အခန်း ၁၇၈
Vol. 17 Ch. 178
Chapter 178
~
အခန်း ၁၇၈ : ပန်းကန်လုံး ဝယ်ယူခြင်း
~
" ဦးလေး.. ဆေးလိပ်သောက်ပါအုံး.. "
ယန်ကျီဝမ်က ချင်ယိုတဲကို ဆေးလိပ်တစ်လိပ် ကမ်းပေးလိုက်သည် ။
' အိုး.. အစီခံပါတဲ့ ဆေးလိပ်ပါလား.. '
ချင်ယိုတဲ၏ မျက်လုံးများ အရောင်လဲ့သွားသည် ။ ဤကဲ့သို့သော ဆေးလိပ်မျိုးကို သူ နောက်ဆုံး သောက်ခဲ့ရသည်မှာ ကျားဒုံရွှီက ချင်မိသားစု ရွာသို့ လာရောက် တောင်းရမ်းစဥ်က ဖြစ်သည် ။
သို့သော် ဤဆေးလိပ်က ထိုစဥ်က ကျားဒုံရွှီ ပေးခဲ့သော ဆေးလိပ်ထက်ပင် ပို၍ အဆင့်မြင့်ပုံပေါ်နေ၏ ။
သူ နှမြောသဖြင့် မသောက်ရက်ဘဲ နားရွက်နောက်တွင် ညှပ်ထားလိုက်သည် ။
ချင်ယိုတဲက ...
" ယန်လေး.. ဟွိုင်ရုရဲ့ ယောက္ခမအိမ်က အခြေအနေ ဘယ်လိုရှိလဲ.. "
သူက ကိုယ်ကျိုးရှာလိုသော ရည်ရွယ်ချက်ဖြင့် ဤသို့ မေးလိုက်ခြင်း ဖြစ်သည် ။
အကြောင်းရင်းသည်တော့ သဘာဝကျစွာပင် စားစရာအတွက်သာ ဖြစ်၏ ။
သူ့အစ်ကိုကြီး၏ မိသားစုသည် စားဝတ်နေရေး ခက်ခဲနေသည်မှာ ကြာပြီဖြစ်သော်လည်း သူ အကြိမ်ကြိမ် တိုက်တွန်းခဲ့သည့်တိုင် အစ်ကိုဖြစ်သူက မျက်နှာပူတတ်သဖြင့် မြို့ရှိ ခမည်းခမက်များထံ သွားရောက် အကူအညီတောင်းရန် ငြင်းဆန်ခဲ့သည် ။
သူ့အစ်ကိုသာ ရိက္ခာ အနည်းငယ် ရလာလျှင် သူလည်း အနည်းအကျဥ်း ရနိုင်မည်ဟု မျှော်လင့်မိခဲ့၏ ။
သို့သော် သူ့အစ်ကို ချင်ယိုချိုက်က အမြဲတမ်း ပြောတတ်သည်က...
" မြို့ကလည်း ငါတို့ တောထက် သိပ်မသာပါဘူး.. ဟွိုင်ရုရဲ့ ယောက္ခမတွေလည်း ရုန်းကန်နေရလောက်တယ်.. သူ အဆင်ပြေနေရင်ပဲ လုံလောက်နေပါပြီ.. "
ချင်ယိုတဲ လက်လျှော့လိုက်ရုံမှတပါး ရွေးချယ်စရာ မရှိတော့ပေ ။
ယခု ချင်ဟွိုင်ရု၏ အိမ်နီးချင်းနှင့် တွေ့နေရပြီဖြစ်၍ သူမ မိသားစု၏ အခြေအနေသာ ကောင်းမွန်နေပါက ဤကိစ္စကို သူ့အစ်ကိုနှင့် ထပ်ပြောရန် လိုအပ်သည်ဟု သူ ခံစားလိုက်ရသည် ။
" အခြေအနေက သိပ်မကောင်းလှဘူး.. "
ယန်ကျီဝမ်က ရိုးသားစွာပင် ပြန်ဖြေလိုက်သည် ။
" မြို့ခံတွေက ရိက္ခာခွဲတမ်းနဲ့ စားရတာလေ.. ဒါပေမဲ့ ဦးလေးသိတဲ့အတိုင်း ကျားမိသားစုမှာ ကျားဒုံရွှီ တစ်ယောက်ပဲ ရိက္ခာခွဲတမ်း ရတော့ သူတို့လည်း ငတ်မသေရုံ တမယ်ပါပဲ.. "
" အဲ့လိုလား.. "
ချင်ယိုတဲ တိတ်ဆိတ်သွား၏ ။
ထိုသို့ဆိုလျှင် စားစရာသွားတောင်းရန် မြို့သို့ မသွားနိုင်တော့သဖြင့် သူ အနည်းငယ် စိတ်ပျက်သွားသည် ။
သူ့မိသားစုသာ ရှေ့ဆက်ရပ်တည်ရန် မခက်ခဲပါက သူ ဤကိစ္စကို ထုတ်ပြောမိမည် မဟုတ်ချေ ။
ခဏအကြာတွင်..
ချင်ယိုတဲက ထပ်မေးလိုက်သည် ။
" ယန်လေး.. မင်း ဒီတစ်ခေါက် ငါတို့ရွာကို လာတာ ပစ္စည်းတွေ ဝယ်ဖို့ ဖြစ်ရမယ်.. ဟုတ်တယ်မလား.. "
ယန်ကျီဝမ် ဘာမှ ပြန်မဖြေဘဲ သူ၏ မျက်လုံးများက လက်ထဲရှိ ရေပန်းကန်လုံးဆီသို့သာ စူးစိုက်ကြည့်နေ၏ ။
အဘယ်ကြောင့်ဆိုသော် သူက စနစ်၏ ပြန်လည်အသုံးပြုခြင်း လုပ်ဆောင်ချက်ဖြင့် စမ်းသပ်ကြည့်လိုက်ရာ ဤပန်းကန်လုံးက ရမှတ် ၅၀ အထိ လဲလှယ်နိုင်ကြောင်း တွေ့လိုက်ရသောကြောင့်ပင် ။
သိထားသင့်သည်မှာ သူသည် သူ့အိမ်ရှိ ပစ္စည်းအားလုံးကို စမ်းသပ်ကြည့်ခဲ့ဖူးသော်လည်း မည်သည့်အရာကမှ ရမှတ် တစ်မှတ်ထက် ပိုမရခဲ့ပေ ။
ယခုမူ ဟောင်းနွမ်းနေသော ပန်းကန်လုံး တစ်လုံးက ရမှတ် ၅၀ တန်ဖိုးရှိနေ၏ ။
ဤပန်းကန်လုံးက တကယ်ကို ရှေးဟောင်းပစ္စည်း တစ်ခု ဖြစ်နေသည် ။
' ဒီလိုဆို ချင်ကျင်းရု အိမ်မှာ ဒီထက်မက အများကြီး ရှိနေနိုင်တာပေါ့.. '
' တစ်ရွာလုံးဆိုရင်ရော ဘယ်လိုနေမလဲ.. '
ဤသည်ကို တွေးမိပြီး သူ အလွန် စိတ်လှုပ်ရှားသွားသည် ။
သို့သော် သူ အပြင်သို့ ထုတ်မပြဝံ့ချေ ။ စိတ်ကို တည်ငြိမ်အောင် ပြန်ထိန်းလိုက်ပြီးနောက် သူက မေးလိုက်သည် ။
" ဦးလေး.. ခုနက ဘာပြောလိုက်တာလဲ.. "
ချင်ယိုတဲက ထပ်ပြောသည် ။
" ဒီတစ်ခေါက် ဘာတွေ ဝယ်ဖို့ စီစဥ်ထားလဲလို့ မေးနေတာ.. "
" ကျွန်တော် အကုန်ဝယ်ပါတယ်.. အခြောက်အခြမ်းတွေရော အသားတွေရော အကုန်ရတယ်.. စိတ်မပူပါနဲ့ ကျွန်တော် သေချာပေါက် စျေးကောင်းပေးမှာပါ.. "
ယန်ကျီဝမ်က ပြောသာပြောနေသော်လည်း သူ၏ မျက်လုံးများက လက်ထဲရှိ ပန်းကန်လုံးဆီသို့ တစ်ချက်တစ်ချက် ရောက်သွား၏ ။
ထိုစကားကို ကြားသောအခါ ချင်ယိုတဲ ခေါင်းခါလိုက်ပြီး ကူကယ်ရာမဲ့ဟန်ဖြင့် ....
" ငါတို့အိမ်မှာ ဒီပစ္စည်းတွေ ဘယ်ရှိတော့မလဲ.. ရှိသမျှ အကုန်လုံး စားစရာနဲ့ လဲပစ်လိုက်တာ ကြာပြီ.. "
ယန်ကျီဝမ်က တခြားပစ္စည်းများရော ဝယ်မည်လောဟု သူ စဥ်းစားနေဆဲပင် ။ အကယ်၍ ဝယ်မည်ဆိုပါက ရိက္ခာ အနည်းငယ်နှင့် လဲလှယ်နိုင်ကောင်း၏ ။
" ဒါလည်း ဟုတ်တာပဲ.. "
ယန်ကျီဝမ်က ခေါင်းညိတ်လိုက်ပြီးနောက် လိုရင်းကိုသာ သွားလိုက်သည် ။ သူက လက်ထဲရှိ ပန်းကန်လုံးကို လက်ညှိုးထိုးပြကာ မေးလိုက်၏ ။
" ဦးလေး.. ဒီပန်းကန်လုံး ရောင်းမလား.. "
" ဘာ.. "
ချင်ယိုတဲ ခဏတာ အံ့သြမှင်သက်သွားသည် ။
သူ မယုံကြည်နိုင်ဖြစ်သွားခြင်းပင် ။
အချိန်အတော်ကြာမှ သူ သတိပြန်ဝင်လာ၏ ။
သူက ကြောင်တောင်တောင်ဖြင့် မေးလိုက်သည် ။
" မင်းဆိုလိုတာက.. ငါတို့အိမ်က ဒီပန်းကန်လုံးကို ဝယ်ချင်တာလား.. "
ယန်ကျီဝမ်က ခေါင်းညိတ်လိုက်ပြီး ပြုံး၍ ...
" ဒီပန်းကန်လုံးက တော်တော်ကို လှတယ်.. ကျွန်တော် အရမ်းသဘောကျတယ်.. ကျွန်တော် ကိုယ်ပိုင်အနေနဲ့ ဝယ်လို့ရပါတယ်.. "
" ယန်လေး.. မင်း ဦးလေးကို နောက်နေတာ မဟုတ်ဘူးမလား.. တကယ်ပဲ ဒီပန်းကန်လုံးကို ဝယ်ချင်တာလား.. "
ချင်ယိုတဲက ယန်ကျီဝမ်အား စိုက်ကြည့်ကာ မေးလိုက်သည် ။ နောက်ပြောင်နေမည်ကို သူ စိုးရိမ်နေ၏ ။
ယန်ကျီဝမ်က ပြုံး၍ ပြန်ပြောသည် ။
" တကယ်ပေါ့ဗျ.. ကျွန်တော်က ဒီလို လှပတဲ့ ပစ္စည်းလေးတွေကို သဘောကျတတ်လို့ စုဆောင်းဖို့အတွက် ဝယ်တာပါ.. "
" ကောင်းပြီ.. ကောင်းပြီ.. ငါ့အိမ်မှာ ဒီလို ပန်းကန်လုံးတွေ တော်တော်များများ ရှိသေးတယ်.. မင်း အကုန်လိုချင်လား.. "
ချင်ယိုတဲက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည် ။
' တော်တော်များများ ရှိသေးတယ်ပေါ့.. '
ယန်ကျီဝမ် ဝမ်းသာလုံးဆို့သွား၏ ။
သို့သော် သူ ဟန်လုပ်၍ ပြောလိုက်သည် ။
" တခြားဟာတွေကတော့ ကျွန်တော် မြင်ပြီးမှပဲ သိရမှာပေါ့.. "
" ဒါလည်း ဟုတ်တာပဲ.. "
ချင်ယိုတဲ အနည်းငယ် စိတ်ပျက်သွားသည် ။ ယန်ကျီဝမ်က အကုန်လုံးကို လိုချင်လိမ့်မည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်၏ ။
ခဏတာ တုံ့ဆိုင်းနေပြီးနောက် သူ သတိထား၍ မေးလိုက်သည် ။
" ဒါဆိုရင်.. ယန်လေး.. မင်း ဘယ်လောက် ပေးဖို့ စီစဥ်ထားလဲ.. "
ယန်ကျီဝမ် ခဏ စဥ်းစားလိုက်ပြီးနောက် လက်တစ်ချောင်း ထောင်ပြလိုက်သည် ။
" တစ်မော့လား.. "
ချင်ယိုတဲက အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး သိပ်ကျေနပ်ပုံမပေါ်ချေ ။
ဤပန်းကန်လုံးကို ကောက်ရခဲ့ခြင်းဖြစ်သော်လည်း အသုံးပြု၍ ရနေဆဲဖြစ်ပြီး ဆိုင်မှ ဝယ်လျှင် သာမန်ပန်းကန်လုံး တစ်လုံးပင် ဖန့်အနည်းငယ် ကျသင့်နေပြီ ဖြစ်သည် ။
ပိုကောင်းသည့် ပန်းကန်လုံးများဆိုလျှင် တစ်မော့သို့မဟုတ် နှစ်မော့ခန့် ကျသင့်ပေသည် ။
ယန်ကျီဝမ်က ခေါင်းခါလိုက်ပြီး ရှင်းပြသည် ။
" မဟုတ်ဘူး.. ကျွန်တော် ဆိုလိုတာက တစ်ယွမ်ပါ.. "
ဤသည်က သူ အခြေအနေကို ချိန်ဆပြီးနောက် ဆုံးဖြတ်လိုက်သော စျေးနှုန်းဖြစ်သည် ။ မူလက သူ ငါးဆယ်ဖန့် ( ငါးမော့ ) ပေးရန် စီစဥ်ထားသော်လည်း တစ်ဖက်လူက သဘောမတူမည်ကို စိုးရိမ်ခဲ့၏ ။
အကယ်၍ စျေးအရမ်းများများ ပေးလိုက်လျှင်လည်း တစ်ဖက်လူက ပစ္စည်းကောင်းဟု ထင်သွားပြီး မရောင်းဘဲ နေမည်ကို သူ စိုးရိမ်ရပြန်သည် ။
တစ်ယွမ်ဆိုသည်က အနေတော်ပင် ။
" ဘာ.. တစ်ယွမ်.. "
ချင်ယိုတဲက မယုံကြည်နိုင်စွာဖြင့် အတည်ပြုလိုက်သည် ။
" ယန်လေး.. ငါ ကြားတာ မမှားဘူးမလား.. ငါတို့အိမ်က ပန်းကန်လုံးအတွက် တစ်ယွမ် ပေးမယ်လို့ မင်းပြောလိုက်တာလား.. "
" ဟုတ်တယ်.. "
ယန်ကျီဝမ်က ခေါင်းညိတ်လိုက်ပြီး ပြောသည် ။
" ဒီပန်းကန်လုံးပေါ်က ပန်းချီကို ကျွန်တော် တကယ် သဘောကျလို့ပါ.. ဦးလေး ရောင်းဖို့ ဆန္ဒရှိမယ်လို့ မျှော်လင့်ပါတယ်.. "
" ရောင်းတာပေါ့.. သေချာပေါက် ရောင်းတာပေါ့.. "
ယန်ကျီဝမ် စကားပြန်ရုပ်သိမ်းသွားမည်ကို စိုးရိမ်သဖြင့် ချင်ယိုတဲက ချက်ချင်း ပြောလိုက်သည် ။
" အခုပဲ ယူသွားလို့ရပြီ.. "
ထို့နောက် ချင်ယိုတဲက တုံ့ဆိုင်းဟန်ဖြင့် ....
" ဒါပေမဲ့ ယန်လေး.. ငါ ပိုက်ဆံမယူဘဲ.. ဟိုလေ.. ပြောင်းဖူးမှုန့်နဲ့ လဲလို့ ရနိုင်မလား.. "
စကားပြောပြီးနောက် သူ၏ အိုမင်းနေသော မျက်နှာကြီး နီရဲသွားသည် ။ ဤတောင်းဆိုချက်က တကယ်ကို အနည်းငယ် လွန်ကဲနေပေသည် ။
ယနေ့ခေတ်တွင် ပိုက်ဆံရှိလျှင်ပင် စားစရာဝယ်၍ ရနိုင်မည်မဟုတ်ကြောင်း သိထားရမည် ။
' ပြောင်းဖူးမှုန့်လား.. '
ယန်ကျီဝမ်က တစ်ခဏ တွေဝေနေဟန် ဆောင်လိုက်ပြီးနောက် ပြန်ပြောသည် ။
" ကောင်းပါပြီ.. ဒီတစ်ခေါက် ကျွန်တော် ပြောင်းဖူးမှုန့်နည်းနည်း ပါလာလို့ တော်သေးတာပေါ့.. ဒါပေမဲ့ ဦးလေးလည်း သိတဲ့အတိုင်း အခုက စျေး ကြီးတယ်လေ.. ဦးလေးက ပြောင်းဖူးမှုန့်လိုချင်တယ်ဆိုရင်တော့ ကျွန်တော် ၅ ကျင်းပဲ ပေးနိုင်မယ်.. "
" လောက်ပါတယ်.. အဲ့ဒါဆို လုံလောက်ပါပြီ.. "
ချင်ယိုတဲ အလွန် ဝမ်းသာသွားသည် ။
သူ ကံစမ်းကြည့်ရုံသာ ဖြစ်ပြီး ယန်ကျီဝမ်က တကယ် သဘောတူလိမ့်မည်ဟု မထင်ထားခဲ့ပေ ။
ဤ ၅ ကျင်းကို အထင်မသေးသင့် ။ ခြိုးခြံ၍ စားပါက တစ်လခန့် အသုံးခံသည် ။
ဆိုလိုသည်က တခြားအရာများနှင့် ရောနှော၍ စားခြင်းကို ပြောခြင်းဖြစ်သည် ။ ထိုသို့မဟုတ်ဘဲ သူ၏ မိသားစုရှိ လူများစွာ စားမည်ဆိုပါက ရက်အနည်းငယ် ခံလျှင်ပင် တော်နေလေပြီ ။
ယန်ကျီဝမ်က အိတ်ထဲတွင် မွှေနှောက် ရှာဖွေနေဟန် ဆောင်လိုက်သော်လည်း တကယ်တမ်းတွင်မူ သူက ရမှတ် စတိုးဆိုင်မှ လဲလှယ်လိုက်ခြင်း ဖြစ်သည် ။
ထို့နောက် သူ အိတ်တစ်အိတ်ကို ထုတ်ယူလိုက်ရာ ထိုအိတ်ထဲတွင် ၅ ကျင်း အတိအကျ ပါဝင်နေ၏ ။
ချင်ယိုတဲက အိတ်ကို ချက်ချင်း လုယူလိုက်သကဲ့သို့ ဖမ်းဆွဲလိုက်ပြီး ရင်ခွင်ထဲတွင် ပိုက်ထားကာ ပြောလိုက်သည် ။
" ယန်လေး.. အဲ့ပန်းကန်လုံးက မင်းဟာ ဖြစ်သွားပြီ.. ပစ္စည်းနဲ့ ငွေ ရှင်းသွားပြီဆိုတော့ မင်း စကားပြန်ရုပ်သိမ်းလို့ မရတော့ဘူးနော်.. "
" ကျွန်တော် စကားပြန်မရုပ်သိမ်းပါဘူး.. "
ယန်ကျီဝမ်က ခေါင်းခါလိုက်ပြီး ရယ်လိုက်သည် ။
မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူ၏ လုပ်ရပ်ကို သူ အလွန် နားလည်သည် ။ ဤ ပြောင်းဖူးမှုန့် အနည်းငယ်ကို အထင်မသေးသင့်ချေ ။ အသက်များကို ကယ်တင်နိုင်၏ ။
" အစ်ကိုယန်.. ညီမလေး လုပ်ထားတဲ့ ဟင်းရွက် ဖက်ထုပ်လေးတွေကို မြည်းကြည့်ပါအုံး.. "
ထိုစဥ် ချင်ကျင်းရုက ပန်းကန်တစ်လုံး ကိုင်၍ ထွက်လာ၏ ။
သူမက ခြံထဲရှိ သစ်ငုတ်တိုပေါ်တွင် ပန်းကန်ကို တင်လိုက်ပြီး ယန်ကျီဝမ်ကို ပြောလိုက်သည် ။
" အစ်ကိုယန်.. မြန်မြန် စားကြည့်ပြီး အရသာ ရှိမရှိ ပြောပြပါအုံး.. "
" ကျေးဇူးပါပဲ.. "
ယန်ကျီဝမ်က ပန်းကန်ထဲရှိ မည်းနက်နေသော ဖက်ထုပ်များကို ကြည့်ပြီး မည်သို့ စားရမည်ကို တကယ် မသိတော့ချေ ။
ချင်ကျင်းရု မျက်နှာပေါ်ရှိ မျှော်လင့်ချက်များကို မြင်သောအခါတွင်လည်း သူ မငြင်းဆန်ရက် ။
ထို့ကြောင့် သူ ရွေးချယ်စရာ မရှိတော့ဘဲ ဖက်ထုပ်တစ်လုံးကို ကောက်ကိုင်လိုက်ကာ အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ပါးစပ်ထဲသို့ ထည့်၍ ဝါးစားလိုက်သည် ။
ထို့နောက် သူ မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိ၏ ။
အရသာ မရှိဘူးဟု မဆိုသာသော်လည်း စားချင်စရာတော့ မကောင်းလှ ။
ခါးသက်သက်နှင့် အနည်းငယ် ညှီစို့စို့ အရသာက သူ၏ ခံတွင်းတစ်ခုလုံးတွင် ပြည့်နှံ့သွားသည် ။
ဝါးလိုက်တိုင်း ယန်ကျီဝမ်၏ မျက်မှောင်ကြုတ်မှုက ပို၍ နက်ရှိုင်းလာ၏ ။
နှစ်မိနစ်ခန့် အကြာတွင် ယန်ကျီဝမ်က ငိုသည်ထက် ဆိုးရွားသော အပြုံးကို အတင်း ဖန်တီးလိုက်ပြီး...
" အရမ်း အရသာရှိတာပဲ.. "
ထိုစကားကို ကြားသောအခါ ချင်ကျင်းရုက ပျော်ရွှင်စွာ ပြုံးလိုက်ပြီး...
" အရသာရှိရင် များများစားလေ.. ညီမလေး အများကြီး လုပ်ထားတာ.. "
ယန်ကျီဝမ် ... " ... "