← Chapters

အခန်း ၁၉၂၈

Vol. 129 Ch. 1928

အခန်း ၁၉၂၈

Vol. 129 Ch. 1928

အခန်း (၁၉၂၈ )

နတ်သခင်ဝမ်ကျဲပေးသော မျှော်လင့်ချက်

နတ်သခင်များ သတိပြန်ဝင်လာပြီးနောက် ရင်တမမဖြင့် လက်ရှိရှိနေသည့် ကျန်ရှိသော နတ်သခင်များကို လှမ်းကြည့်လိုက်ကြသည်။ အယောက်နှစ်ဆယ်မျှသာ ကျန်ရစ်တော့သည်ကို သိမြင်ရလျှင် သူတို့၏ ရင်ထဲတွင် မျှော်လင့်ချက်များ ကွယ်ပျောက်ကာ အားကိုးရာမဲ့သွားသလို ခံစားချက်လှိုင်းလုံးကြီးများ တိုးဝှေ့တက်လာခဲ့၏။

ထိုအခိုက်အတန့်တွင် နတ်သခင်တစ်ပါးက တုန်တုန်ရင်ရင်ဖြင့် ညည်းတွားပြောဆိုလိုက်၏။

“သူတို့ အဲဒီမြူမည်းနဲ့ ထိတွေ့မိသွားရင်တောင် ကံကောင်းထောက်မစွာနဲ့ အဆင်ပြေလောက်မှာ မဟုတ်လား။”

လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ စိမ့်ဝင်နေသည့် မြူမည်းများနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ဖူးခြင်း ဖြစ်သောကြောင့် မည်သူမှ ဤမေးခွန်းကို ရေရေရာရာ မဖြေနိုင်ကြပေ။ လူတိုင်း၏ အကြည့်များသည် ကောက်ရိုးတစ်မျှင်ကို ဆွဲကိုင်သကဲ့သို့ ကြယ်မြစ် နတ်သခင်ထံသို့ ပြိုင်တူကျရောက်သွားပြီး သူ့ထံမှ အဖြေတစ်ခု ရရှိရန် မျှော်လင့်နေကြသည်။

လူတိုင်း သူအား ကြည့်နေသည်ကို တွေ့မြင်လျှင် ကြယ်မြစ် နတ်သခင်က လေသံအေးအေးဖြင့်

“သူတို့ ထွက်ပြေးနိုင်ခဲ့ရင်တောင် သူတို့ရဲ့ ခန္ဓာကိုယ်တွေဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားရဲ့ တိုက်စားမှုကို ခံရပြီးသား ဖြစ်နိုင်တယ်။ နောက်ကျရင် သူတို့ဟာ သတ္တဝါဆန်းတွေအဖြစ် အသွင်ပြောင်းလဲသွားတာမျိုးလည်း ဖြစ်နိုင်တယ်။”

ကြယ်မြစ် နတ်သခင်၏ စကားကို ကြားလျှင် လူတိုင်း တိတ်ဆိတ်သွားကြသည်။

ချိပ်ပိတ်မှုကို အားဖြည့်ပေးရမည့် တာဝန် အန္တရာယ်မရှိဟု အစပိုင်းတွင် သူတို့ ပေါ့ပေါ့တန်တန် ထင်မှတ်ထားခဲ့သော်လည်း ယခုအကြိမ်တွင် နတ်သခင် ဆယ်ပါးတောင် ပြန်မလာနိုင်တော့ပေ။

သူတို့သည် မိုးနှင့်မြေကို တုန်လှုပ်စေနိုင်သည့် နတ်သခင် အဆင့်များဖြစ်ကြသည်။

နတ်သခင်များသည် ထျန်းရန် နတ်ဘုရား နယ်မြေ၏ အထွတ်အထိပ်တွင် ရှိနေသည့် အဆင့်အတန်းဖြစ်သည်။

ယခု သတ္တဝါဆန်းများအတွက် ချိပ်ပိတ်မှုကို အားဖြည့်ပေးရုံမျှဖြင့် သူတို့ထံမှ အဖိုးတန် နတ်သခင် ဆယ်ပါး ကြွေလွင့်ဆုံးရှုံးသွားခဲ့ရသည်။ မဟာနတ်ဂိုဏ်းကြီးများအကြား ဖြစ်ပွားခဲ့သော စစ်ပွဲကြီးများတွင်ပင် ဤမျှ တိုတောင်းသော အချိန်ကာလအတွင်း နတ်သခင် ဆယ်ပါး ရုတ်ချည်း ကျဆုံးခဲ့ရသည့် သမိုင်း ရှိလိမ့်မည် မဟုတ်ပေ။

အတိတ်ကာလတုန်းက မြောက်ပိုင်းနယ်မှ နတ်ဆိုးဧကရာဇ်ကို အစွမ်းကုန် ဝိုင်းဝန်းတိုက်ခိုက်စဉ်ကပင် နတ်သခင် အနည်းငယ်သာ ဆုံးရှုံးခဲ့သည်။

ရောက်ရှိနေသည့် နတ်သခင်များ ခဏခန့် ဆွံ့အလျက် တိတ်ဆိတ်သွားကြပြီး ပတ်ဝန်းကျင် လေထုမှာလည်း တစ်စထက်တစ်စ ပိုမို လေးလံမွန်းကျပ်လာခဲ့သည်။

ထိုအချိန်တွင် ကြယ်မြစ် နတ်သခင်က လေးနက်စွာ ပြောလိုက်၏။

“အခုဆိုရင် ခင်ဗျားတို့အားလုံး သတ္တဝါဆန်းတွေရဲ့ ကြီးမားတဲ့ ခြိမ်းခြောက်မှုကို ကောင်းကောင်း နားလည်သွားကြပြီလို့ ထင်တယ်။ ကျုပ်တို့သာ ချိပ်ပိတ်မှုအားလုံးကို မအားဖြည့်နိုင်လို့ အဲဒီသတ္တဝါဆန်းတွေ လုံးဝ လွတ်မြောက်လာမယ်ဆိုရင် ထျန်းရန် နတ်ဘုရား နယ်မြေအတွက် ပျက်စီးခြင်းတရားပဲ စောင့်ကြိုနေမှာပါ။”

“နောက်ဆုံးမှာ နတ်ဆိုးဧကရာဇ်က ထူးဆန်းတဲ့ စစ်တပ်ကို အနိုင်ရရှိသွားခဲ့ရင်တောင် ထျန်းရန် နတ်ဘုရား နယ်မြေက ပြာပုံဘဝ ရောက်ပြီး ပျက်စီးယိုယွင်းနေလောက်ပြီးဖြစ်သလို ခင်ဗျားတို့ရဲ့ အင်အားစုတွေလည်း အဲဒီထူးဆန်းတဲ့ စစ်တပ်ရဲ့ ဖျက်ဆီးမှုကို ခံလိုက်ရမှာပဲ။ ရှေ့လျှောက် လာမယ့် တိုက်ပွဲကြီးထဲမှာ သတ္တဝါတွေ ဘယ်လောက်တောင် ပျောက်ကွယ်သွားမလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ။”

ထိုအခိုက်အတန့်တွင် ရောက်ရှိနေသည့် နတ်သခင်များ၏ သတ္တဝါဆန်းများအပေါ် အထင်သေးစိတ်များ လုံးဝ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။

ထို့နောက် ကြယ်မြစ် နတ်သခင်သည် အန္တရာယ်မြေကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြီး ထပ်မံ ပြောကြားလိုက်သည်။

“ကောင်းပြီ... အခုတော့ ပြန်ကြစို့။ ကျုပ်တို့ အခြားအဖွဲ့တွေကို အမြန်ဆုံး အကြောင်းကြားရမယ်။ ကျုပ်တို့ရဲ့ အင်အားလောက်နဲ့တော့ အဲ့ဒီအန္တရာယ်မြေကို ချိပ်ပိတ်ဖို့ ခက်ခဲလိမ့်မယ် ထင်တယ်။”

စကားဆုံးသည်နှင့် ကြယ်မြစ် နတ်သခင်သည် သူ၏ နတ်လှေကို ထုတ်ယူကာ အပေါ်သို့ လျင်မြန်စွာ ခုန်တက်လိုက်ပြီး သက်တံဖြူ နတ်မြို့သို့ ဦးတည်ကာ မောင်းနှင်သွားခဲ့သည်။

…….

တစ်ချိန်တည်းမှာပင်။

နေဝင်တောင်တန်းအတွင်းရှိ မိုးထိလုမတတ် မြင့်မားသော တောင်ထိပ်တစ်ခုပေါ်တွင်။

နတ်သခင်အသီးသီး၏ စစ်နတ်လှေများသည် တောင်ထိပ်ပေါ်တွင် ဆိုက်ကပ်ထားပြီး ခိုင်ခံ့သော ယာယီစခန်းတစ်ခု ဖွဲ့စည်းထားကြသည်။

နတ်သခင်တစ်စုသည် မီးပုံဘေးတွင် စုဝေးနေကြပြီး မည်သည့်အန္တရာယ်မြေများကို ဆက်လက်ချိပ်ပိတ်ရန်နှင့် မည်သည့်အရပ်သို့ သွားရမည်ကို တိုင်ပင်ဆွေးနွေးနေကြ၏။

ကြယ်မြစ် နတ်သခင်၏ အဖွဲ့နှင့် မတူပဲ နတ်သခင် ရှီယွဲ့ ဦးဆောင်သောအဖွဲ့သည် လှုပ်ရှားမှုအပိုင်းတွင် အတန်ငယ် ပို ထက်မြက်ပြတ်သားသည်။

သူတို့သည် နေဝင်တောင်တန်း၏ အောက်ခြေအနက်ပိုင်းသို့ စွန့်စားသွားရောက်ကာ အန္တရာယ်မြေများကို ကင်းထောက်ရန်နှင့် သေချာစွာ မှတ်သားရန် ရဲစွမ်းသတ္တိရှိသူ နတ်သခင် ဆယ်ပါးကို စေလွှတ်ခဲ့ပြီး ကျန်ရှိသော နတ်သခင် အပါးနှစ်ဆယ်က ခြေရာခံလျက် လိုက်လံချိပ်ပိတ်ကြသည်။

မကြာသေးမီက နေဝင်တောင်တန်း၏ အနက်ဆုံးအပိုင်းသို့ စွန့်စားသွားခဲ့ကြသည့် နတ်သခင် ဆယ်ပါးသည် ကြောက်မက်ဖွယ် အန္တရာယ်မြေ ဆယ်ခုထက်မက ရှာဖွေတွေ့ရှိခဲ့သည်။

သို့သော်လည်း ချိပ်ပိတ်မှု အားဖြည့်ခြင်းတွင် သူတို့၏ စွမ်းဆောင်ရည် အလွန်မြင့်မားသော်လည်း ချိပ်ပိတ်ရန် တာဝန်ယူထားသည့် နတ်သခင်များသည် သိသိသာသာ ပင်ပန်းနွမ်းနယ်နေသဖြင့် ခဏ ရပ်နားကာ အားအင်မွေးဖို့ အနားယူရန် ဆုံးဖြတ်လိုက်ကြသည်။

ကြယ်မြစ် နတ်သခင်တို့အဖွဲ့ကဲ့သို့ မဟုတ်ပဲ နတ်သခင် ရှီယွဲ့၏ ဦးဆောင်မှုအောက်ရှိ အဖွဲဝင်များကြား စိတ်ခံစားမှု လေထုက မျှော်လင့်ချက်မဲ့ မနေ‌ပေ။ အခြားအဖွဲ့များနှင့် ယှဉ်လျှင် သိသိသာသာ အပူအပင် ကင်းနေခဲ့သည်။

“နေဝင်တောင်တန်းထဲမှာ အန္တရာယ်မြေတွေ ဒီလောက် အများကြီး ရှိနေလိမ့်မယ်လို့ ကျုပ် မထင်ထားမိဘူး။”

“ဟုတ်တယ်... ကံကောင်းထောက်မစွာပဲ ဒီအန္တရာယ်မြေတွေကို ချိပ်ပိတ်ရတာ သိပ်မခက်ခဲလှဘူး။”

“ဒီနှုန်းအတိုင်း သွားမယ်ဆိုရင် တစ်နှစ်အတွင်းမှာပဲ နေဝင်တောင်တန်းရဲ့ အန္တရာယ်မြေတွေအားလုံးကို ကျုပ်တို့ ချိပ်ပိတ်နိုင်လိမ့်မယ် ထင်တယ်။”

“အခု အခြားအဖွဲ့တွေက ခြေလှမ်းဘယ်လောက်သွက်ပြီး အန္တရာယ်မြေ ဘယ်နှခုလောက် ချိပ်ပိတ်ပြီးသွားပြီလဲ မသိဘူး။”

နတ်သခင်များ စကားဖောင်ဖွဲ့ ပြောဆိုနေကြစဉ် နတ်သခင် ရှီယွဲ့၏ ဘေးတွင် ကျောက်ရုပ်ကဲ့သို့ မျက်စိမှိတ်ကာ တရားထိုင်နေသည့် လုချန်း၏ မျက်လုံးများ ရုတ်တရက် ပွင့်လာခဲ့သည်။

သူသည် ရှိနေသည့် နတ်သခင်များကို ဝေ့ကြည့်လိုက်ပြီး လေးနက်စွာ ပြောလိုက်၏။

“အဖွဲ့တစ်ဖွဲ့ ဒုက္ခ ကြုံနေရပြီ... ကျုပ်တို့ သက်တံဖြူ နတ်မြို့ကို ချက်ချင်း ပြန်ဖို့ လိုတယ်။”

လုချန်း၏ ရုတ်တရက် ပြောစကားကြောင့် နတ်သခင်များ ခဏခန့် ကြောင်အသွားကြသည်။

အဖွဲ့တိုင်းတွင် လုချန်း၏ ကိုယ်ပွားတစ်ခုစီ ရှိနေသောကြောင့် သူ၏စကားကို သူတို့ စိုးစဉ်းမှ သံသယ မဖြစ်မိကြပေ။

ဤအန္တရာယ်မြေများသည် တကယ်တော့ ပုရွက်ဆိတ်သိုက်ကဲ့သို့ အထူးတလည် မကြောက်စရာကောင်းဟု သူတို့ ယူဆထားကြသဖြင့် မည်သို့သော အကြောင်းရင်းကြောင့် ပြဿနာတက်ရသနည်းဟုသာ သိချင်စိတ် ပြင်းပြနေကြသည်။

နတ်သခင် ရှီယွဲ့က မျက်ခုံးပင့်ကာ မေးလိုက်သည်။

“ဘာဖြစ်လို့လဲ”

လုချန်း

“ကြယ်မြစ် နတ်သခင် ဦးဆောင်တဲ့အဖွဲ့ဟာ နေဝင်တောင်တန်းရဲ့ အနက်ပိုင်းမှာ သမုဒ္ဒရာကြီးတစ်စင်းလို ကြီးမားကျယ်ပြန့်တဲ့ အန္တရာယ်မြေတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး အဲဒီနေရာက သူတို့ကို တက်ကြွစွာ တိုက်ခိုက်ခဲ့တယ်။ သူတို့အဖွဲ့ထဲက နတ်သခင် ဆယ်ပါးဟာ အဲ့ဒီအန္တရာယ်မြေရဲ့ ထူးဆန်းတဲ့ မြူမည်းတွေရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရတယ်။ သူတို့ အဖွဲ့ အခု အသက်လုပြီး ပြန်လာနေကြပြီ။”

ဒါက...

ဤထိတ်လန့်ဖွယ် သတင်းကြောင့် ရှိနေသည့် နတ်သခင်များကို ခဏခန့် ဆွံ့အသွားစေခဲ့သည်။

နတ်သခင် ဆယ်ပါးတောင် ဝါးမြိုခံလိုက်ရတယ် ဟုတ်လား။

အခြေအနေ၏ ပြင်းထန်ကြီးလေးမှုကို သူတို့ ချက်ချင်း ကောင်းစွာ သဘောပေါက်သွားကြသည်။

နတ်သခင် ရှီယွဲ့လည်း နည်းနည်းမှ တွေဝေမနေပဲ နတ်သခင်များကို ချက်ချင်းပင် အမိန့်ညွှန်ကြားလိုက်သည်။

“သက်တံဖြူ နတ်မြို့ကို ချက်ချင်း ပြန်ကြမယ်။”

ထို့နောက် နတ်သခင် ရှီယွဲ့သည် နတ်လှေပေါ်သို့ ပျံသန်းပြန်သွားကာ သက်တံဖြူ နတ်မြို့သို့ ပျံသန်းရန် လှေကို ထိန်းချုပ်လိုက်၏။

တစ်ချိန်တည်းမှာပင် လုချန်းက အခြားသော သူ၏ ကိုယ်ပွားနှစ်ခုကို စိတ်အာရုံဖြင့် ထိန်းချုပ်ကာ နတ်သခင် ကန်းယာနှင့် နတ်သခင် ဝမ်ကျဲ တို့ထံသို့ ကြယ်မြစ် နတ်သခင်၏ အဖွဲ့သတင်းကို အမြန်ဆုံး အကြောင်းကြားလိုက်သည်။

……

နေရက်များ ကုန်လွန်၍ တစ်လခန့် ကြာပြီးနောက် အဖွဲ့လေးဖွဲ့လုံး သက်တံဖြူ နတ်မြို့သို့ အတူတကွ ပြန်လည်ရောက်ရှိလာကြသည်။

ကြယ်မြစ် နတ်သခင်သည် အရေးပေါ် နတ်သခင်များ အစည်းအဝေးကို ချက်ချင်း ခေါ်ယူလိုက်၏။

ကောင်းကင်ထက်ရှိ နတ်သခင်များ၏ မျက်နှာအမူအရာများ အလွန် လေးနက်နေကြသည်။

ကြယ်မြစ် နတ်သခင်၏ အဖွဲ့တွင် တကယ်ပင် အဖိုးတန် နတ်သခင် ဆယ်ယောက်လျော့နည်းနေသည်ကို အားလုံး သတိပြုမိလိုက်ကြသည်။

ထိုအချိန်တွင် ကြယ်မြစ် နတ်သခင်က လူအုပ်ကြီးကို သုန်မှုန်စွာ ကြည့်လျက်

“ကျုပ်တို့ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို လုချန်းက ခင်ဗျားတို့ကို အကြောင်းကြားပြီးသား ဖြစ်လိမ့်မယ် ထင်တယ်။ ဒါက လက်ရှိ‌ နေဝင်တောင်တန်းမှာ ဖြစ်ပျက်ခဲ့တဲ့ အကြီးမားဆုံး ဆုံးရှုံးမှုပဲ။”

ပြောရင်းနှင့် ကြယ်မြစ် နတ်သခင်က သူ၏လက်ညှိုးကို မျက်ခုံးအစပ်တွင် တင်လိုက်ပြီး တောက်ပသော မှတ်ဉာဏ်ပုလဲ တစ်လုံးကို ဆင့်ခေါ်လိုက်၏။ နောက်တစ်ခဏတွင် ကောင်းကင်သို့ သူ၏ လက်ညှိုးကို ညွှန်လိုက်ရာ မှတ်ဉာဏ်ပုလဲသည် ကောင်းကင်ယံသို့ မြှားတစ်စင်းပမာ ပျံတက်သွားခဲ့သည်။

မှတ်ဉာဏ်ပုလဲအတွင်းမှ ကြောက်မက်ဖွယ် မြင်ကွင်းများသည် ရုပ်ရှင်ပိတ်ကားချပ်ကဲ့သို့ ကောင်းကင်အမြင့်တွင် ထင်ထင်ရှားရှား ပေါ်လာတော့သည်။

ကီလိုမီတာ ထောင်နှင့်ချီ၍ ပင်လယ်ပြင်ကြီးပမာ ကျယ်ပြန့်နေသော အန္တရာယ်မြေကို မြင်လိုက်ရသောအခါ ရောက်ရှိနေသည့် နတ်သခင်များအားလုံး လုံးဝတိတ်ဆိတ်သွားကြသည်။

နေဝင်တောင်တန်းအတွင်း ချိပ်ပိတ်မှုများကို စတင်အားဖြည့်ကတည်းက ဤမျှ ကြီးမားကျယ်ပြန့်သော အန္တရာယ်မြေကို သူတို့ ပထမဆုံးအကြိမ် အံ့ဩဖွယ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

ပို၍ ကြောက်စရာကောင်းသည်မှာ အန္တရာယ်မြေ၏ ဗဟိုတွင် ရှိနေသည့် ကြီးမားလှသော ဝဲကရက်ကြီး ဖြစ်သည်။ အကယ်၍ ထိုဝဲကရက်၏ ချိပ်ပိတ်မှုသာ လုံးဝ ပျက်စီးသွားပါက ထိုဝဲကရက်အတွင်းမှ သတ္တဝါဆန်း အရေအတွက် မည်မျှအထိ ထွက်ပေါ်လာမည်ကို မည်သူမှ မခန့်မှန်း မတွက်ချက်နိုင်ပေ။

မှတ်ဉာဏ်ပုလဲမှ မှတ်တမ်းများ ပြသပြီးသွားလျှင် နတ်သခင်တစ်ပါးက မျှော်လင့်ချက်မပျက်ပဲ မေးမြန်းလိုက်သည်။

“သူတို့ သေတွင်းကလွတ်ပြီး အသက်ရှင်နေနိုင်သေးတာ ဖြစ်နိုင်မလား... သူတို့က အစွမ်းထက်လှတဲ့ နတ်သခင်တွေပဲလေ။ ဒီလောက် အလွယ်တကူနဲ့တော့ ကြွေလွင့်သွားမှာ မဟုတ်ပါဘူး။”

ကြယ်မြစ် နတ်သခင်က ခေါင်းခါလျက်

“အဲဒါကတော့ ဖြစ်နိုင်ခြေတော့ ရှိပါတယ်”

“ဒါပေမဲ့ အဲ့ဒီဆန်းကြယ်တဲ့ စွမ်းအားဟာ နတ်သခင်တွေကို သားရဲရိုင်းလို သတ္တဝါဆန်းတွေအဖြစ် အသွင်ပြောင်းလဲပစ်နိုင်စွမ်း ရှိတယ်။ သူတို့ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့ရင်တောင် သူတို့ရဲ့ စိတ်ဝိညာဉ် ဆုံးရှုံးသွားပြီး သတ္တဝါဆန်းတွေအဖြစ် ပြောင်းလဲသွားတာမျိုးလည်း ကြုံရနိုင်တယ်။”

ကြယ်မြစ် နတ်သခင်၏ စကားကို ကြားရလျှင် နတ်သခင်များလည်း ဆွံ့အသကဲ့သို့ အချိန်အတော်ကြာအောင် မည်သည့်စကားမှ မပြောပဲ တိတ်ဆိတ်သွားကြပြန်သည်။

ချိပ်ပိတ်မှုကို အားဖြည့်ခြင်းနှင့် ဆက်စပ်နေသည့် ဓားသွားပေါ်လမ်းလျှောက်ရသလို အန္တရာယ်ကို ယခုမှသာ သူတို့သည် တကယ် သဘောပေါက်သွားကြတော့သည်။ အစပိုင်းတွင် သူတို့သည် ၎င်းကို ရိုးရှင်းသော တာဝန်တစ်ခုဟု ထင်မှတ်ခဲ့သော်လည်း မမျှော်လင့်ပဲ နတ်သခင် ဆယ်ပါးစလုံး တစ်ပြိုင်နက်တည်း ဒုက္ခနှင့် ရင်ဆိုင်လိုက်ရသည်။

ထျန်းရန် နတ်ဘုရား နယ်မြေတွင် နတ်သခင်များ ရှိသည့် မည်သည့်အင်အားစုမဆို မဟာအင်အားကြီးအုပ်စုတစ်စုအဖြစ် သတ်မှတ်ခံရသည်။ အကယ်၍ ထိုနတ်သခင် ဆယ်ပါးသာ တကယ် သေဆုံး ‌သွားခဲ့လျှင် ထိုအင်အားစု ဆယ်ခုသည်လည်း အလျင်အမြန်ပင် ဆုတ်ယုတ်ပြိုကွဲသွားပေလိမ့်မည်။

နောက်ဆုံးတွင် အတော်ကြာ တိတ်ဆိတ်နေပြီးနောက် နတ်သခင် ဝမ်ကျဲက လေသံပြောင်းကာ စကားစလိုက်သည်။

“ကျင့်ကြံဖော်တို့... အလွန် စိတ်ဓာတ်ကျနေဖို့ မလိုပါဘူး။ အဓိက လက်ငင်းဦးစားပေးကတော့ အဲဒီအန္တရာယ်ရှိတဲ့ နေရာကို တံတိုင်းခတ်သလို ချိပ်ပိတ်ဖို့ပဲ။ ကျုပ်တို့ အဲ့ဒီအန္တရာယ်မြေကို သွားတဲ့အခါ သူတို့ အဲဒီကနေ ထွက်ပြေးလွတ်မြောက်လာတာနဲ့ ကံကောင်းစွာ ကြုံရတာမျိုးလည်း ဖြစ်နိုင်တာပဲ။”

“လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားက လူတစ်ယောက်ကို သတ္တဝါဆန်းတစ်ကောင်အဖြစ် ပြောင်းလဲပစ်ဖို့ အချိန်ကာလတစ်ခု လိုအပ်ပါတယ်။ ထိတွေ့ရုံနဲ့ ချက်ချင်း လျှပ်စီးလက်သလို ဖြစ်သွားတာမျိုး မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ စိတ်ဆန္ဒကသာ ကျောက်တောင်ကြီးလို ခိုင်မာမှုရှိနေမယ်ဆိုရင် သူတို့ဟာ သတ္တဝါဆန်းတွေအဖြစ် လွယ်လွယ်ကူကူ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။”

--

…………….

All Chapters