အခန်း ၁၉၂၆
Vol. 129 Ch. 1926
အခန်း (၁၉၂၆ )
စိတ်ကူးထားသလောက် ကြောက်စရာမကောင်း
လုချန်း အသစ်ဖန်တီးလိုက်သော ကိုယ်ပွားကို နတ်သခင် ရှီယွဲ့တို့လူစု အံ့ဩ မှင်တက်စွာ စိုက်ကြည့်လိုက်ကြ၏။
လျှပ်တစ်ပြက် အတွင်း၌ပင် ကျင့်စဉ်အဆင့်မှတစ်ပါး ပင်မကိုယ်ထည်နှင့် တစ်ထေရာတည်းတူညီသည့် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်တစ်ခုကို လုချန်း ဖန်တီးနိုင်ခဲ့ခြင်းလား။
နတ်သခင်များအနေနှင့် ၎င်းတို့၏ နတ်အာရုံကို အသုံးပြုကာ အချိန်တိုအတွင်း ကိုယ်ပွားတစ်ခုကို ထုတ်လုပ်နိုင်သော်လည်း ထိုကိုယ်ပွားသည် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် မဟုတ်ပေ။ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ရှိသည့် ကိုယ်ပွားတစ်ခုကို ဖန်တီးရန်က ကောင်းကင်က ကြယ်ကို လှမ်းဆွဲရသကဲ့သို့ ခက်ခဲလှသည့်အပြင် ကောင်းကင်နှင့် မြေအဆင့် ရတနာအချို့လည်း လိုအပ်ပေသည်။
သို့သော် လုချန်းကတော့ လက်တစ်ဖက်ကို မြှောက်လိုက်ရုံဖြင့် မျက်စိတစ်မှိတ်အတွင်း ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ရှိသော ကိုယ်ပွားတစ်ခု ဖြစ်တည်လာစေခဲ့၏။
စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် နတ်သခင်က ဝမ်ကျဲ စူးစမ်းလိုစိတ်ဖြင့်
“မိတ်ဆွေလု ဘယ်လမ်းစဉ်ကို လျှောက်လှမ်းနေလဲဆိုတာ ကျုပ် သိချင်မိတယ်။”
လုချန်း ခပ်အေးအေးပင်
“ကျောင်းအုပ်ကြီး နောက်ကျရင် သိလာရမှာပါ။”
“စောစောက ပြောဖို့ မေ့သွားလို့... အလှည့်ကျ လုပ်နေဖို့ မလိုပါဘူး။ ကျုပ်က တစ်ပြိုင်နက်တည်း လှုပ်ရှားနိုင်မယ့် ကိုယ်ပွားအများကြီးကို ဖန်တီးနိုင်တယ်။ ဒါဆိုရင် အန္တရာယ် မြေနေရာ အားလုံးရဲ့ ချိပ်ပိတ်မှုတွေကိုလည်း အမြန်ဆုံး အားဖြည့်ပေးနိုင်မှာပါ။”
လုချန်း ဖန်တီးလိုက်သော ကိုယ်ပွားအသစ်ကို နတ်သခင် ရှီယွဲ့ လှမ်းကြည့်လိုက်၏။ ထိုကိုယ်ပွားအသစ်၌ လူနတ်အဆင့် ကျင့်စဉ်သာ ရှိသော်လည်း ဝိညာဉ်အငွေ့အသက်ကတော့ အပြည့်အဝ ရှိနေပုံရ၏။ လုချန်း၏ ကိုယ်ပွားများသည် သူတို့နှင့် မတူပဲ ကွဲပြားခြားနားနေပုံရသည်။
ကြယ်မြစ် နတ်သခင် လုချန်းကို
“ခင်ဗျားရဲ့ တခြားကိုယ်ပွားတွေကော ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို အပြည့်အစုံ ရေးဆွဲနိုင်လို့လား။”
လုချန်း ကြယ်မြစ် နတ်သခင်ကို
“ဒါပေါ့... ရေးဆွဲနိုင်တာပေါ့”
လုချန်း၏ စကားကို ကြားလျှင် ကြယ်မြစ် နတ်သခင်တို့လူစု တွေးတောသွားကြပုံရ၏။
ခဏခန့် ကြာပြီးနောက် နတ်သခင် ဝမ်ကျဲ လုချန်းကို
“ခင်ဗျားရဲ့ ကိုယ်ပွားတွေကလည်း နည်းဗျူဟာပုံစံတွေကို ရေးဆွဲနိုင်တယ်ဆိုမှတော့ နောက်ထပ် ကိုယ်ပွားနှစ်ခု ထပ်ဖန်တီးလိုက်ပါ။ ဒါဆိုရင် ကျုပ်တို့ လေးယောက်လုံး နေဝင်တောင်တန်းထဲကို အတူတူ ဝင်သွားလို့ရတာပေါ့။”
လုချန်း စိုးစဉ်းမှ တုံ့ဆိုင်းခြင်း မရှိခဲ့ပေ။ လက်နှစ်ဖက်လုံးကို မြှောက်လိုက်ရာ မကြာမီပင် ကောင်းကင်မြင့်ထက်၌ စိမ်းလန်းသော နတ်အငွေ့အသက် အစုအဝေးနှစ်ခု ပေါ်ထွက်လာသည်။ သို့သော် ခန္ဓာကိုယ်နှစ်ခုကို တစ်ပြိုင်နက်တည်း ဖန်တီးနေရခြင်း ဖြစ်သဖြင့် လုချန်း အချိန်အနည်းငယ် ပိုပေးလိုက်ရသည်။
သို့သော်လည်း ထိုမျှ တိုတောင်းသော အချိန်အတွင်း၌ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် သုံးခုကို လေဟာနယ်ထဲမှ ဖန်တီးနိုင်ခြင်းက ကြယ်မြစ် နတ်သခင်တို့ လူစုကို အံ့အားသင့်သွားစေရန် လုံလောက်ပေသည်။
လုချန်း ကိုယ်ပွားများကို ဖန်တီးပြီးစီးသွားလျှင် ကြယ်မြစ် နတ်သခင်တို့လူစုလည်း လုချန်းတစ်ယောက်စီကို ခေါ်ဆောင်၍ ထွက်ခွာသွားကြတော့သည်။ ယခုအခါ လုချန်း၏ ကိုယ်ပွားလေးခု ရှိလာသည့်အပြင် လုချန်းကလည်း နောက်ထပ်ကိုယ်ပွားများကိုပါ ထပ်မံဖန်တီးနိုင်ပုံရရာ လုချန်း၏ ခန္ဓာကိုယ်တစ်ခုခု အသက်ရှင်ကျန်ရစ်ပါက မည်သူမှ ၎င်းတို့၏ အန္တရာယ် မြေနေရာ ချိပ်ပိတ်မှု အားဖြည့်ခြင်းလုပ်ငန်းစဉ်ကို နှောင့်ယှက်ဖျက်ဆီးနိုင်တော့မည် မဟုတ်တော့ပေ။
…….
နောက်တစ်နေ့ နံနက် စောစောတွင်။
ကြယ်မြစ် နတ်သခင်သည် သူ၏အဖွဲ့ကို ဦးဆောင်၍ နေဝင်တောင်တန်းအတွင်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်သွားသည်။
ကြယ်မြစ် နတ်သခင် ထွက်ခွာသွားပြီးနောက် နတ်သခင် ဝမ်ကျဲက သူ၏အဖွဲ့ရှိ နတ်သခင်များကို အမြန်ဆုံး စုရုံးရန် အသံလွှင့်ခြင်းဖြင့် ညွှန်ကြားလိုက်၏။
နတ်သခင်အားလုံး နတ်သခင် ဝမ်ကျဲ၏ ရှေ့မှောက်သို့ ရောက်ရှိလာချိန်၌ သူ၏ဘေးတွင် ရပ်နေသည့် လုချန်းကို မြင်တွေ့ရလျှင် အလွန် ဇဝေဇဝါ ဖြစ်သွားကြသည်။
နတ်သခင်တစ်ပါးက ဝေခွဲမရဟန်ဖြင့် နတ်သခင် ဝမ်ကျဲကို
“ကျောင်းအုပ်ကြီး ဝမ်ကျဲ... ဒီနေ့က ကြယ်မြစ် ခန်းမသခင်ရဲ့ အဖွဲ့ နေဝင်တောင်တန်းထဲကို ဝင်ပြီး အန္တရာယ် မြေနေရာတွေရဲ့ ချိပ်ပိတ်မှုကို အားဖြည့်ရမယ့် အလှည့် မဟုတ်ဘူးလား။ ဘာဖြစ်လို့ ကြယ်မြစ် ခန်းမသခင်နဲ့ သူ့အဖွဲ့ ထွက်ခွာသွားခဲ့တာတောင် လုချန်းက ဒီမှာ ရှိနေရသေးတာလဲ။”
နတ်သခင် ဝမ်ကျဲက ထိုနတ်သခင်ကို
“ကျုပ်ဘေးက လူက လုချန်းရဲ့ ကိုယ်ပွားပဲ ဖြစ်တယ်။ သူ့ရဲ့ ကိုယ်ပွားကလည်း ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို အပြည့်အစုံ ရေးဆွဲနိုင်စွမ်း ရှိတယ်။ အန္တရာယ် မြေနေရာအားလုံးရဲ့ ချိပ်ပိတ်မှုတွေကို အမြန်ဆုံး အားဖြည့်နိုင်ဖို့ ကျုပ်တို့ အတူတူ လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်ကြတာ။”
ဒါက...
အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော်လည်း စကားအများကြီး မဆိုကြပေ။ အဘယ်ကြောင့်ဆိုသော် ယခုတစ်ခေါက် သူတို့၏ ရည်ရွယ်ချက်မှာ သတ္တဝါဆန်းများ ထျန်းရန် နတ်ဘုရား နယ်မြေသို့ ကျူးကျော်ဝင်ရောက်လာခြင်းကို တားဆီးရန်အတွက် ချိပ်ပိတ်မှုများကို အားဖြည့်ပေးရန်သာ ဖြစ်သောကြောင့် ဖြစ်၏။ ချိပ်ပိတ်မှုအားလုံးကို စောစောစီးစီး အားဖြည့်နိုင်လေလေ ၎င်းတို့လည်း စောစောစီးစီး ပြန်လည်ထွက်ခွာနိုင်လေ ဖြစ်သည်။
နတ်သခင် ဝမ်ကျဲ အားလုံးကို
“အခုပဲ လှုပ်ရှားကြစို့”
ထိုစကားများနှင့်အတူ သူ၏အဖွဲ့ကို ဦးဆောင်၍ နေဝင်တောင်တန်းအတွင်းသို့ နတ်သခင် ဝမ်ကျဲ ဝင်ရောက်သွားသည်။
နတ်သခင် ဝမ်ကျဲ ထွက်ခွာသွားပြီးနောက် နတ်သခင် ရှီယွဲ့နှင့် နတ်သခင် ကန်းယာတို့ကလည်း သူတို့၏ သက်ဆိုင်ရာ အဖွဲ့များကို စုရုံးကာ နေဝင်တောင်တန်းအတွင်းသို့ ဝင်ရောက်သွားကြတော့သည်။
ခဏအတွင်း၌ပင် နတ်သခင် တစ်ရာကျော်သည် နေဝင်တောင်တန်းအတွင်းသို့ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ဝင်ရောက်သွားကြတော့သည်။
……
တစ်ချိန်တည်းမှာပင်။
ကြယ်မြစ် နတ်သခင်သည် အဖွဲ့ဝင်အားလုံးကို ပထမဆုံး အန္တရာယ် မြေနေရာရှိရာသို့ ဦးဆောင်၍ ခေါ်ဆောင်လာခဲ့ပြီ ဖြစ်၏။
မြင့်မားလှသော ကောင်းကင်ယံထက်မှနေ၍ လူအုပ်ကြီးသည် အန္တရာယ် မြေနေရာကို ကြည့်ရင်း ကြက်သီးမွေးညင်းထလျက် ကျောချမ်းဖွယ်ရာ ခံစားချက်များ ခံစားလိုက်ရ၏။ ၎င်းတို့၏ ဝိညာဉ်များပင် တုန်လှုပ်ခြောက်ခြားသွားရခြင်းမျိုးဖြစ်သည်။
ထိုအန္တရာယ် မြေနေရာသည် တောင်ကြားတစ်ခုအတွင်း တည်ရှိကာ ဗဟိုချက်၌ နက်မှောင်သော ဝဲကရက်ကြီးတစ်ခု ရှိနေသည်။ နက်မှောင်သော ဝဲကရက်ကြီးမှ ထူထပ်လှသည့် အမည်းရောင် ဓာတ်ငွေ့များ မှုတ်ထုတ်နေပြီး အဆက်မပြတ် ထွက်ပေါ်နေသော ထိုထူးဆန်းသည့် အမည်းရောင်ဓာတ်ငွေ့များကြောင့် ပတ်ဝန်းကျင် အာကာသအလွှာတစ်ခုလုံး တွန့်ရှုံ့နေကာ အချိန်မရွေး အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားနိုင်မည့်ပုံစံ ဖြစ်နေ၏။
ကြယ်မြစ် နတ်သခင်က လုချန်းဘက်သို့ လှည့်
“ခင်ဗျား စနိုင်ပြီ”
ကြယ်မြစ် နတ်သခင်၏ စကားကို ကြားလျှင် ဘေးနားရှိ နတ်သခင်များစိတ်ထဲ သံသယအချို့ ကိန်းအောင်းနေဆဲဖြစ်သဖြင့် လုချန်းကို စိုက်ကြည့်နေကြ၏။ နတ်သခင်များ ဖြစ်ကြသည့် ၎င်းတို့ကိုယ်တိုင်ပင် ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို အပြည့်အစုံ မရေးဆွဲနိုင်ကြရာ လုချန်းက တကယ် လုပ်ဆောင်နိုင်မှာလား။
ထိုအခိုက်အတန့်တွင် လုချန်း၏ လက်ချောင်းများသည် လေထုထဲ၌ အဆက်မပြတ် လှုပ်ရှားလျက် ရှိနေသည်။
ကြယ်မြစ် နတ်သခင်က ရောက်ရှိနေသည့် အခြားနတ်သခင်များကို ချက်ချင်း သတိပေးကာ
“လုချန်းဆီကို နတ်စွမ်းအားတွေ အမြန်ဆုံး ထည့်သွင်းပေးလိုက်ကြ။”
ထိုစကားများနှင့်အတူ နတ်သခင်များက လုချန်းထံသို့ နတ်စွမ်းအားများကို ထည့်သွင်းပေးလိုက်ကြတော့သည်။
လုံလောက်သော နတ်စွမ်းအား ထောက်ပံ့မှု ရရှိသွားသဖြင့် လုချန်း၏ နည်းဗျူဟာပုံစံ ရေးဆွဲသည့်နှုန်း သိသိသာသာ လျင်မြန်လာပြီး ခဏအတွင်း၌ပင် လုချန်း၏ ရှေ့မှောက်၌ ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံ အပြည့်အစုံ ပေါ်ထွက်လာသည်။
ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံမှ ထွက်ပေါ်လာသည့် ဖိအားလှိုင်းများကို ခံစားမိလျှင် ရောက်ရှိနေကြသော နတ်သခင်များမှာ မှင်တက်သွား၏။
သူက တကယ်ပဲ ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို ရေးဆွဲနိုင်ခဲ့ခြင်းလား။
ဤအရာက လုချန်း၏ ဝိညာဉ်စွမ်းအားသည် နတ်သခင်များ ဖြစ်ကြသည့် ၎င်းတို့ထက်ပင် ပိုမိုတောင့်တင်းခိုင်မာနေသည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။
လုချန်း၏ ပင်မကိုယ်ထည်က နတ်သခင်အဆင့်သို့ တက်ရောက်သွားခဲ့ပြီလား။
မည်သူမှ မတုံ့ပြန်နိုင်ခင်မှာပင် လုချန်း၏ ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ်ရာ စုပ်ယူမှုအားတစ်ခု ပေါ်ထွက်လာပြီး သူတို့၏ နတ်စွမ်းအားများ လုချန်း၏ ခန္ဓာကိုယ်အတွင်းသို့ အရူးအမူး စီးဝင်သွားသည်ကို အားလုံး ခံစားလိုက်ရတော့သည်။
လုချန်းက ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို ထိန်းချုပ်ကာ ထိုအန္တရာယ်မြေ၏ အထက်တည့်တည့်တွင် ဝဲပျံနေစေလိုက်သည်။
ချိပ်ပိတ်နည်းဗျူဟာပုံစံ၏ လွှမ်းမိုးမှုကို တုံ့ပြန်သည့်အနေနှင့် အောက်ခြေရှိ အန္တရာယ်မြေသည် ရုတ်တရက် အလွန် ကြမ်းတမ်းခက်ထန်လာပြီး အမည်းရောင် ဓာတ်ငွေ့များသည်လည်း လေဆင်နှာမောင်းများအသွင် ပြောင်းလဲကာ လုချန်းတို့လူစုရှိရာသို့ တဟုန်ထိုး ပြေးဝင်လာခဲ့သည်။
ဤအရာကို တွေ့မြင်လျှင် လုချန်းက နတ်စွမ်းအား ထုတ်လွှတ်မှုကို လျင်မြန်စွာ မြှင့်တင်လိုက်ပြီးနောက် ကျယ်လောင်စွာဖြင့်
“နှိမ်နင်းစမ်း”
ထိုစကားများနှင့်အတူ ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံသည် လျင်မြန်စွာ ကျယ်ပြန့်လာပြီး နည်းဗျူဟာပုံစံတစ်ခုလုံး ထိုအန္တရာယ်မြေ၏ ဧရိယာကို ဖုံးလွှမ်းသွားကာ ချက်ချင်းပင် အောက်သို့ ဖိနှိပ်ဆင်းသက်သွားတော့သည်။
နည်းဗျူဟာပုံစံ အောက်သို့ ဆင်းသက်လာသည်နှင့်အမျှ အန္တရာယ်မြေအတွင်းရှိ အမည်းရောင် မြူခိုးများသည် နှင်းခဲပေါ် နေရောင်ကျသကဲ့သို့ ချက်ချင်းပင် လွင့်စင်ပျောက်ကွယ်သွားတော့သည်။ နောက်တစ်ခဏ၌ ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံလည်း အန္တရာယ်မြေမြေအတွင်းသို့ အပြည့်အဝ တိုးဝင်သွားတော့သည်။
နည်းဗျူဟာပုံစံ အောင်မြင်စွာ တည်ဆောက်ပြီးစီးသွားလျှင် အန္တရာယ်မြေသည် မူလတောင်ကြား မြေမျက်နှာသွင်ပြင်အဖြစ် ပြန်လည်ပြောင်းလဲသွားပြီး နက်မှောင်သော ဝဲကရက်ကြီးလည်း ကွယ်ပျောက်သွားကာ ရိုးရိုးတောင်ကြားတစ်ခုအသွင် အဖြစ်ကျန်ရစ် နေခဲ့တော့သည်။ တောင်ကြားအတွင်း ကျန်ရစ်နေသည့် နည်းဗျူဟာပုံစံ၏ အရှိန်အဝါသာ မရှိပါက ဤနေရာသည် သေမင်းတမန်နယ်မြေတစ်ခု ဖြစ်ခဲ့ဖူးကြောင်း မည်သူမှ ရိပ်မိနိုင်မည် မဟုတ်ပေ။
အန္တရာယ်မြေကို ထိုကဲ့သို့ အလွယ်တကူ ချိပ်ပိတ်လိုက်နိုင်သည်ကို မြင်တွေ့ရလျှင် ရောက်ရှိနေသည့် နတ်သခင်များ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြ၏။
“ဒီအန္တရာယ်မြေက ကျုပ်တို့ စိတ်ကူးထားသလောက် ကြောက်စရာ မကောင်းပါလား။”
“ဒီလောက် လွယ်လွယ်ကူကူနဲ့ ချိပ်ပိတ်နိုင်လိမ့်မယ်လို့ မထင်ထားမိဘူး။”
“ရိုးရှင်းလွန်းတယ်... တစ်လမပြည့်ခင်မှာပဲ ချိပ်ပိတ်မှုအားလုံးကို အားဖြည့်ပေးနိုင်လိမ့်မယ် ထင်တယ်။”
နတ်သခင်များ၏ စကားသံများကို ကြားရလျှင် ကြယ်မြစ် နတ်သခင် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။ ဤလူများသည် အန္တရာယ်မြေများကို အထင်သေးလွန်းနေကြပြီ ဖြစ်သည်။
နေဝင်တောင်တန်းအတွင်းရှိ အန္တရာယ်မြေများအားလုံးသာ ဤမျှ ငြိမ်သက်အေးချမ်းနေပါက အရိုင်းနယ်မြေနှင့် တောင်ပိုင်းနယ်တို့အကြား ကူးလူးဆက်ဆံမှုများသည် နှစ်ပေါင်း သန်းတစ်ထောင်ကျော်တိုင်အောင် ပြတ်တောက်သွားစရာ အကြောင်းမရှိပေ။
ထို့နောက် ကြယ်မြစ် နတ်သခင်က အားလုံးကို
“ကောင်းပြီ။ ဒီအန္တရာယ်မြေကိုတော့ ချိပ်ပိတ်ပြီးသွားပြီ။ နောက်ထပ်နေရာတစ်ခုကို ဆက်ရှာကြစို့။”
စကားဆုံးသည်နှင့်တစ်ပြိုင်နက် ကြယ်မြစ် နတ်သခင်သည် နတ်လှေကို ကိုယ်တိုင်မောင်းနှင်၍ နေဝင်တောင်တန်း၏ ပိုမိုနက်ရှိုင်းသော နယ်မြေဆီသို့ ဦးတည်လိုက် တော့သည်။
ထိုအခိုက်အတန့်၌ အခြားအဖွဲ့သုံးဖွဲ့ကလည်း အန္တရာယ်မြေ တစ်ခုစီကို အသီးသီး ချိပ်ပိတ်ပြီးစီးသွားခဲ့ကြပြီ ဖြစ်၏။ ကြယ်မြစ် နတ်သခင်၏ အဖွဲ့နည်းတူ ထိုနတ်သခင်များလည်း အန္တရာယ်မြေအား ဤမျှ လွယ်ကူစွာ ချိပ်ပိတ်နိုင်သည်ကို မြင်တွေ့ပြီးနောက် သတိလျော့သွားကြကာ နေဝင်တောင်တန်းရှိ အန္တရာယ်မြေများက ဘာမှမဟုတ်ဟု မှတ်ထင်သွားကြတော့သည်။
--
……….