အခန်း ၁၇၅
Vol. 17 Ch. 175
Chapter 175
~
အခန်း ၁၇၅ : ကျားကျန်းရှီ၏ တကယ့်အကြံ
~
" ဒါများ.. ဘာခက်လို့လဲ .. "
ယန်ကျီဖန့်က ခါးထောက်ကာ ဂုဏ်ယူဝံ့ကြွားစွာဖြင့်...
" အစ်ကိုနှစ်က ပြောထားတယ်.. သား လိမ္မာရင် နောက်နှစ် ကျောင်းပြီးတာနဲ့ အလုပ်တစ်ခုဝယ်ဖို့ ပိုက်ဆံ ချေးပေးမယ်တဲ့ .. "
ထိုစကားကို ကြားလျှင် ယန်ဖူကွေ့ အံ့ဩသွားပြီး ယန်ကျီဝမ်ဘက်သို့ လှည့်ကြည့်ကာ...
" ဒုတိယသား.. မင်း ဒီကောင်လေးကို တကယ် ကတိပေးထားတာလား .. "
ယန်ကျီဝမ်က ခေါင်းညိတ်၍ ရယ်လိုက်သည် ။
ယန်ကျီဖန့်သည်လည်း ယန်ကျီချန်းကဲ့သို့ပင် ယန်ဖူကွေ့၏ တွက်ကပ်တတ်သော အကျင့်များကို ၉၉ ရာခိုင်နှုန်းခန့် အမွေရထား၏ ။
ယန်ကျီဝမ်သည် ယန်ကျီချန်းအား ဆက်ဆံသကဲ့သို့ပင် ဆက်ဆံရန် ဆုံးဖြတ်ထားသော်လည်း ကံကောင်းစွာဖြင့် ပြီးခဲ့သည့်နှစ်ကုန်မှစ၍ ယခုအထိ သူ၏ ပြုမူနေထိုင်ပုံများက အတော်လေး ကောင်းမွန်နေခဲ့၏ ။
ထို့ကြောင့် ယန်ကျီဝမ်က သူ့ကို အခွင့်အရေးတစ်ခု ပေးရန် ဆုံးဖြတ်လိုက်ခြင်းပင် ။
ဤသည်က ယခုလက်ရှိ အခြေအနေကို ဖြစ်ပေါ်လာစေခဲ့သည် ။
သို့သော် အကူအညီက အကူအညီသာ ဖြစ်ပြီး အလကားတော့ မရ ။ မည်မျှပင် ရင်းနှီးသော ညီအစ်ကိုများ ဖြစ်စေကာမူ စာရင်းဇယားကိုတော့ ရှင်းလင်းပြတ်သားစွာ ထားရမည် ။
အကယ်၍ ယန်ကျီဖန့်က ယန်ကျီချန်းကဲ့သို့ အရှက်မရှိဘဲ သူ၏ အကူအညီကို အလကားရရန် အကျင့်စာရိတ္တဖြင့် အကျပ်ကိုင်လာပါက သူ ကူညီမည် မဟုတ်ပေ ။
ကံကောင်းစွာဖြင့် ယန်ကျီဖန့်က ထိုလောက်မဆိုး ။ ရောင့်ရဲတင်းတိမ်တတ်၏ ။
" အင်း.. အဲ့ဒါ ကောင်းပါတယ်.. ညီအစ်ကိုတွေ ဖြစ်နေရင်တောင် စာရင်းကိုတော့ ရှင်းရှင်းလင်းလင်း ခွဲထားရမယ်.. ပိုက်ဆံတွေက မိုးပေါ်က ကျလာတာမှ မဟုတ်တာ .. "
ယန်ဖူကွေ့က ခေါင်းတစ်ချက် ညိတ်လိုက်ပြီး ယန်ကျီဖန့်ကို ကြည့်ကာ...
" တတိယသား.. မင်းလည်း မှတ်ထား.. မင်းရဲ့အစ်ကိုက မင်းကို ကူညီဖို့ ဆန္ဒရှိတာ ညီအစ်ကို သံယောဇဥ်ကို တန်ဖိုးထားလို့ပဲ.. သူ့ရဲ့ ကျေးဇူးကို မင်း အမြဲမှတ်ထားရမယ် .. "
" ဟုတ်ကဲ့ပါ .. အစ်ကိုနှစ်က ရှေ့သွားခိုင်းရင် ဘယ်တော့မှ နောက်ပြန်မဆုတ်ဘူး ... "
ယန်ကျီဖန့်က သူ၏ ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်သည် ။
ဤသည်ကလည်း အမှန်ပင် ဖြစ်၏ ။ အရင်က သူမည်သို့ပင် ရှိခဲ့စေကာမူ ယခုနှစ်မှစ၍ ယန်ကျီဝမ်၏ အမိန့်အတိုင်း အမှန်တကယ်ပင် လိုက်နာဆောင်ရွက်နေခဲ့သည် ။
ယန်ဖူကွေ့က သူ့ကို ချီးကျူးလိုက်သည် ။
" အင်း.. တတိယသား.. မင်းလည်း မဆိုးပါဘူး.. နောင်ကျရင်လည်း ဒီအတိုင်း ဆက်ထိန်းထားရမယ် .. "
" အဖေ.. စိတ်မပူပါနဲ့.. သား အလုပ်စဝင်ရင် အဖေ့ရဲ့ အိုစာမင်းစာအတွက်ပါ ပိုက်ဆံ ပေးပါ့မယ် .. "
ယန်ကျီဖန့်က သူ၏ ရပ်တည်ချက်ကို အမြန်ပင် ပြလိုက်သည် ။
ယန်ဖူကွေ့က ခေါင်းခါ၍ ရယ်လိုက်ပြီး...
" ဟားဟားဟားး...ထားလိုက်ပါကွာ.. မင်းကိုယ်မင်း ဂရုစိုက်နိုင်ရင်ကိုပဲ အဆင်ပြေပါပြီ .. "
သူ ယခုအချိန်တွင် ငယ်ရွယ်သေး၍ နောက်ထပ် ဆယ်နှစ်ကျော်ခန့် အလုပ်လုပ်နိုင်သေးသည် ။
ထို့အပြင် သူ အလုပ်မလုပ်နိုင်တော့လျှင်ပင် ဒုတိယသား ရှိနေသေး၏ ။
ကျန်သည့် ကလေးများအတွက်မူ သူ ဘာကိုမှ မျှော်လင့်မထားဘဲ သူတို့၏ကိုယ်ပိုင် ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်စေရန်သာ မျှော်လင့်ထားသည် ။
အကြီးဆုံးသားကဲ့သို့ ပြဿနာ မရှာသရွေ့ သူ စိတ်အေးရပေပြီ ။
" ဟုတ်ကဲ့.. ဟုတ်ကဲ့ .. "
ယန်ကျီဖန့်က ခေါင်းတညိတ်ညိတ်ဖြင့်....
" ဒါဆို အဖေ.. ဒီနေ့က မရီးရဲ့ ရာထူးတိုးတဲ့နေ့ဆိုတော့ နေ့ကောင်းပဲလေ.. သားအရက်နည်းနည်းလောက် သောက်လို့ ရမလား .. "
" ကောင်စုတ်လေး.. ဒီလောက်ထိ စကားရော ဖောရော ပြောနေတာ အရက်တစ်ခွက် သောက်ချင်လို့လား .. "
ယန်ဖူကွေ့က ယန်ကျီဖန့်ကို လက်ညိုးထိုး၍ ရယ်ကာ ဆူလိုက်သည် ။
ကျန်သူများအားလုံး ရယ်မောလိုက်ကြ၏ ။
ယန်ကျီဖန့်က ခေါင်းကုတ်၍ ရှက်ရယ် ရယ်လိုက်သည် ။
ယန်ဖူကွေ့က...
" ကဲပါလေ.. မင်း ဒီရက်ပိုင်း လိမ္မာနေတာဆိုတော့ တစ်ခွက်တော့ သောက်ခွင့်ပေးလိုက်မယ် .. "
" အာ.. တစ်ခွက်တည်းလား .. "
ယန်ကျီဖန့် မျက်နှာပျက်သွားပြီး အနည်းငယ် မကျေမနပ် ဖြစ်သွားသည် ။
ယန်ဖူကွေ့၏ အမူအရာက တည်ကြည်သွားပြီး...
" မသောက်ချင်ရင်နေလေ.. တစ်ခွက်တောင် မပေးဘူး .. "
" အာ.. သောက်ချင်ပါတယ်..သောက်ချင်ပါတယ် .. "
" ဟားဟားဟား .. "
တစ်မိသားစုလုံး ရယ်မောသံများ ဆူညံသွားသည် ။
ကျားမိသားစု ...
ယန်မိသားစု၏ ပျော်ရွှင်စရာ လေထုနှင့် မတူဘဲ ကျားမိသားစု၏ လေထုသည်တော့ ယခုအချိန်၌ အနည်းငယ် လေးလံနေ၏ ။
ဤသည်က ညစာစားနေစဥ်အတွင်း ချင်ဟွိုင်ရုက ကျားဒုံရွှီကို မေးခွန်းတစ်ခု မေးလိုက်မိသောကြောင့် ဖြစ်သည် ။
အလုပ်တစ်ခု ရှာပေးရန်အတွက် ယီကျုံးဟိုင်ကို အကူအညီ တောင်းသည့် ကိစ္စပင် ။
ကျားဒုံရွှီ အလုပ်ဝယ်ပေးရန် ယီကျုံးဟိုင်ထံ ပထမဆုံး အကူအညီ သွားတောင်းသည့်အချိန်မှစ၍ တွက်လျှင် သုံးလနီးပါးခန့် ရှိနေလေပြီ ။
သို့သော် သူ အကူအညီ တောင်းတိုင်း ယီကျုံးဟိုင်က အကြောင်းပြချက် အမျိုးမျိုး ပေး၍ ဆင်ခြေပေးနေခဲ့သည် ။
ချင်ဟွိုင်ရုသည် ယခုအခါ အလုပ်ရှာရန် ခက်ခဲကြောင်း သိထားပြီး အချိန်အတော်ကြာသည်အထိ မရခြင်းက ပုံမှန်ဟုသာ ထင်နေခဲ့၏ ။
သို့သော် ယခုအခါ ယွီလီ အလုပ်ရသွားခဲ့ပြီ ။ ယာယီအလုပ်သာ ဖြစ်သော်လည်း အလုပ်တစ်ခုပင် ဖြစ်သည် ။
ထို့ကြောင့် သူမ ငြိမ်ငြိမ် မနေနိုင်တော့ချေ ။ သူမကိုယ်တိုင် တခြားသူများရှေ့တွင် အလုပ်လုပ်တော့မည်ဟု ကြွားခဲ့မိသည် မဟုတ်ပါလော ။
ယခုအခါ သူမ ပါးရိုက်ခံလိုက်ရသလို ခံစားနေရသည် ။
သူမ၏ အလုပ်က လေထဲတွင်သာ ဝဲလွင့်နေဆဲ ဖြစ်ပြီး အခြားတစ်ယောက်ကတော့ အလုပ်ဝင်နေသည်မှာ နှစ်လပင် ရှိနေပြီ ။
အကယ်၍ ယွီလီ တရားဝင် ရာထူးတိုးသွားပြီ ဖြစ်ကြောင်းကိုသာ သူမ သိလိုက်ပါက ပို၍ပင် ဂနာမငြိမ် ဖြစ်နေမိတော့မည် ။
သားဖြစ်သူ တိတ်ဆိတ်နေသည်ကို မြင်လျှင် ကျားကျန်းရှီက မျက်နှာကို တင်းထားရင်း ဆူပူလိုက်သည် ။
" ချင်ဟွိုင်ရု.. နင် ဘာဖြစ်နေတာလဲ.. ဒုံရွှီ တစ်နေကုန် အလုပ်လုပ်ပြီး ပင်ပန်းလာတာကို ညစာစားပြီးမှ မပြောနိုင်ဘူးလား .. "
ချင်ဟွိုင်ရု ချက်ချင်းပင် အလွန် မတရားသလို ခံစားလိုက်ရပြီး မျက်လုံးများ နီရဲလာသည် ။
သူမ မည်သို့ကြောင့် ဤမျှ အလုပ်လုပ်ချင်နေရသနည်း ။ မိသားစုဘဝ ပိုမို ကောင်းမွန်လာစေရန် မဟုတ်ပါလော ။ ဒုံရွှီ၏ ဝန်ထုပ်ဝန်ပိုးများကို မျှဝေခံစားပေးချင်သောကြောင့် မဟုတ်ပါလော ။
" ကိစ္စမရှိပါဘူး အမေ.. ဟွိုင်ရုကို မဆူပါနဲ့ .. "
ကျားဒုံရွှီက ကျားကျန်းရှီကို ခေါင်းခါပြလိုက်ပြီး ချင်ဟွိုင်ရုကို ရှင်းပြလိုက်သည် ။
" ဟွိုင်ရု.. အလုပ်နေရာတွေက အရင်ကထက် ပိုတန်ဖိုးကြီးလာလို့ လောလို့ မရဘူးလေ.. ငါ့ဆရာကလည်း ဒီကိစ္စကို ကြိုးစားပေးနေပါတယ်.. စိတ်ရှည်ရှည်ထားပြီး နည်းနည်းလောက် ဆက်စောင့်ပေးပါအုံး .. "
သူမ၏ ယောက်ျားက ဤသို့ ပြောလိုက်သဖြင့် ချင်ဟွိုင်ရု ခေါင်းသာ ညိတ်ပြနိုင်တော့သည် ။ သူမသာ ဆက်၍ ညည်းညူနေပါက သူမကို အကြောင်းမဲ့ ပြဿနာ ရှာနေသည်ဟု ထင်ကြလိမ့်မည် ။
သို့သော် ကျားကျန်းရှီကတော့ ဂရုမစိုက် ။ နှာခေါင်းရှုံ့ကာ...
" ငါတော့ ထင်တယ်.. အဲ့သောက်အဘိုးကြီးက ကူညီပေးချင်စိတ်ကို မရှိတာ..ဘာတဲ့ ကြိုးစားပေးနေတယ်ဆိုပဲ .. သူ အလုပ်က ပြန်လာရင် အိမ်မှာပဲ ထိုင်နေတာ ဘာတွေကို ကြိုးစားပေးနေတာလဲ .. "
ချင်ဟွိုင်ရုသည် ဤစကားကိုပင် ပြောချင်နေသော်လည်း သူမ ပြောရန် မသင့်တော် ။ ယီကျုံးဟိုင်က ကျားဒုံရွှီ၏ ဆရာ ဖြစ်နေသဖြင့် လင်ယောကျ်ား၏ ဆရာသမားကို စော်ကားရန် မသင့်ပေ ။ ယခု ကျားကျန်းရှီက ပြောလိုက်၍ သူမ ကျေနပ်သွား၏ ။
ကျားဒုံရွှီ၏ မျက်နှာတွင်လည်း ထိုစကားကို ကြားသောအခါ ခါးသီးမှုများ ပေါ်လာ၏ ။
သူ၏ စိတ်ထဲတွင် ထိုအတိုင်းပင် ခံစားနေရသည် ။
သူ နှင့် ယီကျုံးဟိုင် အလုပ်သွား အလုပ်ပြန် အတူ သွားနေကြသည် ။
သူတို့နှစ်ယောက်က အလုပ်ရုံ တစ်ခုတည်းတွင် အတူတူရှိပြီး နေ့လည်စာကိုပင် အတူတူ စားကြသည် ။
သို့သော် ယီကျုံးဟိုင်က အလုပ်မှလွဲ၍ ဘယ်ကိုမှ သွားလေ့ မရှိ ။
သို့တိုင် သူ အကူအညီ တောင်းတိုင်း ယီကျုံးဟိုင်က အလုပ်နေရာ ဝယ်ရသည်မှာ မလွယ်ကူကြောင်း ပြော၍ ဆက်စောင့်ခိုင်းနေသည် ။
အစပိုင်းတွင် သူ သံသယ မဝင်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အရူးတစ်ယောက်ပင်လျှင် ယီကျုံးဟိုင်က ဆင်ခြေများ ပေး၍ အချိန်ဆွဲနေကြောင်း သိနိုင်သည် ။
ချင်ဟွိုင်ရုက ရှုပ်ထွေးဟန်ဖြင့် မေးလိုက်သည် ။
" အမေ.. ဘယ်လိုပဲ စဥ်းစား စဥ်းစား ဒုံရွှီက သူ့တပည့်အရင်းလေ.. ပြီးတော့ သူတို့နှစ်ယောက်မှာ ကလေးလည်း မရှိဘူး.. သူတို့ အသက်ကြီးလာတဲ့အချိန် ဒုံရွှီကိုပဲ အားကိုးရမှာ.. ဘာလို့ ပထမဦးလေးက မကူညီချင်တာလဲ .. "
ကျားဒုံရွှီက သူ့အမေကို ကြည့်လိုက်သည် ။ သူလည်း နားမလည်နိုင် ဖြစ်နေ၏ ။
" ဘာဖြစ်ရမှာလဲ.. ငါ့တို့ မိသားစု ကောင်းစားလာမှာကို သူ မမြင်ချင်လို့ပေါ့ .. "
ကျားကျန်းရှီက နှုတ်ခမ်းစူလိုက်သည် ။
အပြင်လူများက ကျားကျန်းရှီအား ပျင်းရိသည် ။ မတရားသည်များကို တောင်းဆိုတတ်သည် ။ ကြမ်းတမ်းသည်ဟုသာ ပြောကြသည် ။
သို့သော် သူမကို တုံးအသူဟု ထင်နေပါက အကြီးအကျယ် မှားယွင်းသွားပေမည် ။
အဘိုးကြီးကျား ကွယ်လွန်သွားချိန်မှစ၍ သူမသာ ဇက်ဇက်ကျဲ ဖြစ်မနေပါက အပြင်လူများ၏ အနိုင်ကျင့်ခြင်းကို ခံရပြီး သေသွားလောက်ပေပြီ ။
ဤသည်က ဟန်ဆောင်ခြင်းတော့ မဟုတ် ။ သူမ၏ ဗီဇလည်း ဖြစ်သည် ။
သို့သော် အချို့အရာများကိုတော့ သူမ ရှင်းရှင်းလင်းလင်း မြင်နေဆဲပင် ။
" ဘာလို့လဲ .. "
ချင်ဟွိုင်ရုက နားမလည်သေး.....
" တကယ်ဆို ကျွန်မတို့ မိသားစု အဆင်ပြေလာရင် သူ ကျွန်မတို့ကို ထပ်ကူညီစရာ မလိုတော့ဘူးလေ.. ပြီးတော့ ကျွန်မတို့က သူ့ကို ပိုပြီး ကောင်းကောင်း ပြုစုပေးနိုင်မှာမဟုတ်ဘူးလား.... "
" ဟမ့်.. ညည်းက တောသူမ ဆိုတော့ ဘာမှ အကဲခတ်တတ်တာ မဟုတ်ဘူး .. "
ကျားကျန်းရှီ နှာခေါင်းရှုံ့လိုက်ကာ...
" သူ ငါတို့ မိသားစုကို ဘာလို့ ကူညီပေးနေတယ်လို့ ညည်းထင်နေတာလဲ.. အဲ့တာ ငါတို့ကို ကျေးဇူးတင်အောင် လုပ်ဖို့ .. နောင်တစ်ချိန် ဒုံရွှီက သူ အိုလာတဲ့အချိန် စေတနာအပြည့်နဲ့ စောင့်ရှောက် ပေးအောင်လို့ .. ငါတို့ မိသားစု အဆင်ပြေလာရင် ငါတို့အတွက် သူ သိပ်အရေးမပါတော့ဘူးလေ ..."
" ဒါဆို ပထမဦးလေးက ဒုံရွှီ သူ့ကို မစောင့်ရှောက်မှာ ကြောက်လို့ မကူညီတာလား .. "
ချင်ဟွိုင်ရု ရုတ်တရက် သဘောပေါက်သွားသည် ။
ကျားဒုံရွှီက လေးနက်စွာ ပြောလိုက်သည် ။
" မဟုတ်ပါဘူး.. ဆရာက ငါ့အပေါ် အရမ်းကောင်းပါတယ်.. သူ အသက်ကြီးလာတဲ့အချိန် ငါ သေချာပေါက် ပြုစုပေးမှာ .. "
ကျားကျန်းရှီက ထိုစကားကို ကြားလျှင် မျက်လုံးလှန်ပြလိုက်သည် ။
သူမ၏ သားက သားလိမ္မာ ဖြစ်သော်လည်း နည်းနည်းတော့ တုံးလွန်းနေ၏ ။
ယီကျုံးဟိုင်တို့ လင်မယားတွင် ကလေးမရှိ၍ သူတို့ပိုင်ဆိုင်သမျှ ပစ္စည်းအားလုံးက နောင်တစ်ချိန်တွင် သူမတို့ မိသားစုပိုင် ဖြစ်လာမည်ကို စောင့်မျှော်နေသောကြောင့်သာ သူမ၏ သားကို ပြုစုခိုင်းရန် သဘောတူထားခြင်း ဖြစ်သည် ။
ဤသည်က ကျားကျန်းရှီ၏ တကယ့်အကြံပင် ။