အခန်း ၁၀၆
Vol. 11 Ch. 106
အခန်း ၁၀၆: တကယ်ကို နဂါးတံခါး အနက်ရောင်တည်းခိုခန်းပဲ
ဤအချိန်တွင် လူတိုင်း ဆွံ့အသွားကြသည်။
စားသောက်ဆိုင်တစ်ဆိုင်လုံးတွင် တိတ်ဆိတ်မှုသည် လွှမ်းမိုးသွားပေ၏။
လှေကားမှ ယခုလေးတင် ဆင်းလာသော ဆိုင်ရှင်မိန်းမပင်လျှင် လုရန်ကို မယုံနိုင်စွာ ကြည့်ရင်း သူမ၏ ခြေလှမ်းများ ရပ်တန့်သွားတော့သည်။
ယနေ့ အငြင်းပွားမှုကို မည်သို့ ဖြေရှင်းရမည်အား သူမ စီစဉ်နေခဲ့သည်။
ဤသခင်လေးခုနစ်သည် ကိုင်တွယ်ဖြေရှင်းရန် လွယ်ကူသူ မဟုတ်ချေ။
သို့သော် မမျှော်လင့်ဘဲ ထိပ်တိုက်တွေ့ဆုံမှု တစ်ကြိမ်အပြီးတွင် သခင်လေးခုနစ်၏ခေါင်း မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
လုရန်သည် ကြမ်းပြင်ပေါ်ရှိ အလောင်းကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် သခင်လေးခုနစ် ၏နောက်ရှိ လက်အောက်ငယ်သားအုပ်စုကို ကြည့်လိုက်၏။
ထိုလက်အောက်ငယ်သားများ ယခုချိန်၌ မည်သည့်အရာအား တွေးတောနေသည်ကို နတ်ဘုရားများသာ သိပေလိမ့်မည်။ သူတို့ အားလုံး ဆွံ့အပြီး ကြက်သေသေနေကြသည်။
သူတို့၏ ယခင်မောက်မာထောင်လွှားမှုများ အစအနမကျန် ပျောက်ကွယ်သွားခဲ့လေပြီ။
သူတို့၏သူဌေးဖြစ်သာ သခင်လေးခုနစ်သည် ရွှေအင်မော်တယ်တစ်ယောက်ပင်။
သူ တစ်ဝက်တစ်ပျက်သာ စကားပြောဆိုနိုင်ခဲ့ပြီး မည်သို့မျှ မလှုပ်ရှားရသေးမီမှာပင် သူ၏ခေါင်းက မြေကြီးပေါ်သို့ ရောက်နေလေပြီ။
ဘုန်း...
ပထမဆုံး လက်အောက်ငယ်သားသည် ဒူးထောက်ရက်သား လဲကျသွားတော့သည်။ သူ၏စိတ်သည် အလွန်မြန်ဆန်စွာ အလုပ်လုပ်ခဲ့ပေ၏။
သခင်လေးခုနစ်ကို အသံတိတ် ချက်ချင်းသတ်ဖြတ်နိုင်သော မည်သူမဆို အရေးပါသူတစ်ဦးဖြစ်ကြောင်း သူ သိထားသည်။
အဘယ်ကြောင့်ဆိုသော် သူသည်လည်း ရွှေအင်မော်တယ်တစ်ယောက်ဖြစ်ကာ သူ၏ခွန်အားသည် သခင်လေးခုနစ်ထက် သာလွန်နေလျှင်ပင် သခင်လေးခုနစ်ကို ဤမျှထိ ချောမွေ့စွာ ချက်ချင်းသတ်ဖြတ်ရန် မဖြစ်နိုင်သောကြောင့်ပင်။
ထို့ကြောင့် ဖြစ်နိုင်ခြေ အများဆုံးမှာ တစ်ဖက်လူသည် မဟာပေါင်းစည်းခြင်း အင်မော်တယ်တစ်ယောက်ပင်။
အို ဘုရားရေ... မဟာပေါင်းစည်းခြင်း အင်မော်တယ် တစ်ယောက်လား....
အကယ်၍ သူတို့ အလျှင်အမြန် ဦးညွှတ်ပြီး သူတို့၏အမှားကို ဝန်မခံရင် သူတို့ အမှန်တကယ် အဆုံးသတ်သွားပေမည်။
သခင်လေးခုနစ်ကို သူ အသံတိတ် သတ်နိုင်ခဲ့သဖြင့် သူတို့ကိုလည်း သူ တိတ်တဆိတ် သတ်နိုင်မည်မှာ သေချာပေါက်ပင်။
ဤသည်ကို မြင်သောအခါ ကျန်ရှိသော လက်အောက်ငယ်သားများသည် ချက်ချင်းတုံ့ပြန်လိုက်ကြ၏။
သူတို့ထံမှ ဘုန်းခနဲအသံများ ဆက်တိုက်ထွက်ပေါ်လာခြင်းနှင့်အတူ ဒူးထောက်လိုက်ကြတော့သည်။
"ကြီးမြတ်တဲ့ အင်မော်တယ်ကြီး... ဒါတွေအားလုံးက သခင်လေးခုနစ်ရဲ့ အကြံပါ... ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး"
"ကျွန်တော်ရဲ့အသက်ကို ချမ်းသာပေးဖို့ ကြီးမြတ်တဲ့ အင်မော်တယ်ကြီးကို ကျွန်တော် တောင်းပန်ပါတယ်"
"ကျွန်တော့်မှာ သက်ကြီးရွယ်အို မိဘတွေနဲ့ ကလေးငယ်လေးတွေ ရှိပါတယ်...သူတို့က ကျွန်တော် ပြန်လာမယ့်အချိန်ကို စောင့်နေကြတယ်... ကျွန်တော် ဒီနေရာမှာ သေလို့ မရဘူး"
"အဲ့ဒီသောက်ကောင် သခင်လေးခုနစ် ... သူ့ကို ကျွန်တော် မုန်းနေတာ ကြာပြီ"
...
သနားညှာတာပေးရန် တောင်းပန်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။
လုရန်သည် သူတို့ကို အေးစက်စွာ စောင့်ကြည့်နေပြီး သူ၏နှုတ်ခမ်းများတွင် သရော်တော်တော် အပြုံးတစ်ခု ထင်ဟပ်နေသည်။
ထိုအချိန်မှာပင် ဆိုင်ရှင်မိန်းမ လျှောက်လှမ်းလာပေ၏။
သူမက လုရန်ကိုကြည့်ပြီး အပြုံးနှင့် ပြောဆိုသည်။
"ဧည့်သည်တော်... ကျွန်မရဲ့ စားသောက်ဆိုင်က လုပ်ငန်းငယ်လေးတစ်ခုပါ... ဒီလို ဆူညံပွက်လောရိုက်မှုမျိုးကို မခံနိုင်ပါဘူး... ဒီလိုလုပ်ရင်ကော... ဒီနေ့ စားသောက်စရိတ်က အလကားပါ... ဒီလူတွေက သခင်လေးခုနစ်ရဲ့ လက်အောက်ငယ်သားတွေ သက်သက်ပါ... ကျေးဇူးပြုပြီး အရှင်ရဲ့ ကြီးမားတဲ့ သနားညှာတာမှုနဲ့ သူတို့ကို ချမ်းသာပေးပါ"
အို...
လုရန်က မျက်ခုံးပင့်ပြီး ဆိုင်ရှင်မိန်းမကို ကြည့်လိုက်သည်။
ဤဆိုင်ရှင်မိန်းမသည် ထူးခြားစွာ လှပခြင်း မရှိသော်လည်း သူမ၏ကိုယ်လုံးကိုယ်ပေါက်မှာ ရင်သပ်ရှုမောဖွယ်ကောင်းပြီး ကြီးမားသော ဆွဲဆောင်မှု ရှိနေသည်။ ဤသည်မှာ 'အပြည့်အဝ ရင့်ကျက်သော' မိန်းမအမျိုးအစားပင်။
သူမ စကားပြောဆိုနေစဉ် သူမက ပြုံးကာ လုရန်ကို ဆွဲဆောင်မှုရှိစွာ မျက်စိမှိတ်ပြလိုက်သည်။
သို့သော် လုရန်၏ မျက်နှာအမူအရာသည် အနည်းငယ်မျှ မပြောင်းလဲဘဲ သူမကို အေးစက်စွာ ကြည့်နေခဲ့သည်။
နောက်တစ်စက္ကန့်မှာပင်...
ဘုန်း... ဘုန်း... ဘုန်း...
ခပ်အုပ်အုပ်အသံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် သခင်လေးခုနစ် လက်အောက်ငယ်သားများအားလုံး၏ခေါင်းများသည် သဲအိတ်များအလား ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
သွေးများ နေရာအနှံ့အပြားသို့ ဖြာကျသွားပေ၏။
ဆိုင်ရှင်မိန်းမ၏မျက်နှာ ချက်ချင်းတောင့်တင်းသွားပြီး မလှုပ်ရှားရဲဘဲ နေရာတွင် ကြက်သေသေသွားသည်။
လုရန်က တည်ငြိမ်စွာ မေးမြန်းသည်။
"ဆိုင်ရှင်... မင်းက သူတို့နဲ့ ပူးပေါင်းဖို့ စီစဉ်နေတာလား... ဒါမှမဟုတ် မင်း စိတ်ပြောင်းသွားပြီလား"
ဆိုင်ရှင်မိန်းမသည် သခင်လေးခုနစ်၏ လက်အောက်ငယ်သားများကို တစ်ချက်ကြည့်လိုက်၏။
သူတို့ အားလုံး သေဆုံးသွားကြကာ တစ်ယောက်မှ မကျန်ရှိတော့ချေ။
သူမ၏ရှေ့ရှိ လူငယ်ပုံပေါက်သော အမျိုးသားသည် မဟာပေါင်းစည်းခြင်း အင်မော်တယ်တစ်ယောက် ဖြစ်မည်မှာ သေချာပေါက်ပင်။
ဆိုင်ရှင်မိန်းမက ပြောဆိုသည်။
"ဧည့်သည်တော်ရဲ့ လုပ်ရပ်က ဘာမှမမှားပါဘူး... ဘာဖြစ်လို့လဲဆိုတော့ ဒါက အစွမ်းအထက်ဆုံးသူပဲ ရှင်သန်နိုင်တဲ့ သဘောတရားလေ... သူတို့က သခင်လေးခုနစ် နောက်ကို လိုက်ပြီး တခြားသူတွေကို အနိုင်ကျင့်ခဲ့တာ... သူတို့ အကျိုးဆက်တွေကို ခံစားရမယ့် အချိန်ရောက်ပြီ"
ထို့နောက် သူမသည် သူမ ကိုင်ထားသော ဝိုင်အရက်အိုးကို လုရန်၏စားပွဲပေါ်သို့ တင်လိုက်သည်။
သူမက ဆက်ပြောသည်။
"ဧည့်သည်တော်ရဲ့ စိတ်အခြေအနေကို ဖျက်ဆီးလိုက်မိတဲ့အတွက် တကယ်ကို တောင်းပန်ပါတယ်... ဒီလိုလုပ်ရင်ကော... ဒီဝိုင်အရက်အိုးက ကျွန်မတို့ရဲ့ အကောင်းဆုံး ဝိုင်အရက်ပါ... ကျေးဇူးပြုပြီး မြည်းစမ်းကြည့်ပါအုံး... ဒီနေ့ အစားအစာက အလကားပါ... ပြီးတော့ ကျွန်မတို့က အပို လျော်ကြေး ပေးပါ့မယ်... ဧည့်သည်တော် လိုချင်တဲ့ လျော်ကြေး ဘာမဆို ရနိုင်ပါတယ်"
သူမ၏စကားဆုံးသည်နှင့် မွှေးပျံ့သော ရနံ့တစ်ခု ပျံ့လွင့်လာကာ သူမက လုရန်အနီးသို့ ချဥ်းကပ်သွားသည်။
သို့သော် လုရန်သည် သူမကို တားဆီးရန် လက်တစ်ဖက် ဆန့်ထုတ်လိုက်ပြီး သူက အေးစက်စွာ ပြောဆိုသည်။
"ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းရဲ့ ရုပ်ရည်နဲ့ ငါ့ရှေ့မှာ လာပြီးဟန်ရေးမပြနဲ့... ငါ့ရဲ့ တပည့်တွေထဲက ဘယ်သူမဆို မင်းထက် အလွယ်လေး သာလွန်တယ်... ပြီးတော့ ငါက ဝိုင်အရက်မသောက်ဘူး"
ဆိုင်ရှင်မိန်းမ၏မျက်နှာ တောင့်တင်းသွားပြီး အနေရခက်စွာ မတ်တတ်ရပ်လိုက်ပြီး သူမက ပြောဆိုသည်။
"ကျွန်မက အဲ့ဒီလို သဘောမထားပါဘူး... ဧည့်သည်တော်က အထင်လွဲနေတာပါ... ဧည့်သည်တော်က ဒီဝိုင်ကို မသောက်ဘူးဆိုတော့ တခြား ဧည့်သည်တွေဆီကို ကျွန်မ ယူသွားလိုက်ပါ့မယ်"
ထိုသို့ပြောပြီးနောက် သူမသည် ဝိုင်အရက်အိုးကို လှမ်းယူလိုက်၏။
သို့သော် လုရန်က သူမကို ထပ်မံ၍ တားဆီးလိုက်သည်။
လုရန်က ဆိုင်ရှင်မိန်းမကို အေးစက်စက် ကြည့်လေသည်။
သူသည် လက်ချောင်းတစ်ချောင်းကို အနည်းငယ် မြှောက်လိုက်ရာ ဝိုင်အရက်အိုးအတွင်းရှိ အရည်များသည် ဆွဲငင်အား ပျောက်ဆုံးသွားသည့်အလား ပျံသန်းထွက်လာတော့သည်။
ထိုအရည်သည် အလုံးတစ်လုံးအဖြစ် စုစည်းသွားပြီး လုရန်၏ရှေ့တွင် မျောလွင့်နေပေ၏။
ထို့နောက် လုရန်သည် သူ၏လက်ကို အနည်းငယ် ဆုပ်လိုက်ကာ အရည်ထဲမှ အနက်ရောင် အရာတစ်ခုကို ဆွဲထုတ်လိုက်သည်။ ဤသည်က ပဲစေ့အရွယ်အစားရှိသော အနက်ရောင်အရာတစ်ခုအဖြစ် ပြောင်းလဲကာ နံဘေးသို့ မျောလွင့်သွားတော့သည်။
ဆိုင်ရှင်မိန်းမ၏မျက်နှာအမူအရာ အလွန်အမင်း ပျက်ယွင်းသွားတော့သည်။
လုရန်က တည်ငြိမ်စွာ ပြောဆိုသည်။
"ဒါက တကယ်ကို နဂါးတံခါး အနက်ရောင်တည်းခိုခန်းပဲ... မင်းရဲ့ ဒီအဆိပ်နဲ့ ငါ တစ်ခါမှ မကြုံဖူးပေမဲ့ တော်တော်လေး ပြင်းထန်တယ်ဆိုတာကို ငါ မြင်နိုင်တယ်... မဟာပေါင်းစည်းခြင်း အင်မော်တယ် တစ်ပါးတောင်မှ အဲ့ဒါကို သောက်ပြီးရင် မင်းရဲ့ သနားညှာတာမှုအောက်ကို ရောက်သွားမှာပဲ...နကျယ်ကောင်ရဲ့ အဆိပ်နဲ့ မိန်းမတစ်ယောက်ရဲ့ နှလုံးသားက အဆိပ်ပြင်းဆုံးပဲ... ဆိုင်ရှင်... မင်းနဲ့ ငါ့ကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူး"
ဆိုင်ရှင်မိန်းမထံတွင် ယခုချိန်၌ မယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။
သူမက အနေရခက်စွာ ပြောလိုက်၏။
"ဧည့်သည်တော်... ဘာတွေ ပြောနေတာလဲ... ကျွန်မရဲ့ ဝိုင်အရက်မှာ ဘာမှမမှားပါဘူး... အဲ့ဒီအရာ... အဲ့ဒါက ဘာလဲဆိုတာကိုတောင် ကျွန်မ မသိဘူး"
လုရန်က ရယ်မောပြီး ပြောဆိုသည်။
"မင်း မသိဘူးလား... မင်းရဲ့ စားသောက်ဆိုင်မှာ အထပ်လေးထပ် ရှိတယ်... ဒုတိယထပ်မှာ ရွှေအင်မော်တယ်သုံးယောက်နဲ့ မဟာပေါင်းစည်းခြင်း အင်မော်တယ်တစ်ယောက်ရဲ့ အလောင်းတွေ ရှိတယ်... တတိယထပ်မှာ မဟာပေါင်းစည်းခြင်း အင်မော်တယ် အလောင်းနှစ်လောင်း ရှိတယ်... စတုတ္ထထပ်ရဲ့ မြောက်ဘက်မှာရှိတဲ့ သီးသန့်ခန်းမှာတော့ သူ့ရဲ့ ခွန်အားတွေ ဆုံးရှုံးသွားတဲ့ မဟာပေါင်းစည်းခြင်း အင်မော်တယ်တစ်ယောက်ရှိတယ်... မင်းရဲ့လူတွေက သူ့ကို သတ်ဖို့ ကြိုးစားနေပေမဲ့ သူ့မှာ မင်းတို့ လောလောဆယ် မချိုးဖျက်နိုင်သေးတဲ့ အကာအကွယ် မှော်ရတနာတစ်ခု ရှိနေတယ်... အင်မော်တယ်နယ်ပယ်က တခြားအလောင်းတွေနဲ့ ပတ်သက်ပြီးတော့ ငါ ထပ်ပြောစရာ မလိုတော့ဘူး မဟုတ်လား... သူတို့ အားလုံး အဝတ်အစားတွေ ချွတ်ခံရပြီးတော့ စားသောက်ဆိုင်နောက်က မီးရှို့စက်ထဲကို ပစ်ချခံလိုက်ရပြီ"
လုရန်၏ စကားတစ်လုံးချင်းစီက ဆိုင်ရှင်မိန်းမကို အလွန်အမင်း မသက်မသာ ဖြစ်စေခဲ့သည်။
သူမသည် လုရန်ကို တွေဝေငေးမောစွာ စိုက်ကြည့်နေခဲ့လေ၏။
ရုတ်တရက် တစ်စုံတစ်ခုကို သူမ နားလည်သဘောပေါက်သွားသည်။
သူမ၏ စားသောက်ဆိုင်သည် ဤလုပ်ငန်းကို လက်လွတ်စပယ် လုပ်ဆောင်နေခြင်း မဟုတ်ပေ။ ဝင်္ကပါအတားအဆီးတစ်ခုကို ခင်းကျင်းရန် ကျွမ်းကျင်သူတစ်ဦးကို သူမ ငှားရမ်းခဲ့သည်။
မဟာပေါင်းစည်းခြင်း အင်မော်တယ်တစ်ယောက်၏ နတ်ဘုရားစိတ်အာရုံပင်လျှင် တခြားအထပ်များရှိ အခြေအနေကို စစ်ဆေးရန် ထိုအတားအဆီးကို ထွင်းဖောက်နိုင်မည် မဟုတ်ချေ။
သို့ရာတွင် ယခု၌မူ...
သူမ၏ရှေ့ရှိ လူသည် စားသောက်ဆိုင်၏ တရားမဝင် လုပ်ငန်းကို ရှင်းလင်းပြတ်သားစွာ ဖော်ပြခဲ့သည်။
သူ၏နတ်ဘုရားစိတ်အာရုံ အတားအဆီး ၏ ကန့်သတ်ချက်ကို အမှန်တကယ် ထွင်းဖောက်နိုင်ခဲ့ပေ၏။
ဆိုလိုသည်မှာ သူမ၏ရှေ့ရှိ လူငယ်သည် မဟာပေါင်းစည်းခြင်း အင်မော်တယ်တစ်ယောက် လုံးလုံးလျားလျား မဟုတ်ခြင်းပင်။
အင်မော်တယ်သခင်တစ်ယောက်...
အနည်းဆုံးတော့ အင်မော်တယ်သခင် တစ်ယောက်ပဲ...
ဤအချက်ကို တွေးမိသောအခါ ဆိုင်ရှင်မိန်းမ၏ ခေါင်းထဲတွင် အူဝေသွားတော့သည်။
အင်မော်တယ်သခင်တစ်ယောက်နှင့် ကြုံတွေ့ရလိမ့်မည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားခဲ့ပေ။
ဆိုင်ရှင်မိန်းမ၏မျက်နှာအမူအရာ ပြေလျော့သွားကာ သူမက တည်ငြိမ်စွာ မေးလိုက်သည်။
"နင်က ဘာလိုချင်တာလဲ"
လုရန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
စားသောက်ဆိုင်ရှိ တခြားစားသုံးသူများသည် သူ၏ စကားများကို ကြားပြီးနောက် အထူးတလည် တုန်လှုပ်မှု မရှိသည်ကို သူ သတိပြုမိလိုက်သည်။
ဤစားသောက်ဆိုင်သည် အပြင်လူများကိုသာ ပစ်မှတ်ထားကြောင်း လုရန် အကြမ်းဖျင်း နားလည်သွားပေ၏။
သူမသည် ဒေသခံများအပေါ် လှုပ်ရှားမည် မဟုတ်ချေ။
ထို့ပြင် တိုက်တိုက်ဆိုင်ဆိုင်ဖြင့် လုရန်က အပြင်လူတစ်ယောက် ဖြစ်နေသည်။ သခင်လေးခုနစ်၏ကိစ္စသည် မတော်တဆမှုသက်သက်ဖြစ်ပြီး လုရန်သည် ဆိုင်ရှင်မိန်းမ၏ အစစ်အမှန်ပစ်မှတ်ပင်။
လုရန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"တခြားဘာရှိဦးမှာလဲ... ဒီနေရာတစ်ခုလုံးကို ငါ သုတ်သင်ရှင်းလင်းပစ်မှာပေါ့"
ဆိုင်ရှင်မိန်းမ၏မျက်နှာအမူအရာသည် မျှော်လင့်ချက်မဲ့ခြင်းသို့ ပြောင်းလဲသွားပေ၏။
သို့သော် သူမသည် သနားညှာတာပေးရန် မတောင်းပန်ခဲ့ပေ။
တောင်းပန်သည်က အသုံးမဝင်သည်ကို သခင်လေးခုနစ်၏ လက်အောက်ငယ်သားများဆီမှတဆင့် သူမ ပြောနိုင်ပေမည်။
အင်မော်တယ်သခင်နယ်ပယ်သို့ ရောက်ရှိသွားသော အရေးပါသူတစ်ဦးသည် လူ့အသက်များအပေါ် ရိုသေလေးစားမှု ပျောက်ဆုံးသွားခဲ့သည်မှာ ကြာပြီဖြစ်ပြီး သူ့ကို အန္တရာယ်ပြုရန် ကြိုးစားသူ တစ်ဦးအတွက်ဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာ မရှိချေ။
ဆိုင်ရှင်မိန်းမက အေးစက်စွာ ပြောလိုက်သည်။
"ကောင်းပြီ... နင် ကြိုက်သလို လုပ်ပါ... ဒါပေမဲ့ နင့်ကို ငါ သတိပေးပါရစေ... ဒီစားသောက်ဆိုင်က အပြာရောင်ဂိုဏ်းရဲ့ လက်အောက်ခံ ပိုင်ဆိုင်မှုတစ်ခုပဲ... ဒီစားသောက်ဆိုင်ရဲ့ သူဌေးကြီးက အပြာရောင်ဂိုဏ်း တပည့် တစ်ယောက်ပဲ... အခုချိန်မှာ အပြာရောင်ဂိုဏ်း တပည့်တွေက ဘယ်လိုလဲဆိုတာကို နင် သိသင့်တယ်... နင်က အင်မော်တယ်သခင်တစ်ယောက် ဖြစ်နေရင်တောင် သူတို့ကို နင် စော်ကားလို့ မရဘူး"
လုရန်က ဆိုင်ရှင်မိန်းမကို အံ့အားသင့်စွာကြည့်ပြီး သူက မေးလိုက်သည်။
"မင်းရဲ့ သူဌေးကြီးက ဘယ်သူလဲ"