← Chapters

အခန်း ၁၁၀

Vol. 11 Ch. 110

အခန်း ၁၁၀

Vol. 11 Ch. 110

အခန်း ၁၁၀: ကြောက်မက်ဖွယ်ကောင်းသော အပြာရောင်ဂိုဏ်း ဘိုးဘေး

ဤမြေအောက်နန်းတော်၏အတိုင်းအတာမှာ မသေးငယ်လှပေ။

လုရန်တို့လူစုသည် နန်းတော်အတွင်းသို့ ဝင်ရောက်ခဲ့ကြ၏။

သူတို့၏ရှေ့တွင် ရှိနေသည်မှာ လိုဏ်ဂူတစ်ခုမဟုတ်ဘဲ ကျယ်ဝန်းသော ပင်မလမ်းမကြီးတစ်ခုပင်။

လမ်း၏တစ်ဖက်တစ်ချက်စီတွင် ချောက်ကမ်းပါးများ ရှိနေပြီး အောက်သို့ ငုံ့ကြည့်လိုက်လျှင် မည်မျှနက်မှန်း မသိနိုင်လောက်အောင် မှောင်မည်းနေသည်။

လုရန်သည် သူ၏နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ကာ အချိန်တခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"ဒါက တူးဖော်ထားတာနဲ့ မတူဘဲ သဘာဝအတိုင်း ဖြစ်တည်နေပုံရတယ်"

ဤနေရာသည် အတော်လေး နက်ရှိုင်းလှ၏။ ရှေ့သို့ ဆက်သွားလျှင် လမ်း၏အဆုံး၌ အောက်ဘက်သို့ ဆင်းသွားသော တဆက်တည်းရှိနေသည့် နန်းတော်များကို မြင်တွေ့နိုင်သည်။

လုရန်က မော့ကြည့်လိုက်သည်။

အထက်မှ ဝါကျင့်ကျင့်သဲများကို အတားအဆီးတစ်ခုဖြင့် အေးခဲထားပြီး ပြိုကျမလာစေရန် ခိုင်ခံ့စွာ ပြုလုပ်ထားသည်။

ဤသို့ကြည့်လျှင် ဤမြေအောက်နန်းတော်သည် အနည်းငယ် ကြမ်းတမ်းနေပေ၏။

ထိုနန်းတော်သည် မြေအောက်တွင် ရှိပြီး အတော်အသင့် ကြီးမားသော အတိုင်းအတာရှိသော်လည်း ထိုမျှသာဖြစ်သည်။

ဤကဲ့သို့သောအရာက မည်သို့ အန္တရာယ်များနိုင်သည်ကို လုရန် တွက်ဆ၍ မရနိုင်ပေ။

သူ ရှေ့သို့ဆက်လျှောက်သွားရင်း တီးတိုးရေရွတ်နေခဲ့သည်။

ထန်ကော်နှင့် ဆိုင်ရှင်မိန်းမသည် လုရန်၏ နောက်မှ လိုက်ပါလာပြီး လင်းပေါင်အာကမူ လုရန်၏ကျောပေါ်တွင် ဆက်လက်၍မှီနေသည်။

သူမသည် ဤကိုယ်ဟန်အနေအထားကို ပို၍ပို၍ကျင့်သားရလာပေ၏။

လုရန်သည် ဘာမျှမပြောခဲ့ချေ။ မည်သို့ပင်ဆိုစေကာမူ သူမကို သယ်ပိုးထားရခြင်းက မပင်ပန်းသည့်အပြင် သူ၏ချီပြောင်းလဲခြင်းနှုန်းကိုပင် အမှန်တကယ် မြန်ဆန်စေသည်။

သူသည် မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်နေပြီဖြစ်သော်လည်း ချီပြောင်းလဲခြင်းက ရပ်တန့်မသွားပေ။ သို့သော် ပြောင်းလဲမှုအမြန်နှုန်းမှာမူ အတော်လေး နှေးကွေးသွားပုံရသည်။

လုရန်သည် ဤကိစ္စကို စမ်းသပ်ကြည့်ခဲ့ပြီးဖြစ်သည်။

မဟာအင်မော်တယ်ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိပြီးနောက် လုရန်သည် ကျင့်ကြံရန်အတွက် ကိုယ့်ကိုယ်ကိုယ်သာ အားကိုးပါက မည်သည့် တိုးတက်မှုကိုမျှ မရရှိနိုင်တော့ပေ။

မဟာအင်မော်တယ်ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိသွားသောအခါ စိတ်ဝိညာဉ်စွမ်းအားသည် အမြင့်ဆုံး ကန့်သတ်ချက်သို့ ရောက်ရှိသွားပြီး ဆက်လက်၍ တိုးမလာနိုင်တော့သည့်အလား ဖြစ်နေပေ၏။

သို့သော် ထိုအချက်မှာ တခြားမဟာအင်မော်တယ်ဧကရာဇ်များအတွက်သာဖြစ်သည်။ လုရန်အတွက်မူ သူ၏စိတ်ဝိညာဉ်စွမ်းအားများကို တိုးပွားစေရန် နည်းလမ်းနှစ်ခု ရှိနေသေးသည်။

ပထမတစ်ခုမှာ လင်းပေါင်အာနှင့် ထိတွေ့ခြင်းမှတစ်ဆင့် ပြောင်းလဲခြင်းဖြစ်ပြီး ဒုတိယတစ်ခုမှာ တက်ရောက်စာရင်းသွင်းခြင်းပင်။

တက်ရောက်စာရင်းသွင်းခြင်းမှ ရရှိသော ကျင့်ကြံမှုသည် လုရန်ထံသို့ အတင်းအကြပ် ပေါင်းထည့်ခံရသည်။

ထိုအချက်ကို မည်သည့်အရာကမျှ သက်ရောက်မှု ရှိမည် မဟုတ်ချေ။

ဤသည်မှာ သူ အောက်ဘုံတွင် ရှိစဉ်ကအတိုင်း ထပ်တူထပ်မျှပင်။ လုရန်သည် ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းနယ်ပယ်၏ အထွတ်အထိပ်တွင် ပိတ်မိနေခဲ့သော်လည်း နှစ်ပေါင်းတစ်သိန်းကြာ တက်ရောက်စာရင်းသွင်းခြင်းမှတစ်ဆင့် သူ၏ချီများ ကုန်ခမ်းခြင်းမရှိဘဲ ဆက်လက်၍ တိုးပွားနေခဲ့သည်။ ထိုအချက်ကပင် လုရန်ကို စိတ်ဝိညာဉ်နယ်မြေတွင် အဆင့်များ ခုန်ပျံကျော်လွှား၍ တက်လှမ်းနိုင်သည့် အခွင့်အရေးကို ပေးခဲ့လေ၏။

ထို့ကြောင့်...

တခြားမဟာအင်မော်တယ်ဧကရာဇ်များတွင် စိတ်ဝိညာဉ်စွမ်းအား ကန့်သတ်ချက်ကို ချိုးဖျက်ရန် နည်းလမ်း မရှိပါက လုရန်သည် သူ ပြိုင်ဘက်ကင်း ဖြစ်နေမည်ကို အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။

သူ၏စွမ်းအားသည် ပို၍ပို၍ သန်မာအားကောင်းလာပေမည်။

ထို့ပြင် အချိန်နိယာမ ရှိနေခြင်းကြောင့် လုရန်သည် နံပါတ်တစ် မဟာအင်မော်တယ်ဧကရာဇ်ပင် ဖြစ်လာနိုင်သည်။

ထိုအချိန်ရောက်လျှင် စိတ်ဝိညာဉ်နယ်မြေရှိ မည်သည့်အရာကမျှ လုရန်ကို ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ပေ။

လုရန် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။

"အောက်ဘုံမှာ နှစ်ပေါင်း တစ်သိန်းလောက် အောင့်အည်းသည်းခံခဲ့ရပြီးတော့ စိတ်ဝိညာဉ်နယ်မြေကို တက်လှမ်းလာပြီးနောက် ဒီလောက်ထိ မြန်မြန်ဆန်ဆန်နဲ့ အဆုံးသတ်ကို ရောက်သွားလိမ့်မယ်လို့ ငါ တကယ်ကို မျှော်လင့်မထားခဲ့ဘူး... ဒါပေမဲ့ ဒီစိတ်ဝိညာဉ်နယ်မြေက ကျယ်ပြန့်ပြီး အရင်းအမြစ်တွေ ကြွယ်ဝတယ်... စိတ်ဝိညာဉ်နယ်မြေရဲ့ ပြည်နယ်ကိုးခုထဲက တခြားပြည်နယ်တွေကို ငါ မရောက်ဖူးသေးဘူး"

တစ်ချိန်တည်းမှာပင် သူ၏စိတ်ထဲတွင် အစီအစဉ်တစ်ခု ရေးဆွဲလိုက်၏။

သူ၏ဇနီးကို ရှာတွေ့ပြီးနောက် ကျန်ရှိသော အချိန်များကို စိတ်ဝိညာဉ်နယ်မြေ၏ ပြည်နယ်ကိုးခုတွင် လှည့်လည်သွားလာရန် အသုံးပြုပေမည်။

ထိုကဲ့သို့ ခရီးသွားခြင်းကိုမှ ရှင်သန်နေသောဘဝဟု ခေါ်ဆိုရပေမည်။

ထန်ကော်၏အသံက လုရန်၏ အတွေးများကို နှောင့်ယှက်လိုက်သည်။

"ဆရာ... ဒီနေရာမှာ တစ်ခုခု မှားနေတယ်... ကျွန်မတို့ သတိထားရမယ်"

သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ သူတို့သည် ပင်မလမ်းမကြီး၏ တစ်ဝက်သို့ ရောက်ရှိနေလေပြီ။

အနောက်သို့ လှည့်ကြည့်လိုက်လျှင် သူတို့သည် ခရီးအတော်ဝေးဝေးသို့ လျှောက်လှမ်းခဲ့ပြီးဖြစ်သည်။

ထို့ပြင် ဤနေရာမှစ၍ မြေကြီးပေါ်ရှိ အရိုးစုများ စတင်၍ များပြားလာသည်။

အများစုမှာ သာမန်အရိုးစုများ ဖြစ်သော်လည်း သူတို့အထဲတွင် အင်မော်တယ်အရိုးစုများလည်း မနည်းလှပေ။

ဤအရိုးစုများပေါ်ရှိ အဝတ်အစားများမှာ စုတ်ပြဲနေပြီး အရိုးတချို့သည် နေရာများစွာတွင် ကျိုးပဲ့နေပေ၏။

သူတို့ မသေဆုံးမီ ဤနေရာတွင် အလွန်ကြေကွဲဖွယ်ကောင်းသော အရာတစ်ခုနှင့် ကြုံတွေ့ခဲ့ရကြောင်း သိသာရှင်းလင်းသည်။

သူတို့၏ခန္ဓာကိုယ်များပေါ်ရှိ သိုလှောင်အိတ်များနှင့် ပတ်သက်၍မူ နောက်မှရောက်လာသူများက ရှင်းလင်းယူဆောင်သွားကြလေပြီ။

လုရန်တို့လူစုသည် သူတို့၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကြ၏။

လုရန်က သူ၏မျက်လုံးများကို ကျဉ်းမြောင်းကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

ထို့နောက် သူက ပြောဆိုသည်။

"ငါ သဘောပေါက်ပြီ"

ဤနေရာရှိ အတားအဆီးများမှာ အမှန်တကယ်ကို ပို၍များပြားလာသည်။

ထို့အပြင် မည်သူမျှ မြေအောက်နန်းတော်သို့ မချဉ်းကပ်နိုင်စေရန် အထူးစီစဉ်ထားပုံရသည်။ အတားအဆီး အရေအတွက်မှာ လူတစ်ယောက်၏ ဦးရေပြားကို ထုံကျင်သွားစေလောက်အောင် များပြားလှ၏။

ဤအတားအဆီးများအနက် တချို့ကို တခြားသူများက ဖျက်ဆီးခဲ့ပြီးဖြစ်သည်။

သို့သော် သုံးပုံတစ်ပုံအောက်သာ ဖျက်ဆီးခံခဲ့ရပြီး ကျန်ရှိသော သုံးပုံနှစ်ပုံမှာ ကြောက်မက်ဖွယ်အကောင်းဆုံးပင်။

အဘယ်ကြောင့်ဆိုသော် ကျန်ရှိနေသော အတားအဆီးများအားလုံးသည် ဖုံးကွယ်ထားသော အမျိုးအစားများ ဖြစ်သောကြောင့်ပင်။

ထို့ပြင် ဖုံးကွယ်ထားသော နည်းလမ်းများသည် အလွန် အဆင့်မြင့်လှပြီး တစ်ချိန်တည်းမှာပင် ဤမြေအောက်နန်းတော်သည် အမှန်တကယ်ကို အပြာရောင်ဂိုဏ်း တပည့်တစ်ဦးနှင့် သက်ဆိုင်ကြောင်း လုရန်ကို ပို၍သေချာသွားစေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဤအတားအဆီးများကို သူ အလွန်ရင်းနှီးနေပြီး စီစဉ်ထားသော နည်းစနစ်များမှာ လုရန် သင်ကြားပေးခဲ့သော နည်းစနစ်များနှင့် အတိအကျ တူညီနေသောကြောင့်ပင်။

ထို့အပြင် အတားအဆီးများကို ဖုံးကွယ်သည့် နည်းစနစ်မှာ အတိတ်တွင် လုရန်ကိုယ်တိုင် ဖန်တီးခဲ့သောအရာပင်။

လုရန်မှလွဲ၍ ဤနည်းလမ်းများကို သိရှိသူ အလွန် နည်းပါးလှသည်။

လုရန်က တခဏကြာမျှ စဉ်းစားပြီးနောက် ပြောဆိုသည်။

"သွားကြစို့... အဲ့ဒါက တကယ့်ကို ငါတို့ရဲ့လူတွေထဲက တစ်ယောက် ဖြစ်ပုံရတယ်"

ထိုသို့ပြောဆိုပြီးနောက် သူသည် ခြေထောက်ကိုမြှောက်ကာ ရှေ့သို့ လျှောက်လှမ်းသွားလိုက်၏။

တစ်ချိန်တည်းမှာပင် သူ၏နတ်ဘုရားစိတ်အာရုံ ထွက်ပေါ်လာပြီး သူ၏ရှေ့ရှိ အတားအဆီးများကို ကြိုးကိုင်ခြယ်လှယ်ကာ လမ်းကြောင်းများကို တစ်ခုပြီးတစ်ခု ဖွင့်ပေးလိုက်သည်။

ဤသည်မှာ အတားအဆီးများကို ဖျက်ဆီးနေခြင်း မဟုတ်ဘဲ ဖြတ်သန်းသွားလာနိုင်ရန် ထိုအရာများကို ယာယီပိတ်ထားခြင်းပင်။

ဤအတားအဆီးများအားလုံးနှင့် အလွန်ရင်းနှီးနေသောကြောင့် ထိုအရာသည် လုရန်အတွက် ပို၍ပင် ရိုးရှင်းလှသည်။

လုရန်၏ အထွတ်အထိပ်အဆင့် ဝင်္ကပါစွမ်းရည်များနှင့် ပေါင်းစပ်လိုက်သောအခါ သူသည် လမ်းလျှောက်နေစဉ် သူ၏ခြေလှမ်းများကိုပင် မရပ်တန့်ခဲ့ချေ။

လုရန်က သတိပေးလိုက်သည်။

"ငါ့နောက်ကနေ သေချာ လိုက်ခဲ့... လျှောက်မသွားနဲ့... မဟုတ်ရင်"

သူ မူလက 'မဟုတ်ရင် နတ်ဘုရားတောင် မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး' ဟု ပြောချင်ခဲ့သည်။

သို့သော် လုရန်တွင် အချိန်နိယာမ ရှိနေသဖြင့် ထိုအချက်မှာ သိပ်အရေးမကြီးလှချေ။

ထိုသို့ဆိုသည့်တိုင် ထန်ကော်နှင့် ဆိုင်ရှင်မိန်းမသည် အောက်ဘက်ရှိ အန္တရာယ်များကို သိရှိထားပြီး လုရန်၏ခြေလှမ်းများနောက်သို့ အမှားအယွင်း တစ်စုံတစ်ရာ မလုပ်ရဲဘဲ ထပ်ချပ်မကွာ လိုက်ပါသွားကြ၏။

တခြားသူများအတွက် အလွန်အန္တရာယ်များပုံရသော မြေအောက်နန်းတော်သည် လုရန်၏ရှေ့တွင် ကျယ်ဝန်းသော ကောင်းကင်လမ်းမကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။ သူသည် အနည်းငယ်မျှ အဟန့်အတားမရှိဘဲ လမ်းတစ်လျှောက်လုံး လျှောက်လှမ်းသွားခဲ့သည်။

ထိုအစား လုရန် အနည်းငယ် ဆွံ့အသွားသကဲ့သို့ ခံစားလိုက်ရသည်။

ဤမြေအောက်နန်းတော်သည် ဤမျှထိ ဂုဏ်သတင်း ကြီးမားနေသော်လည်း ဝင်ရောက်လာသူများသည် လမ်းတစ်ဝက်တွင် သေဆုံးသွားကြသည် သို့မဟုတ် အတားအဆီးများကြောင့် သေလုမတတ် ရိုက်နှက်ခံရပြီး သေလုမျောပါးဖြစ်ခဲ့ကြသ​ည်။

သူတို့သည် မြေအောက်နန်းတော်ကိုပင် မထိတွေ့ခဲ့ရသေးပေ။

ဤလမ်းတစ်လမ်းတည်းကပင် သူတို့ကို သေသည်ထက် ပိုဆိုးသွားအောင် လုပ်နိုင်ခဲ့သည်။

ထိုသို့ဆိုလျှင် ဤမြေအောက်နန်းတော်အတွင်း၌ ရတနာဆိုသောအရာများ လုံးဝရှိမနေနိုင်ကြောင်း လုရန်က အကြမ်းဖျင်း ခန့်မှန်းမိသည်။

မည်သို့ပင်ဆိုစေကာမူ မည်သူမျှ ဤနေရာသို့ အမှန်တကယ် မဝင်ရောက်ခဲ့ဖူးပေ။

သူတို့သည် ရတနာများကို မည်သို့ မြင်ဖူးမည်နည်း...

တစ်စုံတစ်ယောက်က ရတနာများ မြေအောက်နန်းတော်တွင် ရှိနေကြောင်း ကောလာဟလများ ဖြန့်လိုက်ပြီး လူအများသည် ဤကြောက်မက်ဖွယ်ကောင်းသော အတားအဆီးများနှင့် တွေ့ဆုံသွားခြင်း ဖြစ်နိုင်သည်။

သာမန်လူတစ်ယောက်၏ စဥ်းစားဥာဏ်အရဆိုလျှင် ဤနေရာတွင် အတားအဆီးများစွာ ပြင်ဆင်ထားသဖြင့် တစ်စုံတစ်ခုကို ကာကွယ်ရန် ဖြစ်မည်ဟု သေချာပေါက် တွေးမိပေမည်။

တစ်စုံတစ်ခုသည် ရယူရန် ခက်ခဲလေလေ လူတစ်ယောက်၏နှလုံးသားကို ရယူလိုစိတ်ဖြင့် ယားယံလာစေလေလေပင်။

ထို့ကြောင့် သတင်းစကားသည် တစ်ယောက်မှ ဆယ်ယောက်၊ ဆယ်ယောက်မှ တစ်ရာသို့ ပျံ့နှံ့သွားပြီး ဤနေရာသည် ရတနာများ ပြည့်နှက်နေသော မြေအောက်နန်းတော် ဖြစ်လာခဲ့သည်။

လုရန်သည် ရတနာများကို စိတ်မဝင်စားပေ။

ထိုအရာသည် သူ၏ တပည့် ပြုလုပ်ထားသောအရာ ဖြစ်သဖြင့် လုရန် တန်ဖိုးထားမည့် ရတနာများ ရှိနေမည် မဟုတ်ပေ။

သူ သိချင်နေသည်မှာ ဤတပည့်၏အထောက်အထားပင်။

လွန်ခဲ့သော အချိန်များစွာကတည်းက ဤနေရာတွင် မြေအောက်နန်းတော်တစ်ခု တည်ဆောက်ထားခဲ့ခြင်းဖြစ်ရာ ထိုလူသည် လုရန်၏ အစောပိုင်း တပည့်များထဲမှ တစ်ဦး ဖြစ်ပေမည်။

လုရန်၏ နည်းစနစ်များနှင့် အတိအကျ ကိုက်ညီသော ကျွမ်းကျင်သည့် နည်းစနစ်များဖြင့် ဤကဲ့သို့ ဖန်တီးနိုင်သည့် ပါရမီရှင်တပည့်များကို လက်ချိုးရေတွက်၍ ရနိုင်ပေ၏။

သူ၏နောက်တွင်....

ဆိုင်ရှင်မိန်းမ အလွန်အမင်း အံ့အားသင့်နေခဲ့သည်။

ဤလူသည် အပြာရောင်ဂိုဏ်းဘိုးဘေးဖြစ်ပြီး သူမသူဌေး၏ဆရာဖြစ်ကာ အလွန်ကြောက်စရာကောင်းလှသည်။

သူမ ဤနေရာသို့ ယခင်က မရောက်ဖူးသော်လည်း ဤနေရာရှိ အန္တရာယ်များကို သူမ သိရှိထားပြီး လူတစ်ယောက်၏ ဦးရေပြားကို ထုံကျင်သွားစေလောက်အောင် များပြားလှသော ကြောက်မက်ဖွယ်ကောင်းသည့် အတားအဆီးများအကြောင်း သူမ ကြားဖူးခဲ့သည်။

သို့သော် အပြာရောင်ဂိုဏ်းဘိုးဘေးရှေ့တွင် ဤအတားအဆီးများသည် စက္ကူများနှင့် မကွာခြားပေ။

လမ်းတလျှောက်လုံး လျှောက်လှမ်းလာရာတွင် သူမတို့သည် အဟန့်အတား တစ်စုံတစ်ရာမျှ မရှိဘဲ ဘေးကင်းစွာ ဖြတ်သန်းသွားနိုင်ခဲ့သည်။

ဤသည်မှာ စွန့်စားခန်းတစ်ခုအတွက် ဝင်ရောက်လာခြင်း မဟုတ်ဘဲ ကိုယ်ပိုင်အိမ်နောက်ဖေး ဥယျာဉ်ထဲတွင် လမ်းလျှောက်နေရသည့်အလားပင်။

မကြာမီ...

ပင်မလမ်းမကြီး၏အဆုံးသို့ ရောက်သွားသောကြောင့် လုရန်၏ခြေလှမ်းများ ရပ်တန့်သွားတော့သည်။

သို့သော် လုရန်သည် ရှေ့သို့ ဆက်မသွားခဲ့ပေ။

ထိုအစား ဧကရာဇ်နန်းတော် အစစ်အမှန်၏ အဝင်ဝမှ ဘယ်နှင့်ညာရှိ ဧရာမ ယောင်သားရဲရုပ်ထုနှစ်ခုကို ပင်မလမ်းမကြီး အနောက်မှနေ၍ စူးစမ်းချင်စိတ်ဖြင့် သူ ကြည့်လိုက်သည်။

သူက ပြောဆိုသည်။

"ဒီရုပ်ထုနှစ်ခုက အသက်ရှင်နေတာပဲ"

Book 11 end.

All Chapters