အခန်း ၁၉၂၄
Vol. 129 Ch. 1924
အခန်း (၁၉၂၄)
လုချန်း၏ အရေးပါမှု
ရောက်ရှိနေသူများသည် အလှမ်းကွာဝေးလှသော နေဝင်တောင်တန်းကြီးကို မျှော်ကြည့်ကာ ပြောဆိုဆွေးနွေးနေကြစဉ် ကောင်းကင်ယံထက်၌ နေမင်း၏အလင်းကိုပင် ကွယ်သွားစေလောက်သည့် ဧရာမ နတ်လှေကြီး သုံးစင်း တိမ်တိုက်များကို တိုးဝှေ့ကာ ထွက်ပေါ်လာခဲ့သည်။
ထိုဆန်းကြယ်ခမ်းနားလှသော နတ်လှေကြီးများကို တွေ့မြင်လျှင် မဟာအင်အားကြီးအုပ်စု သုံးစု ဆိုက်ရောက်လာပြီဖြစ်ကြောင်း လူတိုင်း ကောင်းစွာ သိသွားကြသဖြင့် သူတို့၏ ဆွေးနွေးပြောဆိုမှုများကို ချက်ချင်း ရပ်တန့်ကာ ငြိမ်သက်စွာ စောင့်ဆိုင်းနေကြတော့သည်။
ထိုအခိုက်အတန့်၌ ကြယ်မြစ်နတ်သခင်၊ နတ်သခင်ဝမ်ကျဲနှင့် နတ်သခင်ရှီယွဲ့တို့သည် သူတို့၏ နတ်ဂိုဏ်းစစ်နတ်လှေကြီးများ၏ ဦးပိုင်းတွင် ပုခုံးချင်းယှဉ်လျက် မားမားမတ်မတ် ရပ်နေကြသည်ကို တွေ့လိုက်ရ၏။
ကြယ်မြစ်နတ်သခင်က
“နောက်ဆုံးတော့ ကျုပ်တို့ မဟာအင်အားကြီးအုပ်စု သုံးခုပဲ ဦးဆောင်ရလိမ့်မယ်လို့ မထင်ထားမိဘူး။”
“နဂါးပြာခန်းမက တစ်ခါက နဂါးဟောက်သံလို ကျော်ကြားခဲ့ရာကနေ ဘယ်အချိန်ကစပြီး ဒီလောက်အထိ သူရဲဘောကြောင် ပုန်းအောင်းသွားလဲဆိုတာကိုလည်း ကျုပ် သိချင်မိတယ်။”
ကြယ်မြစ်နတ်သခင်၏ လေသံထဲ၌ နဂါးပြာခန်းမအပေါ် စောင်းချိတ်၍ မကျေမနပ်ဖြစ်နေသည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။
နတ်သခင်ဝမ်ကျဲက
“နဂါးပြာခန်းမ မလာတာက သဘာဝကျပါတယ်။ အခု နတ်ဆိုးဧကရာဇ်က သူ့ရဲ့ ကျင့်စဉ်အဆင့်ကို ပြန်လည်ရရှိသွားပြီဆိုတော့ နဂါးပြာခန်းမနဲ့ ဘယ်အချိန်မှာ အကြွေးဟောင်း စာရင်းရှင်းမလဲဆိုတာ ကောင်းကင်ဘုံကလွဲရင် ဘယ်သူမှ မသိနိုင်ဘူး။ ဒီအချိန်မှာ သူတို့အနေနှင့် သတိကြီးကြီးထားပြီး ငြိမ်ငြိမ်လေး နေဖို့ ရွေးချယ်တာက နားလည်ပေးလို့ ရပါတယ်။”
“တကယ်တော့ လျှို့ဝှက်လဝန်း ကျောင်းတော်က ဘာကြောင့် ဒီလို အရေးကြီးကิစ္စမှာ မပါဝင်ချင်ရတာလဲဆိုတာကို ကျုပ် ပိုပြီး စိတ်ဝင်စားမိတယ်။”
ကြယ်မြစ်နတ်သခင်က
“သူတို့က ကိုယ်ကျိုးအတွက်ပဲကြည့်ချင်တဲ့ သဘောပါ။ အသက်ရှင်ဖို့အတွက် သူတို့ရဲ့ မအင်အားကို ထိန်းသိမ်းထားချင်လို့နေမှာ။”
“လျှို့ဝှက်လဝန်း ကျောင်းတော်ရဲ့ ဘိုးဘေးက အမြော်အမြင်မရှိပဲ သူ့ကိုယ်ကျိုးကိုပဲ ဖက်တွယ်တွေးနေတာ။ သတ္တဝါဆန်းတွေက ချိပ်ပိတ်ခြင်းကို ဖောက်ဖျက်ဖျက်ဆီးပြီးရင် သူတို့ရဲ့ လျှို့ဝှက်လဝန်း ကျောင်းတော်က ဘေးကင်းကင်းနဲ့ ကျန်ရစ်နေနိုင်မယ်လို့ ထင်နေတာလား။”
ကြယ်မြစ်နတ်သခင်၏ စကားကို ကြားလျှင် နတ်သခင်ဝမ်ကျဲ စကားအမြောက်အမြား ထပ်မပြောတော့သော်လည်း ကြယ်မြစ်နတ်သခင် တွေးသကဲ့သို့ မရိုရှင်းနိုင်ကြောင်း စိတ်ထဲ၌ ဆင်ခြင်တွေးတောလိုက်၏။
လျှို့ဝှက်လဝန်း ကျောင်းတော်က ချိပ်ပိတ်ခြင်း၌ အားဖြည့်ကူညီရန် တင်းတင်းမာမာ ငြင်းဆန် နေရခြင်း၏ နောက်ကွယ်တွင် ပဟေဠိဆန်သော အခြားလျှို့ဝှက်အကြောင်းရင်းတစ်ခု ရှိကောင်းရှိနိုင်သည်။
သူ အမှတ် မမှားလျှင် ပြီးခဲ့သည့်အကြိမ်က ကမ္ဘာပျက်မတတ် သတ္တဝါဆန်းများ ထျန်းရန်နတ်ဘုရားနယ်မြေကို အလုံးအရင်းနှင့် ကျူးကျော်စဉ်က လျှို့ဝှက်လဝန်း ကျောင်းတော်သည် ထျန်းရန်နတ်ဘုရားနယ်မြေတွင် သတ္တဝါဆန်းစစ်တပ်နှင့် ဦးစွာ ရဲရဲတောက် စစ်တိုက်ခဲ့သည့် အင်အားစု ဖြစ်ပုံရသည်။
လျှို့ဝှက်လဝန်း ကျောင်းတော်၏ ဘိုးဘေးသည် သတ္တဝါဆန်းများ၏ ဆိုးဝါးလှသော အန္တရာယ်ကို ကောင်းကောင်းမသိပဲ နေမည်မဟုတ်။
ယခု အများနှင့် လက်တွဲပူးပေါင်းရန် စိတ်မပါပဲ ငြင်းဆန်ခြင်းက လျှို့ဝှက်လဝန်း ကျောင်းတော်သည် သူတို့ မသိရသေးသည့် အရာတစ်ခုခုကို ကြိုတင်သိထားခြင်းကြောင့် ဧကန်မုချ ဖြစ်ရမည်။
နတ်သခင်ဝမ်ကျဲတစ်ယောက် အတွေးများထဲ လွင့်မျောနေစဉ် နတ်သခင်ရှီယွဲ့က ကြားဖြတ်ကာ
“ကဲ... ဒီ အကျိုးမရှိတဲ့ စကားတွေကို တော်လိုက်ကြရအောင်။ ကျွန်မတို့ ရောက်လာပြီဆိုတော့ အခု လုပ်ငန်းတာဝန်တွေကို အညီအမျှ ခွဲဝေပေးဖို့ လိုပြီ။”
“နေဝင်တောင်တန်းမှာ စစ်ဗျူဟာမြောက် အချက်အချာကျတဲ့ နေရာတွေ အမြောက်အမြား ရှိတယ်။ ချိပ်ပိတ်ခြင်းအားလုံးကို ပိုခိုင်မာတောင့်တင်းအောင် လုပ်ချင်ရင် အချိန်အတော်လေး ပေးရလိမ့်မယ်။ ဒါကြောင့် စောစောစပြီး စောစောအဆုံးသတ်ကြရအောင်။”
ထို့နောက် သူတို့ သုံးဦးစလုံးသည် လျှပ်စီးလက်သကဲ့သို့ တစ်ပြိုင်နက်တည်း ကောင်းကင်ယံထက်သို့ ပျံသန်းတက်လှမ်းသွားကြပြီး နောက်တစ်ခဏ၌ ကောင်းကင်ယံတွင် မိုးခြိမ်းသံပမာ ကျယ်လောင်အောင်မြင်သော ကြယ်မြစ်နတ်သခင်၏ အသံ ဟိန်းထွက်လာသည်။
“ဒီအရေးကြီးလှတဲ့ စစ်ဆင်ရေးမှာ စိတ်တူကိုယ်တူ ပါဝင်ဖို့ တောင်ပိုင်းနယ်ကို
မိုင်ပေါင်းများစွာ ခရီးနှင်ပြီး ကြွရောက်လာကြတဲ့အတွက် ပုဂ္ဂိုလ်အားလုံးကို အထူး ကျေးဇူးတင်ပါတယ်။”
“လာချင်တဲ့သူတွေလည်း အကုန်ရောက်နေလောက်ပါပြီ။ ကျေးဇူးပြုပြီးအပေါ်ကို တက်လာခဲ့ကြပါ။ ကျုပ်တို့ နေဝင်တောင်တန်းရဲ့ အခြေအနေကို အားလုံးနဲ့ နှီးနှောဆွေးနွေးပါ့မယ်။”
ကြယ်မြစ်နတ်သခင်၏ စကားသံကို ကြားလျှင် ရောက်ရှိနေကြသော နတ်သခင် တစ်ရာကျော်စလုံးသည် ငှက်အုပ်ကြီးများပျံသန်းသွားသလို ကောင်းကင်ထက်သို့ အလုအယက် ပျံသန်းသွားကြ၏။
နတ်သခင်များ အစည်းအဝေးပြုလုပ်ရန် သီးသန့်အခန်းအနား နေရာ မလိုအပ်ပေ။ မည်သည့် ကိစ္စကိုမဆို ကောင်းကင်ယံ၌ တိုက်ရိုက် ဆွေးနွေးနိုင်သည်။
နတ်သခင် တစ်ရာကျော် ကောင်းကင်သို့ တက်လာကြပြီးနောက် အထက်ကောင်းကင်ယံ၌ ကြီးမားသော စက်ဝိုင်းပုံစံ အတားအဆီး တစ်ခုကို ဖွဲ့စည်းပြီး အတွင်း၌ နေရာယူလိုက်ကြ၏။
ထိုအချိန်တွင် ကြယ်မြစ်နတ်သခင်သည် ပတ်ဝန်းကျင်ရှိ စစ်နတ်လှေများကို စစ်ဆေးရန် သူ၏ နတ်အာရုံကို ဖြန့်ကြက်အသုံးပြုလိုက်၏။
အခြားကျန်ရှိသော နတ်သခင်များကို မတွေ့ရတော့သဖြင့် ကြယ်မြစ်နတ်သခင်က နတ်သခင်ရှီယွဲ့နှင့် နတ်သခင်ဝမ်ကျဲကို မျက်ရိပ်ပြကာ
“အချိန်ကျပြီ... အဆင်သင့်ဖြစ်ပြီ။ စကြစို့။”
ထိုစကား ဆုံးသည်နှင့် သူတို့ သုံးဦးစလုံးသည် လျှပ်စီးကဲ့သို့ တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြရာ ကြီးမားသော သီးသန့်ခွဲထုတ်ခြင်း နည်းဗျူဟာပုံစံကြီးတစ်ခုက ရောက်ရှိနေသော နတ်သခင်အားလုံးကို လွှမ်းခြုံသွားသည်။
နည်းဗျူဟာပုံစံကို အခိုင်အမာ တည်ဆောက်ပြီးနောက် ကြယ်မြစ်နတ်သခင်က အောင်မြင်ခန့်ညားသော အသံဖြင့်
“အားလုံးထဲက မည်သူမဆို သံသယမေးခွန်း တွေရှိရင် အခု ပွင့်ပွင့်လင်းလင်း မေးမြန်းနိုင်ပါတယ်။”
ရှိနေသူများထဲတွင် သတ္တဝါဆန်းများ တည်ရှိမှုကို မယုံကြည်ကြသူ အမြောက်အမြား ရှိနေသေးကြောင်းနှင့် အချို့မှာ သတ္တဝါဆန်းများအကြောင်း လာရောက်စူးစမ်းလေ့လာကြခြင်းဖြစ်ကြောင်း ကြယ်မြစ်နတ်သခင် သိထား၏။
ထို့ကြောင့် ချိပ်ပိတ်ခြင်းကို ပိုမိုခိုင်မာအောင် မပြုလုပ်မီ ၎င်းတို့နှင့် သတ္တဝါဆန်းများ ချိပ်ပိတ်ခြင်းအကြောင်းကို ဆွေးနွေးရန် အကောင်းဆုံးအချိန် ဖြစ်၏။
သို့မှသာ နောင်အနာဂတ်တွင် နေဝင်တောင်တန်းရှိ ချိပ်ပိတ်ခြင်းမှ သတ္တဝါဆန်းများ ဖောက်ထွက်လာပါက လူတိုင်း ကြိုတင်ကာကွယ်ပြီး မည်သို့တုံ့ပြန်ရမည်ကို ကောင်းစွာ သိနိုင်မည် ဖြစ်၏။
ကြယ်မြစ်နတ်သခင်၏ စကား ဆုံးသည်နှင့် နတ်သခင်တစ်ပါးက သံသယဖြင့်
“သတ္တဝါဆန်းတွေက တကယ်ပဲ တည်ရှိနေတာလား။”
ထိုအရာကို ကြားလျှင် နတ်သခင်ရှီယွဲ့က သူ့ဘေးရှိ နတ်သခင်ကန်းယာကို
“ကန်းယာ”
ဟု ခေါ်လိုက်သည်။
နာမည်ကို ခေါ်ရုံမှဖြင့် နတ်သခင်ကန်းယာသည် နတ်သခင်ရှီယွဲ့၏ စိတ်ထဲက ဆိုလိုရင်းကို ချက်ချင်း နားလည်သွားပြီးနောက် တုံ့ပြန်ပြောလိုက်၏။
“သတ္တဝါဆန်းတွေက တကယ်ပဲ ရှိပါတယ်။ ဒါက ကျုပ်တို့ သတ္တဝါဆန်းတွေကို အသက်နဲ့လဲပြီး ချိပ်ပိတ်ခဲ့တဲ့ မြင်ကွင်းပါ။ ကျေးဇူးပြုပြီး စေ့စေ့စပ်စပ် ကြည့်ရှုပေးကြပါ။”
ထိုစကား ဆုံးသည်နှင့် နတ်သခင်ကန်းယာသည် သူ၏ မှတ်ဉာဏ် ပုလဲထဲမှ ဝူယာနတ်သခင်ကို ချိပ်ပိတ်ခဲ့သည့် မြင်ကွင်းကို ထုတ်ဖော်ပြသလိုက်၏။
နတ်သခင်များလည်း ထိုပုံရိပ်ထဲတွင် ဝူယာနတ်သခင် ပြသခဲ့သော ကြောက်မက်ဖွယ်စွမ်းအားကို မြင်တွေ့ရသောအခါ အပ်ကျသံပင် ကြားရလောက်အောင် တစ်ယောက်ပြီးတစ်ယောက် ငြိမ်သက်တိတ်ဆိတ်သွားကြတော့သည်။
ထိုအခိုက်အတန့်တွင် နတ်သခင်ဝမ်ကျဲက လေးနက်စွာဖြင့်
“သတ္တဝါဆန်းတွေက သေမျိုးမဟုတ်သလို ဘယ်လိုမှ ဖျက်ဆီးလို့မရဘူးဆိုတဲ့ ကျုပ်တို့ရဲ့ ပူးတွဲကြေညာချက်ကို အားလုံး သိထားပြီးလောက်ပြီလို့ ယုံကြည်ပါတယ်။ ဒါကြောင့် တကယ်လို့ ခင်ဗျားတို့ သတ္တဝါဆန်းနဲ့ ရင်ဆိုင်ကြုံတွေ့ရရင် အသေသတ်ဖို့ မကြိုးစားပါနဲ့။ အဲ့ဒီသတ္တဝါဆန်းကို ဖမ်းဆီးချုပ်နှောင်ပြီး ချိပ်ပိတ်ဖို့ပဲ ကြိုးစားသင့်ပါတယ်။”
“အခု ကျုပ်တို့ လုချန်းဆီကနေ တန်ဖိုးဖြတ်မရတဲ့ သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံတစ်ခုကို ရရှိထားပါတယ်။ ဒါပေမဲ့ ဒီနည်းဗျူဟာပုံစံကို လက်တွေ့အသုံးပြုဖို့က တော်တော်လေး ခက်ခဲပါတယ်။ အဲ့ဒီ နည်းဗျူဟာပုံစံအင်းကွက်ကို တိုတောင်းတဲ့ အချိန်အတွင်းမှာ ရေးဆွဲဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ အသက်သွင်းလို့ ရမှာမဟုတ်ပါဘူး။”
“အခု ဒီနည်းဗျူဟာပုံစံကို အားလုံးကို မျှဝေပေးမှာဖြစ်လို့ နည်းဗျူဟာပုံစံ ရေးဆွဲဖို့ ကိုယ်တိုင်ကိုယ်ကျ ကြိုးစားကြည့်နိုင်ပါတယ်။”
ထို့နောက် နတ်သခင်ဝမ်ကျဲသည် ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံ၏ အကြောင်းအရာများကို အလင်းလုံးတစ်ခုအဖြစ် ဖန်တီးစုစည်းလိုက်၏။
ကောင်းကင်ယံရှိ အလင်းလုံးကို တွေ့မြင်လျှင် ရောက်ရှိနေသော နတ်သခင်အားလုံးလည်း ရတနာသိုက်ကြီး တွေ့သကဲ့သို့ အလွန် စိတ်လှုပ်ရှားသွားကြ၏။
၎င်းမှာ မိုးကောင်းကင်အောက်၌ ရှားမှရှားသည့် သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံ ဖြစ်ပြီး ရောက်ရှိနေသော နတ်သခင်အချို့၏ အင်အားစုများတွင် ကောင်းကင်အဆင့် နည်းဗျူဟာပုံစံပင် အနည်းငယ်မျှသာ ရှိ၏။ သူတော်စင်အဆင့် နည်းဗျူဟာပုံစံဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့။
ချိပ်ပိတ်ခြင်းကို ပိုခိုင်မာအောင် ပြုလုပ်မည့် ဤစစ်ဆင်ရေးတွင် ပါဝင်ရုံဖြင့် သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံကို အလကားရရှိလိမ့်မည်ဟု မည်သူမှ ကြိုတင်မထင်မှတ်ထားကြပေ။
၎င်းတို့ ယခုလို လာရောက်ရကျိုးနပ်ပြီဖြစ်သည်။
မကြာမီပင် နတ်သခင်တစ်ပါးက လက်ကိုမြှောက်ကာ အလင်းလုံးထံသို့ သူ၏ နတ်စွမ်းအားကို ပို့လွှတ်လိုက်၏။
နောက်တစ်ခဏ၌ မှတ်ဉာဏ်အလင်းလုံးမှ ရွှေရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြာထွက်လာပြီး ထိုနတ်သခင်၏ နဖူးထက်တွင် တည်သွားကာ ပညာလွှဲပြောင်းမှုကို လျင်မြန်စွာ လက်ခံရရှိသွား၏။ ထို့နောက် ထိုနတ်သခင်သည် ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို ရေးဆွဲရန် စိတ်အားထက်သန်စွာ ချက်ချင်း ကြိုးစားလေသည်။
ထိုနတ်သခင် နည်းဗျူဟာပုံစံကို အာရုံစိုက် ရေးဆွဲနေသည်ကို တွေ့မြင်လျှင် အခြားနတ်သခင်များသည်လည်း အဖိုးတန် သူတော်စင်အဆင့် နည်းဗျူဟာပုံစံကို ရရှိရန် လုယက်သကဲ့သို့ ထိုအလင်းလုံးထံသို့ အလျင်အမြန် စွမ်းအားများ ပို့လွှတ်လိုက်ကြပြီး နည်းဗျူဟာပုံစံကို ပြိုင်တူ လိုက်လံရေးဆွဲကြ၏။
သို့သော် အားလုံးကို ကြက်သေ သေသွားလောက်အောင် အံ့အားသင့်စေသည်ကတော့ တစ်ဦးတစ်ယောက်မှ နည်းဗျူဟာပုံစံ အင်းကွက်ကို အပြည့်အဝ မရေးဆွဲနိုင်ကြခြင်း ဖြစ်သည်။
ခဏခန့် အတွင်း၌ပင် လူတိုင်း ကျရှုံးသွားကြလေတော့သည်။
အားလုံး မအောင်မြင်နိုင် ဖြစ်နေသည်ကို မြင်သော် နတ်သခင်ဝမ်ကျဲ၊ ကြယ်မြစ်နတ်သခင်နှင့် နတ်သခင်ရှီယွဲ့တို့အားလုံးလည်း မျက်နှာပျက်ကာ လေးနက်သော အရိပ်အယောင်များ ပြသလိုက်ကြ၏။
ဒီသူတော်စင်အဆင့် နည်းဗျူဟာပုံစံကို လုချန်းတစ်ယောက်တည်း ရေးဆွဲနိုင်တာလား။
တကယ်လို့ အဲ့ဒီလို ဖြစ်နေရင်တော့ လုချန်း၏ အခန်းကဏ္ဍက အရေးပါလွန်းလှသည်။
နောင်အနာဂတ်တွင် လုချန်းကို မည်သည့်အန္တရာယ်မှ မကျရောက်စေရန် ၎င်းတို့ အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်ရမည့် အနေအထားအထိ အရေးကြီးလှသည်။
သတ္တဝါဆန်းစစ်တပ်က ထျန်းရန်နတ်ဘုရားနယ်မြေကို ကျူးကျော်လာချိန်တွင် လုချန်း တစ်စုံတစ်ရာ ထိခိုက်သွားပါက ထိုသတ္တဝါဆန်းများကို ချိပ်ပိတ်ရန် အလွန်တရာ ခက်ခဲသွားလိမ့်မည်။
လုန်း၏ အရေးပါမှုသည် မည်မျှအထိ မြင့်တက်သွားမှန်း မသိနိုင်လောက်အောင်ပင် ရုတ်တရက် အဟုန်ပြင်းစွာ မြင့်မားသွားခဲ့ခြင်းဖြစ်သည်။
ထိုအခိုက်အတန့်တွင် နတ်သခင်တစ်ပါးက မချင့်မရဲဖြင့်
“ကြယ်မြစ်ခန်းမသခင်... ဒီဆန်းကြယ်တဲ့ နည်းဗျူဟာပုံစံ အင်းကွက်ကို နတ်တစ်ယောက်အနေနဲ့ တကယ်ပဲ ရေးဆွဲနိုင်လို့လား။”
ထိုသံသယမေးခွန်းကို ကြားလျှင် ကြယ်မြစ်နတ်သခင်က နတ်သခင်ရှီယွဲ့ကို စူးစိုက်ကြည့်ကာ လေးနက်စွာ ပြောလိုက်၏။
“ရှီယွဲ့မဟာမိတ်ခေါင်းဆောင်... အားလုံးစိတ်ရှင်းသွားအောင် သရုပ်ပြဖို့ လုချန်းကို ခေါ်ထုတ်ရမယ့် အချိန်တန်ပြီ။”
ထိုစကား ဆုံးသည်နှင့် ရောက်ရှိနေသော နတ်သခင်များလည်း ချက်ချင်းပင် အချင်းချင်း တီးတိုး ဆွေးနွေးကြတော့သည်။
“လုချန်းလား။ သေမင်းတမန် ကစဉ့်ကလျား ပင်လယ်ထဲကနေ သေကံမရောက် သက်မပျောက်ပဲ အသက်ရှင်လွတ်မြောက်လာခဲ့တဲ့ လုချန်းလား။”
“သူတို့က လုချန်းကို ဖမ်းဆီးချုပ်နှောင်ထားတာလား။”
“လုချန်းဆီမှာ ရှိတဲ့ အခွင့်အလမ်းကောင်းတွေကို သူတို့ ရသွားပြီလားဆိုတာ တကယ်သိချင်မိတယ်။”
နတ်သခင်ရှီယွဲ့က သူမ၏ လက်ကို ညင်သာစွာ မြှောက်လိုက်ရာ နောက်တစ်ခဏ၌ လုချန်း၏ ကိုယ်ထည် နတ်သခင်ရှီယွဲ့၏ ရှေ့မှောက်တွင် ရုတ်ခြည်း ပေါ်လာလေသည်။
ရောက်ရှိနေသော နတ်သခင် အမြောက်အမြားကို ရင်ဆိုင်ရသော်လည်း လုချန်းက အေးဆေးစွာ ပြုံးလျက်
“လောကကြီးကို ကာကွယ်စောင့်ရှောက်ဖို့အတွက် စီနီယာတွေ အမြောက်အမြား ပါဝင်ကူညီကြလိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး။”
--
…………