အခန်း ၁၇၆
Vol. 17 Ch. 176
Chapter 176
~
အခန်း ၁၇၆ : ကျေးလက်သို့ ခရီးဆန့်ခြင်း...
~
မနက်ခင်း၏ လင်းရောင်ခြည်က ဖြာကျလို့ လာချေပြီ ။
ယန်ကျီဝမ်က သူ၏ ပြိုင်ကားကို မောင်း၍ ချိုင့်ခွက်ထူထပ်သော မြေသားလမ်းအတိုင်း ကျေးလက်ဆီသို့ ဦးတည်လာခဲ့သည် ။
သူ အရင်က ပစ္စည်းဝယ်ယူရန်အတွက် ကျေးလက်သို့ သွားရန် အစီအစဥ် မရှိချေ ။ သို့သော် သူ စက်ရုံသို့ သွားသည့် အကြိမ်တိုင်းတွင် ဌာနခွဲမှူးလျောင်က သူ့အား လိုက်ဖမ်းကာ ရိက္ခာနှင့် ပစ္စည်းအချို့ ရနိုင်မည့် နည်းလမ်းကို ရှာဖွေပေးရန် တောင်းဆိုနေလေ၏ ။
ဤသည်က အတော်လေး ရယ်စရာကောင်းပေသည် ။ ဤမျှကြီးမားသော ဝယ်ယူရေးဌာနကြီးတစ်ခုလုံးတွင် သူတစ်ယောက်ထဲသာ အဝယ်တော် ရှိသည်ဟု မသိသူများ အထင်မှားကြမည် ။
တစ်ကြိမ်နှစ်ကြိမ်ဆိုလျှင် ကိစ္စမရှိသော်လည်း အကြိမ်ရေ များလာပြီး သူ ပစ္စည်းများကို လွယ်လွယ်ကူကူ ရနိုင်ကြောင်း ဌာနခွဲမှူးလျောင် သိသွားပါက နောင်ကျလျှင် သူ စိတ်အနှောင့်အယှက်ဖြစ်၍ သေရချေလိမ့်မည် ။
လူသိမခံဘဲ အေးအေးဆေးဆေးသာ နေလိုသဖြင့် သဘောတူ၍ မဖြစ် ။
ထို့ကြောင့် အနှောင့်အယှက်မှ ကင်းလွတ်အောင် တစ်စုံတစ်ဦးကို မိတ်ဆက်စာတစ်စောင် ရေးခိုင်းကာ ပေကျင်းမြို့မှ ထွက်ခွာလာခဲ့ခြင်းပင်။
အမှန်တော့ ပစ္စည်းဝယ်ယူရန် အကြောင်းပြ၍ ထွက်လာသော်လည်း အခြားအစီအစဥ်များ ရှိနေ၏ ။
ထိုအစီအစဥ်က တောရွာများသို့ သွားကာ ရှေးဟောင်းပစ္စည်း အချို့ကို အဝယ်တော်အဖြစ် လိုက်လံရှာဖွေရန်ပင် ဖြစ်သည် ။
ဆိုရိုးစကား ရှိသည်အတိုင်း ဘေးဒုက္ခကြုံရသော နှစ်များတွင် ကောက်ပဲသီးနှံ ရိက္ခာက ရွှေထက်ပင် ပို၍ အဖိုးတန်သည် ။
ယခုလို ခေတ်ကာလတွင် ရှေးဟောင်းပစ္စည်းများက အဖိုးမတန်သေးဘဲ ရွာသူရွာသားများကလည်း ထိုအရာများ၏ တန်ဖိုးကို နားမလည်ကြချေ ။
အကယ်၍ ယန်ကျီဝမ်က ထိုပစ္စည်းများကို ရိက္ခာဖြင့် လဲမည်ဆိုပါက လူတိုင်းက ဝမ်းသာအားရ လဲပေးကြလိမ့်မည် ။
ထိုပစ္စည်းများ ရှိချင်မှလည်း ရှိမည်ဖြစ်ကာ ကံတရားအပေါ်၌လည်း မူတည်နေသေး၏ ။
သို့သော် သူ ရှာတွေ့လျှင်တော့ ဝယ်ယူ သိမ်းဆည်းထားမည် ဖြစ်သည် ။
ဤသည်က သူ ကျေးလက်သို့ လာရန် သဘောတူခဲ့သည့် စစ်မှန်သော ရည်ရွယ်ချက်ပင် ။
ထိုသို့ မဟုတ်ပါက သူ အပင်ပန်းခံ၍ ဤမျှအဝေးကြီးသို့ လျှောက်သွားနေမည် မဟုတ် ။ မြို့ထဲ၌ နေ့တိုင်း ငါးမျှားရင်း ဇနီးဖြစ်သူနှင့် အတူ အချိန်ကုန်ဆုံးရသည်က ပို၍ ကောင်းမွန်သည် မဟုတ်ပါလော ။
"အမ် .."
သုံးဘီးစက်ဘီးကို အေးအေးလူလူ နင်းလာသော ယန်ကျီဝမ်သည် ရုတ်တရက် မျက်ခုံးတစ်ချက် ပင့်လိုက်မိ၏ ။
မလှမ်းမကမ်းရှိ မျက်တောထဲမှ လူရိပ်နှစ်ခု ရုတ်တရက် ခုန်ထွက်လာသည်ကို သူ မြင်လိုက်ရသောကြောင့်ပင် ။
ထိုသူများက လူငယ်နှစ်ဦး ဖြစ်ပြီး သူတို့ထဲမှ တစ်ယောက်က လက်ထဲတွင် တံစဉ်းတစ်ချောင်းကို ကိုင်ကာ ယန်ကျီဝမ်၏ ရှေ့ တည့်တည့်တွင် ပိတ်ရပ်လိုက်သည် ။
ယန်ကျီဝမ်က စက်ဘီးကို ရပ်လိုက်ပြီး အောက်သို့ ဆင်းကာ ရှေ့က လူနှစ်ယောက်ကို စိတ်ဝင်တစားဖြင့် ကြည့်ရင်း အသာ ပြုံး၍...
" ဒါ ဘာသဘောလဲ .. မင်းတို့ ငါ့ကို ဓားပြတိုက်ဖို့ ကြံနေတာလား .. "
သူ ဤမျှ တည်ငြိမ်နေရခြင်းကလည်း အံ့ဩစရာ မဟုတ်ချေ ။ အဘယ်ကြောင့်ဆိုသော် ထိုလူငယ်နှစ်ဦးက အာဟာရချို့တဲ့ကာ ပိန်လှီခြောက်ကပ်နေပြီး လျှော်ဖွတ်လွန်းသဖြင့် အရောင်လွင့်နေသည့် အဖာတစ်ရာ အဝတ်အစားများကို ဝတ်ဆင်ထားသောကြောင့်ပင် ။
သူတို့၏ ပုံစံကို ကြည့်ရသည်မှာလည်း လေတစ်ချက် တိုက်လျှင် လွင့်သွားနိုင်သည် ။
အကယ်၍ ဤစာခြောက်ရုပ်နှစ်ကောင် မဟုတ်ပါက ယန်ကျီဝမ်သည် သူ၏ လက်နက်ကို ထုတ်ကာ သူတို့ကို ရှင်းလင်းပစ်လိုက်ပြီး ဖြစ်ပေလိမ့်မည် ။
သူ၏ ငါးမျှားအဆင့် တက်လာသည်နှင့်အမျှ ရမှတ်စတိုးအတွင်း၌ ပစ္စည်းအမျိုးအစား စုံလင်လာသည် ။
ထိုအထဲတွင် သေနတ်များပင် ပါဝင်၏ ။
ယန်ကျီဝမ်သည် သေနတ်ကို မြင်ရသောအခါ အလွန် စိတ်လှုပ်ရှားခဲ့သည် ။
သို့သော် ထိုအရာကို အသုံးမလိုသေးသဖြင့် မလဲခဲ့ချေ ။
ယနေ့ ပေကျင်းမြို့မှ ထွက်ခွာလာချိန်တွင် ဘေးအန္တရာယ်နှင့် ကြုံတွေ့ရမည်ကို စိုးရိမ်သောကြောင့် ပစ္စတိုသေနတ်တစ်လက်ကို လဲလိုက်ပြီး ယခုအခါ သူ၏ စနစ်နေရာလွတ်ထဲ၌ ရှိနေသည် ။
သို့သော် ယခုအခါ ဓားပြတိုက်မှုနှင့် တကယ် ကြုံတွေ့လိုက်ရသော်လည်း သေနတ်ကို အသုံးပြုရန် လိုအပ်မည် မဟုတ် ။ နှံပြည်စုတ်ကို အမြှောက်နဲ့ ထုသလို ဖြစ်နေမည် ။
တံစဉ်းကို ကိုင်ထားသည့် လူငယ်က ဟန်မပျက် တည်ငြိမ်အောင် ဟန်ဆောင်ရင်း...
" အသား မနာချင်ရင် ရိက္ခာတွေ ထုတ်ပေးစမ်း .. ငါတို့ မင်းကို လွှတ်ပေးမယ် .. "
သို့သော် သူ၏ တုန်ရီနေသော လက်များက သူ့ကို သစ္စာဖောက်နေ၏ ။
ဤသည်က သူတို့၏ ပထမဆုံးအကြိမ် လုယက်မှု ဖြစ်ပုံရသည် ။
ကျေးလက်တောရွာများတွင် ယခုအခါ အသက်ရှင်ရန်ပင် ခက်ခဲနေကြပြီး အငတ်ဘေးဖြင့် သေဆုံးသူများပင် မနည်းလှပေ ။ မြို့ထဲတွင်လည်း ဤသတင်းက ပြန်နှံ့နေချေသည် ။
ယခု ကြည့်ရသည်မှာ အခြေအနေက ထင်ထားသည်ထက်ပင် ပို၍ ဆိုးရွားနေပုံရသည် ။
ဤလူငယ်နှစ်ဦးသည်လည်း သနားစရာ ကောင်းသော လူများသာ ဖြစ်ကြ၏ ။
သို့သော် ထိုသို့ ဖြစ်လင့်ကစား သူ့ကို ဓားပြတိုက်ရန် ကြံရွယ်ခြင်းကတော့ ကံဆိုးလွန်းသည်ဟုသာ ဆိုရမည် ။
သူသည် မည်သည့်အခါမျှ စိတ်ပျော့တတ်သူတစ်ဦး မဟုတ်ချေ ။
မည်သည့် အကြောင်းပြချက် ရှိနေပါစေကာမူ ဤသည်ကို လက်ခံနိုင်စရာ မရှိ ။
ယန်ကျီဝမ်က လက်နှစ်ဖက်ကို ဖြန့်ပြလိုက်ပြီး...
" ဒါပေမဲ့ ငါ့ဆီမှာ ဘာရိက္ခာမှ ပါမလာဘူး .. "
သူ၏ ပစ္စည်းအားလုံးမှာ နေရာလွတ်ထဲတွင်သာ ရှိနေပြီး အပြင်အိတ်ထဲတွင်မူ မိတ်ဆက်စာ တစ်စောင်သာ ရှိသည် ။
" အိတ် .. အိတ်ကို ငါတို့ မြင်အောင် ဖွင့်ပြ .. "
အခြားလူငယ်တစ်ယောက်က အော်လိုက်သည် ။
ယန်ကျီဝမ်က ဆော့ကစားလိုသောအပြုံးဖြင့် အိတ်ကို ဖွင့်ပြကာ...
" အထဲမှာ တကယ် ဘာမှမရှိဘူး .. မိတ်ဆက်စာတစ်စောင်ပဲ ရှိတာ .. "
" အစ်ကို .. အထဲမှာ ပိုက်ဆံတွေ ရှိတယ် .. "
အိတ်ကို ဖွင့်ခိုင်းသည့် လူငယ်က တံစဉ်းကို ကိုင်ထားသည့် လူငယ်အား မီးဝင်းဝင်းတောက်နေသော အကြည့်ဖြင့် လှမ်းပြောလိုက်သည် ။
ပိုက်ဆံရှိလျှင် သူတို့ ရိက္ခာဝယ်နိုင်မည်ဖြစ်ပြီး စားရအလွန်ခက်ခဲလှသည့် ကွမ်ရင်မြေများကို ဆက်စားနေစရာ မလိုတော့ချေ ။
တံစဉ်းကို ကိုင်ထားသည့် လူငယ်က ခေါင်းအသာ ညိတ်ပြလိုက်ပြီး...
" အိတ်ကို ဒီဘက် လှမ်းပစ်ပေးလိုက် .. "
"ဟူး .."
" ဓားပြတိုက်တာက ရာဇဝတ်မှု မြောက်တယ်ဆိုတာ မင်းတို့ သိလား .. တကယ်လို့ ငါ အကြောင်းကြားလိုက်ရင် ဘာတွေ ဖြစ်လာမလဲဆိုတာ မင်းတို့ သိသင့်တယ် .. "
ယန်ကျီဝမ်က သူတို့နှစ်ဦးထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားရင်း သတိပေးလိုက်သည် ။
" အနားကို ထပ်မတိုးလာနဲ့ .. မဟုတ်ရင် ငါ.. ငါ တကယ် လုပ်လိုက်မှာ .. "
တံစဉ်းကို ကိုင်ထားသည့် လူငယ်က ယန်ကျီဝမ် သူတို့ထံ လျှောက်လာသည်ကို မြင်သောအခါ စိုးရိမ်တကြီးဖြင့် နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး ခါးသီးဟန်ဖြင့်...
" ငါတို့မှာ အခြားရွေးချယ်စရာ မရှိတော့ဘူး .. အသက်ရှင်ဖို့ လုံးဝ လမ်းမရှိတော့လို့သာ ဒီလို လုပ်ရတာ .. "
" ဒါဆိုရင်တော့လည်း ဘာမှ တတ်နိုင်ဘူး .. "
ထိုသို့ ပြောပြီးနောက် ယန်ကျီဝမ်က ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်သည် ။ ထိုလူငယ်နှစ်ဦးက လှုပ်ရှားရန် ပြင်လိုက်သော်လည်း အချိန်အတော်ကြာ ငတ်မွတ်နေသဖြင့် အားအင်ချိနဲ့နေသော သူတို့၏ ခန္ဓာကိုယ်များဖြင့် ယန်ကျီဝမ်၏ ပြိုင်ဘက် မည်သို့ ဖြစ်နိုင်ပါမည်နည်း ။
တစ်မိနစ်ခန့် ကြာပြီးနောက် နှစ်ယောက်စလုံး မြေပြင်ပေါ်သို့ လဲကျသွားသည် ။
ယန်ကျီဝမ်က သူတို့ကို ပြင်းပြင်းထန်ထန် မရိုက်ခဲ့ဘဲ သတိလစ်အောင်သာ လုပ်လိုက်ခြင်းဖြစ်သည် ။
ယန်ကျီဝမ်က ထွက်ခွာရန် ပြင်လိုက်စဥ် တံစဉ်းကို ကိုင်ထားခဲ့သည့် လူငယ်၏ ဘေးနားတွင် အဝါရောင် မုန့်တစ်တုံး ပြုတ်ကျနေသည်ကို ရုတ်တရက် မြင်လိုက်ရသည် ။
သူ စူးစမ်းလိုစိတ်ဖြင့် ကောက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိ၏ ။
ဤသည်က နာမဘ်ကြီး ကွမ်ရင်မုန့်ပင် ။
ကွမ်ရင်မုန့်ဟူသည်က ကွမ်ရင်မြေကြီးများဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး အလွန်အကျွံ စားမိပါက လူကို သေစေနိုင်သည် ။
( စားလို့ရတဲ့ မြေကြီးမျိုး မဟုတ်ဘူးဗျ.. မြေစေး ပုံစံမျိုးပဲ ဝါးလို့ရလို့.. မျိုချလို့ရလို့ ဗိုက်ပြည့်ရင် ပြီးရော စားတာ.. အစာမချေ နိုင်တော့ ခဏခဏ အများကြီးစားရင် အသက်အန္တရာယ် ရှိတယ်.. )
ကြည့်ရသည်မှာ ငတ်မွတ်ခေါင်းပါးမှု အခြေအနေက တစ်နေ့ထက်တစ်နေ့ ပိုမို ဆိုးရွားလာနေပုံရ၏ ။
ထိုကွမ်ရင်မုန့်ကို ပြန်လည် ပစ်ချထားခဲ့ပြီးနောက် သူ၏ သုံးဘီးစက်ဘီးကို နင်းကာ ထွက်ခွာလာခဲ့တော့သည် ။
နှစ်နာရီခန့် ကြာပြီးနောက် သူသည် ရွာတစ်ရွာကို လှမ်း၍ မြင်တွေ့လိုက်ရသည် ။
ကျေးလက်တောရွာများ၏ လမ်းက သွားလာရ အလွန်ခက်ခဲလှသဖြင့် အချိန်အတော်များများတွင် သူ စက်ဘီးကို တွန်းခဲ့ရ၏ ။
ကံကောင်းစွာဖြင့် သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုက သာမန်ထက် များစွာ ပိုနေသည် ။ သို့မဟုတ်ပါက သူ ခံနိုင်ရည် ရှိလိမ့်မည် မထင် ။
ဤအချက်ကို တွေးမိသောအခါ ယန်ကျီဝမ်သည် ရွှီတာမော့ကိုပင် အနည်းငယ် ချီးကျူးမိသွားသည် ။
ရွှီတာမော့သည် တောရွာများသို့ ရုပ်ရှင်ပြရန် မကြာခဏ သွားလေ့ရှိပြီး လေးလံသော ရုပ်ရှင်ပြစက် ကိရိယာများကို သယ်ဆောင်သွားရသည် ဖြစ်၍ ဤမျှအထိ ဆက်တိုက် ခရီးထွက်နိုင်ခြင်းက အံ့ဩစရာ ကောင်းလှပေသည် ။
သူ စက်ဘီးကို ဖြည်းဖြည်းချင်း တွန်းရင်း ရွာဘက်သို့ ဦးတည်လိုက်၏ ။
သူ ဤနေရာသို့ လာခဲ့ခြင်းမှာ လီရှန်းလီ၏ အကြံပြုချက်ကြောင့် ဖြစ်သည် ။
ဤဒေသက ပုံမှန်အားဖြင့် လီရှန်းလီ ပစ္စည်းဝယ်ယူသည့် နယ်မြေ ပင် ။ ယန်ကျီဝမ်သည် ကျေးလက်သို့ ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်သောကြောင့် အခြေအနေကို စမ်းသပ်ကြည့်ရန် လီရှန်လီက ဤနေရာကို လမ်းညွှန်ပေးခဲ့၏ ။
အဝယ်တော်တိုင်းတွင် ကိုယ်ပိုင် နယ်မြေများ ရှိကြပြီး မည်သူမဆို မည်သည့်နေရာသို့မဆို သွားနိုင်သော်လည်း ဤလောက၌ ရေးမထားသော စည်းမျဥ်းတစ်ခု ရှိနေသည် ။
ထိုစည်းမျဥ်းမှာ အဝယ်တော်တစ်ယောက် အရင်ဆုံး ရောက်သွားပါက ထိုနေရာသည် ထိုသူ၏ နယ်မြေအဖြစ် သတ်မှတ်ခြင်းပင် ။
ယန်ကျီဝမ်က လမ်းလျှောက်ရင်း ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ လမ်းဘေးရှိ သစ်ပင်များအားလုံး ပြောင်သလင်းခါနေပြီး သစ်ခေါက်များအားလုံး ခွာစားခံထားရသည်ကို သတိပြုမိလိုက်သည် ။
ဤသည်က ငတ်မွတ်ခေါင်းပါးမှု အခြေအနေမှာ အလွန် ပြင်းထန်သော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ညွှန်ပြနေလေသည် ။
သူ အရင်ဘဝက ကြားသိခဲ့ရသည်ထက်ပင် ပို၍ ဆိုးရွားသည် ။
သူ ရွာအဝင်ဝသို့ ရောက်ရှိချိန်တွင် အသက် ၁၂ နှစ် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးက မျက်ခင်းပြင်ထဲ၌ ဆောင့်ကြောင့်ထိုင်ကာ တောမြက်များကို နှုတ်နေသည်ကို တိုက်တိုက်ဆိုင်ဆိုင် မြင်လိုက်ရသည် ။
သံသယဖြစ်စရာမလိုဘဲ ထိုမိန်းကလေးငယ်သည် မြက်ရိုင်းများကို ချက်စားရန် နှုတ်နေခြင်းပင် ။
" မင်္ဂလာပါ.... "
ယန်ကျီဝမ်က လှမ်း၍ နှုတ်ဆက်လိုက်၏ ။
မိန်းကလေးငယ်က လှည့်ကြည့်လိုက်ရာ သူမသည်လည်း အာဟာရချို့တဲ့သည့် အမူအရာ ရှိနေပြီး အသားအရေက ညိုမည်းကာ ဆံပင်ကို ကျစ်ဆံမြီးသေးသေးလေး နှစ်ဖက် ကျစ်ထားသဖြင့် ကပ္ပလီ မိန်းကလေးငယ်တစ်ဦးနှင့် တူလှပေသည် ။
သို့သော် သူမ၏ ရုပ်ရည်သွင်ပြင်က အတော်လေး ထင်ပေါ်၏ ။ သူမ၏ အသားအရေသာ အနည်းငယ် ပိုဖြူပါက သေချာပေါက် လှပသော မိန်းကလေးတစ်ဦး ဖြစ်လာပေလိမ့်မည် ။
" ရှင် ဘယ်သူလဲ .. ကျွန်မတို့ ရွာကို ဘာလာလုပ်တာလဲ .. "
မိန်းကလေးငယ်က သတိကြီးစွာထား၍ မေးလိုက်သည် ။
သူမ ရွာထဲရှိ လူတိုင်းကို သိသည် ။ ဤလူက အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်ထားပြီး စက်ဘီးတစ်စီးကိုလည်း စီးနင်းလာသဖြင့် မြို့မှ လာသူ ဖြစ်ကြောင်း ထင်ရှားနေသည် ။
သို့သော် သူမတို့ရွာသို့ အပြင်လူများ မလာကြသည်မှာ အချိန်အတော်ကြာခဲ့လေပြီ ။