အခန်း ၁၉၃၁
Vol. 129 Ch. 1931
အခန်း (၁၉၃၁)
လျှောက်ရဦးမည့် လမ်းခရီး
နတ်သခင် ရှီယွဲ့သည် ဉာဏ်ပညာအမြော်အမြင်နှင့် ပြည့်စုံသူဖြစ်၏။
မိုက်မဲသူတစ်ယောက် မဟုတ်ပေ။
သူတော်စင်အဆင့် နည်းဗျူဟာပုံစံ အမြောက်အမြားကို တစ်ပြိုင်နက်တည်း ရေးဆွဲနိုင်စွမ်း ရှိသူ၏ နတ်ဝိညာဉ်စွမ်းအားမှာ နတ်ဧကရာဇ်တစ်ပါးနှင့် နှိုင်းယှဉ်နိုင်လောက်အောင်ပင် အရှိန်အဝါ ကြီးမားလှ၏။ လုချန်းသည် လက်ရှိတွင် နတ်ဧကရာဇ်တစ်ပါး မဟုတ်သေးလျှင်ပင် နတ်ဧကရာဇ်တစ်ပါး၏ ဝင်စားသူ ဖြစ်နိုင်ခြေ အလွန်များသည်။
နတ်ဧကရာဇ် ဖြစ်လာနိုင်ခြေရှိသူတစ်ဦးက သူမ၏ ခန္ဓာကိုယ်အပေါ် စိတ်ဝင်စားမှု ပြသလာခြင်းမှာ သူမအတွက် သတင်းကောင်းတစ်ခု မဟုတ်ပေ။
နတ်သခင် ရှီယွဲ့၏ မေးခွန်းကို ကြားလျှင် လုချန်းက လေညင်းပမာ အေးချမ်းစွာ ပြုံးလိုက်၏။ ထို့နောက် လုချန်းက နတ်သခင် ရှီယွဲ့ကို ကြည့်ကာ
“ယောက်ျားတစ်ယောက်အပေါ် စူးစမ်းချင်စိတ် ရှိလာတာက အလွန် အန္တရာယ်များတဲ့ အရာတစ်ခု ဖြစ်လာနိုင်တယ်။”
နတ်သခင် ရှီယွဲ့၏ လှပသော မျက်နှာတွင်ဇဝေဇဝါဖြစ်ခြင်း အရိပ်အယောင် အနည်းငယ် ပေါ်လာပြီးနောက်
“အို... ဟုတ်လို့လား... ဘယ်လို အန္တရာယ်မျိုးလဲ”
ဟု လှောင်ပြောင်သလို မေးလိုက်၏။
နတ်သခင် ရှီယွဲ့ကပင် ဆက်လက်၍
“ရှင့်ရဲ့ နောက်ခံက ကြီးကျယ်လွန်းလို့ ရှင့်ရဲ့ သရုပ်မှန် သိလိုက်ရင် ကြီးမားတဲ့ ကံကြမ္မာအကျိုးဆက်ကို ထမ်းရမှာ မလို့လား။”
“တကယ်လို့ အဲ့ဒီလိုသာဆိုရင်တော့ မီးနဲ့ကစားမိသလို မဖြစ်အောင် ရှင့်ရဲ့ သရုပ်မှန်ကို မစုံစမ်းတာကပဲ အကောင်းဆုံး ဖြစ်လိမ့်မယ်။”
နတ်သခင် ရှီယွဲ့သည် မိုက်မဲသူတစ်ယောက် မဟုတ်ပေ။ သူမသည် ထျန်းရန်နတ်ဘုရားနယ်မြေ၏ အထက်မြက်ဆုံး ထိပ်သီးနတ်သခင်တစ်ပါး ဖြစ်သော်လည်း အမွေဆက်ခံရရှိထားသော မှတ်ဉာဏ်များအရ ထျန်းရန်နတ်ဘုရားနယ်မြေအတွင်း၌ အလွန် နက်ရှိုင်းပြီး သူမပင်လျှင် ချဉ်းကပ်ခွင့်မရှိသည့် လျှို့ဝှက်ချက် အမြောက်အမြား ရှိနေကြောင်း ကောင်းကောင်းနားလည်ထား၏။
ဥပမာအားဖြင့် ယခုအကြိမ် ပေါ်ပေါက်လာသည့် သတ္တဝါဆန်းများ ချိပ်ပိတ်ခြင်းကို ပြန်လည်အားဖြည့်ရန်အတွက်တင် ထျန်းရန်နတ်ဘုရားနယ်မြေအနေနှင့် လျှို့ဝှက်ဆန်းကြယ်စွမ်းအား၏ ရက်စက်စွာ ဝါးမြိုခြင်းကို ခံလိုက်ရသည့် နတ်သခင်သုံးပါးအပါအဝင် စုစုပေါင်း နတ်သခင် တစ်ဆယ့်သုံးပါးအထိ တန်ဖိုးကြီးစွာ ပေးဆပ်ခဲ့ရ၏။
ထိုသတ္တဝါဆန်းများသည် အလွန်တရာ အန္တရာယ်ကြီးမားလှသော်လည်း နတ်သခင် ရှီယွဲ့၏ အမွေဆက်ခံရရှိထားသော မှတ်ဉာဏ်များထဲတွင်တော့ ထိုထက်မက အဆပေါင်းများစွာ ပိုအန္တရာယ်ကြီးမားသည့် လျှို့ဝှက်ချက်များ ရှိနေသေးသည်။
နတ်သခင် ရှီယွဲ့၏ စကားကို ကြားလျှင် လုချန်း အသာအယာ ရယ်မောလိုက်၏။
ထို့နောက် လုချန်းက
“ကျုပ်ရဲ့ နောက်ခံက အဲဒီလောက်အထိတော့ မလျှို့ဝှက်ပါဘူး။ ဒါပေမဲ့ မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်အပေါ် စူးစမ်းချင်စိတ် ရှိလာပြီဆိုရင် အဲဒီယောက်ျားကို ချစ်မိသွားဖို့က သိပ်မဝေးတော့ဘူးလေ”
ဟု အကဲစမ်းသလို ပြောလိုက်၏။
လုချန်းကပင် ဆက်လက်၍
“ဒါကြောင့် အခု ခင်ဗျားကိုယ်ခင်ဗျား မီးလျှံထဲ တိုးဝင်နေတဲ့ ပိုးဖလံလေးလို အန္တရာယ်ရှိနေပြီလို့ ခံစားရလား။”
လုချန်း၏ စကားကို ကြားလျှင် နတ်သခင် ရှီယွဲ့ မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ ထိုစဉ် သူမ နှာခေါင်းတစ်ချက်ရှုံ့ကာ လုချန်းကို အထင်သေးသည့် အကြည့်ဖြင့် စောင်းငဲ့ကြည့်လိုက်၏။
လုချန်းသည် နတ်ဧကရာဇ်တစ်ပါး၏ ဝင်စားသူ ဖြစ်နိုင်ခြေ ရှိသော်လည်း သူမအနေနှင့် တစ်စုံတစ်ယောက်ကို ချစ်မိသွားလိမ့်မည်ဟူသော အချက်က လုံးဝ မဖြစ်နိုင်ပေ။
ထို့ပြင် သူက လူသားတစ်ယောက် သက်သက်သာ ဖြစ်နေ၏။ လောကီအလိမ်အညာများနှင့် အလိုရမ္မက်များကို ထိုးဖောက်မြင်နိုင်သည့် ကောင်းကင်မြေခွေးမျိုးနွယ် ဖြစ်သည့်အလျောက် နတ်သခင် ရှီယွဲ့သည် ယောက်ျားတို့၏ သဘာဝကို အစောကတည်းကပင် အကုန်အစင် အမှန်အတိုင်း ထိုးဖောက်မြင်နိုင်ခဲ့၏။
၎င်းတို့၏ စိတ်ထဲ၌ ထိုကဲ့သို့သော ညစ်ညမ်းသည့် အရာများဖြင့်သာ ပြည့်နှက်နေသည်ဟု သူမ ယူဆထားသဖြင့် ယေဘုယျအားဖြင့် ယောက်ျားများအပေါ် ကောင်းသော အထင်အမြင် မရှိပေ။ အထူးသဖြင့် ပရိယာယ်များလှသော လူသားယောက်ျားများ ဖြစ်၏။
နတ်ဆိုးမျိုးနွယ် ယောက်ျားများတွင်လည်း အလိုရမ္မက်များ ရှိသော်လည်း အများစုမှာ ပွင့်လင်းရိုးရှင်းလှ၏။ သို့သော် လူသားများကတော့ ၎င်းတို့၏ ရည်မှန်းချက် အောင်မြင်ရန်အတွက် မြေခွေးလို ပရိယာယ်မျိုးစုံကို အကွက်ကျကျ အသုံးပြုတတ်ကြ၏။
ဟုတ်ပါသည်။ ပါးနပ်သော လူသားများအတွက်တော့ နတ်ဆိုးမျိုးနွယ်တို့၏ ပွင့်လင်းရိုးရှင်းမှုဟူသည်မှာ အလွန်ပင် ကလေးကလားဆန်လွန်းလှ၏။
ထိုအခိုက်အတန့်တွင် နတ်သခင် ရှီယွဲ့က လုချန်းကို
“ရှင့်ရဲ့ သရုပ်မှန် နောက်ခံက ဘာပဲဖြစ်နေဖြစ်နေ... နတ်ဧကရာဇ်တစ်ပါး ဝင်စားသူ ဖြစ်နေရင်တောင်မှ ကျွန်မကို ပစ်မှတ်မထားဖို့ ရှင့်ကို ကျွန်မ အကြံပြုချင်တယ်”
ဟု ပြတ်သားစွာ ဆိုလိုက်သည်။
နတ်ဧကရာဇ်တစ်ပါး ဝင်စားသူဟု သံသယရှိရသူတစ်ဦး၏ စောင့်ကြည့်ခြင်းကို ခံရသည်မှာ ဆူးပေါ်ထိုင်ရသလို စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းသော်လည်း သူမသည် မွန်မြတ်လှသော ကောင်းကင်မြေခွေးမျိုးနွယ်ဝင် ဖြစ်သဖြင့် အခြားသူများနှင့် နှိုင်းယှဉ်ပါက နတ်ဧကရာဇ်အဆင့်သို့ တက်လှမ်းရန် ခြေလှမ်းတစ်လှမ်း ပိုလွယ်ကူ၏။
လက်ရှိတွင် ထျန်းရန်နတ်ဘုရားနယ်မြေ၌ နတ်ဧကရာဇ်တစ်ပါး ပေါ်ထွက်ထားပြီးဖြစ်၏။ နတ်ဆိုးဧကရာဇ်က ထျန်းရန်နတ်ဘုရားနယ်မြေ၏ ကံစွမ်းအားကို စိတ်တိုင်းကျ လွှမ်းမိုးချုပ်ကိုင်ထားပြီး ဖြစ်သည်။
လုချန်းသည် ပြီးခဲ့သည့်ဘဝက နတ်ဧကရာဇ်တစ်ပါး ဖြစ်ခဲ့လျှင်ပင် ယခုဘဝတွင် ထိုနတ်ဧကရာဇ်ကျင့်စဉ်အဆင့်ကို ပြန်လည်ရရှိရန်က လွယ်ကူလှသည့် အရာမဟုတ်ပေ။ သို့သော် ကောင်းကင်မြေခွေးမျိုးနွယ် ဖြစ်သည့် သူမအတွက်တော့ အခြေအနေက လုံးဝဥဿုံ ခြားနား၏။
သူမတွင် လျှို့ဝှက်ဆန်းကြယ်လှသော အခြားနည်းလမ်းများဖြင့် နတ်ဧကရာဇ် ဖြစ်လာနိုင်သည့် လမ်းစများ ရှိနေပြီး ထျန်းရန်နတ်ဘုရားနယ်မြေ၏ ကံစွမ်းအားက သူမကို ကန့်သတ်ချုပ်ချယ်ထားနိုင်ခြင်း မရှိပေ။
သူမသာ နတ်ဧကရာဇ်အဆင့်သို့ အောင်မြင်စွာ တက်ရောက်သွားပါက လုချန်း နတ်ဧကရာဇ်အဖြစ် ဝင်စားသူ ဖြစ်နေလျှင်ပင် သူမအား ဘာမှလုပ်နိုင်လိမ့်မည် မဟုတ်ပေ။ ထိုအခါ သူ သူမအပေါ် တစ်စုံတစ်ခု ကြံစည်ပါက တောဆင်ရိုင်းကို အပ်ချည်ကြိုးနှင့် တုပ်နှောင်သလိုမျိုး ပို၍ပင် မဖြစ်နိုင်တော့ပေ။
နတ်သခင် ရှီယွဲ့၏ လေးနက်လှသော သတိပေးချက်ကို ကြားလျှင် လုချန်းက ဂရုမစိုက်ဟန်ဖြင့် ခပ်ပြုံးပြုံးသာ တုံ့ပြန်လိုက်၏။ ထို့နောက် လုချန်းက တည်ငြိမ်စွာဖြင့် နတ်သခင် ရှီယွဲ့ကို စူးစိုက်ကြည့်ကာ
“ဒါပေမဲ့ ကျုပ်က ခင်ဗျားကိုပဲ ပစ်မှတ်ထားဖို့ အသေအချာ ဆုံးဖြတ်ထားတယ်ဆိုရင်ကော”
ဟု မေးလိုက်သည်။
ထိုသို့ပြောရင်း နတ်သခင် ရှီယွဲ့၏ ချောမောလှပသော မျက်နှာကို လုချန်း မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်လိုက်၏။
နတ်သခင် ရှီယွဲ့လည်း ရေခဲပမာ အေးစက်စွာဖြင့် ခဏခန့် တုံ့ဆိုင်းသွားပြီးနောက် လုချန်းကို
“ရေနဲ့ဆီ ကွာသလို လူနဲ့ နတ်ဆိုးက လမ်းစဉ်ချင်း မတူကြဘူး။ ကျွန်မတို့ကြားမှာ ဘာရလဒ်မှ ရှိလာမှာ မဟုတ်ဘူး”
ဟု ပြတ်ပြတ်သားသား ပြောလိုက်၏။
ထိုစကားကြောင့် လုချန်း သဘောကျစွာ အော်ဟစ်ရယ်မောလိုက်၏။ ထို့နောက် လုချန်းက
“နတ်သခင်အဆင့် ရောက်နေတဲ့ အချိန်မှာ လူနဲ့ နတ်ဆိုးဆိုပြီး ဘယ်မှာ စည်းခြားစရာ ရှိဦးမှာလဲ။”
ယေဘုယျအားဖြင့် “လူနှင့် နတ်ဆိုး လမ်းစဉ်ချင်း ခြားနားခြင်း” ဟူသော စကားလုံးမှာ နတ်ဆိုးမျိုးနွယ်က သက်တမ်း ပိုရှည်လျား သောကြောင့် သာမန်လူသားများနှင့် နတ်ဆိုးမျိုးနွယ်စုများအကြား ကွာခြားချက်ကို ရည်ညွှန်းခြင်း ဖြစ်၏။
သို့သော် နတ်များအတွက်တော့ လုံးဝ ခြားနားလှ၏။ အဘယ့်ကြောင့်ဆိုသော် လူသားနတ်နှင့် နတ်ဆိုးနတ် နှစ်ဦးစလုံးသည် အလားတူ ရှည်လျားသော သက်တမ်းများကို ပိုင်ဆိုင်ထားကြသောကြောင့် ဖြစ်၏။
နတ်ဆိုးမျိုးနွယ်စုများတွင် အလွန်တရာ သက်တမ်းရှည်လျားသည့် ထူးခြားသော မျိုးနွယ်စုအချို့ ရှိသော်လည်း နတ်နယ်ပယ်သို့ ရောက်ရှိပြီးနောက်တွင်တော့ သက်တမ်းကို တိုးမြှင့်နိုင်မည့် နည်းလမ်းမျိုးစုံက လက်တစ်ကမ်းမှာ ရှိနေပြီ ဖြစ်၏။
ထင်ရှားသော စံပြဥပမာတစ်ခုက နတ်သခင် ဝမ်ကျဲ ဖြစ်၏။ သူသည် တန်ဖိုးဖြတ်မရသော သက်ရှည်ဆေးကို သုံးစွဲခဲ့ပြီး လွန်ခဲ့သည့် ကမ္ဘာဦးခေတ်ကတည်းက ယခုခေတ်တိုင်အောင်ပင် အသက်ရှည်စွာ နေထိုင်လာခဲ့ခြင်း ဖြစ်သည်။
နတ်ဆိုးမျိုးနွယ်စုများထဲတွင် နတ်သခင် ဝမ်ကျဲလောက် သက်တမ်းရှည်ရှည် နေထိုင်နိုင်သူ အလွန်ပင် ရှားပါးလှသဖြင့် လူနှင့် နတ်ဆိုး လမ်းစဉ်ချင်း ခြားနားခြင်းဟူသော အယူအဆဟောင်းမှာ ယခုကဲ့သို့ မြင့်မားသောအဆင့်အတန်းမျိုးတွင် လုံးဝ ကွယ်ပျောက်သွားပြီ ဖြစ်၏။ အရှေ့ပိုင်းနယ်မြေတွင် သားရဲမဟာမိတ်နှင့် ချင်းယွမ်ကျောင်းတော်တို့အကြား ပြိုင်ဆိုင်မှုများ ပြင်းထန်နေသော်လည်း နတ်ဆိုးနတ်များနှင့် လူသားနတ်များစွာသည် အတူတကွ ပေါင်းဖက်ကာ လင်မယားစုံတွဲများ ဖြစ်လာခဲ့ကြပြီးဖြစ်၏။
လုချန်း၏ ဇွဲနပဲကြီးမှုကို တွေ့မြင်လျှင် လုချန်းနှင့် ပတ်သက်၍ သူမ ကြားဖူးထားသည့် ကောလာဟလအချို့ကို နတ်သခင် ရှီယွဲ့သည် ရုတ်တရက် သတိရသွား၏။
ထို့နောက် နတ်သခင် ရှီယွဲ့က
“ရှင်က ကျွန်မရဲ့ ဘဝအဖော်ဖြစ်ချင်တယ်ဆိုရင်တော့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ရှင်က ကျွန်မတစ်ယောက်တည်းကိုပဲ အဖော်အဖြစ် ရွေးချယ်ရမယ်”
ဟု စိန်ခေါ်လိုက်၏။
နတ်သခင် ရှီယွဲ့သည် လုချန်း၏ ပွေရှုပ်တတ်သော သဘာဝကို အစောကတည်းက ကြားသိထားပြီးဖြစ်သည်။ သူ့ဘေးတွင်လည်း ရေတွက်မကုန်နိုင်သော ရင်းနှီးသည့် အမျိုးသမီး အမြောက်အမြား ရှိနေသည်ကိုလည်း သူမကောင်းစွာ သိသည်။
အမှန်စင်စစ် အရှေ့ပိုင်းနယ်မြေတွင်လည်း လုချန်း ဆွဲဆောင်သိမ်းပိုက်ခြင်းကို ခံလိုက်ရသည့် အမျိုးသမီးများစွာ ရှိနေပြီး သူမ မှတ်မိသလောက်ဆိုလျှင် လုချန်း ခေါ်ဆောင်သွားသည့် အမျိုးသမီးများထဲ၌ နတ်ဆိုးမျိုးနွယ်မှ ကညာပျိုများပင် ပါဝင်နေသေး၏။ ၎င်းတို့ထဲမှ တစ်ဦးမှာတော့ အဆင့်အတန်း မြင့်မားလှသည့် နတ်သခင်တစ်ပါး၏ သမီးတော် ဖြစ်သည်။
လုချန်းနှင့် ထိုနတ်သခင်၏ သမီးတော် လိုက်ပြေးသွားစဉ်က သားရဲမဟာမိတ်အတွင်း၌ အတော်ပင် လှုပ်ခတ်သွားခဲ့ဖူး၏။ လုချန်းအား သူမတစ်ဦးတည်းကိုသာ လက်တွဲဖော်အဖြစ် ရွေးချယ်ခိုင်းခြင်းမှာ သူ့ကိုယ်သူ သေကြောင်းကြံခိုင်းသည်နှင့် တူလှသဖြင့် သူ ဘယ်လိုမှ သဘောတူလိမ့်မည် မဟုတ်ဟု နတ်သခင် ရှီယွဲ့မြင်၏။
ထျန်းရန်နတ်ဘုရားနယ်မြေတွင် သူမ၏ အလှအပသည် လမင်းပမာ ထူးခြားထင်ရှားလှသော်လည်း ထိုကဲ့သို့ ရမ္မက်ကြီးသော စရိုက်ရှိသည့် ယောက်ျားတစ်ယောက်အတွက်တော့ သူမတစ်ဦးတည်းကိုသာ မည်သို့ ရွေးချယ်နိုင်ပါမည်နည်း။
ထို့ပြင် လုချန်း၏ ရင်းနှီးသောအမျိုးသမီးမိတ်ဆွေများထဲတွင်ကော မည်သူက အလှနတ်သမီး မဟုတ်သနည်း။
နတ်လောကတွင် လှပသော နတ်သမီးလေးများ မည်သည့်အခါမှ မရှားပါးပေ။ တောအုပ်တစ်ခုလုံးကို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးရှိပါလျက် သစ်ပင်တစ်ပင်တည်းအတွက်နှင့် အရာအားလုံးကို စွန့်လွှတ်ရန်မှာ လုချန်းအတွက် ကမ္ဘာပျက်လျှင် တောင် ဖြစ်နိုင်မည့် အရာမဟုတ်ပေ။
သို့သော် နတ်သခင် ရှီယွဲ့ကို အံ့အားသင့်စေသည်မှာ သူမ၏ စကား ဆုံးသွားသည်နှင့် တစ်ပြိုင်နက် လုချန်းက ချက်ချင်းပင်
“ရတာပေါ့... ပြဿနာမရှိပါဘူး”
ဟု ပေါ့ပေါ့ပါးပါး ဆိုလိုက်သည်။
လုချန်း ဤမျှ လွယ်လွယ်ကူကူ သဘောတူလိုက်သည်ကို တွေ့မြင်လျှင် နတ်သခင် ရှီယွဲ့ အစပိုင်း၌ မှင်တက်သွား၏။ ထို့နောက် လုချန်းထံမှ ထွက်ပေါ်လာသော လှည့်စားခြင်း အငွေ့အသက်ကို ခံစားမိလိုက်သဖြင့် သူမ နှာခေါင်းရှုံ့လိုက်၏။
အမှန်ပင်...
ယောက်ျားတစ်ယောက်၏ ကတိစကားဟူသည်မှာ လှည့်စားတတ်သော သရဲတစ္ဆေများ၏ စကားကဲ့သို့ပင် ယုံကြည်၍ မရပေ။ သူမ လုချန်း၏ အလိမ်အညာများကို ထုတ်ပြဖို့ ပြင်လိုက်စဉ်မှာပင် လုချန်းက ကောက်ကျစ်စွာ ပြုံးလိုက်ပြီး
“ကျုပ်ရဲ့ ဒီကိုယ်ပွားက ခင်ဗျားတစ်ယောက်တည်းကိုပဲ ဘဝလက်တွဲဖော်အဖြစ် နေသွားမယ်လို့ ကတိပေးပါတယ်။”
ထိုစကားကို ကြားလျှင် နတ်သခင် ရှီယွဲ့၏ လှပသော မျက်နှာလည်း ရေခဲရိုက်လိုက်သလို ချက်ချင်းပင် အေးစက်တောင့်တင်းသွားပြီး
“ရှင် ကျွန်မကို စော်ကားနေတာလား”
ဂုဏ်သရေရှိလှသော နတ်သခင်တစ်ပါးဖြစ်သည့် သူမအနေနှင့် ကိုယ်ပွားတစ်ခု၏ လက်တွဲဖော်ဘဝပဲ ရောက်ရမှာလား။
ဤအကြောင်းသာ ပြင်ပသို့ ပျံ့နှံ့သွားပါက တစ်လောကလုံး၏ ကဲ့ရဲ့လှောင်ပြောင်ခြင်းကို သူမ အရှက်တကွဲ ခံရပေလိမ့်မည်။
နတ်သခင် ရှီယွဲ့က လုချန်းကို
“ရှင် မလိုက်နာနိုင်ရင်တော့ အချိန်မကုန်ခင် စောစောစီးစီး လက်လျှော့လိုက်တာ ပိုကောင်းလိမ့်မယ်။ ကျွန်မ ရှင့်ရဲ့ အသက်မဲ့တဲ့ ကိုယ်ပွားကို ယောင်လို့တောင် စိတ်မဝင်စားဘူး။”
ထိုသို့ပြောပြီးနောက် နတ်သခင် ရှီယွဲ့လည်း စကား ဆက်ပြောရန် စိတ်ကုန်သွားပုံရပြီး နောက်တစ်ခဏ၌ လေထဲလွင့်သလို ပျောက်ကွယ်သွားခဲ့ရာ လေထုထဲတွင် သူမ၏ သင်းပျံ့သော ရနံ့တစ်ခုသာ ကျန်ရစ်ခဲ့၏။
လုချန်းလည်း အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ကွေးညွတ်ကာ ပြုံးလိုက်၏။
မှန်ပါသည်။
နတ်သခင်များကို ကိုင်တွယ်ရ အမှန်ပင် ခက်ခဲလှ၏။ သူ၏ လက်ရှိ စွမ်းအားမှာလည်း မလုံလောက်သေးပေ။
သို့သော် ယခုအချိန်တွင် လက်လျှော့ရန်ကတော့ သူ၏ စရိုက်မဟုတ်ပေ။ နတ်သခင် ရှီယွဲ့ကို မဆိုထားနှင့် နတ်ဧကရာဇ် ရွှမ်ချင်းယွမ်ကိုပင် သူ ပစ်မှတ်ထားနေဆဲ ဖြစ်၏။ သို့သော် ရွှမ်ချင်းယွမ်သည် နတ်ဧကရာဇ်ကျင့်စဉ်အဆင့်ကို ပြန်လည်ရရှိသွားပြီ ဖြစ်ကြောင်း စဉ်းစားမိလျှင် လုချန်း အနည်းငယ် ခေါင်းခဲသွားရ၏။
လက်ရှိတွင် ထျန်းရန်နတ်ဘုရားနယ်မြေ၏ ကံစွမ်းအားသည် နတ်ဧကရာဇ်တစ်ပါးကိုသာ ပံ့ပိုးထောက်ပံ့ထားရန် လုံလောက်၏။ သူသည် စနစ်ကို အသုံးပြု၍ နတ်ဧကရာဇ်နယ်ပယ်အထိ ကျင့်ကြံတက်ရောက်နိုင်မလားဆိုတာကိုလည်း လုချန်း အလွန်သိချင်နေမိသည်။
သူ၏ ကျင့်စဉ်နယ်ပယ်ကို နတ်ဧကရာဇ်နယ်ပယ်သို့ အလျင်အမြန် မမြှင့်တင်နိုင်ပါက နတ်သခင် ရှီယွဲ့၊ နတ်သခင် ယွမ်မုန့်နှင့် နတ်သခင် ကောင်းကင်တည်းဟူသော ပန်းသုံးပွင့်ကို ပိုင်ဆိုင်နိုင်ရန်က ကောင်းကင်ကလမင်းကို လှမ်းဆွဲရသလို အလွန်တရာ ခက်ခဲလှပေလိမ့်မည်။
ထိုအတွေးများနှင့်အတူ လုချန်း အသာအယာ သက်ပြင်းချလိုက်၏။ ရှေ့တွင် လျှောက်လှမ်းရမည့် လမ်းခရီး အလွန် ရှည်လျားသေးကြောင်း သူ သဘောပေါက်လိုက်မိတော့သည်။
--
…………..