အခန်း ၁၉၃၂
Vol. 129 Ch. 1932
အခန်း (၁၉၃၂)
နေရပ်ပြန်ကြခြင်း
အချင်း ကီလိုမီတာ ထောင်ပေါင်းများစွာ ကျယ်ဝန်းသော ထိုအန္တရာယ်မြေကို ချိပ်ပိတ်ပြီးကတည်းက လုချန်းနှင့် သူ၏အဖွဲ့သည် နေဝင်တောင်တန်းအတွင်း ထိုကဲ့သို့သော အန္တရာယ်မြေမျိုးကို ထပ်မံ၍ မကြုံတွေ့ခဲ့ရတော့ပေ။ ထိုနေရာအများစုရှိ မြူခိုးများက အရင် လာရောက်တိုက်ခိုက်တတ်ကြသော်လည်း ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုက အပေးအယူညီလှသဖြင့် ပုံမှန်မဟုတ်သော လှုပ်ရှားမှုပြသသည့် မည်သည့်နေရာကိုမဆို ချိပ်ပိတ်ရန်အတွက် ခဏခန့်သာ အချိန်ယူရတော့သည်။
တကယ်တော့ ဤအရာမှာ အဓိကအားဖြင့် လုချန်း နည်းဗျူဟာပုံစံများ ရေးဆွဲသည့် အရှိန်နှုန်း ပိုမြန်လာခြင်းကြောင့်ဖြစ်သည်။ ထိုအန္တရာယ်ရှိသော နေရာများမှ ထွက်ပေါ်လာသည့် လျှို့ဝှက်ဆန်းကြယ်သော မြူမည်းများသည်ပင် လုချန်း ရေးဆွဲထားသည့် နည်းဗျူဟာပုံစံများ ၎င်းတို့၏အထက်တွင် ပေါ်လာသည်နှင့် ရှောင်ပြေးရန် အချိန်ပင် မရရှိခဲ့ကြပေ။
နောက်ထပ်နှစ်များအတွင်း လုချန်းသည် နတ်သခင်အဖွဲ့နှင့်အတူ ပူးပေါင်းကာ နေဝင်တောင်တန်းတစ်လျှောက်ရှိ ချိပ်ပိတ်မှုများကို ပိုခိုင်မာအောင် လုပ်ဆောင်ခဲ့သည်။
အစပိုင်းတွင် သူတို့သည် နေဝင်တောင်တန်းရှိ အန္တရာယ်ရှိသော နေရာအများစုကို ချိပ်ပိတ်ရန်အတွက် နှစ်နှစ်ခန့် အချိန်ပေးထားသော်လည်း လွတ်သွားသည့် နယ်မြေများ ရှိနေမည်ကို စိုးရိမ်ခဲ့ကြသည်။ ထို့ကြောင့် သူတို့ အဖွဲ့ကို လူဆယ်ဦးစီပါဝင်သည့် စစ်ကြောင်းငယ်များအဖြစ် ခွဲလိုက်ပြီး နေဝင် တောင်တန်းတစ်လျှောက်တွင် နှစ်အတော်ကြာ လှည့်ကင်းလှည့်ခဲ့ကြသည်။
ကြီးမားသော ပြဿနာများ မရှိတော့ကြောင်း သေချာသွားလျှင် နတ်သခင်များအားလုံးသည် သက်တံဖြူနတ်မြို့သို့ ပြန်လာခဲ့ကြသည်။
ထိုအခိုက်အတန့်တွင် သံတံဖြူနတ်မြို့၏ အထက်ကောင်းကင်ယံ၌ နတ်သခင် တစ်ရာကျော်သည် တစ်ဖန်ပြန်၍ စည်ကားသိုက်မြိုက်စွာ စုဝေးခဲ့ကြသည်။
နတ်သခင် ဝမ်ကျဲနှင့် ကြယ်မြစ် နတ်သခင်တို့သည် သီးခြားခွဲထွက် နည်းဗျူဟာပုံစံတစ်ခုကို အတူတကွ တည်ဆောက်လိုက်ကြသည်။ နည်းဗျူဟာပုံစံ ပေါ်ပေါက်လာသည်နှင့် ကြယ်မြစ် နတ်သခင်က
“အားလုံးရဲ့ ကူညီမှုကြောင့် ကျုပ် တို့ဟာ ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ချိပ်ပိတ်မှုကို ပိုခိုင်မာအောင် လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။”
“အခုဆိုရင် ချိပ်ပိတ်မှုကို ခိုင်ခံ့အောင် လုပ်ဆောင်ပြီးပြီ ဆိုပေမဲ့ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ သတ္တဝါတွေကို ဘယ်လောက်အထိ ကြာကြာ ပိတ်လှောင်ထားနိုင်မလဲ ဆိုတာကတော့ မသေချာသေးပါဘူး။”
“ထျန်းရန် နတ်ဘုရား နယ်မြေရဲ့ အကျိုးအတွက် သက်တံဖြူနတ်မြို့မှာ နတ်သခင် ဆယ်ဦးက အနှစ်နှစ်ဆယ်ကြာ နေထိုင်ပြီး နေဝင်တောင်တန်းမှာ အန္တရာယ်ရှိတဲ့ နေရာအသစ်တွေ ထပ်မံပေါ်ပေါက်လာခြင်း ရှိမရှိ ပုံမှန် စစ်ဆေးဖို့ ကျုပ် အဆိုပြုပါတယ်။”
“အကယ်၍ အန္တရာယ်ရှိတဲ့ နေရာအသစ်တွေ ပေါ်လာရင် ချက်ချင်း ချိပ်ပိတ်ရပါမယ်။”
နတ်သခင်များအတွက် အနှစ်နှစ်ဆယ်ဟူသည် မျက်စိတစ်မှိတ်သာကြာသော အချိန်ကာလမှသာ ဖြစ်သော်လည်း ရောက်ရှိနေသူများသည် ထိုအဆိုပြုချက်အပေါ် ချက်ချင်း သဘောတူညီကြောင်း မပြောခဲ့ကြပေ။ တစ်ယောက်မှ စကားမဟပဲ တိတ်ဆိတ်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
လူတိုင်းက ချင်းယွမ်ကျောင်းတော်နှင့် သားရဲမဟာမိတ်တို့၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြသည်။ သူတို့သည် အဆုံးစွန်၌ အထွတ်အထိပ်အဆင့် အင်အားစုများ ဖြစ်ကြသဖြင့် အကယ်၍ သူတို့က ထိုအဆိုပြုချက်ကို သဘောတူပါက အခြားအင်အားစုများသည်လည်း ရေစီးကြောင်းအတိုင်း သဘာဝကျစွာပင် လိုက်နာကြမည် ဖြစ်သည်။
အကယ်၍ အထွတ်အထိပ်အဆင့် အင်အားစုများကပင် ဦးဆောင်ခြင်းမပြုပါက အခြား မည်သူမှ ဤတာဝန်များကို ထမ်းဆောင်ရန် ဆန္ဒရှိကြမည်မဟုတ်ပေ။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် နတ်သခင် ဝမ်ကျဲက
“ကျုပ် ကြယ်မြစ် ခန်းမသခင်ရဲ့ အဆိုပြုချက်ကို သဘောတူပါတယ်။ နေဝင်တောင်တန်းရဲ့ ဘေးကင်းမှုက ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံးနဲ့ သက်ဆိုင်တာကြောင့် အမြဲတမ်း စောင့်ကြည့်နေဖို့က တကယ်ပဲ လိုအပ်ပါတယ်။”
ထို့အတူပင် နတ်သခင် ရှီယွဲ့ကလည်း
“ကျွန်မလည်း ဒီအဆိုပြုချက်ကို သဘောတူပါတယ်။”
ချင်းယွမ်ကျောင်းတော်နှင့် သားရဲမဟာမိတ် နှစ်ခုစလုံးက ထိုအဆိုပြုချက်ကို သဘောတူသည်ကို တွေ့မြင်လျှင် အခြားအုပ်စုများမှ နတ်သခင်များသည်လည်း ၎င်းတို့၏ သဘောတူညီချက်ကို ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
လူတိုင်း သဘောတူညီပြီးနောက် ကြယ်မြစ် နတ်သခင်က ဆက်လက်၍
“ဒါကို ကျုပ် စတင် အဆိုပြုခဲ့တာဖြစ်လို့ ခမ်းနားသော ကောင်းကင်ခန်းမက ဦးဆောင်ပြီး နတ်သခင် လေးဦး စေလွှတ်မှာဖြစ်ပါတယ်။ နေဝင်တောင်တန်းကို ပုံမှန် ကင်းလှည့်ဖို့ တောင်ပိုင်းနယ်က နောက်ထပ် ခြောက်ဦးနဲ့ ပူးပေါင်းမှာ ဖြစ်ပါတယ်။”
ထိုသို့ ပြောရင်း သူ၏ အကြည့်များ တောင်ပိုင်းနယ်မှ နတ်သခင်များထံသို့ ရောက်ရှိသွားရာ ၎င်းတို့သည် သူ၏အကြည့်ကို သတိပြုမိပြီးနောက်
“ကျုပ် တို့ ခမ်းနားသော ကောင်းကင်ခန်းမရဲ့ စီစဉ်မှုကို လိုက်နာပါ့မယ်”
ဟု သဘောတူညီကြောင်း ပြခဲ့ကြသည်။
သူတို့အားလုံးမှာ နတ်သခင်များ ဖြစ်ကြသော်လည်း စွမ်းဆောင်ရည်တွင်တော့ ကွာခြားမှုများ ရှိနေသည်။ တောင်ပိုင်းနယ်တွင် အထွတ်အထိပ် အင်အားစုတစ်ခု ဖြစ်သောကြောင့် ခမ်းနားသော ကောင်းကင်ခန်းမသည် တောင်ပိုင်းနတ်သခင်များ၏ လေးစားမှုကို ရရှိထားပြီး ၎င်းတို့သည်သဘာဝကျစွာပင် ထိုအင်အားစု၏ ဦးဆောင်မှုကို နာခံရမည်ဖြစ်သည်။
ဤအချိန်တွင် ကြယ်မြစ် နတ်သခင်၏ အကြည့်က လုချန်းထံသို့ ကျရောက်သွားပြီး ပြုံးလျက်
“လုချန်း... ခင်ဗျားရဲ့ ကိုယ်ပွားတစ်ခုကို သက်တံဖြုနတ်မြို့မှာ ထားခဲ့နိုင်ဖို့ မျှော်လင့်ပါတယ်။ အကယ်၍ နေဝင်တောင်တန်းမှာ အန္တရာယ်ရှိတဲ့ နေရာတွေ ထပ်ပေါ်လာရင် ချိပ်ပိတ်ဖို့ ခင်ဗျားရဲ့အကူအညီကို တောင်းခံရမှာပါ။”
လုချန်းက ခပ်အေးအေးပင်
“ကောင်းပါပြီ”
ဟု ပြန်လည်တုံ့ပြန်လိုက်သည်။
နေဝင်တောင်တန်း၏ အခြားတစ်ဖက်တွင် ချင်နတ်ဘုရားနိုင်ငံနှင့် လျှို့ဝှက်လဝန်း နန်းတော်တို့ တည်ရှိရာ နဂါးနယ်မြေ ရှိနေသည်။ ထို့ကြောင့် လုချန်း ကိုယ်တိုင်ကလည်း နေဝင်တောင်တန်းနှင့် ပတ်သက်၍ အလားတူပင် စိုးရိမ်ပူပန်မိသည်။
အကယ်၍ သတ္တဝါဆန်းတစ်ကောင်ကောင် ထွက်ပြေးလွတ်မြောက်သွားပါက သူတို့လည်း ဒုက္ခပင်လယ်ဝေ သွားမည် ဖြစ်သဖြင့် သက်တံဖြူ နတ်မြို့၌ ချိပ်ပိတ်မှုများကို အားဖြည့်ကူညီရန် ကိုယ်ပွားတစ်ခု ထားခဲ့ခြင်းမှာ သူ့အတွက် မည်သည့်ဆုံးရှုံးမှုမှ ရှိမည်မဟုတ်ပေ။
ထို့နောက် ကြယ်မြစ် နတ်သခင်က
“တစ်ယောက်ယောက်မှာ အခြား ထပ်တိုး အဆိုပြုချက်များ ရှိပါသေးသလား”
ဟု မေးလိုက်သည်။
သူ၏ မေးခွန်းအပေါ်တွင် ရောက်ရှိနေသည့် နတ်သခင်များထဲမှ မည်သူမှ စကားမဆိုခဲ့ကြပေ။ အတော်လေး အားစိုက်ထုတ်ရန် မလိုသကဲ့သို့ ထင်ရသော်လည်း ချိပ်ပိတ်မှုကို အားဖြည့်ခြင်းသည် နတ်စွမ်းအား အမြောက်အမြားကို ကုန်ဆုံးစေခဲ့သဖြင့် တက်ရောက်လာသူများသည် သူတို့၏ စွမ်းအားများကို ပြန်လည်ရရှိရန်အတွက် အမြန်ဆုံး ပြန်လိုစိတ် ပြင်းပြနေကြသည်။
“ဒါဆိုရင် ကျုပ် တို့ရဲ့ တာဝန်က ဒီနေရာမှာပဲ ပြီးဆုံးပါပြီ။”
“အကယ်၍ အခြားကိစ္စ မရှိတော့ရင် လူတိုင်း သူတို့ရဲ့ သက်ဆိုင်ရာ အင်အားစုတွေဆီကို ပြန်နိုင်ပါပြီ။”
ကြယ်မြစ် နတ်သခင်၏ စကားများကို ကြားရလျှင် နတ်သခင်များ လူစုခွဲ ထွက်ခွာသွားကြတော့သည်။
ယခုအခါ ကောင်းကင်ယံ၌ တောင်ပိုင်းနယ်၊ သားရဲမဟာမိတ်နှင့် ချင်းယွမ်ကျောင်းတော်တို့မှ လူများသာ ကျန်ရှိတော့သည်။
ကြယ်မြစ် နတ်သခင်က တောင်ပိုင်းနတ်သခင်များကို
“ကျေးဇူးပြုပြီး ပြန်ကြပြီး ခင်ဗျားတို့ရဲ့ စွမ်းအားတွေကို ပြန်လည်ဖြည့်တင်းကြပါ။ နေဝင်တောင်တန်းကို ကင်းလှည့်ရမယ့် အချိန်ကျရင် ကျုပ် အကြောင်းကြားစာ ပို့ပေးပါ့မယ်။”
ဤအရာကို ကြားလျှင် တောင်ပိုင်းနတ်သခင်များလည်း ထွက်ခွာသွားကြသည်။
၎င်းတို့ ထွက်ခွာသွားပြီးနောက် ကြယ်မြစ် နတ်သခင်သည် အခြား အပိတ်အဆို့ နည်းဗျူဟာပုံစံတစ်ခုကို ထပ်မံတည်ဆောက်လိုက်ပြီး နတ်သခင် ရှီယွဲ့နှင့် နတ်သခင် ဝမ်ကျဲတို့ဘက်သို့ လှည့်ကာ
“ရှီယွဲ့ မဟာမိတ်ခေါင်းဆောင်နဲ့ ကျောင်းအုပ်ကြီး ဝမ်ကျဲတို့မှာ ဆွေးနွေးစရာ အခြားကိစ္စတွေ ရှိသေးလို့လား။”
ထင်ရှားသည်မှာ ၎င်းတို့သည် စကားပြောဆိုရန် ရည်ရွယ်ချက်ဖြင့် ကျန်နေခဲ့ခြင်း ဖြစ်သည်။
နတ်သခင် ဝမ်ကျဲက ကွေ့ဝိုက်မနေပဲ
“ဒီတစ်ခေါက်မှာ ထူးဆန်း နတ်သခင် သုံးဦးပဲ ပါဝင်ပတ်သက်နေတယ် ဆိုပေမဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားက နတ်သခင်တွေကိုတောင် စိတ်ဓာတ်ပျက်စီးစေနိုင်တာကြောင့် သူတို့အောက်က နတ်တွေလည်း ကင်းလွတ်ခွင့်ရမှာ မဟုတ်ဘူးလို့ ကျုပ် စိုးရိမ်မိတယ်။”
“တောင်ပိုင်းနယ်ထဲမှာ သတ္တဝါဆန်းတွေ ဘယ်လောက်အထိ ပုန်းအောင်းနေမလဲ ဆိုတာ မသိနိုင်ပါဘူး။ ကြယ်မြစ် ခန်းမသခင်... ခင်ဗျားအနေနှင့် သတိထားရပါမယ်။”
ဤသတိပေးချက်အပေါ်တွင် ကြယ်မြစ် နတ်သခင်က
“ကျောင်းအုပ်ကြီး ဝမ်ကျဲ ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ အလွန်အကျွံ စိုးရိမ်စရာတော့ မလိုပါဘူး။ တောင်ပိုင်းနယ်မှာ လုချန်းရဲ့ ကိုယ်ပွား ရှိနေတာကြောင့် ရှာဖွေတွေ့ရှိတဲ့ ဘယ်လို လျှို့ဝှက်ဆန်းကြယ် သတ္တဝါကိုမဆို ချိပ်ပိတ်ဖို့ သူ့ရဲ့အကူအညီကို ကျုပ် တို့ အလျင်အမြန် ရယူနိုင်ပါတယ်”
ဟု ပြန်လည်တုံ့ပြန်လိုက်သည်။
ဤအရာက နတ်သခင် ဝမ်ကျဲနှင့် နတ်သခင် ရှီယွဲ့တို့ကို ခဏခန့် အံ့အားသင့်သွားစေပြီး ၎င်းတို့နှစ်ဦးစလုံး လုချန်းထံသို့ အကြည့်လှည့်လိုက်ကြသည်။
နတ်သခင် ရှီယွဲ့က ဦးဆောင်၍
“လုချန်း... ရှင့်မှာ ကိုယ်ပွားတွေ အများကြီး ရှိတယ်လို့ ကျွန်မ မှတ်မိတယ်။ ရှင့် ကိုယ်ပွားတစ်ခု သားရဲမဟာမိတ်ဆီ ခေါ်သွားခွင့်ပြုမလား။ အကယ်၍ အရှေ့ပိုင်းနယ်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ သတ္တဝါတွေ ပေါ်လာရင် ချက်ချင်း ချိပ်ပိတ်နိုင်တာပေါ့။”
ကျောင်းအုပ်ကြီး ဝမ်ကျဲကလည်း ထပ်ဆင့်၍
“လုချန်း... အရှေ့ပိုင်းနယ်ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ သတ္တဝါတွေရဲ့ မူလဝင်ပေါက် ဖြစ်ခဲ့တာ။ အဲ့ဒီမှာ လွန်ခဲ့တဲ့ခေတ်က ကူးပြောင်းခြင်း လမ်းကြောင်းတွေ ကျန်ရှိနေနိုင်သေးတယ်။ ကျုပ် နဲ့အတူ ချင်းယွမ်ကျောင်းတော်ဆီကို ကိုယ်ပွားတစ်ခု စေလွှတ်ပေးမလား။”
လုချန်းက မဆိုင်းမတွပင်
“ရပါတယ်”
ဟု သဘောတူခဲ့သည်။
သူသည် နတ်သခင် ရှီယွဲ့ထံသို့ ချဉ်းကပ်ရန် နည်းလမ်းများကို တွေးတောနေခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင်တော့ အကောင်းဆုံး အခွင့်အရေးကို ရရှိသွားခဲ့ပြီ ဖြစ်သည်။
အရှေ့ပိုင်းနယ်သို့ ကိုယ်ပွားတစ်ခု စေလွှတ်ခြင်း၌ နောက်ထပ် အားသာချက်တစ်ခု ရှိနေသည်။
၎င်းမှာ အချိန်နှင့်တပြေးညီ သတင်းအချက်အလက်များကို စုဆောင်းနိုင်ခြင်းပင်။
သူသည် ထိုနေရာတွင် ဖြစ်ပျက်သမျှကို ချက်ချင်း သိနိုင်မည်ဖြစ်ပြီး သူ၏ အနာဂတ် အစီအစဉ်များအတွက် အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။
လုချန်းက ထိုမျှလွယ်လွယ်ကူကူ သဘောတူသည်ကို တွေ့မြင်လျှင် နတ်သခင် ရှီယွဲ့ စိတ်ထဲ၌ အနည်းငယ် တုန်လှုပ်သွားခဲ့ပြီး လုချန်းကို သားရဲမဟာမိတ်သို့ ဖိတ်ခေါ်ခြင်းသည် သူ့အား အနီးကပ် ရှိနေခွင့်ပေးလိုက်သကဲ့သို့ ဖြစ်သဖြင့် ပြဿနာများကို ဖိတ်ခေါ်မိသလို ဖြစ်သွားနိုင်ကြောင်း သတိပြုမိသွားသည်။
သို့သော်လည်း ဤအရာက စိုးရိမ်ပူပန်စရာ အချက်တစ်ခု မဟုတ်ပေ။ လုချန်း၏ ပင်မကိုယ်သည် ဝေးကွာသောနေရာတွင် ရှိနေပါက သူသည် နတ်သခင်တစ်ဦးအတွက် တကယ့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်မလာနိုင်ပေ။
ကိုယ်ပွားလေးတစ်ခုဖြင့် များစွာ ဖရိုဖရဲဖြစ်အောင် ဖန်တီးနိုင်မည် မဟုတ်ပေ။
ဤနေရာတွင် ကြယ်မြစ် နတ်သခင်က
“အခြားကိစ္စ ရှိသေးလား...မရှိရင် ကျုပ် ခမ်းနားသော ကောင်းကင်ခန်းမကို ပြန်တော့မလို့ပါ။”
နတ်သခင် ရှီယွဲ့က
“ဒါဆိုရင် ဒီနေရာတင်ပဲ နှုတ်ဆက်ကြရအောင်။”
ကျောင်းအုပ်ကြီး ဝမ်ကျဲက
“ကောင်းပါပြီ။ တောင်ပိုင်းနယ်မှာ တစ်ခုခု ဖြစ်ခဲ့ရင် ကျုပ် တို့ကို အကြောင်းကြားပေးပါဦး။”
ကြယ်မြစ် နတ်သခင်လည်း စကားပိုမပြောတော့ပဲ လှည့်ထွက်သွားခဲ့သည်။
--
………….