← Chapters

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း ၁၀၉: ဘယ်သူက ဒါကို လုပ်ခဲ့တာလဲ

လုရန်တို့လူစု ထွက်ပေါ်လာသည်ကို မြင်သောအခါ တစ်စုံတစ်ယောက်က သူတို့ကို နှုတ်ဆက်ရန် ချက်ချင်းရှေ့ထွက်လာသည်။

အဆင့်မြင့်အင်မော်တယ်တစ်ယောက်က သူတို့ထံသို့ ချဉ်းကပ်လာပြီး နှုတ်ဆက်လိုက်သည်။

"အားလုံးပဲ... အဖွဲ့ဖွဲ့ပြီးတော့ ငါတို့အတူတူ နန်းတော်ထဲကို သွားကြမလား... ငါတို့ ရှာတွေ့တဲ့ ရတနာတွေ မှန်သမျှကို တန်းတူခွဲဝေကြမယ်... မင်းတို့ကို မတရား မဆက်ဆံပါဘူး"

လုရန်သည် ဧကရာဇ်နန်းတော်၏အဝင်ဝသို့ ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောဆိုသည်။

"မလိုဘူး..."

လုရန်သည် ဤနေရာတွင် သူ့တပည့်များ၏ ရင်းနှီးသော အရှိန်အဝါကို မခံစားရချေ။

သို့သော် အတင်းအဓမ္မ ချိုးဖျက်ခံထားရသော အတားအဆီးများနှင့်မူ သူ အလွန်ရင်းနှီးနေသည်။

ဤသည်မှာ အပြာရောင်ဂိုဏ်းမှ အတားအဆီး နည်းစနစ်တစ်ခုပင်။

သို့သော်...

အဝင်ဝရှိ အတားအဆီးများမှာ အခြေခံအရာများပင်။ အချိန်အတော်ကြာပြီးနောက် တစ်စုံတစ်ယောက်က ထိုအရာများကို အတင်းအဓမ္မ ဖွင့်နိုင်ခဲ့သည်မှာ အံ့အားသင့်စရာ မဟုတ်ချေ။

အဆင့်မြင့် အင်မော်တယ်က မျက်မှောင်ကြုတ်ပြီး ပြောဆိုသည်။

"ညီအစ်ကို... မင်းက ဒီပတ်ဝန်းကျင်က မဟုတ်ဘူးမလား... ဒီဧကရာဇ်နန်းတော်က ဘယ်လောက်ထိ အန္တရာယ်များလဲဆိုတာ မင်း သိရဲ့လား... မင်းတို့ အဖွဲ့မဖွဲ့ရင် မင်းတို့ အုပ်စုက အဲ့ဒီထဲမှာ သေသွားဖို့ များတယ်"

လုရန်သည် ဒေသခံလူတစ်ဦးမဟုတ်သည်ကို သိရှိပြီးနောက် တစ်ဖက်လူသည် သူ့ကို ချက်ချင်းဆိုသလိုပင် စတင်၍ ခြိမ်းခြောက်တော့သည်။

သို့သော် သူတို့၏ရည်ရွယ်ချက်ကို လုရန် အလွန် ကောင်းစွာ သိရှိထားသည်။

ဤသည်က ရတနာများကိုမျှဝေရန် အဖွဲ့ဖွဲ့ခြင်းနှင့် လုံးဝမသက်ဆိုင်ချေ။ လမ်းပြရန်နှင့် အမြှောက်စာအဖြစ် ဆောင်ရွက်ရန် တစ်စုံတစ်ယောက်ကို သူတို့ လိုချင်ကြခြင်းသာ ဖြစ်ပေ၏။

အကယ်၍ အန္တရာယ် ကြုံလာပါက သူတို့သည် ပထမဆုံး သေရမည့်သူများ ဖြစ်မည်မဟုတ်ချေ။

ဤသည်မှာ မနက်ဖြန်နံနက်တွင် ရောက်ရှိလာမည့် လူအုပ်ကြီးနှင့် အလွန်တူညီသည်။

အင်အားကြီးမားသော အင်အားစုများသည် အမြှောက်စာအဖြစ် ရှေ့မှသွားရန် လူများကို ငွေပေးထားကြသည်။ ကြီးမားသော အကျိုးအမြတ်များကြောင့် တွန်းအားပေးခံရသဖြင့် လူများစွာ သေချာပေါက် စုရုံးလာကြပေလိမ့်မည်။

လုရန်က မထီမဲ့မြင်ပြုကာ အော်ငေါက်လိုက်၏။

"အဲ့ဒါက မင်းနဲ့ ဘာမှမဆိုင်ဘူး... ထွက်သွားစမ်း"

အဆင့်မြင့် အင်မော်တယ်သည် သူ၏ စိတ်ရှည်မှုကို ဆုံးရှုံးသွားပြီး တိုက်ရိုက်ဆဲဆိုလိုက်တော့သည်။

"သောက်ကျိုးနည်း... မင်းကို မျက်နှာသာပေးတာတောင် မင်းက မလိုချင်ဘူးပေါ့... ကောင်လေး... မင်းတို့အုပ်စုက ဧကရာဇ်နန်းတော်ထဲကို မင်းတို့ဘာသာမင်းတို့ ဝင်နိုင်မယ်လို့ ထင်နေတာလား... မင်း အိပ်မက်မက်နေတာပဲ... ဒီနေ့ မင်းတို့ ကြိုက်ကြိုက် မကြိုက်ကြိုက် ငါတို့နဲ့ လိုက်ခဲ့ရမယ်"

ခြိမ်းခြောက်ခြင်းက အလုပ်မဖြစ်သလို သူ၏ ကမ်းလှမ်းချက်လည်း ငြင်းပယ်ခံရသည်ကို မြင်သောအခါ အဆင့်မြင့် အင်မော်တယ်သည် အင်အားသုံးရန် ကြံရွယ်လိုက်၏။

သူ စကားပြောနေစဉ် သူ၏နောက်မှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။

တစ်ဖက်လူသည် ခံစားချက်ကင်းမဲ့သော အကြည့်ဖြင့် လုရန်ကိုကြည့်ပြီး ပြောဆိုသည်။

"သူတို့ကို ကြိုးတုပ်ပြီး ခေါ်လာခဲ့... နောက်ကျရင် သူတို့ကို ငါတို့ လိုလိမ့်မယ်... အဲ့ဒီအရူးတွေက မနက်ဖြန် မနက်ကျရင် လာကြလိမ့်မယ်... အဲ့ဒီအချိန်ကျရင် ငါတို့ ဟင်းရည်တစ်ငုံတောင် သောက်ရမှာ မဟုတ်ဘူး"

ယနေ့တွင် သူတို့ နန်းတော်ထဲသို့ ဝင်ရပေမည်။

လုရန်သည် လူလတ်ပိုင်းအရွယ် အမျိုးသားကို တစ်ချက် ကြည့်လိုက်၏။ သူ၏ဝတ်စားဆင်ယင်မှုအရ သူသည်လည်း ဒေသခံတစ်ဦး ဖြစ်ပုံမပေါ်ပေ။

သို့သော် သူ၏နယ်ပယ်မှာ အင်မော်တယ်သခင်နယ်ပယ် တတိယကောင်းကင်အဆင့်တွင် ရှိနေသည်။ သူ ဤမျှထိ မောက်မာထောင်လွှားနေခြင်းမှာ အံ့အားသင့်စရာ မဟုတ်ချေ။

နဂါးတံခါး သဲကန္တာရ၏ ပိုင်နက်အတွင်း အင်မော်တယ်သခင်နယ်ပယ်သည် အတော်အသင့် လေးစားဖွယ်ကောင်းဆဲပင်။

ဤစကားများကို ပြောလိုက်ချိန်တွင် ပတ်ဝန်းကျင်ရှိ လက်အောက်ငယ်သားများသည် လုရန်နှင့်တခြားသူများကို ဖမ်းဆွဲရန် ချက်ချင်းမလှုပ်ရှားခဲ့ကြချေ။

ထိုအစား သူတို့သည် သူ့ကို ဖားယားလိုက်ကြ၏။

"ဂိုဏ်းချုပ်ပြောတာ အမှန်ပဲ... ဒီလူတွေက ရှေ့ဆုံးကနေ ဦးဆောင်ဖို့ အသင့်တော်ဆုံးပဲ"

"ဒီတစ်ခေါက် ကျွန်တော်တို့ သေချာပြင်ဆင်ထားပါတယ်... ဒီဧကရာဇ်နန်းတော်ထဲက ရတနာတွေကို ကျွန်တော်တို့ သေချာပေါက် သိမ်းပိုက်နိုင်မှာပါ"

"မြန်မြန်... မြန်မြန်... တစ်ယောက်ယောက် သူတို့ကို ကြိုးတုပ်လိုက်... မင်းတို့ ဘာတွေ နှောင့်နှေးနေတာလဲ"

မြှောက်ပင့်ဖားယားသူများအနက် တခြားသူများကို အမိန့်ပေးနေသူတချို့ပင် ရှိနေသည်။

ဂိုဏ်းချုပ်ဆိုသူသည် လုရန်နှင့်တခြားသူများကို တစ်ချက်လေးပင် မကြည့်ဘဲ ဧကရာဇ်နန်းတော် အဝင်ဝဆီသို့ လှည့်ကြည့်လိုက်သည်။

လုရန်နှင့်တခြားသူများကို ကြိုးတုပ်ပြီးသည်နှင့် တပြိုင်နက် အတွင်းသို့ ဝင်ရောက်ရန် သူ စိတ်လောနေပုံရသည်။

လုရန်သည် ထိုအင်မော်တယ်သခင်ကို အေးစက်စွာ ကြည့်လိုက်ပြီး ခေါင်းခါယမ်းလိုက်၏။

သူ၏နံဘေးတွင်ရှိနေသော ထန်ကော်က မျက်မှောင်ကြုတ်ပြီး ပြောဆိုသည်။

"ဆရာ... ကျွန်မတို့..."

လုရန်က လက်မြှောက်ပြီး ထန်ကော်၏စကားများကို ကြားဖြတ်ဟန့်တားလိုက်သည်။

သူသည် ထိုအင်မော်တယ်သခင်ကို ကြည့်ကာ သူ၏ရှေ့တွင် မတ်တတ်ရပ်မိသည်အထိ ခြေတစ်လှမ်းချင်းစီ လျှောက်လှမ်းသွားလေသည်။

"ကောင်လေး... မင်း ဘာလုပ်နေတာလဲ"

"အခုမှ သနားညှာတာဖို့ တောင်းပန်ချင်နေတာလား... နောက်ကျသွားပြီ"

"မင်းအတွက် ရတနာဝေစု မရှိဘူး... မင်းရဲ့ ကံကြမ္မာကို လက်ခံလိုက်တော့"

"ဂိုဏ်းချုပ်... သူတို့က သနားညှာတာပေးဖို့ တောင်းပန်ရင်တောင် အရှင် စိတ်ပျော့မသွားရဘူးနော်"

"ဒါပေမဲ့ ဒီကောင်မလေးက တော်တော်လှတယ်... ပြီးတော့ အဲ့ဒီအမျိုးသမီးကလည်း ဆွဲဆောင်မှု ရှိတယ်... ဂိုဏ်းချုပ် စိတ်ဝင်စားလား"

"အဲ့ဒီကောင်မလေးလည်း မဆိုးပါဘူး... အဲ့ဒီလို ပုံစံမျိုးကို ငါ ကြိုက်တယ်"

သူတို့၏ စကားပြောဆိုမှုများကြားတွင် အင်မော်တယ်သခင်သည် လုရန်ကို ဇဝေဇဝါဖြင့် လှည့်ကြည့်လိုက်၏။

ထို့နောက် သူ၏ပါးစပ်ကို ဖွင့်ဟပြီး ပြောဆိုသည်။

"မင်း..."

ဘုန်း...

စကားလုံး သူ၏ပါးစပ်မှ ထွက်လာသည်နှင့် တပြိုင်နက် လက်သီးတစ်ချက်နှင့် သူ ထိပ်တိုက်တွေ့ဆုံသွားတော့သည်။

ထိုအမြန်နှုန်းမှာ အလွန်မြန်ဆန်လွန်းလှသည်။

အင်မော်တယ်သခင်တစ်ပါးပင်လျှင် မတုံ့ပြန်နိုင်ဘဲ သူ၏မျက်နှာပေါ်သို့ လက်သီးချက် ကျဆင်းလာသည်ကို ကူကယ်ရာမဲ့စွာ စောင့်ကြည့်နေခဲ့ရပေ၏။

ဝုန်း...

အင်မော်တယ်သခင်တစ်ပါး၏ အစွမ်းထက်သော ခန္ဓာကိုယ်ပင်လျှင် ဤလက်သီးချက်ကြောင့် ခေါင်းကွဲသွားကာ ဖရဲသီးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားတော့သည်။

လုရန်၏မျက်နှာအမူအရာသည် ခံစားချက်ကင်းမဲ့နေဆဲပင်။

အင်မော်တယ်သခင်တစ်ယောက်ကို သတ်ရန်အတွက် သူ၏အတွေးတစ်ချက်ဖြင့် အင်မော်တယ်ပိုင်နက်နယ်မြေ၏ခေါင်းဖြတ်စက်က တစ်ဖက်လူကို တိုက်ရိုက်ဖျက်ဆီးပစ်နိုင်သည်။

သို့သော် လုရန်သည် မကြာသေးမီက စိုးရိမ်ပူပန်နေခဲ့သည်။ ချင်ဝူယောင်ကို ရှာမတွေ့နိုင်သဖြင့် သူသည် ဖိနှိပ်ထားသော ဒေါသများစွာကို သိမ်းဆည်းထားခဲ့ပေ၏။

စားသောက်ဆိုင်ရှိ ဆိုင်ရှင်မိန်းမနှင့် တခြားသူများ၏ ယခင်က သူ့အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုနှင့် ပေါင်းစပ်လိုက်သောအခါ...

လုရန်သည် မူလက ဆိုင်ရှင်မိန်းမနှင့် သူမ၏အုပ်စုကို သတ်ရန် ရည်ရွယ်ထားသော်လည်း သူတို့သည် သူ့တပည့်၏ လူများဖြစ်နေသောကြောင့် သူ လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

သို့သော် သူ၏ဒေါသများအတွက် ထွက်ပေါက်တစ်ခု လိုအပ်နေသည်။

သူ၏လက်သီးများသည် ဒေါသကို ဖွင့်ထုတ်ရန် အကောင်းဆုံးနည်းလမ်းပင်။

အင်မော်တယ်သခင်၏ခေါင်း ပေါက်ကွဲသွားသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်သည် နောက်လှည့်ကာ ချက်ချင်းထွက်ပြေးတော့သည်။

လုရန်၏ အစစ်အမှန်နယ်ပယ်ကို သူ နားလည်သဘောပေါက်သွားပုံရသည်။

အင်မော်တယ်သခင် တစ်ယောက်အနေဖြင့်ပင် သူသည် တစ်ဖက်လူ၏ပြိုင်ဘက် မဟုတ်ချေ။

သူ၏ခေါင်းသည် ကြေမွှသွားသော်လည်း ဤသည်က အင်မော်တယ်သခင်တစ်ယောက်အတွက် သေစေလောက်သော ပြဿနာ မဟုတ်ပေ။

နောက်ပိုင်းတွင် သူ၏ရုပ်ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်နိုင်ပေ၏။

သူ ထွက်ပြေးရန် နောက်လှည့်လိုက်သည့် အချိန်အခိုက်အတန့်မှာပင်...

တာအိုဓမ္မပုံရိပ်ယောင်တစ်ခုသည် သူ၏နောက်တွင် ပေါ်လာပြီး ရုပ်ခန္ဓာကိုယ်မှ ခွဲထွက်ကာ ရှေ့သို့ ပြေးထွက်သွားသည်။

တစ်ချိန်တည်းမှာပင် သူ၏ပင်မခန္ဓာကိုယ်ကလည်း ဆက်လက်၍ ပြေးနေခဲ့သည်။

လုရန်၏နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားပေ၏။

သူ ခေါင်းအနည်းငယ် မော့ကြည့်ကာ ဓမ္မပုံရိပ်ယောင် ဆီသို့ နောက်ထပ် လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

ကောင်းကင်နှင့်မြေကြီး စိတ်ဝိညာဉ်ချီကို ရေစီးကြောင်းတစ်ခုကဲ့သို့ သယ်ဆောင်လာသော လက်သီးချက် ကျဆင်းလာသည်။ ကြောက်မက်ဖွယ်ကောင်းသော ဆုတ်ဖြဲသည့် စွမ်းအားကြောင့် လေဟာနယ်သည် တွန့်လိမ်ကာ ပုံပျက်သွားတော့သည်။

ဤသည်မှာ မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်၏ လက်သီးချက်ပင်။

ဘုန်း...

အင်မော်တယ်သခင်၏ ဓမ္မပုံရိပ်ယောင်သည် ထွက်ပေါ်လာခါစမှာပင် လုရန်၏လက်သီးချက်ကြောင့် တိုက်ရိုက်ပေါက်ကွဲသွားတော့သည်။

ထို့နောက် အတော်ဝေးဝေးသို့ ထွက်ပြေးသွားပြီဖြစ်သော အင်မော်တယ်သခင်ကို သူ ကြည့်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူသည် အင်မော်တယ်သခင်တစ်ယောက် ဖြစ်သဖြင့် သူ ထွက်ပြေးသည့် အမြန်နှုန်းမှာ အလွန်မြန်ဆန်လှသည်။

လုရန်၏အတွေးတစ်ချက်ဖြင့်...

ဝီ...

စစ်နတ်ဘုရား ရှင်းထျန်း ဓမ္မပုံရိပ်ယောင်ကိုးခုသည် သူ၏နောက်တွင် ထွက်ပေါ်လာပေ၏။

သူတို့အားလုံး ထိုအင်မော်တယ်သခင်၏နောက်သို့ လိုက်သွားကြသည်။

မဟာအင်မော်တယ်ဧကရာဇ်နယ်ပယ်တွင် လုရန်၏ ဓမ္မပုံရိပ်ယောင်များမှ အမြန်နှုန်းနှင့်စွမ်းအားမှာ ယခင်ကနှင့် နှိုင်းယှဉ်၍မရအောင် ဖြစ်နေလေပြီ။ သူတို့သည် အင်မော်တယ်သခင်ကို မျက်စိတစ်မှိတ်အတွင်း အမီလိုက်နိုင်သွားကြ၏။

လက်သီးချက်များ အဆက်မပြတ် ကျရောက်လာကာ အင်မော်တယ်သခင်၏ ခေါင်းမပါသော ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။

ဤတစ်ကြိမ်တွင် ထိုအင်မော်တယ်သခင်၏ ဒန်တျန်သာမက ရုပ်ခန္ဓာကိုယ်နှင့် နတ်ဘုရားစိတ်ဝိညာဉ်လည်း ဓမ္မပုံရိပ်ယောင်များ၏ ထိုးနှက်မှုကြောင့် ပျော့ဖတ်များအဖြစ်သို့ ပြောင်းလဲသွားကာ လောကကြီးအတွင်းသို့ ပျောက်ကွယ်သွားပြီး အကောင်းပကတိရှိသော အသားစတစ်စလေးပင် မကျန်တော့ချေ။

အစောပိုင်းက ထိုလူကို အသည်းအသန် ဖားယားနေခဲ့ကြသော လက်အောက်ခံအုပ်စုနှင့် ပတ်သက်၍မူ သူတို့သည် ယခုအချိန်၌ အကြောက်လွန်ကာ ဖြူရော်နေကြပြီး တစ်လက်မလေးမျှပင် မလှုပ်ရဲကြတော့ပေ။

ဤတစ်ကြိမ်တွင် သူတို့သည် အမှန်တကယ်ကို သံမဏိပြားကြီးကို ဆောင့်ကန်မိသွားလေပြီ။

သူတို့ အမြှောက်စာအဖြစ် အသုံးပြုချင်ခဲ့သော လူငယ်သည် အင်မော်တယ်သခင်တစ်ယောက်၏ ခေါင်းကို လက်သီးတစ်ချက်တည်းဖြင့် ပေါက်ကွဲသွားအောင် ပြုလိုက်လိုက်၏။

ထို့ပြင် သူ့ထံ၌ ဓမ္မပုံရိပ်ယောင် တစ်ခုထက်မက ရှိနေသည်။

ထိုအင်မော်တယ်သခင်သည် ယခုအချိန်၌ လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီဖြစ်ပြီး အရိုးတစ်ချောင်းလေးမျှပင် မကျန်တော့ပေ။

ဤနဂါးတံခါး သဲကန္တာရတွင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ရှိနေလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။

သူက အင်မော်တယ်ဧကရာဇ်တစ်ယောက်လား...

ဒါမှမဟုတ် မဟာအင်မော်တယ်ဧကရာဇ်လား...

လုရန်သည် ထိုလက်အောက်ငယ်သားများကို တစ်ချက်ကြည့်လိုက်ပြီး အတွေးတစ်ချက်ဖြင့်...

ဝှစ်...

ထိုလက်အောက်ငယ်သားများအားလုံး၏ ခေါင်းများသည် တပြိုင်နက်တည်း မြေကြီးပေါ်သို့ တိတ်တဆိတ် ပြုတ်ကျသွားတော့သည်။

ဤလက်အောက်ငယ်သားများသည် သူ ဒေါသထွက်ရန် မထိုက်တန်ချေ။ သူတို့သည် သူ တစ်ချက်ထိတွေရုံဖြင့် ကျိုးပဲ့သွားကြပေမည်။

ထို့ကြောင့် သူတို့ကို ဖယ်ရှားပစ်လိုက်ခြင်းက ပိုကောင်းပေ၏။

ထိုအင်မော်တယ်သခင်ပင်လျှင် များစွာအကျိုးသက်ရောက်မှု မရှိခဲ့သော်လည်း အနည်းဆုံးအနေဖြင့် သူက လုရန်ကို အနည်းငယ် လှုပ်ရှားခွင့် ပေးခဲ့သည်။

ဤသည်ကို သူ လက်ခံနိုင်သည်။

ထိုသို့မဟုတ်ပါက အင်မော်တယ်သခင်တစ်ပါးကို သတ်ရန်မှာ လုရန်အတွက် အတွေးတစ်ချက်သာ လိုအပ်ပေမည်။ သူ မည်သည်ကြောင့် ထိုမျှထိ ဒုက္ခခံနေရမည်နည်း။

သို့သော် ထိုသို့ဖြစ်သည့်တိုင် ထန်ကော်နှင့်ဆိုင်ရှင်မိန်းမ နှစ်ဦးလုံး ဆွံ့အသွားကြသည်။

ဤသည်မှာ အကြွင်းမဲ့ သတ်ဖြတ်မှုကြီးတစ်ခုပင်။

သူက အင်မော်တယ်သခင် တစ်ယောက်လေ... ဒါပေမဲ့ ဆရာက သူ့ကို အရမ်းလွယ်လွယ်ကူကူ သတ်ပစ်လိုက်တယ်ပေါ့...

ဒါက မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်ရဲ့ စွမ်းအားလား...

လုရန်က သူတို့ကို တိုက်တွန်းလိုက်သည်။

"မင်းတို့ ဘာရပ်လုပ်နေတာလဲ... ဝင်ကြစို့... ဘယ်သူက ဒီဧကရာဇ်နန်းတော်ကို ဖန်တီးခဲ့တာလဲဆိုတာကို ငါ ကြည့်ချင်တယ်..."

All Chapters