အခန်း ၁၉၂၃
Vol. 129 Ch. 1923
အခန်း (၁၉၂၃ )
သက်တံဖြူမြို့၌ စုဝေးခြင်း
နတ်သခင် ရှီယွဲ့က ဆွဲဆောင်ခြင်းနှလုံးသားပညာကို စဉ်ဆက်မပြတ် အသုံးပြုနေသဖြင့် လုချန်း၏ စိတ်အတွင်းရှိ ဆန္ဒများ ဒီရေအလား တရိပ်ရိပ် ပိုမိုပြင်းထန်လာသော်လည်း သူသည် တစ်ဝက်အိပ်မက်၊ တစ်ဝက်နိုးကြားခြင်း အခြေအနေတစ်ခုတွင် ရှိနေခဲ့သည်။
သူ၏ အိပ်မက်ကမ္ဘာထဲတွင် ယွမ်ယုတိက လုချန်းအား ဆွဲဆောင်ခြင်းနှလုံးသားပညာ၏ သက်ရောက်မှုများကို ကြံ့ကြံ့ခံ ခုခံနိုင်ရန် အစဉ်တစိုက် ဖေးမကူညီပေးနေခဲ့၏။
ထိုအခိုက်အတန့်တွင် ဆွဲဆောင်ခြင်းနှလုံးသားပညာသည် လုချန်းအား ဒုက္ခမပေးနိုင်ခဲ့ရုံသာမက ဆန့်ကျင်ဘက်အားဖြင့် သူနှင့် ယွမ်ယုတိတို့အတွက် အရသာတိုးစေသည့် ဟင်းခတ်အမွှေးအကြိုင်တစ်ခု ဖြစ်သွားလိမ့်မည်ဟု နတ်သခင် ရှီယွဲ့တစ်ယောက် အိပ်မက်ပင် မက်ဖူးမည်မဟုတ်ပေ။
ခဏအကြာတွင် နတ်သခင် ရှီယွဲ့သည် သူမ၏ ဖြူဖွေးသော လက်ကို အသာအယာမြှောက်၍ လေထဲတွင် ဝှေ့ယမ်းလိုက်ရာ ခန်းမအတွင်းရှိ ပန်းရောင်မြူခိုးများ ကွဲလွင့်ပျောက်ကွယ်သွားတော့သည်။
သို့သော်လည်း မြူခိုးများ ပျောက်ကွယ်သွားပြီးနောက် လုချန်းသည် နေမထိထိုင်မသာဖြစ်သည့် ပုံစံမပေါ်သေးပေ။ ထိုအစား သူ၏မျက်နှာထက်တွင် အေးချမ်းနေသည့် အရိပ်အယောင်တစ်ခုပင် ယှက်သန်းနေခဲ့သည်။
ဤမြင်ကွင်းကို တွေ့မြင်လျှင် နတ်သခင် ရှီယွဲ့ သူမ၏ မျက်ခုံးများကို ပိုပြီး တွန့်လိုက်မိ၏။
တကယ်ပဲ ဘာတွေဖြစ်ပျက်နေတာလဲ။
ဘာကြောင့် ဆွဲဆောင်ခြင်းနှလုံးသားပညာက ဤလူအပေါ် ရေတွင် အရုပ်ရေးသကဲ့သို့ အာနိသင်မရှိရတာလဲ။
ဖြစ်ပျက်နေသည့် အရာကို နတ်သခင် ရှီယွဲ့ လျင်မြန်စွာပင် သဘောပေါက်သွားခဲ့သည်။
ဆွဲဆောင်ခြင်းနှလုံးသားပညာ၏ လွှမ်းမိုးမှုမှ လွတ်မြောက်ရန်အတွက် လုချန်းသည် နတ်သခင် အဆင့်ရှိသူတစ်ဦးနှင့် စုံတွဲကျင့်စဉ်ကို ကျင့်ကြံရန် လိုအပ်သည်။ နတ်သခင် အဆင့်ရှိသော နတ်အာရုံ စွမ်းအားကသာ ဆွဲဆောင်ခြင်းနှလုံးသားပညာကို အလွယ်တကူ ဖြေဖျောက်နိုင်မည် ဖြစ်သည်။
ယခုတော့ လုချန်းသည် ဆွဲဆောင်ခြင်းနှလုံးသားပညာ၏ သက်ရောက်မှုကို မခံရသည့်အပြင် ဇိမ်ကျနေသည့် လက္ခဏာများပါ ပြသနေခြင်းက သူ၏ ပင်မခန္ဓာသည် နတ်သခင် အဆင့်ရှိသူတစ်ဦးနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံနေနိုင်ကြောင်း ညွှန်ပြနေသည်။
ထိုသို့ တွေးမိလိုက်သဖြင့် နတ်သခင် ရှီယွဲ့လည်း ဆွဲဆောင်ခြင်းနှလုံးသားပညာ အသုံးပြုခြင်းကို ရပ်တန့်လိုက်ပြီး အေးစက်စွာ နှာခေါင်းရှုံ့ကာ
“ရှင့်ကို အထင်သေးမိသွားတာပဲ။ ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ရှင်နဲ့အတူ စုံတွဲကျင့်စဉ် ကျင့်ဖို့ ဆန္ဒရှိတဲ့ နတ်သခင်တစ်ယောက်ကို တကယ် ရှာတွေ့လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”
ထိုသို့ပြောပြီးနောက် သူမ၏ နှလုံး တစ်ချက်ခန့် ဖျတ်ခနဲ တုန်လှုပ်သွားသည်ကို နတ်သခင် ရှီယွဲ့ ခံစားလိုက်ရသည်။
ခဏလေး...
အကယ်၍ လုချန်း၏ ပင်မခန္ဓာက စုံတွဲကျင့်စဉ်ကျင့်ရန် နတ်သခင်တစ်ဦးကို ရှာဖွေနိုင်ခဲ့လျှင် လုချန်းက သူမအပေါ်ကို ပစ်မှတ်ထားလာပါက သူမအတွက် အန္တရာယ်ရှိမသွားနိုင်ဘူးလား။
အစပိုင်းတွင် သူမသည် လုချန်းအား ခြိမ်းခြောက်မှုတစ်ခုအဖြစ် မမြင်ခဲ့ပေ။ အကြောင်းမှာ သူမ၏ အမြင်အရ လုချန်း၌ မကောင်းသော ရည်ရွယ်ချက်များ ရှိနေလျှင်ပင် သူ၏ ကျင့်စဉ်အဆင့်မှာ သူမကို ထိခိုက်စေနိုင်လောက်အောင် စွမ်းအားကြီးခြင်း မရှိသောကြောင့် ဖြစ်သည်။
သို့သော် ယခု ပြန်လည်တွေးတောကြည့်သောအခါ အခြားသော နတ်သခင်များနှင့် စုံတွဲကျင့်စဉ်ကို ကျင့်ကြံနိုင်ခြင်းကို ကြည့်ခြင်းအားဖြင့် လုချန်းတွင် အစွမ်းအစတစ်ချို့နှင့် နည်းလမ်းများ ဧကန်မုချ ရှိနေပေလိမ့်မည်။ တစ်နေ့နေ့တွင် သူမသည်လည်း သူ၏လက်ထဲသို့ ကျရောက်သွားနိုင်၏။
ဤဖြစ်နိုင်ခြေမှာ အလွန်သေးငယ်သော်လည်း လုံးဝဥဿုံ ဖယ်ထုတ်ထား၍ မရနိုင်ပေ။
ထိုအတွေးနှင့်အတူ နတ်သခင် ရှီယွဲ့က အကဲခတ်သည့် သဘောဖြင့် မေးလိုက်သည်။
“ကျွန်မ တကယ် စိတ်ဝင်စားမိတယ်။ ရှင် အဲဒီနတ်သခင်ကို ရှင့်နဲ့အတူ စုံတွဲကျင့်စဉ် ကျင့်ဖို့ ဘယ်လိုလှည့်ကွက်တွေ သုံးပြီး လှည့်စားခဲ့တာလဲ။”
ဤမေးခွန်းကို ကြားလျှင် လုချန်းက တည်တည်ငြိမ်ငြိမ်ပင်
“လှည့်စားတယ် ဟုတ်လား။ ကျုပ် ဘယ်တုန်းကမှ အခြားသူတွေရဲ့ ခံစားချက်ကို မလှည့်စားခဲ့ပါဘူး။ ကျုပ်တို့က နှစ်ဦးသဘောတူ နှလုံးသားချင်း ထိစပ်ပြီး ချစ်ခင်စုံမက်ကြတာပါ။ နှစ်ဖက်လုံးက လိုလိုလားလား ရှိကြတာမို့ ကျုပ် ဘာနည်းလမ်းမှ မသုံးခဲ့ပါဘူး။”
လုချန်း၏ တုံ့ပြန်မှုကို ကြားရသောအခါ နတ်သခင် ရှီယွဲ့ ဟက်ဟက်ပက်ပက် လှောင်ရယ်လိုက်၏။ သူမ၏ မျက်ဝန်းထဲတွင် အထင်သေးသည့် အရိပ်အယောင်များ ပေါ်လွင်နေကာ လုချန်း လိမ်ညာနေသည်ကို ရှင်းလင်းစွာ ခံစားမိနေသည်။
ထို့နောက် နတ်သခင် ရှီယွဲ့က
“ထားလိုက်ပါတော့။ ရှင် ဘယ်လိုနည်းလမ်းပဲ သုံးသုံး ကျွန်မနဲ့ မဆိုင်ဘူး။ ဒီတစ်ကြိမ်တော့ ရှင့်ကို လွှတ်ပေးလိုက်မယ်။ အကယ်၍ ရှင် နောက်နောင် ကျွန်မကို ထပ်ပြီး စော်ကားရင် ရှင့်ကို ဆုံးမဖို့ ကျွန်မမှာ နည်းလမ်းတွေ အမြောက်အမြား ရှိနေတယ်ဆိုတာ သိထားပါ။”
လုချန်းသည် သူမ၏ ဆွဲဆောင်ခြင်းနှလုံးသားပညာကို ကြံ့ကြံ့ခံ ခုခံနိုင်စွမ်း ရှိနေသဖြင့် သူ့အား မထိခိုက်စေပဲ ဆုံးမရန်က မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။ သူ့ကို သူမ၏ ရှေ့မှောက်တွင် ဆက်ရှိနေခွင့်ပြုခြင်းက သူမ၏ စိတ်ခံစားချက်ကိုသာ အနှောင့်အယှက် ဖြစ်စေလိမ့်မည်။
နတ်သခင် ရှီယွဲ့၏ စကားများကို ကြားလျှင် လုချန်းက တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း နတ်သခင် ရှီယွဲ့ လက်မြှောက်လိုက်သည်ကို တွေ့မြင်လိုက်ရပြီး နောက်တစ်ခဏ၌ သူ၏ ခန္ဓာကိုယ်သည် ပန်းရောင်မြူခိုးများ ဖုံးလွှမ်းနေသော ချိုင့်ဝှမ်းတစ်ခုထဲသို့ လွင့်ပျံသွားခဲ့သည်။ ထို့နောက် မကြာမီမှာပင် နတ်သခင် ရှီယွဲ့၏ အသံ သူ၏ စိတ်ထဲ၌ ပဲ့တင်ထပ်လာခဲ့သည် ။
“လောလောဆယ်တော့ အဲဒီထဲမှာပဲ နေနေဦး။ ကျွန်မ တောင်ပိုင်းနယ်ကို သွားတဲ့အခါ ရှင့်ကို လွှတ်ပေးမှာပါ။”
သူရောက်ရှိနေသည့် ချိုင့်ဝှမ်း ပတ်ပတ်လည်ကို လုချန်း ဝေ့ကြည့်လိုက်၏။ ထိုအထဲ၌ မှေးမှိန်သော ပန်းရောင်မြူခိုးများ ဖုံးလွှမ်းနေသော်လည်း နတ်သခင် ရှီယွဲ့၏ စံအိမ်ရှိ တဏှာဆန္ဒများကို နှိုးဆွပေးနိုင်သော ပန်းရောင်မြူခိုးများနှင့်တော့ မတူညီပေ။
…….
နတ်ဘုရင် ချင်းယွမ်သည် နဂါးပျံနတ်သခင်၏ နဂါးပြာခန်းမမှ နှင်ထုတ်ခံရပြီးနောက် နဂါးပြာခန်းမတွင် ကြုံတွေ့ခဲ့ရသမျှကို ကြယ်မြစ် နတ်သခင်ထံ သတင်းပို့ရန် ခမ်းနားသော ကောင်းကင်ခန်းမသို့ အလျင်အမြန် ပြန်လာခဲ့သည်။
…….
ထိုအခိုက်အတန့်တွင်။
ခမ်းနားသော ကောင်းကင်ခန်းမ၏ အစည်းအဝေးခန်းမ၌။
နတ်ဘုရင် ချင်းယွမ်၏ တင်ပြချက်ကို နားထောင်ရင်း ကြယ်မြစ် နတ်သခင်၏ မျက်ခုံးများ စိုးရိမ်တကြီး တွန့်ကွေးသွားကာ သူ၏ အမူအရာမှာလည်း အလွန်တရာ လေးနကသွားခဲ့သည်။
“ဒါဆိုရင် နဂါးပြာခန်းမက နည်းနည်းလေးတောင် အားမစိုက်ချင်ဘူးပေါ့ ဟုတ်လား။”
သူ၏ စကားသံ ဆုံးသွားသည်နှင့် ကြယ်မြစ် နတ်သခင်ထံမှ အရှိန်အဝါများ ထိန်းချုပ်မရပဲ ထွက်ပေါ်လာ၏။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြောင့် နတ်ဘုရင် ချင်းယွမ်လည်း ထိတ်လန့်တကြား ချက်ချင်းပင် နှုတ်ဆိတ်သွားခဲ့ရသည်။
ကြယ်မြစ် နတ်သခင်က ဆက်လက်၍
“လျှို့ဝှက်လဝန်း ကျောင်းတော်က အားမစိုက်ချင်ဘူးဆိုရင်လည်း ထားလိုက်ပါတော့။ ဒါပေမဲ့ အရိုင်းနယ်မြေဟာ နေဝင်တောင်တန်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာတောင် နဂါးပြာခန်းမက အားမစိုက်ချင်သေးဘူးလား။ သူတို့က တကယ်ပဲ လျှို့ဝှက်ဆန်းကြယ် သတ္တဝါတွေ ထျန်းရန် နတ်ဘုရား နယ်မြေထဲကို ကျူးကျော်ဝင်ရောက်ပြီး နယ်မြေတစ်ခုလုံး ဖရိုဖရဲ ပျက်စီးယိုယွင်းသွားတာကို တွေ့မြင်မှ ကျေနပ်ကြမှာလား။”
ကြယ်မြစ် နတ်သခင်သည် သူ၏ ဆူပွက်နေသော စိတ်ခံစားချက်များကို ထိန်းချုပ်ရန် ကြိုးစားလိုက်ပြီးနောက် နတ်ဘုရင် ချင်းယွမ်အား
“နဂါးပြာခန်းမရဲ့ အခြေအနေကို ချင်းယွမ်ကျောင်းတော်နဲ့ သားရဲမဟာမိတ်ထံ အကြောင်းကြားလိုက်ပါ။”
နတ်ဘုရင် ချင်းယွမ်က ချက်ချင်းပင်
“ကောင်းပါပြီ ခန်းမသခင်... ကျုပ် အခုချက်ချင်းပဲ လူလွှတ်ပြီး သတင်းစကား ပါးလိုက်ပါ့မယ်။”
ထိုသို့ ပြောပြီးနောက် နတ်ဘုရင် ချင်းယွမ် ချက်ချင်း လှည့်ထွက်၍ ခန်းမထဲမှ ထွက်ခွာသွားခဲ့သည်။
နတ်ဘုရင် ချင်းယွမ် ထွက်ခွာသွားပြီးနောက် ကြယ်မြစ် နတ်သခင်သည် သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်မိသည်။ သူသည် လျှို့ဝှက်လဝန်း ကျောင်းတော်နှင့် နဂါးပြာခန်းမတို့အပေါ် မကျေမနပ် ဖြစ်နေမိသော်လည်း ဤမဟာအင်အားကြီး နှစ်ခုနှင့် ပတ်သက်၍ သူ လက်မှိုင်ချရုံမှတစ်ပါး ဘာမျှ မတတ်နိုင်ပေ။
နေဝင်တောင်တန်းသည် တောင်ပိုင်းနယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသဖြင့် ချိပ်ပိတ်ခြင်းကို အားဖြည့်မည့် အစီအစဉ်တွင် ဤနယ်ပယ်ရှိ အင်အားစုများ ပါဝင်ခြင်း မရှိလျှင်ပင် ခမ်းနားသော ကောင်းကင်ခန်းမ ဟူသည့် အထွတ်အထိပ် အဆင့်ရှိ အင်အားစု တစ်ခုတည်းဖြင့်ပင် တောင်ပိုင်းနယ်ကို အင်တိုက်အားတိုက် ဦးဆောင်ကာ နေဝင်တောင်တန်းရှိ ချိပ်ပိတ်ခြင်းကို အားဖြည့်ရန် သွားရောက်ရမည် ဖြစ်သည်။
ကြယ်မြစ် နတ်သခင် ကဲ့သို့ပင် ချင်းယွမ်ကျောင်းတော်နဲ့ သားရဲမဟာမိတ် တို့သည်လည်း နဂါးပြာခန်းမက ချိပ်ပိတ်ခြင်းအားဖြည့်မည့် အစီအစဉ်တွင် ပါဝင်ရန် ဆန္ဒမရှိကြောင်း သိရလျှင် ဒေါသပေါက်မတတ် မကျေမနပ် ဖြစ်ခဲ့ကြသည်။
နေဝင်တောင်တန်းနှင့် အလွန်တရာ ဝေးကွာလှသော အရှေ့ပိုင်းနယ်မြေပင်လျှင် ချိပ်ပိတ်ခြင်းကို အားဖြည့်ဖို့ လူလွှတ်ရန် ဆန္ဒရှိနေသော်လည်း အရိုင်းနယ်မြေထဲတွင် တည်ရှိနေသည့် နဂါးပြာခန်းမကတော့ ပါဝင်ရန် ခေါင်းခါငြင်းဆန်နေခဲ့သည်။
လျှို့ဝှက်လဝန်း ကျောင်းတော်နှင့် နဂါးပြာခန်းမတို့ မပါဝင်ခြင်းကြောင့် ချင်းယွမ်ကျောင်းတော်နှင့် သားရဲမဟာမိတ်အတွင်းရှိ အချို့သောလူများအား ပါဝင်ပတ်သက်ရန် တွန့်ဆုတ်သွားစေခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် နတ်သခင် ရှီယွဲ့နှင့် နတ်သခင် ဝမ်ကျဲ ကဲ့သို့သော ခေါင်းဆောင်များက ချိပ်ပိတ်ခြင်းကို အားဖြည့်ရန် အခိုင်အမာ ထောက်ခံခဲ့ကြသည်။
အထွတ်အထိပ် အဆင့်ရှိ အင်အားစု နှစ်ခု လစ်ဟင်းနေခဲ့သော်လည်း ကျန်ရှိသော အထွတ်အထိပ် အဆင့်ရှိ အင်အားစု သုံးခု၏ ဦးဆောင်မှုဖြင့် အင်အားစု အမြောက်အမြားက ချိပ်ပိတ်ခြင်းကို အားဖြည့်ရန် နတ်သခင်များကို နေဝင်တောင်တန်းသို့ တစ်ဖွဲဖွဲ စေလွှတ်နေကြဆဲ ဖြစ်သည်။
အထွတ်အထိပ် အဆင့်ရှိ အင်အားစု နှစ်ခု မပါဝင်ခြင်းက လူများအကြားတွင် မမျှတသလို ခံစားချက် အနည်းငယ်တော့ ဖြစ်ပေါ်စေခဲ့သည်။
……
မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း ခြောက်လတာ အချိန် ကွန်လွန်သွားခဲ့သည်။ အထွတ်အထိပ် အဆင့်ရှိ အင်အားစု သုံးခု၏ လှုံ့ဆော်မှုအောက်တွင် ပို၍ များပြားသော အင်အားစုများက တောင်ပိုင်းနယ်သို့ နတ်သခင်များကို စေလွှတ်ခဲ့ကြသည်။
အချိန်အခါ သင့်ပြီဖြစ်ကြောင်း တွေ့မြင်လျှင် ချင်းယွမ်ကျောင်းတော်နှင့် သားရဲမဟာမိတ်တို့ကို နတ်သခင် ဝမ်ကျဲနှင့် နတ်သခင် ရှီယွဲ့တို့ကိုယ်တိုင် ဦးဆောင်ကာ တောင်ပိုင်းနယ်သို့ ရှေးရှုထွက်ခွာခဲ့သည်။
မကြာမီမှာပင် ထျန်းရန် နတ်ဘုရား နယ်မြေအတွင်းရှိ အင်အားစု အသီးသီးမှ နတ်သခင် အမြောက်အမြား တောင်ပိုင်းနယ်သို့ စုရုံးရောက်ရှိလာကြသည်။
အင်အားစု အများစုက တောင်ပိုင်းနယ်သို့ နတ်သခင်များကို စေလွှတ်သည့် ရည်ရွယ်ချက်မှာ တစ်ဖက်က လောကကြီးအတွက် ၎င်းတို့၏ ဖြောင့်မတ်သော စိတ်ဓာတ်ကို အများသိအောင် ပြသရန်ဖြစ်ပြီး အခြားတစ်ဖက်ကတော့ ထူးဆန်းသော သတ္တဝါများနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို စုဆောင်းရန်အတွက် ဖြစ်သည်။
ချင်းယွမ်ကျောင်းတော်က ထူးဆန်းသော သတ္တဝါများနှင့် ပတ်သက်၍ သတင်းအချက်အလက် အမြောက်အမြား ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း အင်အားစု အများစုကတော့ ၎င်းတို့ကို မည်သို့ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရမည်ကို မသိကြသေးပေ။
အင်အားစု အားလုံးတွင် နတ်သခင် ဝမ်ကျဲကဲ့သို့ အသက်ရှည်ဆေးကို သုံးစွဲဖူးသည့် နတ်တစ်ပါး ရှိနေခြင်း မဟုတ်ပေ။ ထျန်းရန် နတ်ဘုရား နယ်မြေအတွင်းရှိ လူအများစုအတွက်တော့ ဤထူးဆန်းသော သတ္တဝါများသည် အစိမ်းသက်သက် ဖြစ်နေဆဲ ဖြစ်သည်။
……
တောင်ပိုင်းနယ်။
သက်တံဖြူ နတ်မြို့အတွင်း၌။
နတ်မြို့၏ အထက် ကောင်းကင်ယံတွင်။
ထျန်းရန် နတ်ဘုရား နယ်မြေအတွင်းရှိ အမျိုးမျိုးသော အင်အားစုများမှ ရောက်ရှိလာကြသဖြင့် နတ်လှေ အမြောက်အမြား ကောင်းကင်ယံတွင် ပြည့်နှက်နေခဲ့သည်။
ချိပ်ပိတ်ခြင်းကို အားဖြည့်ရာတွင် ပါဝင်ကြမည့် အင်အားစုများမှ စေလွှတ်လိုက်သော နတ်သခင်များ ရောက်ရှိနေကြပြီဖြစ်၏။ ယခုတော့ အထွတ်အထိပ် အဆင့်ရှိ အင်အားစု သုံးခုမှ နတ်သခင်များ ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းရန်သာ လိုတော့သည်။
ထိုအချိန်တွင် ကောင်းကင်ယံတွင် ဟိုတစ်စု သည်တစ်စု အုပ်စုဖွဲ့ ရှိနေကြသော နတ်သခင်များသည် နေဝင်တောင်တန်းရှိသတ္တဝါဆန်းများနှင့် ပတ်သက်သည့် ကြားဖူးနားဝများ အကြောင်းအရာများကို ဆွေးနွေးပြောဆိုနေကြသည်ကို မြင်တွေ့နိုင်သည်။
အမှန်စင်စစ် အချို့သောလူများသည် နေဝင်တောင်တန်း၌ ထူးဆန်းသော သတ္တဝါများ ရှိနေသည်ဟူသောအချက်ကို ယခုအချိန်အထိ သံသယဝင်နေကြဆဲဖြစ်၏။ အကြောင်းမှာ လူအများစုမှာ ထိုသတ္တဝါဆန်းများကို တစ်ခါမှ မျက်ဝါးထင်ထင် မမြင်ဖူးကြသောကြောင့် ဖြစ်သည်။
--
…………….