အခန်း ၁၉၂၇
Vol. 129 Ch. 1927
အခန်း (၁၉၂၇ )
အန္တရာယ်မြေအတွင်းမှ ကြောက်မက်ဖွယ် အခြေအနေများ
လျှို့ဝှက်လဝန်း ကျောင်းတော်။
ရေခဲနန်းဆောင်အတွင်းဝယ်။
လုချန်းတစ်ယောက် အခုတလော စိတ်အာရုံ လွင့်မျောကာ အာရုံမစိုက်သကဲ့သို့ ဖြစ်နေသည်ကို ယွမ်ယုတိ ရိပ်စားမိထားပြီး ဖြစ်သည်။ ယနေ့တွင်တော့ သူသည် ကျောက်ရုပ်ပမာ ပို၍ပင် လှုပ်ရှားမှုမရှိပေ။ ကျင့်ကြံခြင်းကိုပင် စိုးစဉ်းမှ မပြုလုပ်တော့ချေ။
ထို့ကြောင့် အခြေအနေကို ကြည့်ကာ သူမကိုယ်တိုင်သာ ဦးဆောင်လိုက်ရတော့သည်။
“ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကျင့်စဉ်ကို ဆိုင်းငံ့ရပ်တန့်လိုက်ပြီးနောက် ယွမ်ယုတိ လုချန်းကို ငုံ့ကြည့်လိုက်၏။
ထိုခဏ၌ လုချန်း၏ မျက်ဝန်းအစုံသည် တစ်ခုခုကို အလေးအနက် စဉ်းစားနေသကဲ့သို့ အလွန်လှုပ်ရှားမှု ကင်းမဲ့နေသည်။
ယွမ်ယုတိ၏ စူးစမ်းလိုသော စိတ်ဆန္ဒများပြင်းပြလာပြီး
“ရှင် ဘာတွေအကြံထုတ်နေတာလဲ”
ဟု ညင်သာစွာ မေးမြန်းလိုက်၏။
ယွမ်ယုတိ၏ ချိုသာသော အသံကို ကြားမှ လုချန်း၏ မျက်ဝန်းများထဲ အလင်းရောင် အနည်းငယ် ပြန်လည် ထွက်ပေါ်လာတော့သည်။ သူ၏ မျက်စိသူငယ်အိမ်များ အနည်းငယ် လှုပ်ရှားသွားပြီး ယွမ်ယုတိကို စိုက်ကြည့်လိုက်၏။
“ချိပ်ပိတ်မှုတွေကို အားဖြည့်ပေးမယ့် လှုပ်ရှားမှု စတင်နေပြီ။ ကျုပ်က သူတို့ကို နည်းဗျူဟာပုံစံတွေ ရေးဆွဲဖို့ ကူညီပေးနေတာ။”
ယွမ်ယုတိက မျက်မှောင်ကြုတ်ကာ
“နတ်သခင် ဘယ်နှစ်ယောက်လောက်အထိ ပါဝင်လှုပ်ရှားနေတာလဲ”
ဟု မေးမြန်း၏။
လုချန်းက
“တစ်ရာ့နှစ်ဆယ်တိတိ”
ဟု တုံ့ပြန်သည်။
မျှော်လင့်မထားသော ပမာဏကြောင့် ယွမ်ယုတိ အနည်းငယ် အံ့အားသင့် မှင်တက်သွားရသည်။ အကြောင်းမှာ ထျန်းရန် နတ်ဘုရား နယ်မြေတွင် ခန့်မှန်းခြေ နတ်သခင် အရေအတွက် တစ်ထောင်အောက်သာရှိနိုင်၏။ ယခု ဤအရေးတွင် နတ်သခင် တစ်ရာ့နှစ်ဆယ်အထိပင် ပါဝင်နေသောကြောင့် ဖြစ်သည်။
လျှို့ဝှက်လဝန်း ကျောင်းတော်၊ နဂါးပြာ ခန်းမနှင့် ၎င်းတို့၏ လက်အောက်ခံ မဟာမိတ်တပ်ဖွဲ့များ ပါဝင်ခြင်းမရှိပဲ ဤမျှ များပြားသော နတ်သခင်များကို စုစည်း အင်အားပြနိုင်ခြင်းမှာ အလွန် အထင်ကြီး လေးစားစရာ ကောင်းလှပေသည်။
အကယ်၍ လျှို့ဝှက်လဝန်း ကျောင်းတော်နှင့် နဂါးပြာခန်းမတို့ပါ ပူးပေါင်းလိုက်ပါက နတ်သခင်အရေအတွက် သုံးရာကျော်အထိ ပါဝင်လာနိုင်သည်။
ထိုအခိုက်အတန့်တွင် ယွမ်ယုတိ ကုတင်ပေါ်မှ ညင်သာစွာ ဆင်းလိုက်၏။ လုချန်း၏ စိတ်အာရုံ အားလုံးက နည်းဗျူဟာပုံစံများ ရေးဆွဲခြင်း အပေါ်တွင်သာ မြဲမြံစွာ ရှိနေသဖြင့် သူမအနေနှင့် ဆက်လက်၍ ဆွဲဆောင်လှုံ့ဆော်ရန် အကြောင်းပြချက် မရှိတော့ပေ။
ထလိုက်ပြီးနောက် ယွမ်ယုတိ သူမ၏ နူးညံ့လှပသော လက်ကို ဝှေ့ယမ်းလိုက်ရာ အပြာနုရောင် ဝတ်စုံရှည်ကြီးတစ်ခုက သူမ၏ ကျော့ရှင်းလှပသော ကိုယ်လုံးအလှကို ကန့်လန့်ကာပမာ ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။
ယွမ်ယုတိက ကုတင်ထက်၌ ရှိနေသော လုချန်းကို လှည့်ကြည့်ကာ
“အခု ရှင် သူတို့ကို ချိပ်ပိတ်မှုတွေ အားဖြည့်ကူညီဖို့ စိတ်ရောကိုယ်ပါ အာရုံစိုက်ရတော့မှာပေါ့။”
ထိုစကားကို ကြားလျှင် လုချန်း၏ နှုတ်ခမ်းထောင့်များ ကော့တက်သွားပြီး ခပ်ပြုံးပြုံးဖြင့်
“တကယ်တော့ ခင်ဗျား ထစရာမလိုပါဘူး။ ကျုပ် သူတို့ကို ချိပ်ပိတ်မှုတွေ အားကောင်းအောင် ကူညီနေပေးရင်တောင် ကျုပ်ရဲ့ ခန္ဓာကိုယ်က ဒီမှာ လှဲလျောင်းနေတာပဲလေ။ ခင်ဗျားအနေနှင့် ပိုပြီးတော့ တက်တက်ကြွကြွ ရှိပေးလို့ရပါတယ်။”
လုချန်း၏ လျှာအရိုးမရှိ စကားကို ကြားလျှင် ယွမ်ယုတိက သူ့ကို အေးစက်စက် တစ်ချက် စူးစိုက်ကြည့်လိုက်သည်။ သူမအနေနှင့် တက်တက်ကြွကြွ ရှိပေး၍ ရသည်မှာ မှန်သော်လည်း လုချန်းက ကျင့်ကြံခြင်းကို ထိရောက်စွာ မပြုလုပ်ပါက သူမအနေနှင့် သာယာမှုကို ပြည့်ဝစွာ ခံစားရမည် မဟုတ်ပေ။
သူမတစ်ဦးတည်းသာ ဆက်လက်၍ ကပြဖျော်ဖြေ လှုပ်ရှားနေပါက သစ်တုံးပမာ ဖြစ်နေသော လုချန်းကို သူမကသာ တစ်ဖက်သတ် ပြုစုနေရသလိုမျိုး ဖြစ်သွားပေလိမ့်မည်။
ယွမ်ယုတိက နဂို စကားစကိုဆက်လိုက်၏။
“နေဝင်တောင်တန်းရဲ့ ဘယ်အရပ်မှာ သတ္တဝါဆန်းတွေကို ဖိနှိပ်ထားတဲ့ ချိပ်ပိတ်ရှိနေတာလဲ။”
လုချန်းက
“နေဝင်တောင်တန်းရဲ့ အတွင်းပိုင်းက အန္တရာယ်မြေတွေပေါ့”
ဟု တုံ့ပြန်၏။
ယွမ်ယုတိက စကားကို လိုရင်းထက် ပို၍ ထပ်မမေးတော့ပဲ ထိုနေရာမှာတင် ချက်ချင်း ပျောက်ကွယ်သွားခဲ့တော့သည်။ မကြာမီ အချိန်တိုအတွင်း၌ နေဝင်တောင်တန်းဆီသို့ သူမ ရောက်ရှိသွားတော့သည်။
နဂါးနယ်မြေ၏ အနီးအနား၌ အန္တရာယ်မြေများ ရှိ၊ မရှိကို သူမ သေချာ ကြည့်ရှုလိုခြင်း ဖြစ်သည်။ အဆုံးစွန်၌ ထိုနေရာသည် သတ္တဝါဆန်းများကို အကျဉ်းချ ချိပ်ပိတ်ထားသည့် နေရာဖြစ်သောကြောင့် နောင်တစ်ချိန်တွင် သူမအနေနှင့် ပို၍ ဂရုစိုက်စောင့်ကြည့်ရန် မဖြစ်မနေ လိုအပ်ပေသည်။
…….
နေဝင်တောင်တန်းကြီးသည် ကြောက်မက်ဖွယ် ကောင်းလှသော အန္တရာယ်မြေများဖြင့် ပြည့်နှက်နေ၏။ ထို့ကြောင့် လုချန်းတို့အဖွဲ့သည် ချိပ်ပိတ်မှုများကို အားဖြည့် တင်းကျပ်ရန်အတွက် နေ့ရက်အတော်ကြာအောင် လုံ့လစိုက်ထုတ် ခဲ့ကြရသည်။
အစပိုင်းတွင်တော့ ချိပ်ပိတ်မှုများကို အားဖြည့်ပေးခြင်းအမှုသည် အတော်အတန် လွယ်ကူချောမွေ့ခဲ့သည်ဟု ဆိုရပေမည်။ အကြောင်းမှာ နတ်သခင် သုံးဆယ် ပါဝင်သော အဖွဲ့တစ်ဖွဲ့တွင် လုံလောက်သော နတ်စွမ်းအားများ ပိုင်ဆိုင်ထားနေပြီး လုချန်းကလည်း နည်းဗျူဟာပုံစံများကို အမှားအယွင်းမရှိ ရေးဆွဲပေးသဖြင့် အန္တရာယ် မြေတစ်ခုစီကို ခဏချင်းအတွင်း၌ပင် အောင်မြင်စွာ ချိပ်ပိတ်နိုင်ခဲ့ကြ၏။
သို့သော်လည်း နေဝင်တောင်တန်း၏ အတွင်းပိုင်းသို့ တဖြည်းဖြည်း နက်ရှိုင်းစွာ ခြေလှမ်းတိုး ဝင်ရောက်သွားသည့်အခါတွင်တော့ အန္တရာယ်မြေတစ်ခုကို ချိပ်ပိတ်ရန်အတွက် အဖိုးတန်လှသော နတ်စွမ်းအားများ ပို၍ ကုန်ဆုံးခန်းခြောက်လာသည်ကို တွေ့ရှိခဲ့ရသည်။
ထို့ပြင် တောင်တန်း၏ နက်ရှိုင်းလှသော နေရာရှိ အန္တရာယ်မြေများသည် အစွန်အဖျားပိုင်းရှိ မြေများကဲ့သို့ ငြိမ်သက်ခြင်း မရှိကြချေ။ စိတ်မခိုင်သော အချို့သော နတ်သခင်များသည် ထိုအန္တရာယ်မြေများသို့ ချဉ်းကပ်ရုံမှဖြင့် သူတို့၏ စိတ်အာရုံများ ထိခိုက်ပျက်ပြားလာပြီး သူတို့ကိုယ်သူတို့ပင် မသိလိုက်ပဲ အန္တရာယ်မြေများဆီသို့ တရွေ့ရွေ့ ဦးတည်ရွေ့လျားသွားကြကုန်၏။
……
ထိုအခိုက်အတန့်တွင်။
အန္တရာယ်မြေတစ်ခု၏ အပြင်ဘက်။
နတ်သခင်အုပ်စုတစ်စုသည် အဝေးရှိ တောင်ကြီးတစ်လုံးပမာ ကြီးမားလှသော အမည်းရောင် ဝဲဂယက်ကြီးကို လေးနက်သော မျက်နှာအမူအရာများဖြင့် စိုးရိမ်တကြီး စိုက်ကြည့်နေကြ၏။ ဝဲဂယက်၏ အပြင်ဘက်ရှိ ကျောက်တောင်တန်းများသည် အမည်းရောင်မြူခိုးဆိုးများ၏ ဝါးမြိုတိုက်စားမှုကို ခံရသဖြင့် အသက်ဝိဉာဉ်မဲ့သလို ဖြစ်နေသည်။
ဤကျယ်ပြောလှသော အန္တရာယ်မြေတစ်ခုလုံး၏ ဧရိယာမှာ လူဦးရေ သန်းတစ်ရာကျော် ကိန်းအောင်းရာ နတ်မြို့တစ်မြို့၏ အကျယ်အဝန်းခန့်ရှိသည်။ ထို့ကြောင့် ဤမြေကို တင်းကျပ်စွာ ချိပ်ပိတ်ရန် လိုအပ်မည့် နတ်စွမ်းအား ပမာဏကို စိတ်ကူးပုံဖော် ကြည့်နိုင်ပေသည်။
နတ်သခင်တစ်ဦးက သက်ပြင်းချကာ
“နေဝင်တောင်တန်းထဲမှာ ဒီလောက်အထိ ကြီးမားတဲ့ အန္တရာယ်မြေမျိုး ပုန်းကွယ်နေလိမ့်မယ်လို့ ကျုပ် တစ်ခါမှ မထင်ထားမိဘူး။ အခု ကျုပ်တို့ ဘာ ဆက်လက်လုပ်သင့်လဲ။”
နတ်သခင် သုံးဆယ် စုစည်းထားသော ပူးပေါင်းစွမ်းအားဖြင့် ဤအန္တရာယ်မြေကို ချိပ်ပိတ်ရန် တတ်နိုင်ကောင်း တတ်နိုင်လိမ့်မည် ဖြစ်သော်လည်း ဤမြေသည် အလွန် ထူးဆန်းနေ၏။ အမှားအယွင်း အနည်းငယ် ရှိရုံမျှဖြင့် သူတို့၏ အသိစိတ်အာရုံများကို ဆုံးရှုံးသွားစေနိုင်သည်။
အကယ်၍ သူတို့ နည်းဗျူဟာ ပုံစံကို တည်ဆောက်နေစဉ်အတွင်း နတ်စွမ်းအားများ အလွန်အကျွံ ကုန်ဆုံးသွားပါက နည်းဗျူဟာပုံစံ မပေါ်ပေါက်လာမီမှာပင် အချို့သော နတ်သခင်များသည် ထိုဆန်းကြယ်သော စွမ်းအားကြောင့် စိတ်အာရုံများ လွင့်ပါးသွားနိုင်သည်။
ယခင်က အန္တာရာယ်မြေတစ်ခုကို ခဲယဉ်းစွာ ချိပ်ပိတ်နေစဉ် ထိုကဲ့သို့သော ဘေးကျပ်နံကျပ် အခြေအနေဆိုးမျိုး လက်တွေ့ ကြုံတွေ့ခဲ့ရဖူးသည်။ အကယ်၍ လုချန်းက ကယ်တင်ရှင်အလား နည်းဗျူဟာ ပုံစံကို လျင်မြန်စွာ အဆုံးသတ် မပေးနိုင်ခဲ့ပါက နတ်သခင်တစ်ဦးလောက်တော့ အန္တရာယ်မြေ အတွင်းသို့ စိတ်လွတ်၍ ပြေးဝင်သွားခဲ့ပြီးလောက်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်သည်။
ကြယ်မြစ် နတ်သခင်သည် အဝေးရှိအန္တရာယ်မြေဆိုးကို စိုးရိမ်တကြီး ကြည့်ရှုရင်း ၎င်းထံမှ ထွက်ပေါ်လာသော သေခြင်းတရား၏ ခြိမ်းခြောက်မှုကို ကိုယ်တိုင် ခံစားမိသဖြင့် မျက်မှောင်ကြုတ် လိုက်မိသည်။
အချိန်အတန်ကြာ စဉ်းစားပြီးနောက် ကြယ်မြစ် နတ်သခင်က
“လောလောဆယ်တော့ ဒီအန္တရာယ်မြေကို အတင်းအကျပ် ချိပ်ပိတ်ဖို့ မလိုအပ်သေးဘူး။ ကျုပ်တို့ သက်တံဖြူနတ်မြို့ဆီသို့ အရင်ပြန်ပြီး ကျန်ရှိနေတဲ့ အရန်အဖွဲ့တွေ ပြန်လာတာကို စောင့်ဆိုင်းကြရအောင်။”
ကြယ်မြစ် နတ်သခင် ပြန်တွေးကြည့်လိုက်၏။ သူတို့ ပြီးခဲ့သည့်အကြိမ် အရိုင်းနယ်မြေသို့ သွားရန် နေဝင်တောင်တန်းကို ဖြတ်ကျော်ခဲ့စဉ်က ဤမျှ ကြီးမားကျယ်ပြန့်သော အန္တရာယ်မြေကို မမြင်တွေ့ခဲ့ရပေ။ နေဝင်တောင်တန်းအတွင်းရှိ အန္တရာယ်မြေများသည် စဉ်ဆက်မပြတ် ကျယ်ပြန့်လာနေပြီး ၎င်း၏ တိုးချဲ့မှုနှုန်းမှာလည်း အလွန် လျင်မြန်လှပုံရကြောင်း ထင်ရှား၏။
ဤအရာသည် ကောင်းသော ရှေးပြေးနိမိတ် မဟုတ်ပေ။
ကြယ်မြစ် နတ်သခင် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အန္တရာယ်မြေတစ်ခုလုံးသည် ရန်သူတော် နတ်သခင်များ ရောက်ရှိ ကျူးကျော်နေခြင်းကို ရိပ်စား သတိပြုမိသွားသည့်အလား ဆိုးဝါးလှသော အမည်းရောင်မြူခိုးများသည် ပင်လယ်လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ကြယ်မြစ် နတ်သခင်နှင့် သူ၏ နောက်လိုက်အဖွဲ့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့တော့သည်။
ထိုမရဏဆန်သော အမည်းရောင်မြူခိုးများထံမှ ပြင်းထန်လှသော ဖိနှိပ်ချုပ်ချယ်မှု အရှိန်အဝါကို ကိုယ်တိုင် ခံစားလိုက်ရသဖြင့် နတ်သခင်များ၏ မျက်နှာများ သိသိသာသာ ပျက်ယွင်းသွားကြသလို ခေါင်းဆောင် ကြယ်မြစ် နတ်သခင်ကလည်း
“ဘေးလွတ်ရာသို့ ချက်ချင်း ဆုတ်ခွာကြ”
ဟု အလျင်အမြန် အော်ဟစ်လိုက်သည်။
သူ၏ အမိန့်သံ ဆုံးသည်နှင့် ကြယ်မြစ် နတ်သခင်နှင့် နတ်သခင်အဖွဲ့ဝင်များသည် နေဝင်တောင်တန်း၏ ဘေးကင်းရာ အပြင်ဘက်သို့ လျှပ်စီးပမာ လျင်မြန်စွာ ပျံသန်းထွက်ခွာခဲ့ကြသော်လည်း အမည်းရောင်မြူခိုးဆိုးများ၏ လိုက်ပါမှုအရှိန်မှာ ၎င်းတို့ထက် ပို၍ မြန်ဆန်နေသည်။
လုချန်း၏ ကျင့်စဉ်အဆင့် ကတော့ ထိုအထဲတွင် နိမ့်ပါးလွန်း နေသဖြင့် သူ၏ ထွက်ပြေးနှုန်းမှာ အခြားသော ဝါရင့်နတ်သခင်များနှင့် ယှဉ်လျှင် သိသိသာသာ နှေးကွေးဆိုနေခဲ့သည်။
ထိုအခိုက်အတန့်တွင် ထွက်ပြေးပုန်းရှောင်နေစဉ်အတွင်း ကြယ်မြစ် နတ်သခင်သည် အဖိုးတန် လုချန်းကို ရုတ်တရက် သတိရသွားကာ အလျင်အမြန် လှည့်ကြည့်လိုက်မိသည်။
ထိုစဉ် ကောင်းကင်တစ်ခုလုံးကို ကန့်လန့်ကာပမာ လွှမ်းခြုံထားသော အမည်းရောင်မြူခိုးထုသည် လုချန်းကို သားကောင်အလား ဝါးမြိုပစ်ရန် လက်တစ်ကမ်း အကွာသို့ ရောက်ရှိနေပြီ ဖြစ်၏။
နည်းနည်းမှ တုံးဆိုင်းမှု မရှိပဲ ကြယ်မြစ် နတ်သခင်သည် သူ၏ တန်ဖိုးဖြတ်မရသော ကောင်းကင်အဆင့် နတ်ရတနာဖြစ်သော ယွီချင်းပုလင်းကို လျှပ်တပြက် ထုတ်ယူလိုက်ပြီး ၎င်းအတွင်းသို့ နတ်စွမ်းအားများကို အားသွန်ခွန်စိုက် ထည့်သွင်းလိုက်သည်။ နောက်တစ်ကိုယ်၌ လုချန်းသည် ပြင်းထန်လှသော ဆွဲအားတစ်ခုကို ခံစားလိုက်ရပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်သည် ထိုနေရာမှာ ပျောက်ကွယ်သွားကာ ပြန်လည်ပေါ်ပေါက်လာချိန်တွင် ယွီချင်းပုလင်းအတွင်းရှိ ဆန်းကြယ်လှသော ကမ္ဘာငယ်လေးထဲသို့ ဘေးကင်းစွာ ရောက်ရှိနေပြီ ဖြစ်သည်။
လုချန်းကို ယွီချင်းပုလင်း အတွင်းသို့ စုပ်ယူပြီးနောက် ကြယ်မြစ် နတ်သခင်သည် ကျန်ရစ်နေသော သနားစဖွယ် နတ်သခင်တစ်ပါးကိုပါ ဆက်လက်ကယ်တင်ရန် ရည်ရွယ်ခဲ့သော်လည်း ယွီချင်းပုလင်းကို အသက်သွင်းလှုပ်ရှားလိုက်စဉ်မှာပင် သူ၏ မျှော်လင့်ချက်ကို ဆန့်ကျင်၍ မရဏမြူခိုးများထဲမှ အမည်းရောင် အာရုံခံမျှင်တန်း အမြောက်အမြား ထွက်ပေါ်လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုသနားစဖွယ် နောက်ဆုံးနတ်သခင်ကို ရစ်ပတ်သွားခဲ့တော့သည်။
၎င်းကို မျက်ဝါးထင်ထင် မြင်တွေ့ရလျှင် ကြယ်မြစ် နတ်သခင်လည်း ကျောက်ရုပ်ပမာ ဆွံ့အမှင်တက် သွားခဲ့တော့သည်။ ထိုအမည်းရောင် အာရုံခံ အမျှင်တန်းများ မည်မျှ အန္တရာယ် များလှကြောင်းကိုလည်း သူ အလိုလို ခံစားမိသဖြင့် အခြားသူများ၏ အသက်အတွက် စိုးရိမ်ပူပန်နေရန် အချိန်မရှိတော့ပဲ ယွီချင်းပုလင်းကို အလျင်အမြန် သိမ်းဆည်းကာ နေဝင်တောင်တန်း အတွင်းမှ လွတ်မြောက်ရန် အရှိန်မြှင့်တင် ပျံသန်း ထွက်ပြေးခဲ့တော့သည်။
ကီလိုမီတာ တစ်သောင်းကျော်ခန့် ဝေးကွာအောင် ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ထိုအန္တရာယ်မြေရှိရာ အရပ်မျက်နှာသို့ ကြယ်မြစ် နတ်သခင် ပြန်လှည့်ကြည့်လိုက်ရာ အမည်းရောင်မြူခိုးများ လိုက်လာသည်ကို မမြင်ရတော့ပေ။ ထိုအခါမှ သူ၏ စိတ်နှလုံး အတွင်းရှိ အသက်အန္တရာယ် ခြိမ်းခြောက်ခံရသည့် ခံစားချက်လည်း တဖြည်းဖြည်း လျော့ပါးသက်သာ သွားခဲ့ တော့သည်။
ထိုအခြေအနေကျမှသာ ကြယ်မြစ် နတ်သခင် စိတ်ထဲ သက်ပြင်းအေးတစ်ချက်ကို ချနိုင်တော့ပြီး လုချန်းကို ယွီချင်းပုလင်း ကမ္ဘာငယ်လေးအတွင်းမှ ပြန်လည် ဆွဲထုတ်ပေးကာ ဘေးကင်းလွတ်မြောက်လာသည့် နတ်သခင်များကို ဝေ့ကြည့်လိုက်၏။
ကံကောင်းစွာ လွတ်မြောက်လာနိုင်ခဲ့ကြသူများ၏ မျက်နှာများသည်လည်း စက္ကူဖြူများပမာ ဖြူလျော်နေပြီး သွေးရောင်တစ်စက်ပင် မရှိကြတော့ပေ။ ထိုနတ်သခင်များရင်ထဲ ထိတ်လန့်တုန်လှုပ်ခြင်းများဖြင့် ပြည့်နှက်နေပြီး နဖူးမှ ချွေးစေးများ စီးကျလျက် အန္တရာယ် မြေဆိုးကြီး ရှိခဲ့ရာ အရပ်မျက်နှာဆီသို့ စိတ်လွင့်စွာ ငေးကြည့်နေကြမိကြ တော့၏။
စုစည်းရောက်ရှိနေသော နတ်သခင်များကို အသေအချာ လုချန်း ရေတွက်ကြည့်ရာ အယောက်နှစ်ဆယ် တိတိသာ ကျန်ရှိတော့ကြောင်း တွေ့ရသည်။ ခုနက အမည်းရောင် မြူခိုးလှိုင်းကြီးက အဖိုးတန် နတ်သခင် ဆယ်ဦးကို ဝါးမြိုဖျက်ဆီး သွားခဲ့ပြီ ဖြစ်သည်။
လုချန်း၏ မျက်နှာအမူအရာ ချက်ချင်းပင် လွန်စွာ လေးနက်သွား၏။ ထိုမြူခိုးများ ဝါးမြိုခြင်းကို ခံလိုက်ရသော နတ်သခင်များကို ကယ်တင်ရန် လမ်းစမရှိတော့ကြောင်းကိုလည်း သူ ကောင်းစွာ သိလိုက်သည်။
အကြောင်းမှာ ထိုမြူခိုးဆိုးများသည် အလွန် အန္တရာယ်ကြီးမားလှပြီး ၎င်း၏ အတွင်း၌ ထူထပ်လှသော လျှို့ဝှက်ဆန်းကြယ် မရဏစွမ်းအားများ ကိန်းအောင်း ပုန်းကွယ်နေသောကြောင့် ဖြစ်၏။
ထိုသနားစရာ ကောင်းသော နတ်သခင် ဆယ်ဦးသည် ထိုဆန်းကြယ်သော စွမ်းအားနှင့် ထိတွေ့မိသွားကြပြီ ဖြစ်သဖြင့် အကယ်၍ ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်ခဲ့လျှင်ပင် သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သတ္တဝါဆန်းတို့၏ စွမ်းအားဆိုးများ ကူးစက်ပြည့်နှက်သွားကာ အဆုံးတွင် စိတ်ဝိဉာဉ်များ ပျောက်ဆုံးပြီး ဝူယာနတ်သခင်ကဲ့သို့ သတ္တဝါဆန်းများအဖြစ်သို့ မလွဲမသွေ ပြောင်းလဲသွားကြပေလိမ့်မည်။
--