အခန်း ၁၉၃၀
Vol. 129 Ch. 1930
အခန်း (၁၉၃၀ )
ရှင်က တကယ်တော့ ဘယ်သူလဲ
နတ်သခင် ဝမ်ကျဲ၏ အသံကို ကြားလျှင် နတ်သခင် ဝမ်ကျဲ ရှိနေသည့် နေရာသို့ အားလုံး၏ အကြည့်များ ရောက်ရှိသွားကြ၏။ ထိုအချိန်ကျမှပင် လုချန်း၏ အခြားကိုယ်ပွားတစ်ခုသည် ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို တကယ်ပင် စတင်လှုပ်ရှားနေစေကြောင်း လူတိုင်း သတိပြုမိသွားကြတော့သည်။
ထိုအခိုက်အတန့်တွင် လုချန်း၏ ကျန်ရှိနေသော ခန္ဓာကိုယ်နှစ်ခုစလုံးသည် အင်းကွက်များကို တစ်ပြိုင်နက်တည်း ရေးဆွဲနေကြခြင်းဖြစ်ကြောင်း အားလုံး ကောင်းကောင်း သဘောပေါက်သွားကြသည်။ ယခင်ခန္ဓာကိုယ်မှာ ထူဆန်း နတ်သခင်သုံးဦး၏ မျက်စိကို လှည့်စား ဆွဲဆောင်ရန်အတွက် အာရုံပြောင်းခြင်း သက်သက်သာ ဖြစ်၏။
၎င်းတို့သည် ထိုအချက်ကို ရိပ်မိသွားကြသည်နှင့် တစ်ပြိုင်နက် အာကာသကို ချိပ်ပိတ်ရန်အတွက် ၎င်းတို့၏ နတ်စွမ်းအားများကို လျှပ်စီးလက်သလို အလျင်အမြန်ပင် ထုတ်လွှတ်လိုက်ကြသည်။ ထို့ကြောင့် ယခင်က လုချန်းကို တိုက်ခိုက်ခဲ့သည့် ထူးဆန်း နတ်သခင်သည် အာကာသလမ်းစဉ်ကို အထူး ကျင့်ကြံထားသူ ဖြစ်သည့်တိုင်အောင် လုချန်း၏အနီးသို့ တိုက်ရိုက်ချဉ်းကပ်ရန် အာကာသ တည်နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုနိုင်ခြင်း မရှိတော့ပေ။
လုချန်းကို ကာကွယ်ပေးထားသည့် နတ်သခင် အမြောက်အမြားကို မြင်လိုက်ရလျှင် ထူးဆန်းနတ်သခင်သုံးဦးလည်း ချက်ချင်းပင် အလွန် မငြိမ်မသက် ဖြစ်သွားကြတော့သည်။ လုချန်း၏ ကိုယ်ပွားများသည် အင်းကွက်များကို တစ်ပြိုင်နက်တည်း ရေးဆွဲနိုင်လိမ့်မည်ဟု ၎င်းတို့ မျှော်လင့်မထားခဲ့ကြပေ။
၎င်းတို့သည် လက်ဦးမှုရယူကာ လုချန်းကို သုတ်သင်နိုင်ပြီး နည်းဗျူဟာပုံစံ အားကောင်းလာခြင်းကို တားဆီးနိုင်ခဲ့ပြီဟု ထင်မှတ်ခဲ့ကြခြင်းဖြစ်သည်။
သို့သော်လည်း နောက်ပိုင်းတွင် နတ်သခင် ဝမ်ကျဲ၏ သတင်းပို့ချက်က လုချန်းတွင် ကိုယ်ပွားတစ်ခုထက်မက ရှိနေပြီး ကိုယ်ပွားတစ်ခုစီကလည်း အင်းကွက်များကို ရေးဆွဲနိုင်ကြောင်း အားလုံးကို သတိပေးလိုက်သလိုဖြစ်သွားသည်။ ထိုအခါမှသာ ၎င်းတို့သုံးဦးလည်း တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း သဘောပေါက်သွားကြတော့သည်။
၎င်းတို့၏ စွမ်းအားက ကြောက်မက်ဖွယ်ကောင်းလှသော်လည်း ထိုနေရာတွင် နတ်သခင် တစ်ရာကျော် ရှိနေသဖြင့် လုချန်း၏ ကိုယ်ပွားများအားလုံးကို သတ်ဖြတ်ရန် မလွယ်ကူပေ။
ထိုအခိုက်အတန့်တွင် ၎င်းတို့အတွက် ရွေးချယ်စရာ လမ်းတစ်ခုသာ ကျန်ရှိတော့၏။
ထိုစဉ် ထူဆန်း နတ်သခင်တစ်ဦးက
“ဘယ်သူမှ သခင်ကြီးရဲ့ အစီအစဉ်ကို ဖျက်ဆီးလို့မရဘူး”
ဟု ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူပြောလိုက်သည်နှင့် ထိုထူးဆန်း နတ်သခင်၏ ခန္ဓာကိုယ်အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ မီးတောင်ပေါက်ကွဲသကဲ့သို့ ရူးသွပ်စွာ ပေါက်ကွဲထွက်လာပြီး သူ၏ ပုပ်ပွနေသော ခန္ဓာကိုယ်မှာလည်း အလျင်အမြန် အရည်ပျော်သွားကာ တဖြည်းဖြည်းနှင့် အရိုးစုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
၎င်းကို မြင်လိုက်ရလျှင် လူတိုင်း၏ မျက်နှာအမူအရာများ သွေးဆုတ်ဖြူလျော်ကာ သိသိသာသာ ပြောင်းလဲသွားကြ၏။
ကြယ်မြစ် နတ်သခင်က ထိတ်ထိတ်ပျာပျာဖြင့်
“မကောင်းတော့ဘူး။
သူ ကိုယ့်ကိုယ်ကို ဖောက်ခွဲတော့မယ်”
ဟု ကျယ်လောင်စွာ သတိပေးလိုက်သည်။
အာကာသကို ချိပ်ပိတ်ထားပြီး ဖြစ်သောကြောင့် ထူးဆန်း နတ်သခင်သုံးဦးအနေနှင့် နတ်သခင်တစ်ရာကျော်ကိုကျော်ဖြတ်ကာ လုချန်းကို သတ်ဖြတ်ရန်က သိသာထင်ရှားစွာပင် မဖြစ်နိုင်တော့ပေ။ ထိုသို့ဖြစ်ခြင်းကြောင့် ၎င်းတို့အတွက် မျှော်လင့်ချက် ကုန်ဆုံးကာ ကျန်ရှိတော့သည့် တစ်ခုတည်းသော ရွေးချယ်မှုက ကိုယ့်ကိုယ်ကို ဖောက်ခွဲရန်သာ ဖြစ်တော့သည်။
နတ်သခင် အမြောက်အမြား အတူတကွ ပျားအုံသဖွယ် ရှိနေကြသဖြင့် သူ ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်မည်ဆိုပါက မည်သို့ပင်ဖြစ်စေ နတ်သခင်အချို့ကို သေဆုံးစေခြင်း သို့မဟုတ် ဒဏ်ရာရရှိစေခြင်း ဖြစ်စေမည်ဖြစ်သည်။
ထျန်းရန် နတ်ဘုရား နယ်မြေအတွင်းရှိ နတ်သခင် အရေအတွက်က ကန့်သတ်ချက် ရှိလှ၏။ အကယ်၍ ယခုအကြိမ်တွင် နတ်သခင် ဒါဇင်ပေါင်းများစွာ တစ်ပြိုင်နက်တည်း အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့ပါက ၎င်းတို့၏ လှည့်စားခြင်းနယ်ပယ် အစီအစဉ်၏ နောက်ထပ်ခြေလှမ်းများအတွက် များစွာ လမ်းပွင့် အကျိုးရှိစေမည် ဖြစ်သည်။
ထိုထူဆန်း နတ်သခင်သည် ကိုယ့်ကိုယ်ကို ဖောက်ခွဲရန် ပြင်လိုက်စဉ်မှာပင် သူ၏ ဦးခေါင်းထက်၌ ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံ အင်းကွက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
ထိုအင်းကွက် ပေါ်လာသည့် တစ်ခဏ၌ပင် ထူးဆန်း နတ်သခင်၏ ကိုယ့်ကိုယ်ကို ဖောက်ခွဲမှု ချက်ချင်း ရပ်တန့်သွားပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ ဇာတ်သိမ်းသွားကာ ချိပ်ပိတ်ခံလိုက်ရသဖြင့် လှုပ်ရှားရခက်ခဲသွားကြောင်း ရုတ်တရက် သိလိုက်ရသည်။
နောက်တစ်ခဏ၌ အောင်မြင်ခန့်ညားသော အသံတစ်သံ ထွက်ပေါ်လာ၏။
“ကျုပ် ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ နတ်သခင်သုံးယောက်ကို ချိပ်ပိတ်တာ ကူညီပေးဖို့ နတ်သခင် သုံးဆယ်လောက် ချန်ထားခဲ့ပါ။”
လူအုပ်ကြီးသည် ထိုအသံလာရာသို့ မျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်ကြရာ မလှမ်းမကမ်းတွင် လုချန်း၏ ကိုယ်ပွားသုံးခု ထပ်မံ၍ ထင်းကနဲ ပေါ်လာသည်ကို တွေ့ရှိခဲ့ကြသည်။ ထိုလုချန်း သုံးဦးသည် လူနတ်အဆင့်သာ ရှိသော်လည်း ၎င်းတို့အားလုံးသည် စွမ်းရည်ပြည့်ဝစွာ ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံ အင်းကွက်များကို ရေးဆွဲနေကြခြင်း ဖြစ်သည်။
၎င်းကို မြင်လိုက်ရလျှင် နတ်သခင် ရှီယွဲ့က
“ကျွန်မ လက်အောက်မှာရှိတဲ့ ဒီအဖွဲ့ထဲက လူတွေအားလုံး လုချန်းကို ချက်ချင်း လက်တွဲကူညီပြီး သတ္တဝါဆန်းတွေကို ချိပ်ပိတ်လိုက်ကြ။”
ထိုစကားများနှင့်အတူ နတ်သခင် ရှီယွဲ့ကိုယ်တိုင် သူမ၏ အဖွဲ့ဝင် နတ်သခင်များကို စစ်ကူပေးသကဲ့သို့ ချက်ချင်း ဦးဆောင်ကာ လုချန်းထံသို့ နတ်စွမ်းအားများကို လျင်မြန်စွာ ထည့်သွင်းပေးလိုက်ကြသည်။
ခဏခန့်အတွင်း လုချန်း၏ အခြားကိုယ်ပွားနှစ်ခု ရေးဆွဲထားသော ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံ ပုံပေါ်လာတော့၏။ ထိုအခါ လုချန်းက အင်းကွက်များကို လျှပ်တပြက် အလျင်အမြန် စတင်လှုပ်ရှားစေလိုက်သည်။ ကျန်ရှိနေသော ထူးဆန်း နတ်သခင်နှစ်ဦး၏ ဦးခေါင်းထက်၌ အင်းကွက်နှစ်ခု မိုးကြိုးပစ်သလို ချက်ချင်း ပေါ်လာခဲ့သည်။
ထို့နောက် လုချန်း၏ ကိုယ်ပွားလေးခုစလုံးက တညီတညွတ်တည်း
“နှိပ်ကွပ်စမ်း”
ဟု ပြိုင်တူ အော်ဟစ်လိုက်ကြသည်။
မျက်စိတစ်မှိတ်အတွင်း ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံ လေးခုစလုံးသည် တစ်ပြိုင်နက်တည်း လှုပ်ရှားလာပြီး နေဝင်တောင်တန်းဆီသို့ လေးလံစွာ ဖိနှိပ်ကာ ဆင်းသက်သွားတော့သည်။
ထူဆန်း နတ်သခင်သုံးဦးလည်း မရှူနိုင် မကယ်နိုင်ဖြစ်ကာ မကျေမနပ် အော်ဟစ်လိုက်ကြ၏။
“မဖြစ်နိုင်ဘူး”
“တောက်... သွေးယဇ်ပူဇော်မယ့် သတ္တဝါတွေက... ခင်ဗျားတို့ စောင့်နေလိုက်ဦး”
“ယုတ်ညံ့တဲ့ ပုရွက်ဆိတ်လို သတ္တဝါတွေ။ ကျုပ်တို့ မကြာခင် ပြန်တွေ့ကြတာပေါ့...”
အင်းကွက်များ မြေပြင်ပေါ်သို့ ကျရောက်သွားသည်နှင့်အမျှ ကမ္ဘာပျက်မတတ် ကျယ်လောင်လှသော မြည်ဟီးသံကြီး ထွက်ပေါ်လာပြီး အဝေးက အန္တရာယ်မြေအတွင်းရှိ အမည်းရောင် ဝဲဂယက်ကြီးသည်လည်း မကြာမီ အချိန်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့တော့သည်။
လေထုထဲတွင် လွင့်မျောနေသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားများသည်လည်း သဲလွန်စမကျန် ပျောက်ကွယ်သွားကာ ကောင်းကင်ယံရှိ မည်းမှောင်နေသော တိမ်တိုက်များလည်း တစ်စစီ လွင့်စင်သွားပြီး ဘာမှ မဖြစ်ခဲ့သကဲ့သို့ ကောင်းကင်ပြာနှင့် တိမ်ဖြူများအဖြစ်သို့ ပြန်လည် ရောက်ရှိသွားတော့သည်။
အရာအားလုံး ငြိမ်သက်ခြင်းသို့ ပြန်လည်ရောက်ရှိသွားသည်ကို မြင်ရလျှင် ထိုနေရာတွင် ရှိနေကြသော နတ်သခင်များလည်း နောက်ဆုံး၌ သက်ပြင်းချနိုင်ကြတော့သည်။
၎င်းတို့ ရင်ထဲက အလုံးကြီးကျကာ စိတ်အေးသွားကြသည်နှင့်တစ်ပြိုင်နက် လူတိုင်း၏ အကြည့်များလည်း လုချန်းထံသို့ စုပြုံကျရောက်လာတော့သည်။
လုချန်းက ထိုအရာကို မည်သို့ ပြုလုပ်နိုင်ခဲ့သည်ကို ၎င်းတို့ အလွန် သိချင်နေကြသည်။
လုချန်းအနေနှင့် ရုပ်ပိုင်းဆိုင်ရာ ကိုယ်ပွားများစွာကို မည်သို့ ဖန်တီးနိုင်ခဲ့သည်ကို ခေတ္တဖယ်ထားဦးတော့ ထိုကိုယ်ပွားများက သူတော်စင်အဆင့် နည်းဗျူဟာပုံစံ အင်းကွက်များစွာကို တစ်ပြိုင်နက်တည်း ရေးဆွဲနိုင်ခြင်းဟူသည့် အချက်ကပင် အံ့ဩမှင်တက်ဖွယ် ကောင်းလှပေသည်။
ထိုနတ်သခင်များသည် ၎င်းတို့၏ အာရုံစိုက်မှုအားလုံးကို တစိုက်မတ်မတ် စုစည်းထားလျှင်ပင် ပြည့်စုံသော ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံ အင်းကွက်တစ်ကွက်ကို ရေးဆွဲနိုင်ခြင်း မရှိကြပေ။
သူတော်စင်အဆင့် နည်းဗျူဟာပုံစံ အင်းကွက်တစ်ခုကို ရေးဆွဲသည့် လုပ်ငန်းစဉ်သည် လူတစ်ဦး၏ နတ်ဝိညာဉ်စွမ်းအားနှင့် နီးကပ်စွာ ဆက်စပ်နေ၏။ အင်းကွက်သည် တဖြည်းဖြည်း ပုံပေါ်လာသည်နှင့်အမျှ နတ်ဝိညာဉ်အား တောင်ကြီးဖြင့် ဖိထားသလို ခံစားရပြီး ထိုဖိအားကလည်း တဖြည်းဖြည်းပြင်းထန်လာတတ်သည်။
အကယ်၍ လုချန်းသည် သူတော်စင်အဆင့် နည်းဗျူဟာပုံစံ အင်းကွက်များစွာကို တစ်ပြိုင်နက်တည်း ရေးဆွဲနိုင်သည်ဆိုပါက သူ၏ နတ်ဝိညာဉ်စွမ်းအားသည် အံ့မခန်း မယုံကြည်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေပြီဟု ဆိုလိုခြင်း မဟုတ်ပါလား။
ဒါက ဖြစ်နိုင်မလား…
လုချန်း၏ ပင်မကိုယ်က နတ်ဧကရာဇ်တစ်ပါး ဖြစ်နေတာလား။
ထိုဖြစ်နိုင်ခြေကို တွေးမိလိုက်လျှင် လုချန်းထံမှ ကံကောင်းခြင်း အခွင့်အရေးများကို မျက်စိကျနေခဲ့ကြသော အချို့သူများ ကြက်သီးမွေးညင်းထကာ ကျောချမ်းသွားကြတော့သည်။
လုချန်းသည် နတ်ဧကရာဇ်တစ်ပါး မဟုတ်ခဲ့လျှင်ပင် သူ၏ ပင်မကိုယ်သည် နတ်ဧကရာဇ်တစ်ပါးနှင့် ရင်ဘောင်တန်း နှိုင်းယှဉ်နိုင်သော စွမ်းအားမျိုး ပိုင်ဆိုင်ထားနိုင်ခြေ ရှိပေသည်။
လုချန်းသည် နတ်ဧကရာဇ် တပါး လူဝင်စားသူ ဖြစ်နိုင်ခြေလည်း အလွန်များသည်။
ထိုအခိုက်အတန့်တွင် စိတ်ခြောက်ခြားကာ အထိတ်လန့်ဆုံး ဖြစ်နေရသူကတော့ ကြယ်မြစ် နတ်သခင်ပင်။
အကယ်၍ လုချန်းသည် နတ်ဧကရာဇ်တစ်ပါး၏ လူဝင်စား အစစ်အမှန် ဖြစ်နေခဲ့ပါက သူ စွမ်းအားများ ပြန်လည်ရရှိလာလျှင် ခမ်းနားသော ကောင်းကင်ခန်းမနှင့် ရှိခဲ့ဖူးသော မျက်နှာပျက်စရာ စာရင်းဟောင်းများ လာရောက်ရှင်းလင်းနိုင်ပေသည်။
သို့သော်လည်း ယခုအခါ နတ်ဆိုးဧကရာဇ်သည် သူမ၏ နဂို ကျင့်ကြံခြင်းစွမ်းအားများ ပြန်လည်ရရှိထားပြီး ဖြစ်သောကြောင့် ထျန်းရန် နတ်ဘုရား နယ်မြေ၏ ကံစွမ်းအားသည် အခြားနတ်ဧကရာဇ်တစ်ပါး တည်ရှိမှုကို ထောက်ပံ့ပေးနိုင်တော့မည် မဟုတ်ချေ။
နတ်ဆိုးဧကရာဇ် အသက်ထင်ရှား ရှိနေပါက လုချန်း၏ ပင်မကိုယ်သည် သူ၏ နတ်ဧကရာဇ် ကျင့်စဉ်အဆင့်ကို ပြန်လည်ရရှိရန် ဘယ်လိုမှ မဖြစ်နိုင်သလောက်ပင်။
မည်သို့ပင်ဖြစ်စေ လုချန်း ပင်မကိုယ်၏ စွမ်းအားကတော့ သံသယဖြစ်ဖွယ်မရှိလှသသဖြင့် သူကိုယ်တိုင်လည်း လူဝင်စားခြင်းကို အလျင်အမြန် ပြုလုပ်သင့်ပေသည်။
လုချန်းနှင့်အတူ ဧကရာဇ်အဆင့် ဖြစ်လာနိုင်မည့် အခွင့်အရေးများ ရှိမရှိဟူသည့် အချက်ကိုတော့ ကြယ်မြစ် နတ်သခင် ဂရုမစိုက်တော့ပေ။
နတ်သခင် ဝမ်ကျဲကလည်း အိပ်မက်မှနိုးလာသလို သတိပြန်ဝင်လာပြီး လုချန်းကို ရိုသေစွာဖြင့်
“ဒါတွေအားလုံးက မိတ်ဆွေ လု ကြောင့်ပါပဲ။ အကယ်၍ အဲ့ဒီ ထူးဆန်း နတ်သခင်တွေ ကိုယ့်ကိုယ်ကို အောင်မြင်စွာ ဖောက်ခွဲသွားနိုင်ခဲ့ရင် ကျုပ်တို့ မသေဆုံးခဲ့ရင်တောင် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရသွားနိုင်ပါတယ်။”
အခြား နတ်သခင်များကလည်း ဝိုင်း၍ ပြောကြသည်။
“မိတ်ဆွေ လုက သူတော်စင်အဆင့် နည်းဗျူဟာပုံစံ အင်းကွက်များစွာကို တစ်ပြိုင်နက်တည်း ရေးဆွဲနိုင်လိမ့်မယ်လို့ ကျုပ်တို့ တကယ်ကို မျှော်လင့်မထားခဲ့ဘူး။”
“မိတ်ဆွေ လု ဒီမှာ ရှိနေတာ တကယ်ကို ကံကောင်းတာပဲ။”
“မိတ်ဆွေ လု ရဲ့ နတ်ဝိညာဉ်က ကောင်းကင်ကို ကိုင်လှုပ်နိုင်လောက်အောင် အလွန်အင်မတန် အားကောင်းတာကြောင့် အချိန်တန်ရင် အဲဒီခြေလှမ်းကို လှမ်းနိုင်ပြီး နတ်ဧကရာဇ်တစ်ပါး ဖြစ်လာမှာပါ။”
လုချန်းက
“ကျေးဇူးပြုပြီ အားနာစရာ စကားတွေ ပြောမနေပါနဲ့တော့။ အခု လက်ရှိ အရေးကြီးဆုံး အလုပ်က ကျန်ရှိနေတဲ့ အန္တရာယ်မြေတွေကို ပိတ်ဆို့ဖို့ပါပဲ။ လောလောဆယ်တော့ ကျုပ်တို့ အဖွဲ့လေးဖွဲ့ ခွဲလိုက်ကြရအောင်။ အကယ်၍ အကြီးစား အန္တရာယ်မြေမျိုးနဲ့ ထပ်တိုးရင် ကျုပ်ရဲ့ ကိုယ်ပွားတွေကတစ်ဆင့် ခင်ဗျားတို့ကို အကြောင်းကြားပါ့မယ်။”
ကြယ်မြစ် နတ်သခင်က နေမထိထိုင်မသာဖြင့် အတင်းအကြပ် ပြုံးလိုက်ပြီး
“မိတ်ဆွေ... မိတ်ဆွေ လု ပြောတာ မှန်ပါတယ်။ ကျုပ်တို့ အခု လမ်းခွဲသင့်ပြီ။”
ထိုစကားများနှင့်အတူ ကြယ်မြစ် နတ်သခင်သည် နတ်လှေကို ထုတ်ယူကာ သူ၏ အဖွဲ့ဝင် နတ်သခင်များနှင့်အတူ နေဝင်တောင်တန်း၏ ပိုမိုနက်ရှိုင်းသော နေရာသို့ အရှိန်အဟုန်ဖြင့် ဦးတည် ထွက်ခွာသွားတော့သည်။
ကြယ်မြစ် နတ်သခင် ထွက်ခွာသွားသည်ကို တွေ့မြင်လျှင် နတ်သခင် ဝမ်ကျဲနှင့် နတ်သခင် ကန်းယာတို့လည်း ၎င်းတို့၏ သက်ဆိုင်ရာ အဖွဲ့များကို ဦးဆောင်ကာ နေဝင်တောင်တန်းအတွင်းရှိ အန္တရာယ်မြေများ၏ အခြားအရပ်မျက်နှာများသို့ သွားရောက် စူးစမ်းရှာဖွေခဲ့ကြသည်။
ထိုအဖွဲ့သုံးဖွဲ့ ထွက်ခွာသွားပြီးနောက် နတ်သခင် ရှီယွဲ့သည် လုချန်း၏ ခန္ဓာကိုယ်တစ်ခုကို သူမ၏ နတ်လှေပေါ်သို့ ပြန်လည် ခေါ်ဆောင်သွားခဲ့သည်။
လှေပေါ်သို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် သူမသည် နတ်လှေကို ပြင်ပကမ္ဘာမှ သီးခြားခွဲထုတ်ရန်အတွက် အကာအကွယ်နည်းဗျူဟာပုံစံ တစ်ခုကို တည်ဆောက်လိုက်သည်။
ထို့နောက် နတ်သခင် ရှီယွဲ့က လှည့်လိုက်ပြီး လုချန်း၏ နက်ရှိုင်းသော မျက်ဝန်းများကို စိုက်ကြည့်ကာ ခပ်ဖွဖွပြုံး တစ်ခုနှင့်အတူ မေးလိုက်၏။
“ကျွန်မ တကယ်ကို စိတ်ဝင်စားမိတယ်။ ရှင်က တကယ်တော့ ဘယ်သူလဲ။”
--
…………….