← Chapters

အခန်း ၁၉၂၅

Vol. 129 Ch. 1925

အခန်း ၁၉၂၅

Vol. 129 Ch. 1925

အခန်း (၁၉၂၅)

ရန်သူ၏ ပစ်မှတ်က လုချန်း ဖြစ်နိုင်သည်

လုချန်း ပေါ်လာသည့် အခိုက်အတန့်တွင် ထိုနေရာရှိ နတ်သခင် အားလုံးနီးပါး၏ ဆာလောင်မွတ်သိပ်သော အကြည့်များ သူ့ထံသို့ ပြိုင်တူ ရောက်ရှိလာကြ၏။ ၎င်းတို့၏ မျက်လုံးများထဲရှိ လောဘဇောရိပ်များကို ဖုံးကွယ်ထားနိုင်ခြင်း လုံးဝမရှိကြပေ။

မြောက်မြားစွာသော နတ်သခင်များ၏ မျက်စိအောက်တွင် လုချန်းသည် အသက်ရှင်နေသော သက်စောင့်ဆေးတစ်လုံးနှင့် ထပ်တူထပ်မျှ ဖြစ်နေသည်။

သူတို့၏ စိတ်နှလုံးများထဲတွင် လုချန်း၏ထံ၌ နတ်ဧကရာဇ်အဆင့် တက်လှမ်းနိုင်မည့် အခွင့်အရေးတွေ ရှိနေမလားဟု တွေးတောနေမိကြ၏။

အကယ်၍ သူတို့သာ ဤတန်ဖိုးမဖြတ်နိုင်သော အခွင့်အရေးကို ဆုပ်ကိုင်နိုင်ပါက သူတို့ကိုယ်တိုင် နတ်ဧကရာဇ်အဆင့်သို့ တက်ရောက်နိုင်ပြီး သက်တမ်းကို စိတ်ကြိုက် ဆွဲဆန့်နိုင်လိမ့်မည် ဖြစ်သည်။

ထို့အခါ ယာယီအားဖြင့်တော့ သူတို့၏ ဖန်တီးခြင်း လမ်းစဉ်ကြီးတစ်ခုလုံး လဲပြို ပျက်စီးလာမည့် ဘေးဒုက္ခကို သောကပွေကာ စိုးရိမ်ရန် လိုအပ်တော့မည် မဟုတ်ပေ။

နတ်သခင် ဝမ်ကျဲလည်း လူတိုင်း၏ စိတ်အကြံအစည်များကို ကောင်းစွာ ရိပ်မိလိုက်သဖြင့် ကွေ့ဝိုက်မနေပဲ ပြတ်ပြတ်သားသား ပြောလိုက်၏။

“ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံဟာ လုချန်း ကစဉ့်ကလျား ပင်လယ်ကနေ အသက်နဲ့လဲပြီး ယူဆောင်လာခဲ့တဲ့ သူတော်စင်အဆင့် နည်းဗျူဟာပုံစံပဲ ဖြစ်တယ်။ လောလောဆယ်မှာတော့ လုချန်းတစ်ယောက်တည်းသာ ဒီနည်းဗျူဟာပုံစံရဲ့ ပြီးပြည့်စုံတဲ့ နည်းဗျူဟာပုံစံ အင်းကွက်ကို ရေးဆွဲနိုင်တယ်။”

ထိုအရာကို ကြားလျှင် နတ်သခင်များ ကြက်သေသေကာ မှင်တက်သွားကြ၏။

သူက တကယ်ပဲ ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံ၏ ပြီးပြည့်စုံသော နည်းဗျူဟာပုံစံ အင်းကွက်ကို ရေးဆွဲနိုင်တာလား။

ထို့ပြင် သူတစ်ဦးတည်းသာ ဤအရာကို လုပ်ဆောင်နိုင်စွမ်း ရှိတာလား။

နတ်သခင်အဆင့်အထိ လောကဓံကိုဖြတ်ကျော်ကာ အသက်ရှင်ကျန်ရစ်ခဲ့သူများသည် ဉာဏ်နည်းသော လူအများ တစ်ယောက်မှ မဟုတ်ကြပေ။ လုချန်း၏ အရေးပါမှုကို ချက်ချင်းပင် သူတို့ နားလည်သဘောပေါက်သွားကြတော့သည်။

လုချန်း မည်မျှအထိ အရေးပါသနည်းဟု ဆိုလျှင် သူ့ထံ၌ နတ်ဧကရာဇ် ဖြစ်လာမည့် အခွင့်အရေး တကယ် ရှိနေလျှင်ပင် မည်သည့်အင်အားစုကမှ သူ့ကို လက်ဖျားနှင့်ပင် ထိရဲကြမည် မဟုတ်သည်အထိ အရေးပါနေ၏။

အကယ်၍ မမျှော်လင့်ပဲ မတော်တဆမှု တစ်ခုကြောင့် လုချန်း တစ်စုံတစ်ရာ ထိခိုက်သွားပါက သတ္တဝါဆန်းစစ်တပ် ထျန်းရန် နတ်ဘုရား နယ်မြေသို့ ကျူးကျော်ဝင်ရောက်လာချိန်တွင် မည်သူမှ ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို ရေးဆွဲနိုင်တော့မည် မဟုတ်ပေ။

ထိုအခါ ထိုအစွမ်းထက်လှသော သတ္တဝါဆန်းများကို သူတို့ မည်သို့များ ချိပ်ပိတ်နိုင်တော့မည်နည်း။

နတ်သခင် ဝမ်ကျဲ စကားပြောပြီးနောက် ကြယ်မြစ် နတ်သခင်ကလည်း ထပ်လောင်း၍ ရှင်းလင်းပြောကြားလိုက်၏

“ခင်ဗျားတို့အားလုံး အခုရင်ထဲမှာ ဘာတွေးနေလဲဆိုတာ ကျုပ် ကောင်းကောင်း သိပါတယ်။ ဒါပေမဲ့ လုချန်းဆီမှာ နတ်ဧကရာဇ် ဖြစ်လာနိုင်မယ့် ဘယ်လိုအခွင့်အရေးမျိုးမှ မရှိပါဘူး။ အကယ်၍ အဲ့ဒီလို အခွင့်အရေးမျိုးသာ ရှိခဲ့ရင် လျှို့ဝှက်လဝန်း ကျောင်းတော်ဟာ လွန်ခဲ့တဲ့အချိန်တစ်ခုကတည်းက ရရှိပြီးသား ဖြစ်ပါလိမ့်မယ်။”

“အခုအချိန်မှာတော့ သူတစ်ယောက်တည်းသာ ပြီးပြည့်စုံတဲ့ ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို ရေးဆွဲနိုင်တာမို့ ခင်ဗျားတို့အားလုံးလည်း သူ့ရဲ့ အရေးပါမှုကို နားလည်ကြလိမ့်မယ်လို့ ကျုပ် ယုံကြည်ပါတယ်။”

“နောက်ပြီး ထျန်းရန် နတ်ဘုရား နယ်မြေမှာ ဆက်တိုက်ဆိုသလို အရှိန်အဟုန်နဲ့ ဖြစ်ပွားနေတဲ့ ကပ်ဘေးတွေက နယ်မြေရဲ့ ကံစွမ်းအား ခမ်းခြောက် ကျဆင်းနေပြီဆိုတာကို ပြသနေတာပဲ။ လက်ရှိ ကံစွမ်းအားအရဆိုရင် အများဆုံး နတ်ဧကရာဇ်တစ်ပါးကိုသာ ပံ့ပိုးထောက်ပံ့ပေးနိုင်လိမ့်မယ်။ အခု နတ်ဆိုးဧကရာဇ်က သူရဲ့ ကျင့်စဉ်အဆင့်ကို ပြန်လည်ရရှိထားပြီးဖြစ်တာမို့ ခင်ဗျားတို့အားလုံး အဲ့ဒီလို လက်တွေ့မကျတဲ့ အတွေးတွေကို အမြန်ဆုံး စွန့်လွှတ်လိုက်ကြဖို့ ကျုပ် အကြံပြုချင်ပါတယ်။”

ကြယ်မြစ် နတ်သခင်၏ ပြတ်သားသော သတိပေးချက်ကြောင့် ထိုနေရာရှိ နတ်သခင်များ၏ လောဘမီးများ တဖြည်းဖြည်း ငြိမ်းသွားကြ၏။

ထျန်းရန် နတ်ဘုရား နယ်မြေတွင် နတ်ဧကရာဇ်အသစ်တစ်ပါး လုံးဝမပေါ်ထွက်လာသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ ယင်းက နယ်မြေ၏ ကံစွမ်းအား မည်မျှအထိ ဆုတ်ယုတ်ကျဆင်းနေပြီလဲဆိုသည်ကို ထင်ရှားစွာ သက်သေပြနေခြင်း ဖြစ်သည်။

ယခု နတ်ဆိုးဧကရာဇ်သည် သူမ၏ ကျင့်စဉ်အဆင့် ပြန်လည်ရရှိသွားပြီဖြစ်၍ နတ်ဆိုးဧကရာဇ် လဲပြိုမသွားပါက အခြားသူများ ကျင့်စဉ်အဆင့် တက်ရောက်ရန်က ဘယ်လိုမှ မဖြစ်နိုင်သလောက်ပင်။

ထို့ကြောင့် လက်ရှိအခြေအနေအောက်တွင် သူတို့အနေနှင့် နတ်ဧကရာဇ် ဖြစ်လာမည့် ရွှေအခွင့်အရေးကို ရရှိခဲ့လျှင်ပင် ကျင့်စဉ်အဆင့် တက်ရောက်ရန် လုံးဝမဖြစ်နိုင်ပေ။

ဤအချက်ကို ကောင်းစွာ သဘောပေါက်သွားကြပြီးနောက် လုချန်းအပေါ် ထားရှိသော ၎င်းတို့၏ လောဘစိတ်များလည်း ခမ်းခြောက် လျော့နည်းသွားခဲ့သည်။

ကြယ်မြစ် နတ်သခင်၏ သတိပေးမှုပြီးနောက် နတ်သခင် ဝမ်ကျဲက ထပ်မံ၍

“နေဝင်တောင်တန်းမှာ မခန့်မှန်းနိုင်လောက်အောင် အန္တရာယ်ရှိတဲ့ အရပ်ဒေသတွေ မြောက်မြားစွာ ရှိနေပြီး ချိပ်ပိတ်ခြင်းအားလုံးကို တောင့်တင်းအောင် အားဖြည့်ဖို့ အချိန်အတန်ကြာ ယူရနိုင်တယ်။ သို့သော်လည်း လုချန်းတစ်ယောက်တည်းသာ ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို ရေးဆွဲနိုင်တာမို့ ချိပ်ပိတ်ခြင်းတွေကို အမြန်ဆုံး အားဖြည့်နိုင်ဖို့အတွက် အုပ်စုတွေ ခွဲလိုက်တာက အကောင်းဆုံးဖြစ်လိမ့်မယ်။”

ထိုသို့ပြောဆိုရင်း နတ်သခင် ဝမ်ကျဲက ထိုနေရာရှိ နတ်သခင်များကို ဝေ့ကြည့်လိုက်၏။

မဟာအင်အားကြီးအုပ်စု သုံးခုမှ နတ်သခင်များ အပါအဝင် ယခုအကြိမ်တွင် ပါဝင်သော နတ်သခင် အရေအတွက်မှာ စုစုပေါင်း အယောက် တစ်ရာ့နှစ်ဆယ်အထိ ရှိနေပြီဖြစ်သည်။

နတ်သခင် ဝမ်ကျဲက ဆက်လက်၍

“ဒီစစ်ဆင်ရေးအတွင်းမှာ နတ်သခင် တစ်ရာ့နှစ်ဆယ် ပါဝင်နေတာဖြစ်တယ်။ ကျုပ်အထင်တော့ တစ်ဖွဲ့ကို လူသုံးဆယ်စီနဲ့ အုပ်စုလေးစု ညီညာစွာ ခွဲလိုက်ရင် သင့်တော်လိမ့်မယ်။ အုပ်စုတစ်စုစီက အန္တရာယ်ရှိတဲ့ ဒေသသုံးခုရဲ့ ချိပ်ပိတ်ခြင်းတွေကို အားဖြည့်နိုင်ပြီးတော့ နောက်အုပ်စုတစ်ခုနဲ့ နေဝင်တောင်တန်းထဲကို အလှည့်ကျ ဝင်ရောက်နိုင်တာပေါ့။ ကြယ်မြစ် ခန်းမသခင်... ရှီယွဲ့ မဟာမိတ်ခေါင်းဆောင်... ခင်ဗျားတို့ နှစ်ယောက်ကော ဘယ်လိုထင်လဲ။”

နေဝင်တောင်တန်းသည် ပင်လယ်ပြင်ကြီးပမာ ကျယ်ပြောလှပြီး အတွင်း၌ အန္တရာယ်ရှိသော ဒေသများစွာ ရှိနေသည်။

ဤချိပ်ပိတ်ခြင်းများကို အားဖြည့်ရန်က တစ်ရက် နှစ်ရက်အတွင်း ပြီးစီးနိုင်မည့် အလုပ်မျိုး မဟုတ်ပေ။ ထို့ပြင် အတွင်းရှိ အချို့သော ချိပ်ပိတ်ခြင်းများမှာလည်း ဆွေးမြည့်ကာ ပျက်စီးနေလောက်ပြီ ဖြစ်၏။

မဟုတ်ပါက ဝူယာနတ်သခင်တစ်ယောက် လျှို့ဝှက်ဆန်းကြယ် စွမ်းအား၏ တိုက်စားခြင်း ခံရမည် မဟုတ်ပေ။

ထို့ကြောင့် အုပ်စုများကို အလှည့်ကျ စေလွှတ်ခြင်းက အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။ သို့မှသာ နတ်သခင်များအား ပြန်လည်အားဖြည့်ရန် အချိန်အလုံအလောက် ပေးနိုင်သလို တစ်ဖက်တွင်လည်း ချိပ်ပိတ်ခြင်းများကို စဉ်ဆက်မပြတ် အားဖြည့်နိုင်မည် ဖြစ်သည်။

လုချန်း ဟူသော ဤကိုယ်ထည်အတွက်တော့ ၎င်းအား နတ်စွမ်းအားများ ပြန်လည်ဖြည့်တင်းပေးရန် ဆေးလုံးအချို့ ပံ့ပိုးထောက်ပံ့ပေးရုံနှင့် လုံလောက်ပေသည်။ ထို့ပြင် လုချန်း၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ ကိုယ်ပွားတစ်ခုမျှသာ ဖြစ်၍ အနားယူရန်ပင် မလိုအပ်ပေ။

ကြယ်မြစ် နတ်သခင် ခဏခန့် စဉ်းစားလိုက်ပြီးနောက် အလေးအနက် ပြောလိုက်၏။

“ကျုပ် ကျောင်းအုပ်ကြီး ဝမ်ကျဲရဲ့ အကြံပြုချက်ကို အပြည့်အဝ ထောက်ခံပါတယ်။”

နတ်သခင် ရှီယွဲ့ကလည်း တည်ငြိမ်စွာပင်

“ကျွန်မမှာ ကန့်ကွက်စရာ မရှိပါဘူး”

နတ်သခင် ဝမ်ကျဲက

“အဲဒီလိုဆိုရင်တော့ စလိုက်ကြရအောင်။ အခုကစပြီး လွတ်လပ်စွာ အုပ်စုဖွဲ့နိုင်ပါပြီ။”

သူ၏ စကားဆုံးသွားပြီးနောက် နတ်သခင်များလည်း အဖွဲ့များ စတင်ဖွဲ့စည်းကြတော့သည်။

အဆုံးသတ်တွင် ချင်းယွမ်ကျောင်းတော်နှင့် ခမ်းနားသော ကောင်းကင်ခန်းမတို့က အဖွဲ့တစ်ဖွဲ့စီကို ဦးဆောင်ခဲ့ပြီး သားရဲမဟာမိတ်ကတော့ အဖွဲ့နှစ်ဖွဲ့ကို ဦးဆောင်ခဲ့၏။

သားရဲမဟာမိတ်က အဖွဲ့နှစ်ဖွဲ့ကို ဦးဆောင်ရခြင်းမှာ သားရဲမဟာမိတ်၏ ဒုတိယခေါင်းဆောင်ဖြစ်သူ နတ်သခင် ကန်းယာပါ ဤနေရာသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိနေခြင်းကြောင့် ဖြစ်ပြီး ခမ်းနားသော ကောင်းကင်ခန်းမ၏ ဒုတိယခန်းမသခင်နှင့် ချင်းယွမ်ကျောင်းတော်၏ ဒုတိယကျောင်းအုပ်ကြီးတို့ကတော့ ရောက်ရှိမလာခဲ့ကြပေ။

နတ်သခင် ကန်းယာတွင် ဝူယာနတ်သခင်ကို ချိပ်ပိတ်ခဲ့သည့် ယခင်အတွေ့အကြုံလည်း ရှိခဲ့ဖူးသည်။

အုပ်စုဖွဲ့ပြီးနောက် ကြယ်မြစ် နတ်သခင်က ကြေညာလိုက်၏။

“အဖွဲ့တွေ သတ်မှတ်ပြီးပြီဆိုတော့ မနက်ဖြန် စတင်ကြတာပေါ့။ မနက်ဖြန်ကျရင် ကျုပ်ကိုယ်တိုင် ပထမဆုံးအုပ်စုကို ဦးဆောင်ပြီး နေဝင်တောင်တန်းထဲကိုသွားမယ်။”

ခမ်းနားသော ကောင်းကင်ခန်းမသည် တောင်ပိုင်းနယ်တွင် တည်ရှိပြီး နေဝင်တောင်တန်းနှင့် အလွန် နီးကပ်နေခြင်းကြောင့် ကြယ်မြစ် နတ်သခင်အနေနှင့် ချင်းယွမ်ကျောင်းတော်နှင့် သားရဲမဟာမိတ်တို့ကို အစပြု၍ ဦးဆောင်ခိုင်းရန် မသင့်တော်ပေ။

ထို့ပြင် သူသည် အရိုင်းနယ်မြေသို့ ခရီးသွားစဉ်က နေဝင်တောင်တန်းကို ဖြတ်သန်းသွားခဲ့ဖူးသဖြင့် အတွင်းရှိ အန္တရာယ်ရှိသော အရပ်ဒေသအချို့ကိုလည်း သိထားသည်။

ထို့နောက် ကြယ်မြင့်နတ်သခင်က

“မေးစရာမေးခွန်း ရှိသေးလား”

ကြယ်မြစ် နတ်သခင် ပြောပြီးနောက် ထိုနေရာရှိ နတ်သခင်များလည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း မည်သူ့ဆီမှာမှ မေးစရာမရှိပဲ တိတ်ဆိတ်နေခဲ့ကြ၏။

အဖွဲ့များ ဖွဲ့စည်းပြီးသွားပြီဖြစ်ရာ ကျန်ရှိနေသည့်အရာမှာ နေဝင်တောင်တန်းထဲသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ရန်သာ ဖြစ်သဖြင့် မေးမြန်းစရာ အခြားအရာ များများစားစား မရှိတော့ပေ။

မည်သည့် အကြံပြုချက်မှ ထပ်မံထွက်ပေါ်မလာသည်ကို တွေ့မြင်လျှင် ကြယ်မြစ် နတ်သခင်က နိဂုံးချုပ်လိုက်၏။

“ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ”

ထိုသို့ပြောပြီးနောက် ကြယ်မြစ် နတ်သခင်က သီးခြားနည်းဗျူဟာပုံစံကို ဖယ်ရှားလိုက်ရာ နတ်သခင်များလည်း ၎င်းတို့၏ သက်ဆိုင်ရာ စစ်နတ်လှေကြီးများဆီသို့ ပြန်သွားကြတော့သည်။

နတ်သခင်များ ထွက်ခွာသွားပြီးနောက် ကြယ်မြစ် နတ်သခင်သည် နောက်ထပ် သီးခြားခွဲထွက် နည်းဗျူဟာ ပုံစံတစ်ခုကို ထပ်မံ၍ အခိုင်အမာ တည်ဆောက်လိုက်၏။ ယခုအခါ လူငါးဦးသာ ကျန်ရှိတော့၏။

၎င်းတို့မှာ ကြယ်မြစ် နတ်သခင်၊ နတ်သခင် ဝမ်ကျဲ၊ နတ်သခင် ရှီယွဲ့၊ နတ်သခင် ကန်းယာနှင့် လုချန်းတို့ပင် ဖြစ်ကြသည်။

ကြယ်မြစ် နတ်သခင်က နည်းဗျူဟာ ပုံစံ ကို ပြန်လည်တည်ဆောက်လိုက်သည်ကို တွေ့မြင်လျှင် နတ်သခင် ရှီယွဲ့က

“ကြယ်မြစ် ခန်းမသခင်အနေနှင့် အခြား ဘာများ ထပ်မံ ညွှန်ကြားချင်လို့လဲဆိုတာ သိပါရစေ။”

လေးနက်သော အမူအရာနှင့်အတူ ကြယ်မြစ် နတ်သခင်က

“နတ်သခင်တွေထဲက အချို့ဟာ လျှို့ဝှက်ဆန်းကြယ် စွမ်းအားရဲ့ တိုက်စားမှုကို ခံထားရပြီး ဖြစ်နိုင်တယ်။”

ထိုမိုးကြိုးသံပမာ စကားကို ကြားလျှင် လူလေးဦးစလုံး တုန်လှုပ်မှင်တက်သွားကြ၏။

ကြယ်မြစ် နတ်သခင်က ဆက်လက်၍

“ကျုပ်မှာ ကြယ်နတ်ကိုယ်ထည် ရှိနေပြီး အန္တရာယ်ကို ကြိုတင်ခံစားနိုင်စွမ်း ရှိတယ်။ ထိုလူတွေ စုဝေးနေကြတုန်းက ဝူယာနတ်သခင်တစ်ယောက်တည်းဆီမှာပဲ ရှိခဲ့တဲ့ ဆိုးဝါးတဲ့ အငွေ့အသက်ကို ကျုပ် အထင်အရှား ခံစားမိလိုက်တယ်။”

နတ်သခင် ဝမ်ကျဲက ကွေ့ဝိုက်မနေပဲ ချက်ချင်း မေးမြန်းလိုက်၏။

“သူဘယ်သူလဲဆိုတာ အတိအကျ ခွဲခြားနိုင်လား”

ကြယ်မြစ် နတ်သခင်က ခေါင်းခါကာ ပြန်လည်တုံ့ပြန်သည်။

“မရဘူး... ကျုပ် တစ်ချက်ကြည့်ရုံနဲ့ မသိနိုင်ခဲ့ဘူး။ ထိုလူက ကျုပ်ရဲ့ နတ်ကိုယ်ထည် စွမ်းအားကို ပါးနပ်စွာ ကာကွယ်ဖုံးကွယ်ထားနိုင်ပုံပဲ။”

ကြယ်မြစ် နတ်သခင်၏ စကားကို ကြားပြီးနောက် အားလုံးတိတ်ဆိတ်သွားကာ စဉ်းစားတွေးတောနေမိကြ၏။

ခဏအကြာတွင် နတ်သခင် ရှီယွဲ့က လုချန်းကို တစ်ချက်ကြည့်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

“ရန်သူရဲ့ ပစ်မှတ်က လုချန်း ဖြစ်ဖို့ များတယ်”

“ဒါက ကိစ္စတွေကို ပိုပြီးရှုပ်ထွေးပွေလီသွားစေပြီ။ ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံရဲ့ ပြီးပြည့်စုံတဲ့ နည်းဗျူဟာပုံစံ အင်းကွက်ကို လုချန်းတစ်ယောက်တည်းပဲ ရေးဆွဲနိုင်တယ်ဆိုတာ သူတို့ကို မပြောခဲ့သင့်ဘူး။ အဲ့ဒီ ထူးဆန်းတဲ့ ဖြစ်တည်မှုဟာ လုချန်းကို အမြစ်ပြတ် ရှင်းလင်းပစ်ဖို့အတွက် နည်းလမ်းပေါင်းစုံကို ဧကန်မုချ သုံးလာလိမ့်မယ်။”

“အကယ်၍ လုချန်း တစ်စုံတစ်ရာ ဖြစ်ပွားသွားရင်...”

နတ်သခင် ရှီယွဲ့ စကားမဆုံးသေးမီမှာပင် လုချန်းက သူ၏ လက်တစ်ဖက်ကို ‌မြှောက်လိုက်ရာ ကောင်းကင်ယံ၌ စိမ်းစိုသော နတ်စွမ်းအား အလင်းတန်းတစ်ခု လျှပ်ခနဲ စုစည်းလာခဲ့သည်။

နောက်တစ်ခဏ၌ ထိုအစိမ်းရောင် စွမ်းအားများ လွင့်ပျယ်သွားပြီး လုချန်းနှင့် တစ်ထေရာတည်း ထပ်တူထပ်မျှ တူညီသော ကိုယ်ပွားတစ်ခု ရုတ်ချည်း ပေါ်ထွက်လာခဲ့၏။

ဤအရာက...

--

……………

All Chapters