အခန်း ၁၉၂၉
Vol. 129 Ch. 1929
အခန်း (၁၉၂၉ )
ဘဝပြောင်း နတ်သခင်များ
နတ်သခင် ဝမ်ကျဲ၏ စကားများကို ကြားရလျှင် ရောက်ရှိနေသည့် နတ်သခင်များလည်း ရေနစ်ခါနီး ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်မိလိုက်သကဲ့သို့ မျှော်လင့်ချက် တစ်ခုကို ဆုပ်ကိုင်မိလိုက်ကြပုံ ရသည်။
အဆုံးစွန်၌တော့ နတ်သခင် ဝမ်ကျဲသည် သတ္တဝါဆန်းများ ထျန်းရန် နတ်ဘုရားနယ်မြေသို့ ကျူးကျော်ဝင်ရောက်ခဲ့သည့် ခေတ်ကာလကို ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးသဖြင့် ၎င်းတို့နှင့် ပတ်သက်၍ အလွန် ရင်းနှီးကျွမ်းဝင်သူ ဖြစ်သည်။ ထိုနတ်သခင် ဆယ်ဦးသည် ကံကောင်းထောက်မစွာ အဆင်ပြေနိုင်သည်ဟု သူက အရိပ်အမြွက်ပြောဆိုခဲ့သဖြင့် ၎င်းတို့ တကယ်ပင် ဘေးကင်းလုံခြုံစွာ ရှိနေနိုင်သေးသည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအား တိုက်စား ခံထားရသည့် နတ်သခင် ဆယ်ဦးသည် အသက်ရှင်သန်နေဆဲဖြစ်ပြီး သတ္တဝါဆန်းများအဖြစ်သို့ အသွင်ပြောင်းလဲမသွားသေးပါက ထိုစွမ်းအားသည် ရောက်ရှိနေသည့် နတ်သခင်များအတွက် ထူးထူးခြားခြား ကြောက်လန့်စရာ မကောင်းလှပေ။
ယခုအခါ သူတို့ ရင်တမမနှင့် အမျှော်လင့်ဆုံး အရာမှာ ထိုနတ်သခင် ဆယ်ဦး၏ အခြေအနေကို အတည်ပြုရန်နှင့် ၎င်းတို့ အသက်ရှင်နေသေးသလား သို့မဟုတ် သတ္တဝါဆန်းများအဖြစ် လုံးဝ ပြောင်းလဲသွားပြီလား ဆိုသည်ကို ကြည့်ရှုရန် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် နတ်သခင် ရှီယွဲ့က
“ဒါဆိုရင်လည်း ကျွန်မတို့ ချက်ချင်းပဲ အချိန်မဆိုင်းပဲ ထွက်ခွာကြစို့။”
ကြယ်မြစ် နတ်သခင်က
“ကောင်းပါပြီ”
ထို့နောက် ကြယ်မြစ် နတ်သခင်သည် အကာအကွယ်နည်းဗျူဟာပုံစံကို ဖျက်သိမ်းလိုက်ပြီး သူ၏ နတ်လှေကို ထိန်းကျောင်းကာ နေဝင်တောင်တန်း၏ အနက်ရှိုင်းဆုံးနေရာသို့ တစ်ဖန် ပြန်လည် ပျံသန်းသွားခဲ့သည်။
ယခုအကြိမ်တွင် နတ်သခင် တစ်ရာကျော် တောင် အတူတကွ လှုပ်ရှားနေကြခြင်းကြောင့် ထိုအန္တရာယ်မြေကို ချိပ်ပိတ်ရန် ပြဿနာအကြီးအကျယ် ရှိလိမ့်မည်မဟုတ်ဟု ကြယ်မြစ် နတ်သခင် စိတ်ချလက်ချ ယုံကြည်ထားသည်။ သို့သော်လည်း နတ်သခင် တစ်ရာကျော် အတူတကွ လက်တွဲပူးပေါင်းလုပ်ဆောင်နေသည့်တိုင် ၎င်းတို့ထဲမှ မည်သူမှ စိတ်အေးလက်အေး ဘေးကင်းသည်ဟု မခံစားရပေ။
အကြောင်းမှာ ထိုအနက်ရောင် မြူခိုးများသည် နတ်သခင် ဆယ်ဦးကို တစ်ခဏအတွင်း ဝါးမြိုသွားခဲ့ခြင်းကြောင့် ဖြစ်သည်။ အကယ်၍ ထိုခြောက်ခြားဖွယ် မြူခိုးများက သူတို့ကို ရုတ်တရက် တိုက်ခိုက်လာပါက နတ်သခင် တစ်ရာပင် ဖြစ်ပါစေဦးတော့ အသက်လုကာ ထွက်ပြေးရန်မှတစ်ပါး အခြားရွေးချယ်စရာ ရှိလိမ့်မည် မဟုတ်ပေ။
……
ရက်များစွာ အကြာ။
ကြယ်မြစ် နတ်သခင်သည် အခြားနတ်သခင်များကို ဦးဆောင်ကာ သူတို့ ယခင်က ရှာဖွေတွေ့ရှိခဲ့သည့် အန္တရာယ်မြေဆီသို့ လျင်မြန်စွာ ဦးတည်သွားခဲ့သည်။ ထိုအန္တရာယ်မြေမှ ရုတ်တရက် တိုက်ခိုက်လာခြင်းကို ကြိုတင်ကာကွယ်ရန်အတွက် ယခုအကြိမ်တွင်တော့ ဘေးကင်းရာ ကီလိုမီတာ ရာပေါင်းများစွာ ကွာဝေးသော အကွာအဝေးတစ်ခုတွင် ခပ်ခွာခွာ နေခဲ့ကြသည်။
နတ်သခင်များ၏ သိမ်းငှက်ကဲ့သို့သော အမြင်အာရုံနှင့် အာရုံခံနိုင်စွမ်းအရ ကီလိုမီတာ ရာပေါင်းများစွာဟူသည် အလွန်ဝေးကွာလှသော အကွာအဝေး မဟုတ်ပေ။ ကီလိုမီတာ ရာဂဏန်း မဆိုထားနှင့် ကီလိုမီတာ ထောင်ကျော် အကွာအဝေးရှိ အရာများကိုပင် သူတို့၏ လက်ဝါးပေါ်က အပ်ကဲ့သို့ ရှင်းလင်းစွာ မြင်တွေ့နိုင်စွမ်း ရှိကြသည်။
နတ်သခင် တစ်ရာကျော်သည် ကောင်းကင်ယံတွင် တိမ်တိုက်များပမာ ပျံဝဲလျက် ရှိနေကြပြီး ကီလိုမီတာ ရာပေါင်းများစွာ အကွာအဝေးရှိ အန္တရာယ်မြေဆီသို့ လှမ်းမျှော်ကြည့်နေကြ၏။ သူတို့ တစ်ဦးချင်းစီ၌လည်း လေးနက်သော မျက်နှာ အမူအရာများ ရှိနေကြသည်။
ကီလိုမီတာ ရာပေါင်းများစွာ ကွာဝေးနေသည့်တိုင်အောင် ထိုအန္တရာယ်မြေမှ ကြက်သီးထဖွယ် ထွက်ပေါ်လာသော နိမိတ်မကောင်းသည့် အရှိန်အဝါကို သူတို့ တကိုယ်လုံး စိမ့်တက်နေအောင် ခံစားနေရဆဲ ဖြစ်သည်။ ပတ်ဝန်းကျင် လေထုမှာလည်း ကမ္ဘာပျက်ကပ် ကျရောက်ခါနီးဖြစ်နေသကဲ့သို့ ဖိနှိပ်ချုပ်ချယ်ပြီး မွန်းကျပ်စရာ ကောင်းလှသည်။
လူများသည် သူတို့၏ စူးရှသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ် ရှာဖွေခဲ့ကြသော်လည်း ခြောက်ခြားဖွယ် အနက်ရောင်မြူခိုးများ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည့် နတ်သခင် ဆယ်ဦး၏ အရိပ်အယောင်ကိုပင် မတွေ့ရှိခဲ့ကြပေ။
အချိန်အတော်ကြာ တိတ်ဆိတ်နေ ပြီးနောက် တစ်ဦးက
“ဒီအတိုင်း ဖြစ်နေရင်တော့ အဲဒီ ဆယ်ယောက် မရှိတော့ဘူး ထင်တယ်...”
ဟု ညည်းတွားလိုက်သည်။
ထိုအရာကို ကြားလျှင် အားလုံး၏ စိတ်နှလုံးများလည်း လေးလံညှိုးငယ်သွားခဲ့ကြသည်။ အကယ်၍ ထိုနတ်သခင် ဆယ်ဦး တကယ်ပင် ကြွေလွင့်ကျဆုံးသွားခဲ့ပြီ ဆိုပါက ထိုထူးဆန်းသော အနက်ရောင်မြူခိုးများသည် အလွန် တိုတောင်းသော အချိန်အတွင်း နတ်သခင် အမြောက်အမြားကို သတ်ဖြတ်နိုင်ကြောင်း သက်သေပြနေခြင်း ဖြစ်သည်။
သူတို့သည် ထျန်းရန် နတ်ဘုရားနယ်မြေ၏ ထိပ်တန်း စွမ်းအားကြီး ပုဂ္ဂိုလ်များထဲတွင် ပါဝင်နေကြသည့်တိုင် ထိုမြူခိုးများနှင့် ရင်ဆိုင်ရသောအခါ သာမန် နတ်ငယ်များနှင့် မခြားနားပေ။
ထိုစဉ် နတ်သခင် ဝမ်ကျဲက သက်ပြင်းချလိုက်ပြီး
“ဒီလို ဝမ်းနည်းစရာ ဖြစ်ရပ်မျိုး နောက်ထပ် မဖြစ်အောင် ကျုပ်တို့ မြန်မြန်ဆန်ဆန် လှုပ်ရှားပြီး ချိပ်ပိတ်မှုကို အားဖြည့်ကြစို့။”
နတ်သခင် ဝမ်ကျဲ စကားပြောပြီးသည်နှင့် လုချန်းသည် နတ်သခင်များ၏ ရှေ့မှောက်သို့ ပျံသန်းသွားပြီး သူ၏ လက်ကို မြှောက်ကာ ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို လေထုထဲတွင် စတင် ရေးဆွဲလေတော့သည်။ လုချန်းသည် နည်းဗျူဟာပုံစံများကို ရေးဆွဲနေခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သဖြင့် အလွန် ကျွမ်းကျင်နေပြီ ဖြစ်သည်။ သူ၏ နည်းဗျူဟာပုံစံ ရေးဆွဲမှု အရှိန်မှာလည်း ပိုမိုမြန်ဆန်လာပြီး ခဏချင်းအတွင်းမှာပင် နည်းဗျူဟာပုံစံ၏ တစ်ဝက်ခန့်ကို ရေးဆွဲပြီးစီးသွားခဲ့သည်။
ထိုစဉ် နတ်သခင်များ အားလုံးကလည်း လုချန်းထံသို့ နတ်စွမ်းအားများ ချက်ချင်း ထည့်သွင်းပေးလိုက်ကြသည်။ ထိုအခိုက်အတန့်တွင် အန္တရာယ်မြေ၏ အထက်ကောင်းကင်၌ ကျီးကန်းအုပ်ကြီးပမာ အမည်းရောင် တိမ်တိုက်များ စုရုံးလာပြီး နတ်သခင်တို့၏ ပတ်ဝန်းကျင် တစ်ခုလုံး မြေငလျင်လှုပ်သလို ပြင်းထန်စွာ တုန်ခါသွားခဲ့ကာ ကောင်းကင်ယံမှ အနက်ရောင်တိမ်တိုက်များ ပြိုကျတော့မည့်အလား ဖိနှိပ်ကျဆင်းလာခဲ့သည်။
တစ်ချိန်တည်းမှာပင် အန္တရာယ်မြေသည် မီးတောင်ပေါက်ကွဲသလို စတင် လှုပ်ခတ်လာပြီး အနက်ရောင်မြူခိုး ဒီရေလှိုင်းကြီးတစ်ခု တဟုန်းဟုန်း တက်ကြွလာကာ လုချန်းတို့လူစု ရှိနေသည့် နေရာဆီသို့ တည့်တည့်မတ်မတ် လိမ့်ဆင်းလာခဲ့၏။
ကြောက်မက်ဖွယ် အနက်ရောင်မြူခိုးများကို တွေ့မြင်လျှင် အားလုံး၏ မျက်နှာအမူအရာများ သွေးဆုတ်ဖြူဖျော့ကာ သိသိသာသာ ပျက်ယွင်းသွားခဲ့ကြသည်။
ကြယ်မြစ် နတ်သခင်က
“မြန်မြန်... နည်းဗျူဟာပုံစံကို အသက်သွင်းလိုက်တော့”
ဟု လန့်ဖျန့်ကာ ချက်ချင်း အော်ဟစ်လိုက်သည်။
နတ်သခင်များ အားလုံး တစ်ပြိုင်နက်တည်း ညီညီညာညာ လှုပ်ရှားကာ လုချန်းထံသို့ နတ်စွမ်းအားများကို တရဟော စီးဆင်းစေလိုက်ကြသည်။ လုချန်း၏ ခန္ဓာကိုယ်အတွင်း၌ လျှံပယ်လှသော နတ်စွမ်းအားများ ပြည့်နှက်သွားပြီး ရလဒ်အနေနှင့် လေထုထဲတွင် နည်းဗျူဟာပုံစံကို ရေးဆွဲနေသည့် သူ၏ လက်ချောင်းများလည်း လျှပ်စီးလက်သကဲ့သို့ မယုံနိုင်လောက်အောင် မြန်ဆန် သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နည်းဗျူဟာပုံစံသည် အပြည့်အစုံ ထင်ထင်ရှားရှား ပုံပေါ်လာခဲ့သည်။
ထို့နောက် လုချန်းသည် နည်းဗျူဟာပုံစံကို အသက်သွင်းပြီး အန္တရာယ်မြေ၏ အထက်ကောင်းကင်ယံဆီသို့ ပျံသန်းသွားခဲ့သည်။ နည်းဗျူဟာပုံစံ အထက်ကောင်းကင်တွင် ပေါ်လာသည်နှင့်အမျှ မျက်စိတစ်မှိတ်အတွင်းမှာပင် ကန့်လန့်ကာကြီးပမာ အန္တရာယ်မြေ၏ ဧရိယာတစ်ခုလုံးကို လွှမ်းခြုံနိုင်သည်အထိ ကျယ်ပြန့်သွားခဲ့သည်။
ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံမှ ထွက်ပေါ်လာသော ဖိအားသည် အန္တရာယ်မြေအတွင်းရှိ အနက်ရောင်မြူခိုးများကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ပြီး နည်းဗျူဟာပုံစံ ချမှတ်ခြင်း လုပ်ငန်း အောင်မြင်ပြီးစီးလုနီးပါး ဖြစ်နေပြီဖြစ်သည်။
ထိုစဉ် ရုတ်တရက်ဆိုသလို လူအုပ်ကြီးထဲမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာခဲ့ပြီး နောက်တစ်ခဏ၌ နတ်သခင် သုံးဦးထံမှ အဆိပ်ငွေ့ပမာ အနက်ရောင် စွမ်းအားများ ထွက်ပေါ်လာကာ လုချန်းကို တစ်ပြိုင်နက်တည်း ပစ်မှတ်ထား၍ တိုက်ခိုက်လိုက်ကြသည်။
ဤထိတ်လန့်ဖွယ် အခြင်းအရာကို တွေ့မြင်လိုက်ရသဖြင့် လူများ၏ မျက်နှာအမူအရာများလည်း ရုတ်ခြည်း ပြောင်းလဲသွားခဲ့သည်။
ကြယ်မြစ် နတ်သခင်က
“မဖြစ်ဘူး... ဒုက္ခများပြီ။ သူတို့တွေက သတ္တဝါဆန်းတွေပဲ”
ဟု အသံကုန် ကျယ်လောင်စွာ အော်ဟစ် သတိပေးလိုက်သည်။
ကြယ်မြစ် နတ်သခင်၏ သတိပေးချက် ထွက်ပေါ်လာချိန်က သိသိသာသာပင် အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။ ထိုထူးဆန်းနတ်သခင် သုံးဦးသည် လုချန်းနှင့် လက်တစ်ကမ်းစာခန့်အထိ အလွန်နီးကပ်လွန်းနေပြီးဖြစ်သည်။
၎င်းတို့သည် သူ့ကိုသာ သားကောင်ပမာ ကွက်ကွက်ကွင်းကွင်း ပစ်မှတ်ထားနေခြင်း ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့သည် လုချန်း၏ နောက်ကျောဘက်သို့ လျှပ်တပြတ် ရောက်ရှိသွားပြီး တစ်ပြိုင်နက်တည်း တောင်ဖြိုသကဲ့သို့ အပြင်းအထန် ရိုက်ချလိုက်ရာ လုချန်း၏ ခန္ဓာကိုယ်လည်း အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားခဲ့ရသည်။
လုချန်း၏ ခန္ဓာကိုယ် ပျက်စီးသွားသဖြင့် နည်းဗျူဟာပုံစံကို ဆက်လက် ထိန်းချုပ်မည့်သူ မရှိတော့ပေ။ နောက်တစ်ခဏတွင် ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံ စတင် ပြိုလဲပျက်စီးလာတော့သည်။ နည်းဗျူဟာပုံစံ ပျက်စီးလာသည်နှင့်အမျှ အန္တရာယ်မြေအတွင်းရှိ ခြောက်ခြားဖွယ် အနက်ရောင်မြူခိုးများသည် နောက်တစ်ကြိမ် ဒီရေလှိုင်းတက်သလို ပြန်လည် ထကြွလာပြီး ကြယ်မြစ် နတ်သခင်တို့လူစု ရှိရာဆီသို့ ထပ်မံ လိမ့်ဆင်းလာခဲ့ပြန်သည်။
ဤအတောအတွင်း အချို့သော နတ်သခင်များကတော့ ထွက်ပြေးရန် ပြင်ဆင်နေကြပြီဖြစ်သည်။ ထိုခြောက်ခြားဖွယ် ထူးဆန်း နတ်သခင် သုံးဦးကတော့ ရှိနေသော နတ်သခင်များကို လှောင်ပြောင် သရော်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။
ထိုထူးဆန်းနတ်သခင်များထဲမှ တစ်ဦးက
“ကျုပ်တို့ရဲ့ သခင်က မကြာခင် ထျန်းရန် နတ်ဘုရားနယ်မြေကို ဆင်းသက်လာတော့မှာ။ ခင်ဗျားတို့ရဲ့ ရုန်းကန်မှုတွေက နောက်ဆုံးတော့ သဲထဲရေသွန်သလို အချည်းနှီးပဲ ဖြစ်သွားလိမ့်မယ်”
ဟု လှောင်ပြောင် ပြောဆိုလိုက်သည်။
အနက်ရောင်မြူခိုးမျာ နီးကပ်လာသည်နှင့်အမျှ နတ်သခင်များ၏ စိတ်နှလုံးထဲရှိ ကြောက်ရွံ့မှုများ ပိုမိုပြင်းထန်ထိတ်လန့်လာခဲ့သည်။ အချို့သော နတ်သခင်များ ထွက်ပြေးရန် လှည့်လိုက်စဉ်မှာပင် လူအုပ်ကြီး၏ အနောက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“မြန်မြန်... ကျုပ်ဆီကို နတ်စွမ်းအားတွေ ထည့်ပေးကြပါဦး။”
ထိုအသံကို ကြားရလျှင် လူအုပ်ကြီး အံ့အားသင့်စွာ လှည့်ကြည့်လိုက်ကြရာ လုချန်းသည် ၎င်းတို့၏ အနောက်တွင် နည်းဗျူဟာပုံစံအသစ်တစ်ခုကို လျှပ်စီးလက်သလို ထပ်မံ ရေးဆွဲနေသည်ကို တွေ့လိုက်ရသည်။ သေဆုံးသွားခဲ့သူမှာ လုချန်း၏ ကိုယ်ပွားသာ ဖြစ်ကြောင်းနှင့် ၎င်းတို့တွင် အခွင့်အရေး ရှိနေသေးကြောင်း လူအုပ်ကြီး ချက်ချင်း သဘောပေါက်သွားခဲ့ကြသည်။
လုချန်းနှင့် လက်တစ်ကမ်း အနီးဆုံးနေရာတွင် ရှိနေသည့် နတ်သခင်သည် သူ၏ နတ်စွမ်းအားများကို ချက်ချင်း ထည့်သွင်းပေးလိုက်ပြီး လုချန်း ရေးဆွဲနေသော နည်းဗျူဟာပုံစံကို တည်ငြိမ်အောင် ကူညီပေးလိုက်သည်။
လုချန်းက နောက်ထပ် နည်းဗျူဟာပုံစံတစ်ခုကို တကယ် ထပ်မံရေးဆွဲနေသည်ကို တွေ့မြင်လျှင် ထိုထူးဆန်းနတ်သခင် သုံးဦးကလည်း ဆန်းကြယ်သော စွမ်းအားအမြောက်အမြားကို ချက်ချင်း ထုတ်လွှတ်လိုက်ကြသည်။ ထိုစဉ် ၎င်းတို့၏ အသားအရေများသည် သစ်ဆွေးတုံးလို ပုပ်ပွဆွေးမြည့်နေပြီး လူသေကောင်များနှင့် တူလာနေသည်။
နောက်တစ်ခဏတွင် ထိုထူးဆန်းနတ်သခင် သုံးဦးသည် လုချန်းထံသို့ လေမုန်တိုင်းပမာ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြရာ နတ်သခင် ရှီယွဲ့က
“သူတို့ကို လုချန်းနား မကပ်စေနဲ့”
ဟု အေးစက်စွာ သတိပေးလိုက်သည်။
ချက်ချင်းပင် နတ်သခင်များ အားလုံးလည်း စည်းလုံးခြင်းသည် အင်အားဆိုသလို တစ်ညီတစ်ညွတ်တည်း လှုပ်ရှားလိုက်ကြသည်။ သုံးဦး လျော့နည်းသွားသည့်တိုင်အောင် ၎င်းတို့ဘက်တွင် နတ်သခင် တစ်ရာကျော် ကျန်ရှိနေသေးသဖြင့် ထို ထူးဆန်း နတ်သခင် သုံးဦးအနေနှင့် လုချန်းအနီးသို့ ချဉ်းကပ်ရန် ခက်ခဲလှသည်။
သို့သော်လည်း အားလုံးကို အံ့အားသင့်သွားစေသည်က ထိုထူးဆန်းနတ်သခင်များထဲမှ တစ်ဦးသည် အာကာသလမ်းစဉ်တွင် အလွန် ထူးချွန်ကျွမ်းကျင်သူ ဖြစ်နေခြင်းပင် ဖြစ်သည်။ လူအုပ်ကြီးက ထိုသုံးဦးကို တံတိုင်းခတ်သလို ပိတ်ဆို့လိုက်သည့် အချိန်မှာပင် အာကာသလမ်းစဉ်တွင် ကျွမ်းကျင်သူသည် ရုတ်တရက် လေထဲအရည်ပျော်သလို ပျောက်ကွယ်သွားခဲ့သည်။
နတ်သခင်များ ချက်ချင်း လျှပ်တပြတ် တုံ့ပြန်ခဲ့ကြသော်လည်း ၎င်းတို့ အာကာသကို မချိပ်ပိတ်နိုင်မီမှာပင် ပျောက်ကွယ်သွားခဲ့သည့် ထူးဆန်း နတ်သခင်သည် လုချန်း၏ နောက်ကျောဘက်တွင် တစ္ဆေတစ်ကောင် ပမာ ပေါ်လာခဲ့ပြီ ဖြစ်သည်။
ထို ထူးဆန်းနတ်သခင်က မဆိုင်းမတွ စတင် တိုက်ခိုက်လိုက်ရာ ဧရာမ အရိုးလက်သည်းကြီးတစ်ခု လေဟာနယ်ထဲမှ ထွက်ပေါ်လာပြီး လုချန်း၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခဲ့သည်။
ဤထိတ်လန့်ဖွယ် အခြင်းအရာကို တွေ့မြင်လိုက်ရလျှင် လူတိုင်း၏ မျက်နှာများ လူသေပမာ ချက်ချင်း ဖြူဖျော့သွားခဲ့ကြ၏။
အရာအားလုံး ပြီးဆုံးသွားလေပြီ။
သို့သော်လည်း ဆုတ်ခွာရန်သာ တတ်နိုင်တော့မည်ဟု အားလုံး ထင်မှတ်လိုက်ကြသည့် အချိန်မှာပင် ရုတ်တရက်ဆိုသလို ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံ အန္တရာယ်မြေ၏ အထက်ကောင်းကင်တွင် ပေါ်ထွက်လာခဲ့သည်။
ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို မည်သူမှ သဘောမပေါက်နိုင်သေးမီမှာပင် နတ်သခင် ဝမ်ကျဲ၏ အသံ ထွက်ပေါ်လာခဲ့သည်။
“မြန်မြန်... လုချန်းဆီကို နတ်စွမ်းအားတွေ ပေးပို့ကြစို့။”
--
……………