← Chapters

အခန်း ၁၀၈

Vol. 11 Ch. 108

အခန်း ၁၀၈

Vol. 11 Ch. 108

အခန်း ၁၀၈: မြေအောက်နန်းတော်ထဲ၌ ရတနာရှာဖွေခြင်း

လုရန်၏မူဝါဒများမှာ အလွန်ရိုးရှင်းလှသည်။

သူ၏တပည့်များသည် သူတို့ ဆန္ဒရှိသကဲ့သို့ ပြုမူနိုင်ပြီး အကောင်းနှင့်အဆိုးကြား ကွဲပြားမှုသည် လုရန်အတွက် သိပ်အရေးမကြီးချေ။

သေချာသည်မှာ ကိုယ်ကျင့်တရားကမူ အလွန် အရေးကြီးနေဆဲပင်။

လုရန်က မေးလိုက်သည်။

"မကြာသေးခင်က မြေအောက်နန်းတော်ထဲက ရတနာတွေနဲ့ ပတ်သက်တဲ့ ကိစ္စက ဘာလဲ"

ထန်ကော်က တုံ့ပြန်အဖြေပေးသည်။

"ကျွန်မလည်း သေချာမသိဘူး... ဒါပေမဲ့ အဲ့ဒါ ရှိနေတယ်ဆိုတာတော့ ကျွန်မ သိတယ်... အဲ့ဒါက အရမ်း အန္တရာယ်များလို့ ကျွန်မ အဲ့ဒီကို မသွားခဲ့တာပါ"

ဤသည်မှာ သူမ၏စရိုက်နှင့် အတော်လေး ကိုက်ညီလှသည်။ သူမသည် အမြဲတစေ သတ္တိနည်းသူတစ်ယောက်ပင်။

ထန်ကော်က ဆက်ပြောသည်။

"ဒါပေမဲ့ အဲ့ဒါကို အပြာရောင်ဂိုဏ်းက နတ်မိမယ်လေး တစ်ပါးက ချန်ထားခဲ့တာလို့ ကောလာဟလတွေ ရှိတယ်... တကယ်လို့ အဲ့ဒါ မှန်ရင် အဲ့ဒါက ကျွန်မရဲ့ စီနီယာ အစ်မတွေထဲက တစ်ယောက် ဖြစ်လိမ့်တယ်... ဘယ်သူလဲဆိုတာကိုတော့ ကျွန်မ တိတိကျကျ မသိဘူး"

မည်သို့ပင်ဆိုစေ သူတို့ ထိုနေရာသို့ သွားကြည့်ရပေမည်။

ထန်ကော်က စဉ်းစားဟန်ဖြင့် ပြောဆိုသည်။

"မနက်ဖြန်မနက်ကျရင် လူတွေအများကြီးက အဲ့ဒီနေရာကို သွားကြမှာ... အဲ့ဒီအချိန်ကျရင် သူတို့နောက်ကို ကျွန်မတို့ လိုက်သွားလို့ ရတယ်... မြေအောက်နန်းတော်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တချို့ကို သူတို့ စုဆောင်းထားတယ်ဆိုတော့ ပိုပြီးလုံခြုံလိမ့်မယ်"

သို့သော် လုရန်က သူ၏လက်ကို ဝှေ့ယမ်းပြီး ပြောဆိုလိုက်၏။

"ကိစ္စမရှိပါဘူး... ငါတို့ဘာသာ ငါတို့ သွားလို့ ရပါတယ်... အဲ့ဒါက မြေအောက်နန်းတော်တစ်ခု သက်သက်ပဲ"

လုရန်သည် အနည်းငယ်မျှ စိုးရိမ်ပူပန်ခြင်း မရှိပေ။

ပထမအချက်အနေဖြင့် လုရန်၏ ကျင့်ကြံဆင့်နယ်ပယ်နှင့် ခွန်အားမှာ လုံလောက်သည်။ မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်အနေဖြင့် မြေအောက်နန်းတော်ငယ်လေးတစ်ခုအတွက် သူ မည်သည်ကြောင့် စိုးရိမ်နေရမည်နည်း။

ထို့အပြင် လုရန်ထံ၌ အချိန်နိယာမစွမ်းရည် ရှိနေသည်။

တစ်စုံတစ်ခုက သူ့ကို အမှန်တကယ် ထောင်ချောက်ဆင်နိုင်ခဲ့လျှင်ပင် လုရန်သည် ဂရုမစိုက်ချေ။ လုံခြုံသော အချိန်ကာလတစ်ခုသို့ ပြန်သွားရန် အချိန်နိယာမကို သူ လွယ်လင့်တကူ အသုံးပြုနိုင်ပေ၏။

ထန်ကော်က စဉ်းစားရင်း ပြောဆိုသည်။

"ဒါပေမဲ့ ဆရာ... အဲ့ဒါက တကယ်ကို အန္တရာယ်များတယ်... အင်မော်တယ်ဧကရာဇ်နယ်ပယ်ကို ရောက်မှပဲ လုံခြုံတယ်လို့ ခံစားရမှာ"

လုရန်က တုံ့ပြန်သည်။

"ဒါဆိုရင် ဘာပြဿနာမှ မရှိတော့ဘူး"

ထိုစကားကို ကြားသောအခါ...

ထန်ကော် ရုတ်တရက် အံ့အားသင့်သွားပြီး လုရန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

ဆရာသည် မည်သည့်အရာကို ဆိုလိုသနည်း....

ထန်ကော်သည် အလွန်အံ့အားသင့်သွားကာ မေးလိုက်၏။

"ဆရာ... ဆရာ... ဆရာက အင်မော်တယ်ဧကရာဇ် နယ်ပယ်ကို ရောက်နေပြီလား"

ဤအံ့အားမှုသည် တခြားတပည့်များ၏ အံ့အားသင့်မှုနှင့် မကွာခြားချေ။

မည်သို့ပင်ဆိုစေကာမူ လုရန် အထက်ဘုံသို့ တက်လှမ်းလာသည်မှာ မည်မျှ ကြာသေးသနည်း။ တစ်လကျော်အတွင်း အင်မော်တယ်သခင်နယ်ပယ်သို့ သူ ရောက်ရှိနေလျှင်ပင် ကြောက်မက်ဖွယ်ကောင်းနေလေပြီ။

ဆရာသည် အင်မော်တယ်ဧကရာဇ်နယ်ပယ်သို့ပင် တက်လှမ်းသွားခဲ့သလော...

အင်မော်တယ်သခင်နယ်ပယ်မှ အင်မော်တယ်ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းရန် ကောင်းမွန်သော ပါရမီရှိသူများပင်လျှင် နှစ်ပေါင်းသောင်းနှင့်ချီ လိုအပ်ပြီး ပါရမီ ညံ့ဖျင်းသူများမှာမူ ထိုအချိန်အတွင်း နီးစပ်လာမည်ပင် မဟုတ်ကြောင်း သိထားရပေမည်။

လုရန်က တုံ့ပြန်အဖြေပေးလိုက်သည်။

"တိတိကျကျတော့ မဟုတ်ဘူး..."

ထန်ကော် စိတ်သက်သာရာ ရသွားချိန်မှာပင် လုရန်က ဆက်ပြောလိုက်၏။

"ငါက မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်နေပြီ... ဒါကြောင့် ဒီခရီးက ဘာမှမဟုတ်တော့ဘူး... ငါတို့ တိုက်ရိုက်သွားကြမယ်... တခြားသူတွေနဲ့ သွားဖို့ မလိုဘူး"

ထိုစကားကို ကြားသောအခါ ထန်ကော် လုံးလုံးလျားလျား ဆွံ့အသွားတော့သည်။

သူမသည် လုရန်ကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့ပြီး သူမ၏နားကိုပင် သူမ မယုံနိုင်လောက်အောင် ဖြစ်နေခဲ့သည်။

အင်မော်တယ်ဧကရာဇ်တစ်ယောက် ဆိုလျှင်ပင် ထန်ကော်၏အတွေးထက် ကျော်လွန်နေလေပြီ။

လုရန်သည် မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်နေမည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားခဲ့ချေ။

သူတို့အနီးတွင် ဝန်ဆောင်မှုပေးနေသော ဆိုင်ရှင်မိန်းမသည်လည်း ထိုစကားကို ကြားသောအခါ သူမ၏ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ယင်သွားပေ၏။

ဤသည်က မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်နေသည်။

အစောပိုင်းက စားသောက်ဆိုင် မြေညီထပ်တွင် ဖြစ်ပျက်ခဲ့သည်များကို ပြန်အမှတ်ရကာ ဆိုင်ရှင်မိန်းမ၏ခန္ဓာကိုယ်၌ ချွေးစေးများ ထွက်လာတော့သည်။

မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်ကို လှည့်စားနိုင်မည်ဟု သူမ မည်သည်ကြောင့် တွေးထင်ခဲ့မိသနည်း။

ထန်ကော်က အံ့အားသင့်ဝမ်းသာသွားကာ သက်ပြင်းချရင်း ပြောဆိုသည်။

"ကျွန်မရဲ့ ဆရာဆီက မျှော်လင့်ထားတဲ့အတိုင်းပဲ"

ထိုသို့ဖြစ်နေသဖြင့် စိုးရိမ်စရာ အကြောင်းအရင်း အမှန်တကယ် မရှိတော့ပေ။

ထို့ကြောင့် သူတို့အုပ်စုသည် ချက်ချင်းထွက်ခွာခဲ့ကြ၏။

ထန်ကော်သည် အကြမ်းဖျင်း တည်နေရာကို သိသဖြင့် လမ်းပြရန် တခြားမည်သူမျှ မလိုအပ်သလို အစောပိုင်းက လုရန် ရရှိခဲ့သော မြေပုံလည်း မလိုအပ်ချေ။

လမ်းတလျှောက်တွင် ထန်ကော်သည် လုရန်၏ကျောတွင် ကပ်နေသော လင်းပေါင်အာကို ကြည့်ပြီး အလွန် အံ့အားသင့်နေသည်။

သူမက သိချင်စိတ်ဖြင့် မေးမြန်းသည်။

"ဆရာ... ဒါက ဆရာရဲ့သမီးလား... ကျွန်မရဲ့ ဆရာကတော်ကို ဆရာ ရှာတွေ့ပြီလား"

လုရန်သည် ခလုတ်တိုက်မိပြီး မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားတော့သည်။

သူ ကြက်သေသေသွားကာ ပြောဆိုလိုက်၏။

"ဘာ 'သမီး' တွေ လာပြောနေတာလဲ... သူ့နာမည်က လင်းပေါင်အာ... သူက လီမျိုးနွယ်ဝင်... စကားမစပ် မင်းက အလယ်ပိုင်းပြည်နယ်မှာ ရှိနေတော့ မင်းရဲ့ ဆရာကတော်နဲ့ ပတ်သက်တဲ့ သတင်းတွေ မင်း ကြားမိလား"

ထန်ကော်က ဇဝေဇဝါဖြင့် ခေါင်းခါယမ်းပြီး ပြောဆိုသည်။

"တိကျတဲ့ အသေးစိတ် အချက်အလက်တွေကို ကျွန်မ မသိပေမဲ့ နည်းနည်းတော့ ကျွန်မ ကြားမိတယ်... ဆရာကတော်က အမြင့်မားဆုံး ကောင်းကင်မှာ ရှိနေတယ်... အဲ့ဒီနေရာမှာ သူ ဘာလုပ်နေလဲ ဒါမှမဟုတ် သူ့ရဲ့ တိကျတဲ့ တည်နေရာကိုတော့ ကျွန်မ မသိဘူး... ဒါပေမဲ့ သူ့ရဲ့ သြဇာလွှမ်းမိုးမှုက ကျယ်ပြန့်ပြီးတော့ အလယ်ပိုင်းနယ်မြေတစ်ခုလုံးကို ပျံ့နှံ့နေတယ်"

တိကျသော သတင်းအချက်အလက် မရှိသော်လည်း လုရန်၏နှလုံးသား နောက်ဆုံးတွင် အေးချမ်းသွားတော့သည်။

သူမသည် အလယ်ပိုင်းပြည်နယ်တွင် ရှိပြီး အမြင့်မားဆုံး ကောင်းကင်တွင် ရှိနေကြောင်း သိရရုံဖြင့် သူ့အတွက် လုံလောက်ပေ​၏။ အနည်းဆုံးအနေဖြင့် လုရန်တွင် ယခုချိန်၌ ဦးတည်ချက်တစ်ခု ရှိနေလေပြီ။

လုရန်က ဆက်လက်၍ မေးမြန်းသည်။

"ပြီးတော့ အလယ်ပိုင်းနယ်မြေမှာ လီမျိုးနွယ်ရဲ့ လွှမ်းမိုးမှုက အရမ်းအားကောင်းတယ်လို့ ငါ ကြားဖူးတယ်... လီမျိုးနွယ်ဝင်တွေက အသက်ဆယ့်ရှစ်နှစ်မှာ သေရမယ် မဟုတ်လား... အဲ့ဒီပြဿနာကို သူတို့ ဘယ်လို ဖြေရှင်းခဲ့ကြတာလဲ"

ထန်ကော်က ရိုးသားစွာ ပြောဆိုသည်။

"အဲ့ဒါက အမှန်ပဲ... လီမျိုးနွယ်ဝင်တွေက မသေနိုင်တဲ့ ခန္ဓာကိုယ်တွေ ပိုင်ဆိုင်ထားတော့ အင်အားစုတချို့ကပဲ သူတို့ကို ရန်စဖို့ ဆန္ဒရှိကြတယ်... ဒါပေမဲ့ လီမျိုးနွယ်ကလည်း ဘာပြဿနာမှမရှာဘဲနဲ့ တခြား အင်အားစုတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲ နေထိုင်ကြတယ်... အဲ့ဒါကို သူတို့ ဘယ်လို ဖြေရှင်းခဲ့လဲဆိုတာနဲ့ ပတ်သက်ပြီးတော့ အဲ့ဒါက လီမျိုးနွယ်ရဲ့ လျှို့ဝှက်ချက် ဖြစ်ဖို့များတယ်... ဒါကြောင့် ကျွန်မ မသိနိုင်ဘူး"

ထိုကိစ္စနှင့်ပတ်သတ်ပြီး တိကျသော သတင်းအချက်အလက် မရှိသေးချေ။

သို့သော် လုရန်အတွက်မူ ဤသည်မှာ လုံလောက်နေလေပြီ။

လီမျိုးနွယ်သည် အလယ်ပိုင်းနယ်မြေတွင် စုဝေးနေကြောင်းနှင့် သူတို့၏ ခန္ဓာကိုယ် ပြဿနာများကို ဖြေရှင်းရန် နည်းလမ်း အမှန်တကယ် ရှိကြောင်း သိရခြင်းက လုံလောက်ပေ၏။

ယခုအချိန်၌ သူသည် လီမျိုးနွယ်၏ ဌာနချုပ်ကို ရှာဖွေရန်သာ လိုအပ်တော့သည်။ သူတို့၏ ကိုယ်ပိုင် ပြဿနာများကို သူတို့ ဖြေရှင်းနိုင်သဖြင့် လီမျိုးနွယ်ဝင်အချင်းချင်းဖြစ်သော လင်းပေါင်အာကို သူတို့ ကူညီနိုင်ဖွယ်ရှိသည်။

ထိုအချက်ကို တွေးမိသောအခါ...

လုရန်သည် နောက်သို့ လက်လှမ်းကာ သူ၏ပခုံးပေါ်ရှိ လင်းပေါင်အာ၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

ထို့နောက် သူက ပြောဆိုသည်။

"ဒါက အရမ်းကောင်းတယ်... မင်းရဲ့ အဲ့ဒီမှတ်စုစာအုပ်လေးကို မင်း မလိုတော့ဘူး... ငါတို့ လမ်းသွားရင်း လီမျိုးနွယ်ကို အမြန်ဆုံး ရှာကြစို့"

လင်းပေါင်အာသည် အဓိကအချက်ကို နားလည်သွားပြီး အလွန်စိတ်လှုပ်ရှားသွားပေ၏။

သူမ၏ကံကြမ္မာကို သူမ ကြာမြင့်စွာကတည်းက လက်ခံထားပြီး သူမ ကျန်ရှိနေသေးသော နှစ်အနည်းငယ်နှင့် ပတ်သက်၍ မည်သည့် စွဲလမ်းမှုမျှ မရှိတော့သော်လည်း...

ရာနှင့်ချီ၊ ထောင်နှင့်ချီ သို့မဟုတ် သောင်းနှင့်ချီသော နှစ်များအထိ သူမ ဆက်လက်၍ အသက်ရှင်နိုင်ပါက သူမ မည်သည်ကြောင့် မရှင်သန်ချင်ဘဲ နေမည်နည်း။

ရွှတ်...

လင်းပေါင်အာသည် သူမ၏ခေါင်းကို လှည့်ကာ လုရန်၏ပါးပြင်ကို နမ်းလိုက်သည်။

ထို့နောက် သူမက စိတ်လှုပ်ရှားစွာ ပြောဆိုသည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"

ထန်ကော်နှင့်ဆိုင်ရှင်မိန်းမသည် ထိုမြင်ကွင်းကို ဇဝေဇဝါဖြင့် စောင့်ကြည့်နေခဲ့ကြ၏။

ထန်ကော်က သိချင်စိတ်ဖြင့် မေးမြန်းသည်။

"ဆရာ... သူက လီမျိုးနွယ်ဝင် ဖြစ်နေတော့ လီမျိုးနွယ်ရဲ့ စွမ်းရည်ကြောင့် ထိခိုက်မှု မရှိဘဲနဲ့ သူ့ကို ဆရာက ဘယ်လိုလုပ်ပြီး ထိတွေ့နိုင်တာလဲ... သူက တခြားလီမျိုးနွယ်ဝင်တွေနဲ့ ကွာခြားလို့လား"

လုရန်က ပေါ့ပေါ့ပါးပါး ပြောဆိုသည်။

"သူလည်း အတူတူပါပဲ... သူ့မှာ လီမျိုးနွယ်ရဲ့ စွမ်းရည် ရှိပြီးတော့ သူ့ကို ထိတွေ့တဲ့သူတိုင်း သေမှာပဲ... ကွာခြားတာက ငါပဲ"

တိကျသော အကြောင်းရင်းနှင့် ပတ်သက်၍မူ သူ ရှင်းပြရန် မကြိုးစားခဲ့ချေ။

ထန်ကော် အံ့အားသင့်သွားသော်လည်း ထိုကိစ္စကို မမျှော်လင့်ထားသောအရာအဖြစ် မတွေးတောခဲ့ပေ။

လုရန်၏ တပည့် တစ်ဦးအနေဖြင့် သူ့အပေါ် ဖြစ်ပျက်နေသော ထူးဆန်းသည့် အရာအားလုံးသည် လုံးဝပုံမှန်သာဖြစ်သည်ဟု သူမ ခံစားခဲ့ရသည်။

မကြာမီ....

သူတို့အုပ်စုသည် ဧကရာဇ်၏နန်းတော်အဝင်ဝသို့ ရောက်ရှိလာကြ၏။

ဤနေရာသည် နဂါးတံခါး သဲကန္တာရအတွင်းရှိ အိုအေစစ်တစ်ခု၏အောက်တွင် တည်ရှိသည်။

ထန်ကော်က မိတ်ဆက်ပေးလိုက်သည်။

"အစကတော့ ဒီနေရာမှာ အိုအေစစ် မရှိခဲ့ဘူး... ဒါပေမဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်က မြေကြီး ရုတ်တရက် ပြိုကျသွားပြီး အိုအေစစ်တစ်ခု ဖြစ်ပေါ်လာတယ်... တဖြည်းဖြည်းနဲ့ ဧကရာဇ်နန်းတော်ရဲ့အဝင်ဝကို ရှာတွေ့သွားကြတာပဲ"

ထို့နောက် ရတနာရှာဖွေရန် လူအမြောက်အများ အတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။

သို့သော် ရလဒ်အနေဖြင့် သေဆုံးမှုနှုန်းမှာ အလွန်မြင့်မားလှ၏။

ယနေ့ထိတိုင် ဧကရာဇ်နန်းတော်၏ မည်သည့်ရတနာကိုမျှ အထိအခိုက်မရှိ ယူဆောင်လာနိုင်သူ မရှိသေးချေ။

လမ်းတစ်ဝက်တွင် ကြောက်လန့်ကာ ထွက်ပြေးလာသူ တချို့ ရှိခဲ့သည်။ သူတို့ အသက်ရှင်ခဲ့သော်လည်း ရတနာများကို သူတို့ မရရှိခဲ့သည့်အပြင် ခြေလက်အင်္ဂါများ ဆုံးရှုံးသွားနိုင်ချေ အလွန်များသည်။

လုရန်က စဉ်းစားဟန်ဖြင့် ပြောဆိုသည်။

"အောက်ကိုဆင်းပြီး ကြည့်ကြရအောင်"

ထို့နောက် သူသည် တခြားသူများနှင့်အတူ အောက်သို့ ဆင်းသက်လိုက်တော့သည်။

အိုအေစစ်၏အစွန်အဖျားနားတွင် မြေကြီးသည် သဲမဟုတ်တော့ဘဲ ကျောက်ဆောင်ဖြစ်နေပြီး ဗိသုကာလက်ရာ အပျက်အစီးတချို့ကိုပင် မြင်တွေ့နိုင်ပေ၏။

ဤနေရာသည် အမြဲတစေ သဲကန္တာရတစ်ခု မဟုတ်ခဲ့ပုံရသည်။ နောက်ပိုင်းမှသာ သဲများ၏ဖုံးလွှမ်းခြင်းကို ခံလိုက်ရခြင်းပင်။

ဤအချိန်တွင် နန်းတော်အဝင်ဝအနီး၌ လူအမြောက်အများ ရှိနေသည်။

သူတို့သည် အဖွဲ့များဖွဲ့ကာ နန်းတော်ထဲသို့ ဝင်ရောက်ရန် ကြိုးစားနေကြ​၏။

All Chapters