အခန်း ၁၀၂
Vol. 11 Ch. 102
အခန်း ၁၀၂: ရှေးဟောင်း ကြေးဝါတံခါး
ရှားယီယီက လုရန်ကို ကြည့်လိုက်ကာ သူမ၏ မျက်လုံးများ တောက်ပသွားသည်။
သူမသည် လုရန်ကိုယ်တိုင်ထက်ပင် ပို၍စိတ်လှုပ်ရှားနေပုံရသည်။
"အဲ့ဒါ တကယ်ပဲ အချိန်နိယာမလား..."
ရှားယီယီက မသေချာစွာ ထပ်မေးလိုက်သည်။
"ဟုတ်တယ်..."
လုရန်က ခေါင်းညိတ်လိုက်၏။
အတည်ပြုချက်ကို ရရှိပြီးနောက် ရှားယီယီက နေရာတွင် အကြိမ်အနည်းငယ် ခုန်ပေါက်လိုက်ပြီး သူမက စိတ်လှုပ်ရှားစွာ ပြောဆိုသည်။
"ဒါက မဟာနိယာမ သုံးခုထဲက တစ်ခုလေ... ဘုရားရေ... ဒါ တကယ်လား..."
ရှားယီယီက သူ့ထက် ပိုစိတ်လှုပ်ရှားနေပုံရသဖြင့် လုရန် အံ့အားသင့်သွားတော့သည်။
သူက ထူးဆန်းသော မျက်နှာအမူအရာဖြင့် ပြောဆိုသည်။
"မင်းရဲ့ နိယာမကလည်း မဟာနိယာမသုံးခုထဲက တစ်ခုဖြစ်တဲ့ လေဟာနယ် နိယာမပဲလေ... ငါ့ကို မနာလိုဖြစ်စရာ ဘာအကြောင်းမှ မရှိဘူး..."
သို့သော် ရှားယီယီက ခေါင်းခါယမ်းပြီး သူမက ပြောဆိုလိုက်၏။
"မတူဘူး... အချိန်နိယာမက လေဟာနယ် နိယာမ ထက် အများကြီး ပိုကြောက်စရာကောင်းတယ်..."
လုရန်သည် အချိန်နိယာမကို အသုံးပြုရာတွင် မကျွမ်းကျင်သေးပေ။ သူသည် ထိုနိယာမကို အချိန်နောက်ပြန်ဆုတ်ခြင်း အတွက်သာ အသုံးပြုခဲ့သည်။ ဤသည်က လေဟာနယ်နိယာမထက် မည်သို့ သာလွန်သည်ကို တိကျသောအယူအဆ သူ့ထံတွင် မရှိခဲ့ပေ။
"သွားရအောင်... ငါတို့ ရှေးဟောင်း ကြေးဝါတံခါးကို သွားမယ်... ရက်နည်းနည်းပဲ လိုတော့တယ်ဆိုတော့ အဲ့ဒီမှာပဲ ငါတို့ စောင့်မယ်... ဒီတစ်ခေါက် ငါ အပြည့်အဝ ပြင်ဆင်ထားတယ်... ဘယ်သူမှ ထပ်သေမှာ မဟုတ်တော့ဘူး..."
ရှားယီယီက ရုတ်တရက် ထပ်မံ၍ ပြောဆိုသည်။
သူမသည် အမှန်တကယ်ကို စိတ်မြန်လှ၏။ အစောပိုင်းက အချိန်နိယာမနှင့် ပတ်သက်ပြီး သူမ အလွန် စိတ်လှုပ်ရှားနေပုံရသော်လည်း ယခုအချိန်၌ ထိုအကြောင်းကို သူမ ဂရုမစိုက်တော့ချေ။
ထိုသို့ပြောဆိုပြီးနောက်...
ရှားယီယီသည် မြေကြီးပေါ်သို့ တိုက်ရိုက်ဆင်းသက်လိုက်ပြီး ဖြူဖွေးသော နှင်းများပေါ်သို့ နင်းဖြတ်ကာ လျှောက်လှမ်းလိုက်သည်။
လုရန်က သူမ၏နောက်သို့ လိုက်ပါသွားလေ၏။
ရှားယီယီသည် တည်နေရာကို သိရှိရန် ပတ်ဝန်းကျင်ကိုကြည့်ပြီး ပြောလိုက်သည်။
"ဒီဘက်ပဲ..."
ထိုသို့ပြောဆိုပြီးနောက်...
သူမက လက်ယာဘက်သို့ လျှောက်လှမ်းသွားလေသည်။ လုရန်က သူမ၏နောက်မှ လိုက်သွားပြီး ရှေ့သို့ကြည့်လိုက်၏။
ဤနေရာတွင် မိုးထိအောင် မြင့်မားသော တောင်များ ရှိနေပြီး ထိုအရာအားလုံးကို ဖြူဖွေးသော နှင်းများဖြင့် ဖုံးလွှမ်းနေသည်။ မည်သည့်ထူးခြားချက်ကိုမျှ သူ မမြင်ခဲ့ချေ။
သို့သော် မိနစ်အနည်းငယ် အကြာတွင်...
ရှားယီယီ၏ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသည်။
ထို့နောက် သူမက တီးတိုးရေရွတ်လိုက်သည်။
"ဒီနေရာပဲ... ရှပြည်နယ်ကနေ အလယ်ပိုင်းပြည်နယ်ကို သွားမယ့် ဒီခရီးစဉ်မှာ ငါတို့ နှစ်ယောက်တည်းပဲ ရှိမှာ..."
လုရန် ဇဝေဇဝါ ဖြစ်သွားသည်။ ဤနေရာတွင် ဘာမျှမရှိပေ။
ဤသည်မှာ သာမန်တောင်စောင်း တစ်ခုမျှသာ မဟုတ်လော...
သူက ပေါ့ပေါ့ပါးပါး မေးမြန်းသည်။
"အရင်က လူတွေ အများကြီး ရှိခဲ့လား..."
ရှားယီယီက တုံ့ပြန်အဖြေပေးသည်။
"သိပ်မများပါဘူး... တခါတလေ အသေးအမွှားလေးတွေက ရှေးဟောင်း ကြေးဝါတံခါးကနေ အပြန်အလှန် ခရီးသွားတတ်ပေမဲ့ အဲ့ဒါက ရှားပါတယ်... အင်မော်တယ်ဧကရာဇ်တွေ ပိုများတယ်..."
'အသေးအမွှားလေးတွေ' ဆိုသည်မှာ ထိုအချိန်က အလယ်ပိုင်းနယ်မြေသို့ သွားခဲ့သော ကုဟိုင်ကဲ့သို့သော လူများဖြစ်ကြောင်း လုရန် အကြမ်းဖျင်း နားလည်သွားသည်။
အင်မော်တယ်ဧကရာဇ်များနှင့် ပတ်သက်၍မူ ရှားယီယီက သူတို့အားလုံးကို အမဲလိုက်ပြီးပြီ ဖြစ်ပေ၏။
"ဒါက အဲ့ဒီနေရာပဲလား... ဒီမှာ ဘာမှမရှိဘူးလေ..."
လုရန်က ပြောဆိုသည်။
"ဘာလောနေတာလဲ... အချိန်တန်ရင် အဲ့ဒါက ထွက်ပေါ်လာလိမ့်မယ်..."
ရှားယီယီက သူမ၏လက်ကို ဝှေ့ယမ်းပြီး ပြောဆိုသည်။
"ပြီးတော့... ဒီတစ်ခေါက် ဘယ်သူမှ သေမှာ မဟုတ်ဘူးလို့ မင်း ခုလေးတင် ပြောခဲ့တယ်လေ... အဲ့ဒါ ဘာအဓိပ္ပာယ်လဲ... ရှေးဟောင်းကြေးဝါတံခါးက အန္တရာယ်များလို့လား..."
လုရန်က ဆက်မေးလိုက်သည်။
သူ့ထံတွင် ရှေးဟောင်း ကြေးဝါတံခါးနှင့် ပတ်သက်၍ မည်သည့်အသိပညာမျိုးမျှ မရှိချေ။
ကုဟိုင်ကလည်း ထိုအချိန်က အသေးစိတ် မပြောပြခဲ့ပေ။
ရှားယီယီက စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
"အဲ့ဒါက အန္တရာယ်များတယ် မပြောနိုင်ပေမဲ့ လုံးဝ လုံခြုံတာတော့ မဟုတ်ဘူး... နင့်ရဲ့ နယ်ပယ် နိမ့်လေလေ ပိုလုံခြုံလေလေပဲ... နင့်ရဲ့ နယ်ပယ် မြင့်လေလေ ပိုအန္တရာယ်များလေလေပဲ... ရှပြည်နယ်ကို ငါ လာတုန်းက လူအများကြီး ခေါ်လာခဲ့တယ်... ဒါပေမဲ့ အဆုံးမှာတော့ အဲ့ဒီလျှိုမျိုးရိုးနဲ့ လူတစ်ယောက်ပဲ အသက်ရှင်ခဲ့တယ်... နည်းနည်းတော့ နှမြောစရာပဲ..."
ရှားယီယီ၏ ရှင်းပြချက်မှာ ပို၍ပင် ဝေဝါးနေသဖြင့် လုရန်ကို ဝေခွဲမရ ဖြစ်သွားစေတော့သည်။
သူ မေးမြန်းခြင်းကို ရိုးရှင်းစွာ ရပ်တန့်လိုက်၏။ သူ မေးလျှင်ပင် နားလည်မည် မဟုတ်သဖြင့် အချိန်တန်လျှင် စောင့်ကြည့်ရုံသာ ရှိတော့မည်ဟု တွေးတောလိုက်သည်။
ထိုလျှိုမျိုးရိုးနှင့်အမျိုးသားနှင့် ပတ်သက်၍မူ သူသည် အသက်ရှင်ကျန်ရစ်သော တစ်ဦးတည်းသော အင်မော်တယ်ဧကရာဇ် ဖြစ်နိုင်ခြေရှိသည်။
သို့သော် မမျှော်လင့်ဘဲ အဆုံးသတ်တွင် သူသည် အလယ်ပိုင်းပြည်နယ်သို့ ပြန်မသွားနိုင်ခဲ့ချေ။
ထိုအစား ရှေးဟောင်းကြေးဝါတံခါး ပွင့်တော့မည့်အချိန်တွင် ရှားယီယီက သူ့ကို ပေါ့ပေါ့ပါးပါး သတ်ပစ်လိုက်ခြင်းပင်။
လုရန်က အနည်းငယ် ထူးဆန်းနေသကဲ့သို့ ခံစားလိုက်ရသည်။ အကယ်၍ ရှေးဟောင်းကြေးဝါတံခါးက ထိုမျှ အန္တရာယ်များပါက ကုဟိုင်က မည်သည်ကြောင့် ထိုအကြောင်းကို မပြောခဲ့သနည်း။
ထို့ပြင် ထိုအချိန်က ကုဟိုင်၏နယ်ပယ်မှာ အစစ်အမှန် အင်မော်တယ်တစ်ယောက်သာ ဖြစ်နိုင်သည်။ သူသည် စိတ်ဝိညာဉ်ဆေးပင်များကို စွဲလမ်းမှုကြောင့် အလယ်ပိုင်းနယ်မြေသို့ သွားခဲ့သော ထင်ရာစိုင်းတတ်သည့် လူငယ်တစ်ဦးပင်။
ကုဟိုင် မသေခဲ့ခြင်းမှာ ကံကောင်းခြင်းသာ ဖြစ်ပေ၏။
သို့သော် ရှားယီယီ ပြောသကဲ့သို့ ကျင့်ကြံဆင့်နယ်ပယ် နိမ့်ပါးလေလေ ရှေးဟောင်းကြေးဝါတံခါးအတွင်း၌ ပို၍ လုံခြုံလေလေလည်း ဖြစ်နိုင်ချေရှိသည်။
နောက်ထပ် ရက်အနည်းငယ်အကြာတွင်...
သူတို့သုံးဦးသား ဤနှင်းဖုံးနေသော တောင်စောင်းတွင် နေထိုင်ခဲ့ကြသည်။
ဤရက်များအတွင်း တခြားသူများ ရောက်လာကြသည်ကို မြင်တွေ့နိုင်ပေ၏။ ရှေးဟောင်းကြေးဝါတံခါး ပွင့်တော့မည်ကို မြင်သောအခါ လူတချို့ကလည်း အလယ်ပိုင်းနယ်မြေသို့ သွားလိုကြသည်။
သူတို့သည် အုပ်စုငယ်များဖြင့် လာကြပြီး လူများပြားခြင်း မရှိချေ။
သို့သော် ရောက်လာသူတိုင်းကို ရှားယီယီက သုတ်သင်ရှင်းလင်းလိုက်သည်။
ရှပြည်နယ်၏ အင်မော်တယ်ဧကရာဇ် ကျွမ်းကျင်သူများကို ရှားယီယီက ကြာမြင့်စွာကတည်းက သတ်ဖြတ်ခဲ့ပြီးလေပြီ။
ယခုရောက်လာနိုင်သူများမှာ နှိုင်းယှဉ်ချက်အရ ကျင့်ကြံဆင့်နယ်ပယ် နိမ့်ပါးသူများသာ ဖြစ်ကြ၏။
အင်မော်တယ်ဧကရာဇ် တစ်ပါးအနေဖြင့် ရှားယီယီသည် ဤလူများကို သတ်ဖြတ်ရန် အတွေးတစ်ချက်သာ လိုအပ်သည်။ လေဟာနယ် ဖျက်ဆီးခြင်းက သူတို့ကို ဤလောကကြီးမှ လုံးဝပျောက်ကွယ်သွားစေနိုင်သည်။
ဤလူများကို သူမ မည်သည်ကြောင့် သတ်ရသနည်းဟု လုရန်က ရှားယီယီကို မေးလိုက်သည်။
ရှားယီယီ၏တုံ့ပြန်မှုမှာ အလွန်တည်ငြိမ်နေပြီး သူမက ပြောဆိုသည်။
"ငါက လူအုပ်ကြီးကို မကြိုက်ဘူး... ပြီးတော့ လူများလွန်းရင် နောက်ပိုင်း ကိုင်တွယ်ရခက်လာတယ်..."
သူမက တည်ငြိမ်စွာ ပြောလိုက်သော်လည်း လုရန် အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားသည်။
လုရန်သည် လူစိမ်းများ၏ အသက်ကို ဂရုမစိုက်သော်လည်း ဤသည်မှာ ဂရုမစိုက်ခြင်း သက်သက်သာ ဖြစ်ပေ၏။
ထိုအချက်သည် ရှားယီယီနှင့် လုံးလုံးလျားလျား ကွာခြားသည်။ သူမ၏သဘောထားမှာ အဆင့်မြင့်သူတစ်ဦးက ပုရွက်ဆိတ်များကို လျစ်လျူရှုထားခြင်းနှင့် ပို၍တူညီသည်။
ရှားယီယီအတွက် လူသတ်ခြင်းသည် တောရိုင်းတိရစ္ဆာန် အနည်းငယ်ကို သတ်ခြင်းနှင့် အမှန်တကယ်ကို ဘာမျှမကွာခြားချေ။
သူမသည် အကြောင်းပြချက် မလိုအပ်ဘဲ သူမ သတ်ချင်လျှင် သတ်လိုက်ခြင်းသာ ဖြစ်နေသည်။
သတ်ဖြတ်ပြီးနောက်တွင် သူမထံ၌ တခြားအတွေးများ မရှိဘဲ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တည်ငြိမ်လှသည်။
ဤရက်များအတွင်း လုရန်သည် သူ၏ နေ့စဉ်တက်ရောက်စာရင်းသွင်းခြင်းကို ဆက်လက်၍ ထိန်းသိမ်းထားခဲ့သည်။
သို့သော် ကံမကောင်းစွာဖြင့်...
အထူးအဖြစ်အပျက်များ မဖြစ်ပေါ်ခဲ့သောကြောင့် တက်ရောက်စာရင်းသွင်းခြင်းမှ ဆုလာဘ်များအားလုံးမှာ အမှိုက်များသာ ဖြစ်နေပေ၏။
အမြင့်ဆုံးရမှတ်တစ်ခုလေးမျှပင် မပါဝင်ခဲ့ချေ။
"ရှေးဟောင်း ကြေးဝါတံခါးကို ဖြတ်သန်းသွားလာရတာက အရေးကြီးတဲ့ အဖြစ်အပျက်တစ်ခု မဟုတ်ဘူးလား... ရှားယီယီရဲ့ အဆိုအရဆိုရင် အဲ့ဒါက အတော်လေး အန္တရာယ်များတယ်... ဒါပေမဲ့ ဒီစနစ်က ငါ့ကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ တစ်ခုခုတောင် မပေးဘူး..."
လုရန် အလွန်စိတ်မကျေမနပ် ဖြစ်နေခဲ့သည်။
ပဉ္စမမြောက်နေ့တွင်...
လုရန်သည် ဤတောင်ပေါ်တွင် နေရသည်ကို သေလုမတတ် ပျင်းရိနေလေပြီ။
နှင်းဖုံးနေသော တောင်ပေါင်းတစ်သိန်း၏ လှပသော မြင်ကွင်းသည် သူ့အတွက် ဆွဲဆောင်မှု မရှိချေ။
အောက်ဘုံတွင် နှစ်တစ်သိန်းကြာ နေထိုင်ခဲ့ရသဖြင့် လုရန်သည် သူ၏အချိန်အများစုကို တောတောင်များထဲတွင် ကုန်ဆုံးခဲ့သည်။ မည်ကဲ့သို့ မြင်ကွင်းမျိုးကို သူ မမြင်တွေ့ဖူးဘဲ နေမည်နည်း။
ကံကောင်းထောက်မစွာဖြင့် ယနေ့သည် ရှေးဟောင်း ကြေးဝါတံခါး ပွင့်မည့်နေ့ပင်။
"အချိန်ကျခါနီးပြီ... ငါ့အနားဘဲ ကပ်နေ...ဘယ်မှလျှောက်မသွားနဲ့..."
ရှားယီယီက လုရန်ကို ပြောလိုက်သည်။
ထို့နောက်....
သူမသည် အာရုံစိုက်ကာ ဦးတည်ချက်တစ်ခုသို့ စိုက်ကြည့်နေပေ၏။
လုရန် မော့ကြည့်လိုက်သော်လည်း ယခင်ကကဲ့သို့ အတူတူသာဖြစ်ပြီး ဘာမျှ မရှိချေ။
သို့သော် လုရန် ကျင့်သားရနေလေပြီ။
စိတ်ဝိညာဉ်နယ်မြေ၊ ရှေးဟောင်းကြေးဝါတံခါးတိုါနှင့် ပတ်သက်၍ သူသည် လုံးလုံးလျားလျား အတွေ့အကြုံမရှိသေးသူတစ်ဦးပင်။ သူ နားမလည်သည့်အပြင် မေးလည်းမမေးတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူ ထိုကိစ္စကို အာရုံမစိုက်နိုင်တော့သောကြောင့်ပင်။
မိနစ်အနည်းငယ် အကြာတွင်...
ခရက်...
လေဟာနယ်တွင် အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာတော့သည်။
အစပိုင်းတွင် ရှားယီယီက ထိုသို့ဖြစ်အောင် ပြုလုပ်လိုက်သည်ဟု လုရန်က တွေးထင်ခဲ့ပေ၏။
သို့သော် တစ်ခုခု မှားနေပြီကို သူ နားလည်သဘောပေါက်သွားခဲ့သည်။
အက်ကွဲကြောင်းသည် ကြီးသထက် ကြီးလာပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ဆုတ်ဖြဲနေတော့သည်။
ပင့်ကူအိမ်ကဲ့သို့ သေးငယ်သော အက်ကွဲကြောင်းများအဆက်မပြတ် ပြန့်ကားထွက်လာပြီး သူ၏ အမြင်အာရုံ ကန့်သတ်ချက်ထက် ကျော်လွန်သော နေရာများအထိ ပျံ့နှံ့သွားသည်။
အက်ကွဲကြောင်းများ အရေးကြီးသော အမှတ်တစ်ခုသို့ ရောက်ရှိသွားသောအခါ...
ဝုန်း...
ပတ်ဝန်းကျင်ရှိ လေဟာနယ်တစ်ခုလုံး ပျက်စီးသွားသည်။
မည်းနက်ပြီး မယုံနိုင်လောက်အောင် နက်ရှိုင်းသော လေဟာနယ်မြစ်တစ်စင်းသည် သူတို့အပေါ်တွင် ဖြတ်သန်းသွားပေ၏။
လေဟာနယ် အပိုင်းအစငယ်လေးများသည် ထိုမြစ်၏ နံဘေးပတ်လည်တွင် ဖြည်းညှင်းစွာ လွင့်မျောနေသည်။
"အဲ့ဒီလေဟာနယ် အပိုင်းအစတွေကို မကိုင်နဲ့... အဲ့ဒါတွေက ကောင်းကင်တာအို စည်းမျဉ်းအဆင့်မှာ ထက်ရှတယ်... ဘယ်လို ကာကွယ်မှုမျိုးမှ အလုပ်လုပ်မှာ မဟုတ်ဘူး... သတိထား... မဟုတ်ရင် မင်းရဲ့လက်တစ်ဖက် ဒါမှမဟုတ် ခြေထောက်တစ်ဖက် ဆုံးရှုံးသွားလိမ့်မယ်..."
ရှားယီယီက သူမ၏လက်ကို ဝှေ့ယမ်းရင်း ပြောဆိုသည်။
ထို့နောက် သူမ၏လေဟာနယ် နိယာမစွမ်းအားကို အသုံးပြုကာ အနီးအနားရှိ ပြန့်ကျဲနေသော လေဟာနယ် အပိုင်းအစများအားလုံးကို တွန်းဖယ်လိုက်သည်။
လုရန်က မော့ကြည့်လိုက်သည်။
ရှားယီယီ၏ လေဟာနယ် နိယာမ ကြိုးကိုင်ခြယ်လှယ်မှုကြောင့် ဖြစ်ပေါ်လာသော ဖျက်ဆီးခြင်းနှင့် မတူဘဲ ဤလေဟာနယ် မြစ်အတွင်း၌ လေဟာနယ် ရေစီးကြောင်းများ မရှိချေ။ ထိုအရာသည် ထူးထူးခြားခြား တည်ငြိမ်နေပုံရပေ၏။
ထို့ပြင် ဤနက်ရှိုင်းသော လေဟာနယ် အတွင်း၌ ဧရာမတံခါးကြီးတစ်ခု တည်ရှိနေသည်။
လုရန် စိတ်ကူးထားသကဲ့သို့ပင် ကောင်းကင်ထိတိုင်အောင် မြင့်မားသော ကျောက်တိုင်နှစ်ခုက ထိုတံခါးကို ထောက်ပံ့ပေးထားသည်။ တံခါးနှစ်ချပ်ကို ဧရာမကျောက်တုံးကြီးဖြင့် ထွင်းထုထားပေ၏။
ဘယ်ဘက်တံခါးတွင် မြစ်များ၊ တောင်များ၊ အင်းဆက်များနှင့် သားရဲများ၏ပုံစံများကို ထွင်းထုထားသည်။
ညာဘက်တံခါးတွင် နေ၊ လ၊ ကြယ်များနှင့် ကြယ်တာရာမြစ်တစ်ခုလုံးကို ထွင်းထုထားသည်။
"သွားကြစို့..."
ရှေးဟောင်း ကြေးဝါတံခါး ထွက်ပေါ်လာသည်ကို မြင်သောအခါ ရှားယီယီသည် ချက်ချင်း ရှေ့သို့ တက်ကာ လေဟာနယ် အက်ကွဲကြောင်းအတွင်းသို့ ဝင်ရောက်သွားတော့သည်။