်ကျီဖန့် ၊ ယန်ကျီခွမ်းနှင့် ယန်ကျီတိ တို့ အားလုံးက သူမကို လှမ်းကြည့်လိုက်ကြသည် ။

​ယန်ကျီဝမ်က ရယ်ကာ...

​" မင်း တရားဝင်ဝန်ထမ်း ဖြစ်သွားပြီလား.. "

​"ဟင်.. ရှင် ဘယ်လိုလုပ် သိတာလဲ.. "

​ယွီလီက ယန်ကျီဝမ်ကို အံ့သြတကြီး ကြည့်လိုက်သည် ။

​ညွှန်မှူးဝမ်က သူမ အလုပ်မဆင်းမီ ရုံးခန်းထဲသို့ ခေါ်ပြီး ထိုအကြောင်းကို ပြောပြခဲ့ခြင်းဖြစ်သည် ။ သို့သော် သူမယောကျာ်းက မည်သို့ သိနေရသနည်း ။

​ယန်ကျီဝမ်က ပြုံးနေသော်လည်း ဘာမှ မပြော ။ ယွီလီ တရားဝင် ဝန်ထမ်းဖြစ်သွားသည်ကို သူသိရုံသာမက မည်သည့်အကြောင်းကြောင့် ဖြစ်သွားရသည်ကိုပါ သူ သိထားသည် ။

​သူ လမ်းရုံးသို့ မကြာခဏ ငါးသွားပို့ပေးနေခြင်းကြောင့်ဖြစ်ပြီး ထိုကိစ္စကို ယွီလီ့အား မပြောပြထားခြင်းသာ ဖြစ်သည် ။ အလကား ပေးခြင်းတော့ မဟုတ် ။ ရောင်းချခြင်းပင် ။

​သို့သော် ယခုကဲ့သို့ ခက်ခဲကျပ်တည်းနေသော ကာလတွင် ရိက္ခာဝယ်ယူနိုင်ခြင်းကပင် လုံလောက်နေချေပြီ ။

​ထို့ကြောင့် ယန်ကျီဝမ်၏ ကျေးဇူးကို သိသောအားဖြင့် ညွှန်မှူးဝမ်က ယွီလီ့ကို တရားဝင် ဝန်ထမ်းအဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်သည် ။ သို့မဟုတ်လျှင် တရားဝင် ဝန်ထမ်းဖြစ်ရန် မည်သို့ လွယ်ကူနိုင်ပါမည်နည်း ။

​ရန်ရွေ့ဟွားက စိတ်လှုပ်ရှားစွာဖြင့်...

​" လီလီ.. သမီး တကယ်ပဲ တရားဝင် ဝန်ထမ်း ဖြစ်သွားတာလား.. "

​ယွီလီက ပြုံး၍ ခေါင်းညိတ်ကာ...

​" ခုလေးတင် အလုပ်ဆင်းခါနီး ညွှန်မှူးဝမ်က ရုံးခန်းထဲခေါ်ပြီး ဒီသတင်းကောင်းကို ပြောပြတာ.... လုပ်ထုံးလုပ်နည်းတွေ အားလုံးလည်း ပြီးသွားပါပြီ.. "

​ရန်ရွေ့ဟွားက လက်ခုပ်တီးလိုက်ပြီး...

​" ဒါ အရမ်းကောင်းတာပဲ.. အခုဆို ငါတို့မိသားစုမှာ တကယ့် ဝန်ထမ်း သုံးယောက်တောင် ရှိသွားပြီ.. "

​" မရီးက အရမ်းမိုက်တာပဲ.. "

​ယန်ကျီခွမ်းနှင့် ယန်ကျီတိတို့ကလည်း လက်ခုပ်တီးကာ ယွီလီကို ချီးကျူးလိုက်ကြသည် ။

​သူတို့၏ မရီးက သူတို့အပေါ် အလွန်ကောင်းပြီး အရသာရှိသော အစားအစာများကို အမြဲချန်ထားပေးလေ့ရှိသည် ။ ယခု သူမ တရားဝင် ဝန်ထမ်းဖြစ်သွားပြီဆို၍ သူမအတွက် ဝမ်းသာနေကြ၏ ။

​ယန်ဖူကွေ့က ရန်ရွေ့ဟွားကို ပြောလိုက်သည် ။

​" ဒီနေ့က ပျော်စရာကောင်းတဲ့နေ့ပဲ.. မိန်းမ ငါ့ဗီရိုထဲက အရက် သွားယူခဲ့ပါအုံး.. ဒုတိယသားနဲ့ ငါ အရက်နည်းနည်းလောက် သောက်ပြီး အောင်ပွဲခံရမယ်.. "

​" ကောင်းပြီလေ.. အခုပဲ သွားယူလိုက်မယ်.. "

​ယန်ကျီဖန့်က ရယ်လိုက်ပြီး...

​" ဟီးဟီး ...အဖေ.. သားရော နည်းနည်း သောက်လို့ရမလား.. "

​" သွားစမ်းပါ.. "

​ယန်ဖူကွေ့က မှုန်တေတေ မျက်နှာထားဖြင့်...

​" ကလေးက ဘာအရက် သောက်စရာလိုလို့လဲ.. အလကား အလေအလွင့် ဖြစ်တာပဲ အဖတ်တင်မယ်.. "

​ယန်ကျီဖန့်က နှုတ်ခမ်းဆူလိုက်ပြီး...

​" ဘာကလေးလဲ.. သား ဆယ့်ငါးနှစ်တောင် ရှိနေပြီ.. နောက်ထပ် တစ်နှစ်ဆို အလုပ်တောင် ဝင်လုပ်လို့ရပြီ.. "

​ယန်ဖူကွေ့က လှောင်လိုက်သည် ။

​" အလုပ်လုပ်မယ်.. မင်း ကောင်းကင်ကို ပျံတက်သွားပါလား.. အလုပ်ရှာရတာ အဲ့လောက် လွယ်တယ်လို့များ ထင်နေလား.. "

( ဝက်ပျံကြီး...)

​ဤကလေးက စာပေတွင် ထူးချွန်သူ မဟုတ်သဖြင့် ယန်ဖူကွေ့ ကြီးကြီးမားမား မျှော်လင့်ထားခြင်း မရှိ ။ သားအကြီးဆုံးလောက် ပြဿနာ မရှာလျှင်ပင် ရပြီဟု သဘောထား ထားသည် ။

All Chapters