← Chapters

ဝါးမြိုခြင်း

Vol. 015 Ch. 737

ဝါးမြိုခြင်း

Vol. 015 Ch. 737

သည်တစ်ကြိမ်က ဝမ်လင်း စိတ်ဝိညာဉ်ထုတ်ယူခြင်း မန္တာန်ကို မြင်ဖူးသည်မှာ ပထမဆုံး အကြိမ်တော့ မဟုတ်ပေ။ အရင်တုန်းက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတွင် လောဘကြီးက ကောင်းကင်ဘုံတောင်မှ တောင်၏စိတ်ဝိညာဉ်ကို ထုတ်ယူဖူးသည်ကိုလည်း တွေ့မြင်ခဲ့ဖူး၏။

ထိုအချိန်တုန်းက မြင်ကွင်းက သူ့ကို ကြီးစွာ တုန်လှုပ်စေခဲ့၏။ သည်လိုမန္တာန်မျိုးက အလွန်အားကောင်းကာ သာမန်ကျင့်ကြံသူများက ထိန်းချုပ် ကျွမ်းကျင်နိုင်စွမ်းရှိသည့် အရာမဟုတ်ပေ။

ခုချိန်၌ သူက သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသော ပျံ့ကြဲနတ်ဆိုးမိစ္ဆာကိုယ်တိုင် ဂြိုဟ်စိတ်ဝိညာည်ကို ထုတ်ယူလိုက်ခြင်းအား ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခဲ့ရပြီ ဖြစ်သည်။သူက ယခုမန္တာန်သည် လောဘကြီး၏မန္တာန်ထက် များစွာ ကြီးကျယ်ခမ်းနားသည်ကို တွေ့မြင်နိုင်ပေ၏။

ဂြိုဟ်၏ စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်ယူခြင်းနှင့် ဂြိုဟ်စိတ်ဝိညာဉ်ကို ထုတ်ယူခြင်းက တော်တော်လေး ကွာခြားပေ၏။ ခုတစ်ကြိမ်၌ ဂြိုဟ်က အနည်းငယ်မျှပင် တုန်ယင်သွားခြင်း မရှိပေ။ သို့သော် အလွန်ရှေးကျသောအော်ရာတစ်ခု ထွက်ပေါ်လာကာ ဂြိုဟ်က နိုးထလာသကဲ့သို့ ဖြည်းဖြည်းချင်း ပျံ့နှံ့လာခဲ့သည်။

ဝမ်လင်းခန္ဓာကိုယ်ကို ထိန်းချုပ်ထားသော ပျံ့ကြဲနတ်ဆိုးမိစ္ဆာက သူ့ညာလက်ကို ဆန့်ထုတ်၏။ သူ့အော်ရာက သူ့လက်ဝါးထက်၌ အရူးအမူး စုဝေးလာကာ မျက်စိတစ်မှိတ်အတွင်း မီးခိုးရောင်မြူတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။ ရှေးဟောင်းအော်ရာကလည်း ထိုမြူနှင့်အတူ ပေါင်းစပ်သွားခဲ့သည်။

၎င်းက ပုံရိပ်ယောင်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။သို့သော် ထိုအခိုက်အတန့်၌ သူသည် ပုံရိပ်တစ်ထောင်ဂြိုဟ်က ၎င်း၏ အသက်ဓာတ်ကို ရုတ်တရက် ဆုံးရှုံးသွားသည်ဟု ခံစားလိုက်ရ၏။မြက်ပင်များက ခြောက်သွေ့၊ မြစ်များက ခမ်းခြောက်ပျောက်ကွယ်ကုန်၏။

လက်ထဲတွင် မိးခိုးရောင်မြူနှင့်အတူ ပျံ့ကြဲမိစ္ဆာက ရယ်မောလိုက်ကာ ကောင်းကင်ဘုံပုံရိပ်ထံသို့ တိုက်ရိုက်တိုးဝင်သွားတော့၏။ ပျံ့ကြဲမိစ္ဆာက လျှပ်စီးတန်းအလား လှုပ်ရှားလာရင်း ကောင်းကင်ဘုံပုံရိပ်နှင့် နီးကပ်လာချေ၏။

ဝမ်လင်းက သူ့ခန္ဓာကိုယ်သည် ပုံရိပ်တစ်ထောင်ဂြိုဟ်၏ စိတ်ဝိညာဉ်နှင့် ပေါင်းစပ်သွားခဲ့ပြီ ဟူသော ခံစားမှုကိုပင် ရရှိနေသည်။ သည်တိုက်ခိုက်မှုက သူ့ကိုယ်ပိုင်စွမ်းအား မဟုတ်ပေ။သို့သော် ဂြိုဟ်တစ်ခုလုံး၏ စွမ်းအား ဖြစ်နေချေ၏။

ကောင်းကင်ဘုံပုံရိပ်ကလည်း ဂြိုဟ်ပေါ်ရှိ စိတ်ဝိညာဉ်စွမ်းအင်များအားလုံးကို ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် အဖြစ်သို့ ပြောင်းလဲကာ ၎င်း၏ လက်ကို ဝှေ့ယမ်းပြီး ပျံ့ကြဲနတ်ဆိုးမိစ္ဆာထံသို့ တန်းမတ်စွာ ဝင်ရောက်လာသည်။

အံ့မခန်း မန္တာန်နှစ်ခုက တစ်ခုနှင့်တစ်ခု နီးကပ်သထက် နီးကပ်လာကာ နောက်ဆုံးတွင် ထိပ်တိုက်တွေ့ဆုံသွားတော့၏။

ဘုန်း…ဘုန်း…ဘုန်း…။

မိုးခြိမ်းသံ တော်လဲသံ တို့က ဂြိုဟ်အနှံ့တွင် တဝုန်းဝုန်း ပျံ့နှံ့ပဲ့တင် ထပ်ကုန်ကြသည်။သည်အခိုက်အတန့်၌ ပုံရိပ်တစ်ထောင်ဂြိုဟ်၏ စိတ်ဝိညာဉ်သွေးကြော သုံးဆယ်၊လေးဆယ် ရာခိုင်နှုန်းခန့်သည် ပျက်စီးသွားရ၏။ ထို ထိပ်တိုက်တွေ့ဆုံမှုကနေ ပြင်းထန်းသော တုန်ခါလှိုင်းများကို နေရာအနှံ့သို့ ပျံ့နှံ့ကုန်ကြသည်။

ပြင်းထန်သော ဖိသိပ်အားက ဟွမ်မိသားစုဝင်များကို ချက်ခြင်းနောက်သို့ ဆုတ်ခွာသွားစေသည်။ ၎င်းတို့က သူတို့၏ စိတ်ဝိညာဉ်စွမ်းအင် သို့မဟုတ် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တို့ကို အသက်သွင်းလိုက်ရ၏။

ကောင်းကင်ဘုံပုံရိပ်ကလည်း ရုတ်တရက် အခိုးငွေ့အဖြစ်သို့ ပြိုပျက်သွားကာ စတင် ပျောက်ကွယ်လာခဲ့သည်။ ၎င်းက လုံးဝ ပျောက်ကွယ်သွားသည့်အခိုက်၌ ကျောက်စိမ်းပြားအပိုင်းတစ်ခုက ပေါ်လာခဲ့သည်။

ထိုကျောက်စိမ်းပြား ပေါ်ထွက်လာသည့် အခါ၌ ၎င်းထံကနေ အက်ကွဲသံများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။ ဟွမ်မိသားစုဝင်များ၏ မျက်လုံးအောက်မှာပင် ထိုကျောက်စိမ်းပြားက ကွဲကြေကာ ဖုန်မှုန်အဖြစ်သို့ ပြောင်းလဲသွားတော့၏။

သို့ရာတွင် ၎င်းက ကွဲကြေသွားသည့်အခိုက်၌ ၎င်းအထဲကနေ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအဖြူရောင်အလင်းတန်းက အလင်းမျက်နှာပြင်တစ်ခုကဲ့သို့ ဖြစ်တည်လာကာ ငါးကီလိုမီတာအတွင်းရှိ အရာအားလုံးကို ဖုံးအုပ်ပေးသွားသည်။

ဟွမ်မိသားစုဘိုးဘေး မျက်နှာက ဖြူရောသွား၏။ မိသားစုတွင် သတင်းစကားတစ်ခု ချန်ထားမှု ရှိ၏။ ထိုအကြောင်းမှာ သည်ကျောက်စိမ်းပြား ပျက်စီးသွားသည်နှင့် အကာအကွယ်မန္တာန်တစ်ခု ကျန်ခဲ့မည် ဖြစ်သည် ဟူ၍ပင်။ သို့ရာတွင် ယင်းမန္တာန်က အလွန်အားပျော့၏။ ၎င်းက ဟွမ်မိသားဝင်များ သေရှင်းရှင်ရေးမှ လွတ်မြောက်ရန် အချိန်ခဏရစေခြင်း၊ ကိုယ့်ကိုကိုယ် သတ်သေခြင်း၊ သို့မဟုတ် နောက်ဆုံးအမှာစကားများ ချန်ထားခြင်း စသည်တို့ လုပ်ဆောင်ရန်အတွက် ယာယီအချိန်ရရန်အတွက်သာ ဖြစ်သည်။

ပျံ့ကြဲနတ်ဆိုးမိစ္ဆာ၏ ညာလက်က တုန်ယင်နေ၏။သည့်နောက် ပုံရိပ်တစ်ထောင်ဂြိုဟ်၏ စိတ်ဝိညာဉ်က ပျောက်ကွယ်လို့သွားသည်။

ရှေးဟောင်းအော်ရာက ကမ္ဘာမြေကြီးထဲသို့ ပြန်ပေါင်းစပ်ပျော်ဝင်ကာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့၏။

ထိုတိုက်ပွဲ၌ အကြီးမားဆုံးအကျိုးရရှိလိုက်သူကတော့ ဝမ်လင်းပင် ဖြစ်၏။ သည်လိုမန္တာန်များအသုံးပြုသည့် တိုက်ပွဲမျိုးက သူ့ကျင့်ကြံမှုအဆင့်မှ တစ်စုံတစ်ယောက် ဘယ်တုန်းကမှ မျှော်လင့်နိုင်ခြင်း မရှိသည့် အတွေ့အကြုံမျိုး ဖြစ်၏။

ကောင်းကင်ဘုံပုံရိပ်နှင့် ပျံ့ကြဲနတ်ဆိုးမိစ္ဆာတို့နှစ်ယောက်လုံးက ဒုတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားမျိုး ပိုင်ဆိုင်ထားကြပေသည်။ ဝမ်လင်းအတွက်တော့ ထိုတိုက်ပွဲက သူ့အတွက် တံခါးတစ်ချပ် ဖွင့်ပေးလိုက်သကဲ့သို့ပင်။

သည်တိုက်ပွဲ၌ သူက နောက်အဆင့်၏ စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ ခံစားခွင့်ရခဲ့ပေသည်။

“ဒါ…ဒါက ဒုတိယအဆင့်ရဲ့စွမ်းအားပဲ….”

“ဒုတိယအဆင့်ကျင့်ကြံခြင်းက တော်တော်ကြောက်မက်ဖွယ် ကောင်းတာပဲ…”

ဝမ်လင်း စိတ်ထဲ၌ လှုပ်ခါနေမိတော့၏။

သည်တိုက်ပွဲအတွင်း ပျံ့ကြဲနတ်ဆိုးမိစ္ဆာက သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ခြင်းအားဖြင့် သူ့အား အကျိုးများစွာ ရရှိစေခဲ့ပေသည်။ ပျံ့ကြဲနတ်ဆိုးမိစ္ဆာက မန္တာန်တစ်ခုသာ အသုံးပြုခဲ့ကာ ထိုမန္တာန်ကလည်း ဝမ်လင်းခန္ဓာကိုယ်ကို ဖြတ်သန်း၍ အသက်သွင်းခဲ့ခြင်း ဖြစ်နေသည်။ ထို့ကြောင့် ဝမ်လင်းက မန္တာန်၏ အတွင်းသဘောသဘာဝကို ကိုယ်တိုင် တွေ့မြင်ခွင့် ရရှိခဲ့ပေသည်။

ထိုအရာက ဒုတိယအဆင့်နှင့် ပတ်သတ်၍ ဝမ်လင်း၏ လမ်းကြောင်းကို ပိတ်ဆို့နေသော တံခါးတစ်ခုက ခပ်ဟဟ ပွင့်ပေးသကဲ့သို့ပင်။

သူသာမက ဟွမ်မိသားစုဝင်များပင် တိုက်ပွဲပြီးသည့်နောက် ဉာဏ်အလင်း ရရှိသွားသည်ဟု ထင်မှတ်ရ၏။ သို့ရာတွင် ဝမ်လင်းနှင့် နှိုင်းယှဉ်ပါက သူတို့ရရှိခဲ့သော အကျိုးကျေးဇူးက မထင်မရှားလောက်ပင် ဖြစ်သည်။

သည်လို အခွင့်အရေးမျိုးက အလွန်ရှားလှပေ၏။

ဝမ်လင်းကို ထိန်းချုပ်ထားဆဲ ဖြစ်သော ပျံ့ကြဲနတ်ဆိုးမိစ္ဆာက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် အလင်းအကာအရံ မျက်နှာပြင်ထံသို့ ငုံ့ကြည့်လိုက်ကာ အေးစက်စက် နှာခေါင်းရှုံ့၏။ သူ့ညာလက်ကို လက်သီးစုပ်ဟန် ပြုကာ ထိုးသွင်းလိုက်၏။ လက်သီးတစ်ချက်ဖြင့်ပင် အသံပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်သွားစေခဲ့သည်။ ထိုလက်သီးချက်က ထူထဲသော နတ်ဆိုးမိစ္ဆာစွမ်းအင်ကို သယ်ဆောင်ကာ အလင်းမျက်နှာပြင်ပေါ်သို့ ကျရောက်သွားသည်။

ဝုန်း…ဝုန်း…ဝုန်း…။

အက်ကွဲကြောင်းများက အလင်းမျက်နှာပြင်ပေါ်တွင် ပေါ်လာခဲ့၏။ သို့သော် ၎င်းက ပျက်စီးသွားခြင်းတော့ မရှိသေးပေ။

အလင်းမျက်နှာပြင်အောက်၌ ဟွမ်မိသားစုဘိုးဘေး၏မျက်နှာက သေလောက်အောင် ဖြူရောနေချေသည်။

ဟွမ်ဖန်ရှန်က အလေးအနက်အသံဖြင့် ပြောလာ၏။ “ဘိုးဘေး…လျိုမေကို လက်လွှဲပေးလိုက်ပါ…”

သူက သက်ပြင်းချမိ၏။ ရန်သူက အာဏာတက်ခြင်းအဆင့်သာ ဖြစ်သော်လည်း သူ့မန္တာန်များ၊ရတနာများက သန်မာလွန်းနေခဲ့၏။ အထူးသဖြင့် သည် နတ်ဆိုးမိစ္ဆာပင်။ ဟွမ်မိသားစုဘိုးဘေး၏ ကျင့်ကြံမှုအဆင့်က လျော့ကျနေခဲ့ခြင်း မရှိလျှင်ပင် သူက ပြိုင်ဘက်တစ်ယောက် ဖြစ်လာနိုင်မည် မဟုတ်ပေ။

ဟွမ်မိသားစုဘိုးဘေး အကြည့်က သိပ်မဝေးသောနေရာရှိ ဟွမ်ဖန်ရှန်ထံသို့ ကျရောက်သွား၏။ သူက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သည့်နောက် သူက လျိုမေကို သုန်မှုန်စွာ ကြည့်သည်။

ဟွမ်မိသားစုဘိုးဘေးက အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ခပ်ဖြည်းဖြည်းချင်း ပြောလာ၏။ “လျိုမေ…”

သို့သော် သူ့စကားမဆုံးခင်မှာပင် လျိုမေက ကြားဖြတ်ကာ သူ့အား လှပသောမျက်လုံးများဖြင့် ကြည့်လာ၏။ သူမက နောက်ကျောဘက်မှ ဆံနွယ်ကို လှုပ်ခါလိုက်ပြီးနောက် နူးညံစွာ ပြောလ၏။ “ဆရာ..လျိုမေ ထွက်သွားရင် ကျိန်းသေပေါက် သေရလိမ့်မယ်…”

ဘုန်း…။

အလင်းမျက်နှာပြင်က ပျံ့ကြဲနတ်ဆိုးမိစ္ဆာ၏ တိုက်ခိုက်မှုကို နောက်တစ်ကြိမ် ခံလိုက်ရကာ အက်ကွဲကြောင်းများ ပို ဖြစ်ပေါ်လာ၏။ ထိုအလင်းမျက်နှာပြင်က ပျက်စီးလုနီးပါး ဖြစ်လာချိန်တွင် အလင်းမျက်နှာပြင် အပြင်ဘက်မှ ပျံ့ကြဲနတ်ဆိုးမိစ္ဆာ၏ မောက်မာသော ရယ်သံက ထွက်ပေါ်လာခဲ့သည်။

ဟွမ်မိသားစုဘိုးဘေးအသွင်က သုန်မှုန်လို့နေ၏။ သူက လျိုမေကို ထိုသို့ လက်လွှတ်လိုခြင်း မရှိ ဖြစ်နေ၏။သို့သော် သူက ခုချိန်တွင် သူမကို လက်မလွှဲပေးပါက ပျံ့ကြဲနတ်ဆိုးမိစ္ဆာ ဆင်းသက်လာသည်နှင့် သူ့ကိုယ်ပိုင်ခွန်အားဖြင့် ခုခံနိုင်ရန် မဖြစ်နိုင်တော့ပေ။ ချမ်မိသားစုကလည်း သူ့ကို ကူညီမည် မဟုတ်သလို ကူညီမည်ဟု ကတိပေးထားသော ရှုမိသားစုပင် ခုချိန်ထိ ပေါ်မလာသေးချေ။ ခုချိန်၌ သူ့အပေါ်တွင် မှီတည်နေတော့၏။

လျိုမေကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးများက အေးစက်လာခဲ့သည်။ သူက ပြောလိုက်၏။ “လျိုမေ…နင်က ခုထွက်သွားရင်လည်း သေရမယ့်အတူတူ ဒီအဘိုးအိုအတွက် နင့်နယ်ပယ်ကို ပေးနိုင်မလား။ နင့်နယ်ပယ်ရဲ့ အကူအညီနဲ့ဆိုရင် ငါက ငါ့ရဲ့ အမည်မဲ့ကောင်းကင်နတ်ဆိုးတာအိုကို ပြည့်စုံအောင် လုပ်နိုင်လိမ့်မယ်၊ ဒါဆိုရင် ငါ့မှာ အခွင့်ရေးတစ်ခု ရှိကောင်း ရှိလာနိုင်တယ်…”

သူက လျိုမေကို သူ့တပည့်အဖြစ် ခေါ်ဆောင်ခဲ့ခြင်းသည် သူမက ပုံရိပ်ယောင်တစ်သောင်းကောင်းကင်နတ်ဆိုးတာအို၏ အရိပ်အမြွက်ကို ပြသခဲ့သောကြောင့် ဖြစ်၏။

ဟွမ်မိသားစု၏ ကောင်းကင်ဘုံဘိုးဘေးက တစ်ခါတုန်းက နယ်ပယ်မန္တာန်နှစ်ခု ထားရစ်ခဲ့ခြင်း ဖြစ်သည်။ ထိုမန္တာန်နှစ်ခုက ကောင်းကင်နတ်ဆိုးတာအို အမည်မဲ့တာအိုတို့ ဖြစ်ကြ၏။ သို့ရာတွင် ကောင်းကင်နတ်ဆိုးတာအိုက ကျင့်ကြံရန် အလွန်ခက်ခဲလှ၏။ ထို့ကြောင့် သည်နေ့အချိန်ထိ ဟွမ်မိသားစုရှိ မည်သူကမျှ အောင်အောင်မြင်မြင် မသင်ယူနိုင်ခဲ့ကြသေးပေ။

ထိုမန္တာန်နှစ်ခုက နယ်ပယ်တစ်ခုတည်းကနေ ခွဲထုတ်ထားခြင်း ဖြစ်၏။ သည်နယ်ပယ်က အမည်မဲ့ကောင်းကင်ဘုံနတ်ဆိုးတာအို ဖြစ်သည်။ထိုနယ်ပယ်က ကောင်းကင်ဘုံနယ်မြေ ပျက်စီးပြီးသည့်နောက် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်၏။ ဟွမ်မိသားစု၏ ကောင်းကင်ဘုံဘိုးဘေးက ကောင်းကင်ဘုံနတ်ဆိုးမိစ္ဆာတစ်ယောက်နှင့် ပေါင်းစပ်ခဲ့သည့်နောက် သူက သည်နယ်ပယ်နားလည်မှုကို ရရှိခဲ့ခြင်းပင် ဖြစ်၏။ သို့ရာတွင် ကောင်းကင်ဘုံသားများက နယ်ပယ်ကို ကျင့်ကြံကြခြင်း မရှိပေ။ထို့ကြောင့် သူက သူ့နားလည်မှုကို သူ့မျိုးဆက်အတွက် ပေးအပ်ထားခဲ့ခြင်း ဖြစ်၏။

ဟွမ်မိသားစုက ကောင်းကင်ဘုံနယ်မြေ ပျက်စီးသွားသည့်အချိန် သူတို့အကာအကွယ်ကို ဆုံးရှုံးသွားသည့်နောက် သူတို့က ခုလိုမျိုး ခိုင်မာသောနေရာတစ်ခုကို ဆက်လက်၍ ထိန်းသိမ်းထားနိုင်ခြင်းသည် အမည်မဲ့ကောင်းကင်နတ်ဆိုးတာအိုကြောင့်ပင် ဖြစ်သည်။ သို့ရာတွင် သူတို့၏ တောက်ပမှုက ဆက်၍ ရှိတော့မည် မဟုတ်ပေ။

ထို့ကြောင့်လည်း ဟွမ်ဝူချင်က လျိုမေ၏ ပုံရိပ်တစ်ထောင်ကောင်းကင်ဘုံနတ်ဆိုး နယ်ပယ်ကို တပ်မက်မိနေခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် သူမနယ်ပယ်ကို ဝါးမြိုရာ၌ ပို၍ လွယ်ကူစေရန် သူက သူ့ကိုယ်ပိုင်ကျင့်ကြံမှုကို လျော့ကျခံကာ သူမကို သွေးမျိုးဆက်ပင် ပြောင်းလဲပေးခဲ့သည်။

ထို့အပြင် သူက သူမ၏ ကျင့်ကြံမှုကိုလည်း မြင့်တင်ပေးခဲ့သေး၏။ သည်အရာက သူမ၏ ကျင့်ကြံမှုအဆင့် တိုးတက်ခြင်းကို ရပ်တန့်သွားစေခြင်း မရှိသော်လည်း သူမက အလွန်ဆုံးမှ ယင်နှင့်ယန်အဆင့်သို့သာ ရောက်နိုင်စွမ်း ရှိတော့မည် ဖြစ်၏။ထို့အတွက်ကြောင့် သူက သူမကို လုံးဝ ထိန်းချုပ်နိုင်မည် ဖြစ်ပြီး နောက်အနာဂတ်မှာ သူမကို ဝါးမြိုချိန်၌ မည်သည့်ပြဿနာမှ ဖြစ်လာတော့မည် မဟုတ်ပေ။

ဟွမ်ဝူချင်က အရာအားလုံးကို တွက်ချက်ပြီးသည့်နောက် လျိုမေ ယင်နှင့်ယန်အဆင့်သို့ ရောက်မည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်းပင်။

သို့ရာတွင် သည်အရာများအားလုံးက ဝမ်လင်းကြောင့် ပျက်စီးသွားခဲ့ရ၏။ လျိုမေကို လက်လွှဲပေးလိုက်မည့်အစား သူက ခုချိန်တွင်ပင် သူမကို ဝါးမြိုကာ ပုံရိပ်တစ်သောင်းကောင်းကင်ဘုံနတ်ဆိုးတာအို နယ်ပယ်၏ အရိပ်အမြွက်ကို ရနိုင်သေးသည်ဟု တွေးလိုက်မိသည်။ သည့်နောက် သူက ယင်းတာအိုကို ဖြည်းဖြည်းချင်း နားလည်အောင် လုပ်ကာ တနေ့တွင် ကြီးကျယ်သည့်တာအိုကို အောင်မြင်နိုင်ပေလိမ့်မည်။

သူ့စိတ်ထဲ၌ ထိုသို့ တွေးလိုက်မိသည်နှင့် ဟွမ်ဝူချမ်က လျိုမေကို စူးစိုက်ကြည့်လိုက်သည်။ သူ့အကြည့်က ထူးဆန်းလို့နေသည်။

လျိုမေ မျက်လုံးများကတော့ တည်ငြိမ်လျက်ပင်။ သူမ ဉာဏ်ရည်ဉာဏ်သွေးဖြင့် သူမက မဟာမိတ်ကြယ်အဖွဲ့အစည်းမှ ရှိချိန်ကတည်းက သဲလွန်စအချို့ကို တွေ့မြင်ခဲ့ပြီး ဖြစ်သည်။ သူမက မည်သူကမျှ အကြောင်းမဲ့သပ်သပ် ကြင်နာမှုပြ၊ ချစ်ခင်မည် မဟုတ်ဆိုသည်ကို သိထားပေ၏။

သို့ရာတွင် ဟွမ်ဝူချင်၏ စွမ်းအားက သူမခုခံနိုင်သည့် အရာမဟုတ်ပေ။ သူမက မသိချင်ယောင်ဆောင်၍သာ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းထံသို့ လိုက်လာကာ သွေးမျိုးဆက်လွှဲပြောင်းပေးခြင်းကို လက်ခံခဲ့ရပေသည်။

လျိုမေက တိုးညင်းစွာ ဆိုလာ၏။ “သင် ငါ့ကို ကိစ္စနှစ်ခုအတွက် ကတိပေးရမယ်…”

***

All Chapters