အခန်း ၁၉၂၁
Vol. 129 Ch. 1921
အခန်း (၁၉၂၁ )
တောင်းပန်ဖို့ အချိန်ရှိသေးတယ်
နတ်ဘုရင် ချင်းယွမ်အား မောင်းထုတ်ပြီးနောက် အစည်းအဝေး ခန်းမကြီးတစ်ခုလုံး သုဿန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားခဲ့သည်။ နတ်သခင်များအားလုံးသည် နဂါးပလ္လင်ထက်ရှိ နဂါးပျံနတ်သခင်ကို ကြည့်နေကြပြီး သူတို့ အဘယ်ကြောင့် ဤကိစ္စတွင် ပါဝင်ပတ်သက်ခြင်း မရှိသည်ကို ရှင်းပြပေးရန် စောင့်ဆိုင်းနေကြသည်။
နတ်သခင်များက သူ့အား ကြည့်နေသည်ကို မမြင်သောအခါ နဂါးပျံနတ်သခင်က ကွေ့ဝိုက်မနေပဲ
“အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ သတ္တဝါတွေဟာ ထျန်းရန် နတ်ဘုရား နယ်မြေအတွက် ကပ်ဘေးတစ်ခု ဖြစ်နိုင်ပေမဲ့ ကျုပ် တို့ရဲ့ နဂါးပြာ ခန်းမအတွက်တော့ ဒါဟာ အခွင့်အရေးတစ်ခု ဖြစ်လာနိုင်တယ်။”
ဒါက...
နဂါးပျံနတ်သခင်၏ စကားများကို ကြားရလျှင် နတ်သခင်များ တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
အခွင့်အရေး ဟုတ်လား။
အကျပ်အတည်းတစ်ခုက ဘယ်လိုမျိုး အခွင့်အရေး ဖြစ်လာမှာလဲ။
အရိုင်းနယ်မြေသည် လျှို့ဝှက်ဆန်းကြယ်သော သတ္တဝါများနှင့် ကပ်လျက် တည်ရှိနေခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့က ချိပ်ပိတ်ခြင်းကို ဖျက်ဆီးလိုက်ပါက သူတို့အတွက် ကပ်ဘေးကြီး ဖြစ်လာပေလိမ့်မည်။
ဒါကို အခွင့်အရေးလို့ ဘယ်လို ခေါ်နိုင်မှာလဲ။
ထိုအခိုက်အတန့်တွင် နတ်သခင် လုံကျောက်က မေးလိုက်သည်။
“ခန်းမသခင်... ဒါကို ဘာ့ကြောင့် အခွင့်အရေးလို့ ယူဆရတာလဲ။”
နဂါးပျံနတ်သခင်က ပြန်လည် မေးခွန်းထုတ်လိုက်သည်။
“လျှို့ဝှက်ဆန်းကြယ် သတ္တဝါတွေ ထျန်းရန် နတ်ဘုရား နယ်မြေကို ကျူးကျော်ဝင်ရောက်လာတဲ့အခါ သူတို့တွေက နတ်စွမ်းအားတွေ ကြွယ်ဝပြီး လူဦးရေ ထူထပ်တဲ့ နေရာတွေကို သွားကြမလား ဒါမှမဟုတ် နတ်စွမ်းအား နည်းပါးပြီး လူသူကင်းမဲ့တဲ့ နေရာတွေကို သွားကြမလား။”
ထိုအရာကို ကြားလျှင် နဂါးပျံနတ်သခင် ညွှန်ပြနေသည့် အရာ၏ တစ်စိတ်တစ်ပိုင်းကို အားလုံး သဘောပေါက်သွားပုံ ရသည်။
အကယ်၍ လျှို့ဝှက်ဆန်းကြယ် သတ္တဝါများသည် ချိပ်ပိတ်ခြင်းကို တကယ် ဖျက်ဆီးနိုင်ခဲ့ပါက ပထမဆုံး အာရုံစိုက်ခြင်း ခံရမည့်နေရာမှာ လူဦးရေ ထူထပ်ပြီး နတ်စွမ်းအား ကြွယ်ဝသော တောင်ပိုင်းနယ် ဖြစ်လိမ့်မည်။
သို့သော်လည်း တစ်ဖက်က ပြန်ကြည့်လျှင် အသိုက်မှောက်ပါက မည်သည့်ဥမှ အကောင်းအတိုင်း ကျန်ရစ်လိမ့်မည် မဟုတ်ပေ။ အကယ်၍ အခြားသော နယ်ပယ်များကို လျှို့ဝှက်ဆန်းကြယ် စစ်တပ်က တိုက်ခိုက်သိမ်းပိုက်သွားပါက နောက်ဆုံးတွင် ထိုလျှို့ဝှက်ဆန်းကြယ် သတ္တဝါများသည် အရိုင်းနယ်မြေ တစ်ခုလုံးကိုလည်း လာရောက် သိမ်းပိုက်ကြမည်သာ ဖြစ်သည်။
နတ်သခင်များ၏ စိတ်ထဲတွင် အကျပ်ရိုက်ကာ လမ်းစပျောက်နေသည်ကို နဂါးပျံနတ်သခင်က နားလည်သဖြင့်
“ထျန်းရန် နတ်ဘုရား နယ်မြေရဲ့ နောက်ဆုံး ပုံမှန်မဟုတ်တဲ့ လှုပ်ခတ်မှုအရ ကြည့်ရင် နတ်ဆိုးဧကရာဇ်ရဲ့ စွမ်းအားတွေဟာ ပြာပုံထဲက မီးခဲလို ပြန်လည် နာလန်ထူလာပုံရတယ်။ နတ်ဆိုးဧကရာဇ်က သူ့ရဲ့ ရက်စက်တတ်တဲ့ သဘာဝနဲ့ ဆန့်ကျင်ပြီး နဂါးပြာ ခန်းမကို တကယ် အလွတ်ပေးလိမ့်မယ်လို ခင်ဗျားတို့ ထင်ထားကြသလား။”
ထိုမေးခွန်းကို ကြားရလျှင် နတ်သခင်များလည်း တစ်ပြိုင်နက်တည်း တိတ်ဆိတ်သွားကြသည်။ နတ်ဆိုးဧကရာဇ် ထျန်းရန် နတ်ဘုရား နယ်မြေမှ ထွက်ခွာသွားပြီးနောက် နဂါးပြာ ခန်းမသည် နဝမကောင်းကင်တက္ကသိုလ်၏ အုပ်ချုပ်မှုကို ပထမဆုံး ခေါင်းထောင်၍ အာခံခဲ့သည့် အဖွဲ့အစည်း ဖြစ်သည်။
ထို့ပြင် နတ်ဆိုးဧကရာဇ် ပြန်လည် ရောက်ရှိလာချိန် သူမ၏ စွမ်းအားများ ပြန်လည် မရရှိသေးမီ နဝမကောင်းကင်တက္ကသိုလ်ကို ဝိုင်းရံ တိုက်ခိုက်မည့် မဟာမိတ်အဖွဲ့ကို ပထမဆုံး စတင် ဖွဲ့စည်းခဲ့သည်မှာလည်း သူတို့ပင် ဖြစ်သည်။
ကျားမြီးကို အရင်ဆွဲမိခဲ့သည့် အခြေအနေ သို့ ရောက်ရှိနေပြီဖြစ်ရာ နတ်ဆိုးဧကရာဇ်ကသူတို့အား ဘယ်သောအခါမှ လွှတ်ပေးမည်မဟုတ်ပေ။ ယခုအချိန်အထိ နတ်ဆိုးဧကရာဇ်က ၎င်းတို့အား လာရောက်မရှင်းလင်းသေးခြင်းမှာ မုန်တိုင်းမလာခင် ငြိမ်သက်ခြင်းသာ ဖြစ်ပြီး သူမ၏ စွမ်းအားများကို တည်ငြိမ်အောင် ပြုလုပ်နေရဆဲ ဖြစ်သောကြောင့် ဖြစ်နိုင်သည်။
နတ်ဆိုးဧကရာဇ်သည် သူမ၏ ကျင့်စဉ်အဆင့်အတန်းကို တည်ငြိမ်အောင် ပြုလုပ်ပြီးသည်နှင့် သူတို့ထံ ဓားမိုး၍ စာရင်းလာရှင်းပေလိမ့်မည်။
နတ်သခင်များ တိတ်ဆိတ်နေသည်ကို တွေ့မြင်လျှင် နဂါးပျံနတ်သခင်က ဆက်လက်၍
“အကယ်၍ လျှို့ဝှက်ဆန်းကြယ် သတ္တဝါတွေက ချိပ်ပိတ်ခြင်းကို တကယ် ဖျက်ဆီးပြီး ထျန်းရန် နတ်ဘုရား နယ်မြေကို ကျူးကျော်လာရင် နတ်ဆိုးဧကရာဇ်ရဲ့ အာရုံစိုက်မှုက အဲ့ဒီ ကျူးကျော်မှုကို ခုခံတိုက်ခိုက်ဖို့ ဖြစ်သွားမှာမို့လို့ ကျုပ်တို့ကို အရေးယူဖို့ အချိန်ရှိမှာ မဟုတ်တော့ဘူး။”
“နောက်ပြီး အဲ့ဒီ လျှို့ဝှက်ဆန်းကြယ် စစ်တပ်ကို တိုက်ခိုက်ဖို့အတွက် နတ်ဆိုးဧကရာဇ်ဟာ လတ်တလောမှာ နဂါးပြာ ခန်းမနဲ့ စာရင်းမရှင်းဖို့ ရွေးချယ်နိုင်တာကြောင့် ကျုပ်တို့ကို နောက်ထပ် အချိန်အတန်ကြာ အသက်ဆက်ခွင့် ရစေလိမ့်မယ်။”
“အကယ်၍ နတ်ဆိုးဧကရာဇ်နဲ့ လျှို့ဝှက်ဆန်းကြယ် စစ်တပ်တို့ တိုက်ခိုက်တဲ့အခါ ကျားနှစ်ကောင်သတ်ပွဲလိုမျိုး နှစ်ဖက်စလုံး အပြင်းအထန် ဒဏ်ရာရသွားကြရင် နဂါးပြာ ခန်းမက ဘေးကင်းကျန်ရစ်မယ့်အပြင် နတ်ဆိုးဧကရာဇ်ရဲ့ ခြိမ်းခြောက်မှုကိုလည်း ဖယ်ရှားပစ်ပြီးသား ဖြစ်သွားလိမ့်မယ်။ ဒါကို ဘေးကျပ်နံကျပ်ထဲက ကံပွင့်လမ်းပွင့် အခွင့်အရေးလို့ မခေါ်နိုင်ဘူးလား။”
နဂါးပျံနတ်သခင်၏ စကားများကို ကြားရလျှင် ဤအကျပ်အတည်းမှာ တကယ်ပင် ကံဆိုးခြင်းမှ ကံကောင်းခြင်းတစ်ခု ဖြစ်လာနိုင်သည်ကို လူတိုင်း သဘောပေါက်သွားကြသည်။
အကယ်၍ နတ်ဆိုးဧကရာဇ်နှင့် လျှို့ဝှက်ဆန်းကြယ် သတ္တဝါများ အပြင်းအထန် ဒဏ်ရာရသွားကြကာ ထိုလျှို့ဝှက်ဆန်းကြယ် သတ္တဝါများကို ပြန်လည် ချိပ်ပိတ်ပြီးနောက်တွင် နဂါးပြာ ခန်းမသည် ပြန်လည် အားကောင်းလာနိုင်ပြီး မြောက်ပိုင်းနယ်မြေကိုပင် ပြန်လည် သိမ်းပိုက်နိုင်ကောင်း သိမ်းပိုက်နိုင်ပေလိမ့်မည်။
နဂါးပျံနတ်သခင်က ဆက်လက်၍
“လျှို့ဝှက်ဆန်းကြယ် သတ္တဝါတွေ ကျူးကျော်လာတာက နဂါးပြာ ခန်းမအတွက် ကပ်ဘေး သယ်ဆောင်လာမလား ဆိုတဲ့ ကိစ္စနှင့် ပတ်သက်ရင်တော့ ဒါက ကျုပ်တို့ရဲ့ လက်ရှိ ကျားကုတ်ကျားခဲ ရုန်းကန်နေရတဲ့ အခြေအနေထက်ပိုပြိီး သိပ်ထူးခြားမှု မရှိပါဘူး။”
“နတ်ဆိုးဧကရာဇ်က တစ်နေ့နေ့မှာ နဂါးပြာ ခန်းမနဲ့ စာရင်းရှင်းမှာကတော့ အနှေးနှင့်အမြန် ရှောင်လွှဲလို့မရတဲ့ အရာပဲ။ အပြန်အလှန်အားဖြင့် လျှို့ဝှက်ဆန်းကြယ် သတ္တဝါတွေ ကျူးကျော်လာရင်တော့ နဂါးပြာ ခန်းမဟာ နတ်ဆိုးဧကရာဇ်အတွက် အဲ့ဒီ ကျူးကျော်မှုကို ခုခံကာကွယ်ဖို့ ခုတုံးလုပ်မယ့် နေရာတစ်ခုအနေနဲ့ တန်ဖိုးရှိနေဦးမှာ ဖြစ်တယ်။ အကယ်၍ ကျုပ်တို့က နတ်ဆိုးဧကရာဇ်အတွက် ဘာတန်ဖိုးမှ မရှိတော့ဘူးဆိုရင် ကျုပ်တို့ကို စောင့်ကြိုနေတာက အဖတ်ဆယ်မရတဲ့ ပျက်စီးခြင်း သက်သက်ပဲ ဖြစ်လိမ့်မယ်။”
ထိုအခိုက်အတန့်တွင် နတ်သခင်များလည်း နဂါးပျံနတ်သခင်၏ စကားများ အကျိုးအကြောင်းဆီလျော်မှု ရှိသည်ဟု ခံစားလိုက်ရသည်။
ထို့နောက် နတ်သခင် လုံကျောက်က မေးလိုက်သည်။
“ခန်းမသခင်... ကျုပ်တို့က မီးလောင်ရာလေပင့် တဲ့အနေနဲ့ နေဝင်တောင်တန်းရဲ့ ချိပ်ပိတ်ကို အရင် သွားဖျက်ဆီးသင့်လား။”
နဂါးပျံနတ်သခင်က
“မလိုပါဘူး။ ကျုပ်တို့က ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ပဲ လိုအပ်တယ်။”
အကယ်၍ ၎င်းတို့က နေဝင်တောင်တန်း၏ ချိပ်ပိတ်ခြင်းကို အရင်သွား ဖျက်ဆီးလိုက်ပြီး လျှို့ဝှက်ဆန်းကြယ် စစ်တပ်ကို ထျန်းရန် နတ်ဘုရား နယ်မြေသို့ ကျူးကျော်ဝင်ရောက်ခွင့် ပေးလိုက်ပါက နောက်ပိုင်းတွင် နတ်ဆိုးဧကရာဇ်နှင့် လျှို့ဝှက်ဆန်းကြယ် စစ်တပ်တို့ အင်အားချည့်နဲ့သွားလျှင်ပင် အခြားသော အင်အားစုများက နဂါးပြာ ခန်းမနှင့် လက်တွဲဖြုတ်ကြမည်မှာ သေချာပေသည်။
ထိုအချိန်တွင် နဂါးပြာ ခန်းမသည် ထျန်းရန် နတ်ဘုရား နယ်မြေ၏ ပြစ်မှုကျူးလွန်သူ လူဆိုးအဖြစ် ရှုမြင်ခံရမည်ဖြစ်၏။ နတ်ဆိုးဧကရာဇ် မရှိတော့လျှင်ပင် အခြားသော အင်အားစုများက တရားခံဖြစ်သည့် နဂါးပြာ ခန်းမကို အမြစ်ပြတ် ချေမှုန်းရန် ဧကန်မုချ ပူးပေါင်းလာကြပေလိမ့်မည်။
ထို့ကြောင့် ယခု သူတို့ လုပ်ဆောင်ရန် လိုအပ်သည်မှာ နတ်ဆိုးဧကရာဇ်၏ စာရင်းရှင်းမှုကို ရင်ဆိုင်ရန် ပြင်ဆင်သည့် အနေနှင့် ခံစစ်တံတိုင်းကို ပိုခိုင်မာအောင် လုပ်ဆောင်ရန် သာ ဖြစ်သည်။ အခြားသော ကိစ္စရပ်များသည် သူတို့နှင့် မသက်ဆိုင်ပေ။
ထိုအခိုက်အတန့်တွင် နဂါးပျံနတ်သခင်က မတ်တတ်ရပ်လိုက်ပြီး
“ကောင်းပြီ... ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ။ လုံကျောက်... နဂါးနယ်မြေရဲ့ နေဝင်တောင်တန်းကို စောင့်ကြည့်ဖို့ လူလွှတ်လိုက်ပါ။ တစ်ခုခု ဖြစ်လာခဲ့ရင် ကျုပ်ကို ချက်ချင်း လာသတင်းပို့ပါ။”
နတ်သခင် လုံကျောက်က
“ဟုတ်ကဲ့ပါ ခန်းမသခင်”
…..
သားရဲမဟာမိတ်၏ စစ်နတ်လှေထက်တွင်။
လုချန်းသည် သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး ဆိတ်ငြိမ်နေသော အခန်းကို ဝေ့ဝဲကြည့်လိုက်သည်။
နတ်စွမ်းအားများဖြင့် ပြုလုပ်ထားသော ကြိုးများဖြင့် တုပ်နှောင်ခံထားရဆဲဖြစ်သည့် သူ၏ ခန္ဓာကိုယ်ကို တွေ့လျှင် ထိုမိန်းမယုတ်သည် သူ့အား လှောင်ချိုင့်ထဲက ငှက်လိုမျိုး ဤကဲ့သို့ ထာဝရ ချုပ်နှောင်ထားရန် ကြံရွယ်နေသလားဟု လုချန်း တွေးတောမိသွားသည်။
လုချန်း ထိုသို့ တွေးနေစဉ်မှာပင် စစ်နတ်လှေ ရပ်တန့်သွားပုံရသည်။ ယခု အချိန်တွင် သူ၏ နတ်စွမ်းအား ချိပ်ပိတ်ခံထားရသဖြင့် ပြင်ပအခြေအနေကို မသိနိုင်သော်လည်း သူတို့ သားရဲမဟာမိတ်၏ မြို့တော်သို့ ရောက်ရှိသွားပြီ ဖြစ်နိုင်သည်ဟု လုချန်း ခန့်မှန်းလိုက်သည်။
ထိုအခိုက်အတန့်တွင် အခန်းတံခါး ရုတ်တရက် ပွင့်လာပြီး နတ်သခင် ရှီယွဲ့ ဝင်ရောက်လာခဲ့သည်။
ကုတင်ထက်တွင် သိုးသူငယ်လေးတစ်ကောင်လို လိမ္မာယဉ်ကျေးစွာ ထိုင်နေသော လုချန်း၏ ခန္ဓာကိုယ်ကို တွေ့မြင်လျှင် နတ်သခင် ရှီယွဲ့က ခပ်ဖွဖွ ရယ်မောရင်း
“ရှင့်ကို ဘာလုပ်မလဲဆိုတာကို မသိပဲ မကြောက်မရွံ့ အေးဆေးနေနိုင်တယ် ပေါ့လေ။”
လုချန်းက ပြုံးလိုက်ပြီး
“ကောင်းကင်လမ်းစဉ် သစ္စာဆိုချက် ရှိနေတာပဲ။ ကျုပ်က ဘာကို ကြောက်ရမှာလဲ။”
နတ်သခင် ရှီယွဲ့က အေးစက်စွာဖြင့်
“ရှင့်ကို ဆုံးမဖို့အတွက် ကျွန်မက ကောင်းကင်လမ်းစဉ် သစ္စာဆိုချက်ကို ကျော်လွှားလို့ မရဘူးလို့ ထင်နေပုံရတယ်။”
ထိုစကားများ ဆုံးသည်နှင့် လုချန်း ပြန်မပြောနိုင်သေးမီမှာပင် နတ်သခင် ရှီယွဲ့က သူမ၏လက်ကို မြှောက်လိုက်ရာ ၎င်းတို့နှစ်ဦးစလုံး၏ ခန္ဓာကိုယ်များ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။
သူတို့ ပြန်လည် ပေါ်လာလျှင် ပန်းရောင် မြူခိုးများ ရစ်သိုင်းနေသော နတ်သခင် ရှီယွဲ့၏ အိပ်ဆောင်အတွင်းသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
လုချန်း အိပ်ဆောင်ထဲသို့ ဝင်လိုက်သည်နှင့် တဏှာဆန္ဒများစွာက သူ့ကို လှိုင်းလုံးကြီးတစ်ခုလို လွှမ်းမိုးသွားပြီး စိတ်ထဲတွင် ယောက်ျားနှင့် မိန်းမကြားက ကိစ္စရပ်များဖြင့်သာ ပြည့်နှက်သွားခဲ့သည်။
လုချန်းသည် သူ၏ ဆန္ဒများကို ဖိနှိပ်မထားပေ။ အဆုံးတွင်တော့ သူသည် ယခုအချိန်တွင် ယွမ်ယုတိနှင့် စုံတွဲကျင့်စဉ် လေ့ကျင့်နေခြင်းဖြစ်ရာ သူ့ကိုယ်သူ ထိန်းချုပ်ထားရန် မလိုအပ်ပေ။
နတ်သခင် ရှီယွဲ့က သူ့ကို ဤနေရာသို့ ခေါ်ဆောင်လာခြင်းဖြင့် ဘာကို ရည်ရွယ်သလဲဆိုသည်ကိုသာ သူ စိတ်ဝင်စားနေမိသည်။
နတ်သခင် ရှီယွဲ့သည် သူမ၏ အိပ်ဆောင်ရှိ ပလ္လင်ထက်တွင် ရေသူမတစ်ကောင်လို တစ်စောင်းမှီလျက် ထိုင်လိုက်ပြီး သူမ၏ ဖြူဖွေးနုနယ်သော ခြေတံရှည်များကို ပေါ်လွင်စေကာ လုချန်းကို ပျင်းရိစွာ စောင့်ကြည့်ရင်း
“ရှင် ကျွန်မကို တောင်းပန်ဖို့ အချိန်ရှိသေးတယ်”
ထိုအရာကို ကြားလျှင် လုချန်းက ခပ်ဖွဖွ ရယ်မောလိုက်သည်။
“တောင်းပန်ရမယ် ဟုတ်လား။ ကျုပ်က ဘာလို့ တောင်းပန်ရမှာလဲ”
နတ်သခင် ရှီယွဲ့က အေးစက်စွာဖြင့်
“ကောင်းပြီ။ ရှင်က ကျွန်မကို တကယ် အမျက်ထွက်အောင် လုပ်လိုက်တာပဲ။”
“ရှင်က ကျွန်မ အပေါ် မဖွယ်မရာတွေ လုပ်ချင်တာလား။ ဒါဆိုရင်တော့ ရှင့်ရဲ့ ညစ်ညမ်းတဲ့ အတွေးတွေကို ကျွန်မကိုယ်တိုင် ဖြည့်ဆည်းပေးရတာပေါ့။”
ဒါက...
နတ်သခင် ရှီယွဲ့ထံမှ ဤစကားများကို ကြားရလျှင် လုချန်းလည်း မိုးကြိုးပစ်ခံလိုက်ရသလို ခဏခန့် ကြောင်အမ်းသွားခဲ့သည်။
သူ့ရဲ့ ညစ်ညမ်းတဲ့ အတွေးတွေကို ဖြည့်ဆည်းပေးမယ် ဟုတ်လား။
သူမက သူနှင့်အတူ စုံတွဲကျင့်စဉ်ကို ကျင့်ကြံရန် ကြံရွယ်နေခြင်း ဖြစ်နိုင်မလား။
ဒါက နတ်သခင် ရှီယွဲ့ရဲ့ ဘယ်လိုမျိုး အတွေးအခေါ်လဲ။
သူမက သူ့ကို အပြစ်ပေးရမှာ မဟုတ်ဘူးလား။
သူနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံခြင်းက ဘယ်လိုမျိုး အပြစ်ပေးမှုမျိုး ဖြစ်မှာလဲ။
ဒါက ဆေးခါးကြီးကို ပျားရည်ဆမ်းပြီး သူ့ကို ဆုချတာမျိုး ဖြစ်နေတာ မဟုတ်ဘူးလား။
နတ်သခင် ရှီယွဲ့သည် သူနှင့်အတူ စုံတွဲကျင့်စဉ်ကို လုပ်ဆောင်တော့မည်ဟု လုချန်း တွေးနေစဉ်မှာပင် သူမ၏ မျက်လုံးများမှ ညှို့ဓာတ်ပြင်းသော ပန်းရောင် အလင်းတန်းများ ဖြာထွက်နေသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။
နတ်သခင် ရှီယွဲ့၏ အကြည့်နှင့် ဆုံမိလိုက်သည့် တစ်ခဏချင်းမှာပင် သူ၏ နတ်ဝိညာဉ် တုန်ခါသွားသည်ကို လုချန်း ခံစားလိုက်ရ၏။ နောက်ထပ် အခိုက်အတန့်တွင်တော့ သူ၏ စိတ်နှလုံးသားတစ်ခုလုံး တဏှာဆန္ဒများ၏ ကျော့ကွင်းထဲ သက်ဆင်းသွားသလို ခံစားလိုက်ရတော့သည်။
--
……………