အခန်း ၁၉၃၃
Vol. 129 Ch. 1933
အခန်း (၁၉၃၃ )
နာမည်ကြီးလာသော လုချန်း
ကြယ်မြစ် နတ်သခင် ထွက်ခွာသွားပြီးနောက် နတ်သခင် ရှီယွဲ့သည် နတ်သခင် ဝမ်ကျဲကို တစ်စုံတစ်ရာ ထပ်မံပြောဆိုခြင်း မပြုတော့ပဲ လျှပ်တစ်ပြက်အတွင်း သူမ၏ စစ်နတ်လှေဆီသို့ ပျံသန်းသွားခဲ့၏။
သားရဲမဟာမိတ်နှင့် ချင်းယွမ်ကျောင်းတော်တို့မှာ အစကတည်းက ဘယ်တော့မှ မတည့်နိုင်သည့် ရန်ဘက်များ ဖြစ်ကြသည်။ ထျန်းရန် နတ်ဘုရား နတ်နယ်မြေအတွင်းရှိ ကပ်ဘေးကြောင့်သာ ၎င်းတို့၏ အငြင်းပွားမှုများကို ခဏခန့် ဘေးဖယ်ထားခဲ့ကြခြင်း ဖြစ်၏။
ယခု အခြားအင်အားစုများလည်း မရှိတော့သဖြင့် နတ်သခင် ရှီယွဲ့လည်း နတ်သခင် ဝမ်ကျဲနှင့် အချိန်ကုန်လူပန်း အဓိပ္ပာယ်မရှိသော စကားများ ထပ်မံပြောဆိုရန် စိတ်မပါတော့ပေ။
သားရဲမဟာမိတ်နှင့် ချင်းယွမ်ကျောင်းတော် နှစ်ဖွဲ့စလုံးသည် အရှေ့ပိုင်းနယ်မြေသို့ ပြန်လည်ဦးတည်နေကြသော်လည်း ထိပ်ဆိုက်ရင်ဆိုင် တိုးမိမည့် အခြေအနေကို ရှောင်ရှားရန် မတူညီသည့် လမ်းကြောင်းများကို ရွေးချယ်ခဲ့ကြသည်။
…….
အရှေ့ပိုင်းနယ်သို့ ပြန်လည်မောင်းနှင်နေသည့် နတ်လှေ၏ ကုန်းပတ်ပေါ်တွင်။
လုချန်းသည် နတ်သခင် ရှီယွဲ့ကို စူးစိုက်ကြည့်နေပြီး သူ၏ နှုတ်ခမ်းထောင့်တွင် နောက်ပြောင်ကျီစယ်လိုသည့် အပြုံးတစ်ခု ပေါ်ထွက်နေ၏။
လုချန်းက
“ရှီယွဲ့ မဟာမိတ်ခေါင်းဆောင်... ဒီတစ်ကြိမ်မှာတော့ ခင်ဗျားကိုယ်တိုင်ပဲ ကျုပ်ကို သားရဲမဟာမိတ်ဆီ ဖိတ်ခေါ်ခဲ့တာပဲ။”
ထိုစကားကြောင့် နတ်သခင် ရှီယွဲ့၏ မျက်နှာအမူအရာလည်း ချက်ချင်းပင် နှင်းပွင့်ကဲ့သို့ အေးစက်သွားသည်။ သူမ လုချန်းကို မျက်စောင်းထိုးကြည့်လိုက်၏။
သူမ၏ အကြည့်ထဲတွင် မကျေနပ်မှုအချို့ ဖြတ်ပြေးသွားရင်း လုချန်းကို
“ကျွန်မ ဒါကို လုပ်တာ အရှေ့ပိုင်းနယ်အတွက်ပဲ။ ချင်းယွမ်ကျောင်းတော်က အဲဒီ အဖိုးကြီး ပြောတာ ရှင် မကြားလိုက်ဘူးလား... သတ္တဝါဆန်းတွေဟာ အစပိုင်းက အရှေ့ပိုင်းနယ်ကနေ ထျန်းရန် နတ်ဘုရား နတ်နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာခဲ့တာတဲ့။ အရှေ့ပိုင်းနယ်ထဲမှာ အဲဒီသတ္တဝါဆန်းတွေရဲ့ ဝင်ပေါက်တွေ ကျန်ရှိနေနိုင်သေးတယ်”
“ကျွန်မ အရင်က ပြောခဲ့တဲ့ စကားအတိုင်းပဲ။ ရှင် ကျွန်မအပေါ် ဘယ်လို အကြံအစည်မှ မရှိတာ အကောင်းဆုံးပဲ။”
လုချန်း လေပူတစ်ချက် မှုတ်ထုတ်ကာ သက်ပြင်းတစ်ချက် ချလိုက်မိ၏။
လုချန်းက
“အကူအညီတောင်းရတဲ့ အချိန်မှာတောင် ခင်ဗျားရဲ့ အမူအရာက တော်တော်လေး ဆိုးတာပဲ။”
“အရှေ့ပိုင်းနယ်အတွက် ဆိုရင်လည်း ကျုပ် သားရဲမဟာမိတ်ဆီ သွားဖို့ မလိုပါဘူး။ ချင်းယွမ်ကျောင်းတော်မှာ ကျုပ်ရဲ့ ကိုယ်ပွားတစ်ခု ရှိတယ်... အကယ်၍ အရှေ့ပိုင်းနယ်ထဲမှာ သတ္တဝါဆန်းတွေ ဘွားကနဲ ပေါ်လာရင် ချင်းယွမ်ကျောင်းတော်က ကိုယ်ပွားကလည်း လက်မနှေးပဲ လှုပ်ရှားမှာပဲ။”
ထိုအရာကို ကြားလျှင် နတ်သခင် ရှီယွဲ့၏ မျက်ခုံးများ ချက်ချင်းပင် တင်းတင်းကြပ်ကြပ် တွန့်သွား၏။ သားရဲမဟာမိတ်နှင့် ချင်းယွမ်ကျောင်းတော်တို့သည် မည်သည့်အခါကမှ အဆင်မပြေခဲ့ကြပေ။
အကယ်၍ သတ္တဝါဆန်းများသည် ချင်းယွမ်ကျောင်းတော် ထိန်းချုပ်ထားသော နယ်မြေများတွင် ပေါ်လာပါက အကြောင်းမဟုတ်ပေ။ သို့သော် အကယ်၍ သားရဲမဟာမိတ် နယ်မြေအတွင်း ပေါ်လာပါက ချင်းယွမ်ကျောင်းတော်မှ လူများက နှောင့်နှေးအောင် တမင်သက်သက် အချိန်ဆွဲထားနိုင်ပြီး လုချန်းကို သားရဲမဟာမိတ် ထိန်းချုပ်ရာ နယ်မြေသို့ အချိန်မီ သွားရောက်ကာ သတ္တဝါဆန်းများကို ချိပ်ပိတ်ခြင်း မပြုနိုင်ရန် နှောင့်ယှက်တားဆီးလိမ့်မည်။
နတ်သခင် ရှီယွဲ့က အေးစက်စွာ မေးလိုက်၏။
“ရှင် ဘာကို လိုချင်တာလဲ”
လုချန်းက ချက်ချင်းပင် တုံ့ပြန်လိုက်၏။
“အများကြီးတော့ မဟုတ်ပါဘူး။ ဒါက ထျန်းရန် နတ်ဘုရား နတ်နယ်မြေအတွက်ပဲမလို့ ပါဝင်ကူညီရမှာက ထုံးစံပါပဲ။ ဒါပေမဲ့ ခင်ဗျားက ကျုပ်ကို သားရဲမဟာမိတ်မှာ နေဖို့ ဖိတ်ခေါ်ခဲ့တာဆိုတော့ ကျုပ်ကို အကျိုးအမြတ် အချို့ လက်ဆောင်ပဏ္ဏာအနေနဲ့ ပေးသင့်တယ် မဟုတ်ဘူးလား။”
နတ်သခင် ရှီယွဲ့က စိတ်မရှည်စွာ ထပ်မံမေးမြန်းလိုက်၏။
“ရှင် ဘာအကျိုးအမြတ်ကို လိုချင်တာလဲ။”
သူမ စကားပြောနေစဉ်မှာပင် သူမ၏ ပတ်ပတ်လည်ရှိ အငွေ့အသက်များ ဒီရေအလား ဆက်တိုက် မြင့်တက်လာပြီး နတ်သခင်တစ်ဦး၏ ဖိအားများ တဖြည်းဖြည်း ချပြလာ၏။
နတ်သခင်တစ်ဦး အနေနှင့် ဤကဲ့သို့ ညှိနှိုင်းရခြင်းမှာ သူမအတွက် ပထမဆုံးအကြိမ် ဖြစ်၏။ ကောင်းကင်မြေခွေးမျိုးနွယ်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး ထောင်ပေါင်းများစွာသော အမွေခံမှတ်ဉာဏ်များ ရှိသည့်အပြင် ဘုရင်မျိုးနွယ်စုဝင်လည်း ဖြစ်သည့် သူမသည် ၎င်းတို့အထဲတွင် အမြင့်မြတ်ဆုံးသော တည်ရှိမှု ဖြစ်၏။
လုချန်းကဲ့သို့ ကျားနားရွက် လာဆွဲသလို သူမထံမှ အခြေအနေများကို ရဲရဲဝံ့ဝံ့ တောင်းဆိုရဲသူမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။
နတ်သခင် ရှီယွဲ့ ဒေါသထွက်လုနီးပါး ဖြစ်နေသည်ကို တွေ့မြင်လျှင် လုချန်း၏ အပြုံး ပိုကျယ်ပြန့်လာကာ
“ခင်ဗျား ကျုပ်ကို ‘ချစ်သူ’ လို့ ခေါ်ရင်ရော ဘယ်လိုလဲ။”
နတ်သခင် ရှီယွဲ့က မဲ့ပြုံးတစ်ချက် ခပ်လှောင်လှောင်ပြုံးလိုက်ပြီး
“ဒါတင်ပဲလား။ ရှင် ဒီထက်ပိုပြီး ကမ်းကုန်အောင် လွန်လွန်ကဲကဲ တောင်းဆိုလိမ့်မယ်လို့ ကျွန်မ ထင်နေတာ။”
ဒါက...
လုချန်း ကြက်သေ သေကာ အံ့အားသင့်သွား၏။ နတ်သခင် ရှီယွဲ့ ဆိုသူမှာ ကြီးမြတ်သော နတ်သခင်တစ်ဦး ဖြစ်သည်။ နတ်သခင်တစ်ဦး၏ ဂုဏ်သိက္ခာကို စော်ကား၍မရတာ ထည့်မတွက်လျှင်ပင် သူမသည် မဟာအင်အားကြီးအုပ်စုတစ်ခု၏ ခေါင်းဆောင်လည်း ဖြစ်နေ၏။
ဤကဲ့သို့သော လူမျိုးသည် အခြားသူများထက် များစွာ မြင့်မားသော နေရာတွင် ရပ်တည်နေသူ ဖြစ်၏။ သူမ၏ မြင့်မြတ်လှသော အဆင့်အတန်းနှင့် လူတစ်ယောက်အား ‘ချစ်သူ’ ဟု ခေါ်ရခြင်းမှာ သူမအတွက် သိက္ခာချ အရှက်ခွဲခြင်းတစ်မျိုး ဖြစ်သင့်သည် မဟုတ်ပါလား။
သို့သော် သူမ၏ စကားများအရ သူမက ထိုအရာကို ဂရုမစိုက်သကဲ့သို့ ဖြစ်နေ၏။
ထို့နောက် နတ်သခင် ရှီယွဲ့က မျက်နှာသေနှင့် အေးစက်စွာ ပြောလိုက်၏။
“ချစ်သူ... ရှင် အံ့သြသွားတာလား။”
လုချန်း ခဏခန့် စကားမဲ့သွားသည်ကို တွေ့မြင်လျှင် နတ်သခင် ရှီယွဲ့၏ ရင်ထဲ၌ အောင်နိုင်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာ၏။ ဤလူက သူ ကျီစယ်ရန် ကြိုးစားနေသည်ကို သူမ ရိပ်မိခြင်းမရှိဟု ထင်နေပုံရ၏။
သူမသည် လူအ မဟုတ်ပေ။ လုချန်းသည် သူ၏ ပျော်ရွှင်မှုအတွက် သူမကို ကျီစယ် လှောင်ပြောင်နေခြင်းဖြစ်၏။ သူမ အလွန် ဒေါသအိုးပေါက်ကွဲမတတ် ဖြစ်ရသော်လည်း ဘာမှ တတ်နိုင်ခြင်းမရှိသည့် ပုံစံကို သူ မြင်လိုနေခြင်းဖြစ်ကြောင်း သူမ ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ထိုသို့ ဖြစ်နေမှတော့ ရေလိုက်ငါးလိုက် သူ့စကားအတိုင်း လိုက်လျောပေးလိုက်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။ အဆုံးစွန်တွင်တော့ ၎င်းသည် နာမ်စားတစ်ခုမှသာ ဖြစ်၏။
သတ္တဝါဆန်းများကို ထိန်းချုပ်ရန် ကိရိယာတစ်ခု ရရှိဖို့အတွက် သူ့ကို ‘ချစ်သူ’ ဟု ခေါ်ရခြင်းမှာ သူမအတွက် ဆံခြည်တစ်မျှင်စာမျှပင် ဆုံးရှုံးမှု မရှိပေ။
နတ်သခင် ရှီယွဲ့က သူ့ကို ‘ချစ်သူ’ ဟု အေးအေးဆေးဆေး ခေါ်သည်ကို ကြားလိုက်ရသဖြင့် လုချန်း၏ စိတ်ထဲ ထပ်မံ၍ ဗလာ ဖြစ်သွားရပြန်၏။
ဤမိန်းမက ခေသူမဟုတ်ပေ...
သူမက တကယ်ပဲ မျက်နှာမပျက် ပြောလိုက်တာပဲ။
သတိပြန်ဝင်လာသောအခါ လုချန်း တဟားဟား ရယ်မောလိုက်၏။
လုချန်းက
“ကျုပ် တကယ်ပဲ မမျှော်လင့်ထားမိဘူး။ ကြီးကျယ်လှတဲ့ သားရဲမဟာမိတ်ရဲ့ မဟာမိတ်ခေါင်းဆောင်က တကယ်ပဲ အလျှော့ပေး ဒူးထောက်လိုက်တာပဲ။”
နတ်သခင် ရှီယွဲ့ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး
“ရှင် ဘာတွေ ကြံစည်နေလဲဆိုတာ ကျွန်မ မသိဘူးလို့ ထင်နေတာလား... ကျွန်မကို ရှင့်ရဲ့ ပျော်ရွှင်မှုအတွက် ဖျော်ဖြေမှုတစ်ခုလို လုပ်ချင်နေတာလား။ အိပ်မက်ထဲမှာပဲ စိတ်ကူးယဉ်နေလိုက်။”
“ဒါက နာမ်စားတစ်ခုပဲလေ။ ကျွန်မ ရှင့်ကို ‘ချစ်သူ’ လို့ ခေါ်လိုက်ရုံနဲ့ ရှင့်ရဲ့ မိန်းမ တကယ် ဖြစ်သွားမယ်လို့ ရှင် တကယ် ထင်နေတာလား။”
လုချန်းက နတ်သခင် ရှီယွဲ့ကို
“ကျုပ် ခင်ဗျားကို တကယ် အထင်သေးခဲ့မိပုံရတယ်။ ခင်ဗျားက တကယ်ပဲ အခြေအနေနဲ့ အချိန်အခါကို လိုက်လျောညီထွေဖြစ်အောင် နေနိုင်တဲ့သူပဲ။”
နတ်သခင် ရှီယွဲ့က လေသံမာမာဖြင့်
“ကျွန်မ ရှင့်ရဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းပေးပြီးပြီ။ နောက်ပိုင်းကျရင် ရှင့်ရဲ့ ဒီကိုယ်ပွားကို သားရဲမဟာမိတ်မှာ လိမ္မာရေးခြားရှိရှိ ထားလိမ့်မယ်လို့ ကျွန်မ မျှော်လင့်တယ်။”
ထိုစကားများနှင့်အတူ နတ်သခင် ရှီယွဲ့ လုချန်းကို တစ်စုံတစ်ရာ ထပ်မံ၍ မပြောတော့ပေ။ သူမ၏ ခန္ဓာကိုယ်သည် လျှပ်စီးပမာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး နတ်လှေ၏ ကုန်းပတ်ပေါ်မှ ထွက်ခွာကာ အခန်းတစ်ခန်း အတွင်းသို့ ဝင်ရောက်သွားခဲ့၏။
ဤအခိုက်အတန့်တွင် လုချန်း၏ ကိုယ်ပွား သားရဲမဟာမိတ်မှ ထွက်ခွာသွားမည်ကို နတ်သခင် ရှီယွဲ့ စိုးရိမ်ပူပန်ခြင်း လုံးဝမရှိပေ။ လုချန်း၏ သူမအပေါ် သိမ်းပိုက်ပိုင်ဆိုင်လိုစိတ် ပြင်းပြနေမှုကို သူမ အာရုံခံစားမိခဲ့ပြီး ဖြစ်၏။
၎င်းမှာ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းသော်လည်း လုချန်းက သူမကို လိုလားတောင့်တနေသရွေ့ သူမအနေနှင့် ဤအခြေအနေကို ပြောင်းပြန်လှန်ပြီး သူ့ကို ပြန်လည်အသုံးချနိုင်ပေသည်။ လုချန်းသည် သူမနှင့် အတူရှိလိုသဖြင့် သူ၏ ကိုယ်ပွားကို သားရဲမဟာမိတ်ဆီသို့ လိုက်ပါစေမည်ဖြစ်ပြီး သူမကို ရယူရန် အခွင့်အရေးများ ချောင်းမြောင်းရှာဖွေနေလိမ့်မည်။
သို့သော် ကိုယ်ပွားတစ်ခုမျှသာဖြစ်သဖြင့် စိုးရိမ်ပူပန်စရာ မရှိပေ။ လုချန်း၏ ပင်မကိုယ် ကိုယ်တိုင် သားရဲမဟာမိတ်ဆီသို့ ရောက်ရှိလာလျှင်ပင် သူမကို ဆန့်ကျင်ရန် ကြံစည်ဖို့က လက်တွေ့တွင် လုံးဝ မဖြစ်နိုင်သော အိမ်မက်တစ်ခုသာ ဖြစ်၏။
ကောင်းကင်မြေခွေးမျိုးနွယ်၏ အဖွဲ့ဝင်တစ်ဦး အနေနှင့် သူမ၏ စွမ်းအားသည် မယုံကြည်နိုင်လောက်အောင် ကြီးမားလှသည်။ သူမ၏ နတ်ဝိညာဉ်သည် လုချန်းလောက် စွမ်းအားမကြီးသော်လည်း လုချန်း၏ ပင်မကိုယ်သည် လက်ရှိတွင် အများဆုံး နတ်သခင်အဆင့် ကျင့်စဉ်သာ ရှိနေနိုင်သေး၏။
နတ်တစ်ပါး၏ စွမ်းအားမှာ နတ်ဝိညာဉ်၏ စွမ်းအားကြီးမှုတစ်ခုတည်းအပေါ်တွင်သာ မူတည်သည် မဟုတ်ပေ။ ကိုယ်ထည်ဖွဲ့စည်းပုံ၊ နတ်နိယာမ၊ ရတနာများ သို့မဟုတ် လမ်းစဉ်အပေါ် နားလည်သဘောပေါက်မှုတို့အပေါ်တွင်လည်း မူတည်ကြောင်း သိထားရမည် ဖြစ်၏။
သူမသည် သူမ၏ စွမ်းအားအပေါ်တွင် ကြီးမားသော ယုံကြည်မှု ရှိသဖြင့် လုချန်းကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် နည်းနည်းမှ သတ်မှတ်ခြင်း မရှိပေ။
……
အင်အားစုအမြောက်အမြားမှ နတ်သခင်များကို ဦးဆောင်ကာ မဟာအင်အားကြီးအုပ်စု သုံးခုတို့က ချိပ်ပိတ်ခြင်းကို ပိုခိုင်မာအောင် ပြုလုပ်ခဲ့ကြသည်ဟူသော သတင်းမှာ လေထက်မြန်သော အဟုန်ဖြင့် ထျန်းရန် နတ်ဘုရား နတ်နယ်မြေတစ်ခုလုံးသို့ ပြန့်နှံ့သွားခဲ့၏။ ဤလှုပ်ရှားမှုတွင် နတ်သခင်အမြောက်အမြား ပါဝင်ခဲ့ကြသဖြင့် ၎င်းတို့ ပြန်ရောက်သောအခါ နေဝင်တောင်တန်းတွင် ဖြစ်ပျက်ခဲ့သမျှကို နေရာ အနှံ့ ပြန့်နှံ့စေခဲ့ကြ၏။
ထို့ပြင် နေဝင်တောင်တန်းတွင် နတ်သခင် ဆယ့်သုံးပါး သေဆုံးခဲ့ရသဖြင့် ယခင်က သံသယ ဖြစ်နေခဲ့သော အင်အားစုအချို့ပင် ယခုအခါ သတ္တဝါဆန်းများ တည်ရှိမှုကို လုံးဝ ယုံကြည်သွားကြပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ထျန်းရန် နတ်ဘုရား နတ်နယ်မြေအတွင်းရှိ အင်အားစုအမျိုးမျိုးတို့သည် လုချန်း၏ အရေးပါပုံကို ကောင်းစွာ သဘောပေါက်လာကြ၏။ အင်အားစုအမြောက်အမြားသည် လုချန်းနှင့် တွေ့ဆုံရန် မျှော်လင့်လျက် လျှို့ဝှက်လဝန်း ကျောင်းတော်သို့ သံတမန်များ စေလွှတ်ခဲ့ကြပြီး ၎င်းတို့၏ အင်အားစုများကို စောင့်ရှောက်ရန်အတွက် လုချန်း၏ ကိုယ်ပွားတစ်ခုအား ဖိတ်ကြားရန် ကြိုးပမ်းခဲ့ကြ၏။
…….
ထိုအတောအတွင်း။
လျှို့ဝှက်လဝန်း ကျောင်းတော်၏ ယွမ်မုန့် ခန်းမကြီးအတွင်း၌။
နတ်သခင် ယွမ်မုန့်သည် ရေခဲကုလားထိုင်ပေါ်တွင် ထိုင်ကာ လေထဲ၌ လွင့်မျောနေသော ဖိတ်စာများကို ကြည့်ရင်း စိတ်ထဲ၌ ရှုပ်ထွေးပွေလီလှသော ခံစားချက်များ ဖြစ်ပေါ်နေ၏။ လုချန်းသည် ဤမျှတိုတောင်းလှသော ကာလတွင်း ထျန်းရန် နတ်ဘုရား နတ်နယ်မြေ၏ အဓိက အင်အားစုများအကြား ချီးကျူးခံရသော ကယ်တင်ရှင်တစ်ဦး ဖြစ်လာလိမ့်မည်ဟု သူမ အိပ်မက်ထဲ၌ပင် မမျှော်လင့်ထားခဲ့ပေ။
သူမ လုချန်းကို အလွယ်တကူ လွှဲပြောင်းပေးခဲ့မိခြင်းအပေါ် ရုတ်တရက် နောင်တရမိသွား၏။ နေဝင်တောင်တန်းအတွင်း ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို သူမ သတင်းစကား ကြားခဲ့ရပြီး ဖြစ်၏။
လုချန်းတစ်ဦးတည်းသာ သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံကို ခင်းကျင်းနိုင်သည်ဟု အခုတစ်လောကလုံးက ပြောနေကြ၏။
နတ်သခင် ယွမ်မုန့် တွေးမိ၏။ အကယ်၍ ထိုစဉ်က သူမ လုချန်းကို အခြားသူထံ လွှဲပြောင်းမပေးခဲ့ပါက သူတို့ လုချန်းထံမှ သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံကို ရရှိခဲ့လျှင်ပင် ချိပ်ပိတ်ခြင်းကို ပိုခိုင်မာအောင် ပြုလုပ်ရန်အတွက် နည်းဗျူဟာပုံစံကို အသက်သွင်းနိုင်ကြလိမ့်မည် မဟုတ်ပေ။
နတ်သခင်များက ချိပ်ပိတ်ခြင်းကို ပိုခိုင်မာအောင် မပြုလုပ်နိုင်ပါက သတ္တဝါဆန်းများ ထျန်းရန် နတ်ဘုရား နတ်နယ်မြေသို့ ငရဲပွက်သလို ဆင်းသက်လာရန် နှစ်ပေါင်းများစွာ ကြာမြင့်လိမ့်မည် မဟုတ်ပေ။
သူတို့၏ ဘိုးဘေးသည်လည်း မကြာမီ ဒုတိယ ဘဝအသစ်ကို ရှင်သန်နိုင်ပေလိမ့်မည်။
သူတို့၏ ဘိုးဘေးက ထျန်းရန် နတ်ဘုရား နတ်နယ်မြေသို့ သတ္တဝါဆန်းများ ဆင်းသက်လာခြင်းမှာ သူမအတွက် ကောင်းသောအရာ ဖြစ်လိမ့်မည်ဟု ပြောခဲ့ဖူးသည်။
--
…………..