အခန်း ၁၉၃၄
Vol. 129 Ch. 1934
အခန်း (၁၉၃၄)
အရိုင်းနယ်မြေသို့
ယွမ်မုန့်ခန်းမအတွင်း၌ နတ်မြူနှင်းများ တလိမ့်လိမ့်ဝဲပျံနေ၏။
ခုနစ်ရောင်ခြယ် နတ်ဝတ်စုံ ဆင်မြန်းထားသည့် နတ်သခင် ယွမ်မုန့်သည် သူမ ရှေ့ရှိ ဖိတ်စာများကို စိုးရိမ်ပူပန်စွာဖြင့် နောက်တစ်ကြိမ် ကြည့်လိုက်မိသည်။
ထိုအခိုက်အတန့်တွင် သူမ ဘာသာ ရေရွတ်လိုက်သည်။
“ဘိုးဘေးရဲ့ အစီအစဉ်ကို ငါ နှောင့်ယှက်မိသွားပြီလား”
ဘိုးဘေး၏ သဘောထားကို ကြည့်ခြင်းအားဖြင့် ထိုသတ္တဝါဆန်းများ ထျန်းရန် နတ်ဘုရား နယ်မြေသို့ ကျူးကျော်ဝင်ရောက်လာရန် ဘိုးဘေး မျှော်လင့်နေကြောင်း ထင်ရှားလှသည်။ သို့သော် သူမ လုချန်းကို လွှတ်ပေးခဲ့မိသောကြောင့် နေဝင်တောင်တန်းရှိ ချိပ်ပိတ်ခြင်းကို ပိုခိုင်မာအောင် ပြုလုပ်နိုင်ခဲ့ပြီး ထိုသတ္တဝါဆန်းများ ထျန်းရန် နတ်ဘုရား နယ်မြေသို့ လောလောဆယ်တွင် ဆင်းသက်မလာနိုင်တော့ပေ။
ထိုသို့ဆိုလျှင် ဘိုးဘေးအနေနှင့် ဒုတိယဘဝကို ရရှိနိုင်ပါဦးမလား။
ထိုအခိုက်အတန့်တွင် နတ်သခင် ယွမ်မုန့်၏ ခံစားချက်များမှာ ချည်ခင်ရှုပ်သကဲ့သို့ အလွန်ပင် ရှုပ်ထွေးနောက်ကျိနေ၏။ ထျန်းရန် နတ်ဘုရား နယ်မြေ၏ နတ်တစ်ပါး ဖြစ်သည့်အတွက်ကြောင့် ထိုသတ္တဝါဆန်းများ ထျန်းရန် နတ်ဘုရား နယ်မြေသို့ ဆင်းသက်လာပြီး သက်ရှိအပေါင်းကို ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်ကြမည်ကို သူမ တကယ် မမြင်တွေ့လိုပေ။
သို့သော်လည်း ဤအရာသည် ဘိုးဘေး၏ စီမံကိန်းနှင့် သက်ဆိုင်နေပေသည်။
နတ်သခင် ယွမ်မုန့် အတွေးပင်လယ်ထဲ နစ်မြောနေစဉ်မှာပင် နတ်ဘုရင်တစ်ပါး ခန်းမအတွင်းသို့ ဝင်ရောက်လာ၏။
နတ်ဘုရင်က
“ကျောင်းတော်သခင်... နောက်ထပ် နတ်ဂိုဏ်းတစ်ဂိုဏ်းကလည်း ဖိတ်စာတွေ ပေးပို့လာပြန်ပါတယ်။”
ထိုအရာကို ကြားလျှင် နတ်သခင် ယွမ်မုန့်၏ လှပသော မျက်ခုံးအစုံ တွန့်သွား၏။ ထိုလူများ လျှို့ဝှက်လဝန်း ကျောင်းတော်သို့ အဘယ်ကြောင့် လာရောက်ကြသည်ကို သူမ သဘာဝကျကျပင် သိနေသည်။
နေဝင်တောင်တန်း၏ ချိပ်ပိတ်ခြင်းကို ခိုင်မာအောင် ပြုလုပ်ရာတွင် ပါဝင်ခဲ့သည့် နတ်သခင်များက ထိုဖြစ်ရပ်ကို တောမီးပမာ သတင်းဖြန့်ခဲ့ကြ၏။ ထို့ကြောင့် လုချန်းသည် သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံ၏ အင်းကွက်များကို ရေးဆွဲနိုင်ရုံသာမကပဲ သူတော်စင်အဆင့် နည်းဗျူဟာပုံစံ အင်းကွက်များကို ရေးဆွဲနိုင်စွမ်းရှိသော ကိုယ်ပွား အမြောက်အမြားကိုပါ ဖန်တီးနိုင်ကြောင်း အားလုံး သိသွားကြသည်။
လက်ရှိတွင် ထျန်းရန် နတ်ဘုရား နယ်မြေရှိ မဟာအင်အားကြီးအုပ်စု အမြောက်အမြားက လုချန်း၏ ပင်မကိုယ်သည် လျှို့ဝှက်လဝန်း ကျောင်းတော်၌ ရှိသည်ဟု ယုံကြည်နေကြဆဲ ဖြစ်၏။ ထို့ကြောင့် ၎င်းတို့သည် လျှို့ဝှက်လဝန်း ကျောင်းတော်သို့ လာရောက်၍ လုချန်းထံမှ ကိုယ်ပွားတစ်ခု တောင်းခံချင်နေကြခြင်း ဖြစ်သည်။
သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံများကို ရေးဆွဲနိုင်သည့် လုချန်း၏ ကိုယ်ပွားတစ်ခုသည် သတ္တဝါဆန်းများကို ချိပ်ပိတ်ရုံသာမက အခြားအရာများစွာကိုလည်း လုပ်ဆောင်နိုင်ကြောင်း လူတိုင်း သိကြသည်။
အကယ်၍ တစ်နေ့တွင် ထိုအင်အားစုများ စွမ်းအားကြီးမားသော ရန်သူနှင့် ရင်ဆိုင်ရပါက ၎င်းတို့သည် လုချန်းကို သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံ ရေးဆွဲခိုင်းပြီး ထိုရန်သူကို ချိပ်ပိတ်ရန် အသုံးပြုနိုင်မည် ဖြစ်၏။
လုချန်း၏ ကိုယ်ပွားကို အခြေစိုက်ထားနိုင်ပါက ထိုအင်အားစုများအတွက် အပိုဝှက်ဖဲတစ်ခု ရရှိထားသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် လုချန်းတစ်ယောက် အလွန်နာမည်ကြီးလာခြင်းမှာ အံ့ဩစရာတော့ မရှိတော့ပေ။
ထိုအချိန်တွင် နတ်သခင် ယွမ်မုန့်က ခန်းမအတွင်းရှိ နတ်ဘုရင်ကို တိုက်ရိုက် ညွှန်ကြားလိုက်၏။
“လုချန်းဟာ ခမ်းနားသော ကောင်းကင်ခန်းမနဲ့အတူ လျှို့ဝှက်လဝန်း ကျောင်းတော်ကနေ ထွက်ခွာသွားကတည်းက တစ်ခါမှ ပြန်မလာတော့ဘူးဆိုတဲ့ သတင်းကို ထုတ်ပြန်လိုက်ပါ။”
နတ်သခင် ယွမ်မုန့် ယခုအခါ အတန်ငယ် စိတ်အနှောင့်အယှက် ဖြစ်နေမိ၏။ လုချန်းသည် လျှို့ဝှက်လဝန်း ကျောင်းတော်၌ မရှိတော့သော်လည်း ထိုအင်အားစုများက သူ့ကို ရှာဖွေရန် လျှို့ဝှက်လဝန်း ကျောင်းတော်သို့ လာရောက်ချင်နေကြဆဲ ဖြစ်သည်။
အစက လုချန်း၏ ကြီးမားသော ကံစွမ်းအားများကြောင့် လုချန်းကို လျှို့ဝှက်လဝန်း ကျောင်းတော်သို့ ဝင်ခွင့်ပြုခြင်းဖြင့် ကျောင်းတော်၏ ကံစွမ်းအားကို များစွာ မြှင့်တင်နိုင်ခဲ့ကာ အကျိုးအမြတ်များ ရခဲ့၏။ သို့သော် ယခုမူ လုချန်းသည် လျှို့ဝှက်လဝန်း ကျောင်းတော်အတွက် ပြဿနာတစ်ခု ဖြစ်လာပုံရသည်။
နတ်သခင် ယွမ်မုန့်၏ အတန်ငယ် စိတ်မရှည်သော လေသံကို ကြားလျှင် ခန်းမအတွင်းရှိ နတ်ဘုရင်က ပျာပျာသလဲလဲ တုန်လှုပ်ချောက်ချားစွာဖြင့်
“ဟုတ်ကဲ။ တပည့် ဒီသတင်းကို အခုချက်ချင်း သွားပြီး ဖြန့်ဝေလိုက်ပါ့မယ်။”
ထိုစကားများနှင့်အတူ ခန်းမအတွင်းရှိ နတ်ဘုရင်လည်း ခန်းမအပြင်သို့ အလျင်အမြန်ပင် ထွက်ခွာသွားတော့သည်။
နတ်ဘုရင် ထွက်ခွာသွားပြီးနောက် နတ်သခင် ယွမ်မုန့် တစ်ဦးတည်း တွေးတောနေမိ၏။
ယခု လုချန်း၏ ပင်မကိုယ် မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မည်သူမှ မသိနိုင်ပေ။
အကယ်၍ သူမအနေနှင့် သူ၏ ပင်မကိုယ်ကို ရှာဖွေတွေ့ရှိနိုင်မည်ဆိုပါက...
ထိုသို့ တွေးတောမိရင်း နတ်သခင် ယွမ်မုန့်၏ လှပသော မျက်ခုံးအစုံ တွန့်သွားပြန်၏။
လုချန်း၏ ပင်မကိုယ်ကို ရှာဖွေတွေ့ရှိနိုင်ခဲ့လျှင်ပင် ဘာများတတ်နိုင်မည်နည်း။
လုချန်း၏ ကိုယ်ပွားများသည် သူတော်စင်အဆင့် နည်းဗျူဟာပုံစံ အင်းကွက် အမြောက်အမြားကို တစ်ပြိုင်နက်တည်း ရေးဆွဲနိုင်ကြသည်။
ဤအချက်တစ်ခုတည်းနှင့်တင် လုချန်း၏ နတ်ဝိညာဉ်စွမ်းအားသည် သာမန်နတ်သခင်များထက် ကျော်လွန်နေပြီ ဖြစ်၏။
ယခုအခါ လုချန်း၏ ပင်မကိုယ်သည် နတ်သခင်နယ်ပယ်သို့ပင် ရောက်ရှိနေနိုင်ခြေ ရှိသည်။
သူမအနေနှင့် သူ့ကို လွှမ်းမိုးချုပ်ကိုင်ရန်က လေကို ဖမ်းဆွဲသကဲ့သို့ မဖြစ်နိုင်သလောက်ပင်။
နေပါဦး...
နတ်သခင် ယွမ်မုန့် ရုတ်တရက် လူတစ်ယောက်ကို သတိရသွား၏။
ရှုကျင့်ရှူး၏ ဝမ်းဗိုက်ထဲတွင် လုချန်း၏ ရင်သွေး ရှိနေဆဲ ဖြစ်၏။
လုချန်းသည် သူ၏ သွေးသားရင်းချာကိုတော့ ဥပေက္ခာပြုထားရက်မည် မဟုတ်ပေ။
အကယ်၍ ရှုကျင့်ရှူးကို ဓားစာခံအဖြစ် အသုံးချမည်ဆိုပါက လုချန်း၏ ပင်မကိုယ်ကို ထွက်ပေါ်လာအောင် ဖိအားပေးနိုင်မည့် အခွင့်အလမ်း ရှိနိုင်ပါသလား။
ထိုသို့ တွေးတောရင်း နတ်သခင် ယွမ်မုန့်သည် သူမ၏ လက်တစ်ဖက်ကို မြှောက်ကာ နဖူးကို ပွတ်သပ်လိုက်၏။
သူတို့၏ ဘိုးဘေးသည် ဒုတိယဘဝကို မရရှိသေးသည့်အပြင် လုချန်း၏ နောက်ခံမှာလည်း ရိုးရှင်းလှသည် မဟုတ်ပေ။
လောလောဆယ်တွင် သူ့ကို သွားမဆွမိခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ယွမ်ယုတိနှင့် ပတ်သက်၍တော့ ပထမဦးစွာ အရိုင်းနယ်မြေရှိ နဂါးနယ်မြေသို့ လူလွှတ်ကာ ဆက်သွယ်မှု ပြုလုပ်စေပြီး သူမအား လျှို့ဝှက်လဝန်း ကျောင်းတော်သို့ ပြန်လာရန် ဖျောင်းဖျနိုင်မလား ကြည့်ရမည် ဖြစ်၏။
အကယ်၍ ယွမ်ယုတိ လျှို့ဝှက်လဝန်း ကျောင်းတော်သို့ ပြန်လာရန် ငြင်းဆန်ပါက လျှို့ဝှက်လဝန်း ကျောင်းတော်အနေနှင့် ပို၍ပြတ်သားသော လုပ်ဆောင်ချက်များကို လုပ်ဆောင်ရမည် ဖြစ်သည်။
ထိုအချိန်တွင် လုချန်း၏ ပင်မကိုယ်က သူတို့ကို တားဆီးရန် ပေါ်ထွက်လာပါက လျှို့ဝှက်လဝန်း ကျောင်းတော်က ရှုကျင့်ရှူးကို ဓားစာခံအဖြစ် ဖမ်းဆီးရုံသာ ရှိတော့မည်။
ထိုသို့ တွေးတောပြီးနောက် နတ်သခင် ယွမ်မုန့်လည်း နတ်သခင် ကောင်းကင်ထံသို့ စိတ်အာရုံဖြင့် တိုက်ရိုက် သတင်းစကား ပါးလိုက်၏။
“ကောင်းကင်... ယွမ်မုန့်ခန်းမကို အခုချက်ချင်း လာခဲ့ပါ”
နတ်သခင် ယွမ်မုန့်၏ စိတ်အာရုံဖြင့် သတင်းစကားပါးမှုကို ကြားလျှင် တရားထိုင် ကျင့်ကြံနေသည့် နတ်သခင် ကောင်းကင် အတန်ငယ် ဇဝေဇဝါဖြစ်သွား၏။ နတ်သခင် ယွမ်မုန့်က သူမကို ဤအချိန်တွင် အဘယ်ကြောင့် ရှာဖွေရသနည်းဟုလည်း တွေးတောသွားမိသည်။
ယခု လုချန်းသည် လျှို့ဝှက်လဝန်း ကျောင်းတော်မှ ထွက်ခွာသွားပြီ ဖြစ်ရာ နတ်သခင် ယွမ်မုန့်အနေနှင့် သူမနှင့် ပတ်သက်စရာ ကိစ္စမရှိသင့်တော့ပေ။
နတ်သခင် ကောင်းကင်သည် မျက်လုံးများကို ချက်ချင်း ဖွင့်လိုက်ပြီး အာကာသ တည်နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုကာ ယွမ်မုန့်ခန်းမသို့ ချက်ချင်း ရောက်ရှိလာ၏။
ယွမ်မုန့်ခန်းမအတွင်းသို့ ဝင်ရောက်ရင်း နတ်သခင် ကောင်းကင်က အရင် မေးလိုက်၏။
နတ်သခင် ကောင်းကင်က
“ကျောင်းတော်သခင်... ဘာကိစ္စများ ရှိလို့ပါလဲ”
နတ်သခင် ယွမ်မုန့်က
“ယွမ်ယုတိ အခု အရိုင်းနယ်က နဂါးနယ်မြေမှာ ရှိနေတယ်ဆိုတာ ကျွန်မ သိရတယ်။ အဲဒီနေရာကို ကိုယ်တိုင်သွားပြီး သူ့ကို ပြန်ခေါ်လာခဲ့ပါ။”
နတ်သခင် ကောင်းကင် မှင်တက်သွား၏။
နတ်သခင် ယွမ်မုန့်က ဆက်လက်၍
“ဒါက ဘိုးဘေးရဲ့ ဆန္ဒပဲ”
နတ်သခင် ကောင်းကင်သည် သူမ လှပသော မျက်ခုံးအစုံကို တွန့်လိုက်မိ၏။
ဘိုးဘေးက ယွမ်ယုတိကို ဘဝကူးပြောင်းရန် ခန္ဓာကိုယ်အဖြစ် အသုံးပြုရန် ရည်ရွယ်နေခြင်းလားဟု သူမ စိတ်ထဲတွင် သံသယဝင်မိသည်။
သို့သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က သူတို့၏ ဘိုးဘေးသည် ဒုတိယဘဝကို ရရှိရန်အတွက် ယခင် ပူးကပ်ခြင်းပညာကို အသုံးပြုရန် မလိုအပ်တော့ကြောင်း နတ်သခင် ယွမ်မုန့်ကိုယ်တိုင် ပြောခဲ့ဖူးသည်။
နတ်သခင် ကောင်းကင် တိတ်ဆိတ်နေသည်ကို တွေ့မြင်လျှင် နတ်သခင် ယွမ်မုန့်လည်း သူမ၏ စိတ်ထဲရှိ အတွေးများကို အကြမ်းဖျင်း ခန့်မှန်းမိ၏။
ထင်ရှားသည်မှာ နတ်သခင် ကောင်းကင်သည် ယွမ်ယုတိအပေါ် ဆရာ တပည့် သံယောဇဉ် အတန်ငယ် ရှိနေဆဲ ဖြစ်သည်။
နတ်သခင် ယွမ်မုန့်က
“ရှင်က သူရဲ့ ဆရာပဲ။ ရှင်ကိုယ်တိုင် သွားတွေ့ရင် သူ ရှင်နဲ့အတူ ပြန်လိုက်လာနိုင်တယ်။”
ထိုအချိန်တွင် နတ်သခင် ကောင်းကင်က
“တကယ်လို့ သူ ကျွန်မနဲ့အတူ ပြန်မလိုက်ချင်ဘူးဆိုရင်...”
နတ်သခင် ကောင်းကင် စကားမဆုံးခင်မှာပင် နတ်သခင် ယွမ်မုန့်က ကြားဖြတ်၍
“တကယ်လို့ သူ ငြင်းဆန်ရင် ကျွန်မကိုယ်တိုင် အရိုင်းနယ်မြေကို လာခဲ့မယ်လို့ သူ့ကို ပြောလိုက်ပါ။”
နတ်သခင် ကောင်းကင်က
“ကောင်းပါပြီ... ကျွန်မ အခုပဲ အရိုင်းနယ်မြေကို ချက်ချင်း သွားပါ့မယ်။”
နတ်သခင် ယွမ်မုန့် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး အလျင်အမြန်ပင် ထပ်လောင်းပြောလိုက်၏။
နတ်သခင် ယွမ်မုန့်က
“ဒါနဲ့... ရှင် အရိုင်းနယ်မြေကို ရောက်တဲ့အခါ အဲဒီမှာ လုချန်းရဲ့ ပင်မကိုယ် ရှိနေသလားဆိုတာကို စုံစမ်းဖို့ နည်းလမ်းရှာဦး။”
နတ်သခင် ယွမ်မုန့်၏ စကားကို ကြားလျှင် နတ်သခင် ကောင်းကင်က ပြန်မေးလိုက်၏။
“ကျောင်းတော်သခင်က လုချန်းရဲ့ ပင်မကိုယ် အရိုင်းနယ်မြေမှာ ရှိနေတယ်လို့ ထင်လို့လား။”
နတ်သခင် ကောင်းကင်အနေနှင့် ယွမ်ယုတိနှင့် လုချန်းတို့၏ အကြောင်းကို မသိသေးခြင်း ဖြစ်နိုင်ကြောင်း ထိုအချိန်တွင် နတ်သခင် ယွမ်မုန့် သဘောပေါက်သွားသဖြင့် ကွေ့ဝိုက်မနေပဲ
“ရှင် သိချင်မှ သိလိမ့်မယ်။ ယွမ်ယုတိနဲ့ လုချန်းတို့ဟာ လင်မယား ဖြစ်နေကြတာ ကြာလှပြီ။”
ထိုအရာကို ကြားလျှင် နတ်သခင် ကောင်းကင်လည်း မိုးကြိုးပစ်ချခံရသကဲ့သို့ လုံးဝ မှင်တက်သွားသည်။
လုချန်းနှင့် ယွမ်ယုတိ ဟုတ်စ။
ထိုနှစ်ယောက်သည် မည်သည့် ပတ်သက်မှုမှ ရှိပုံမရပဲ မည်သို့များ အတူတူ ရှိနေနိုင်ကြသနည်း။
နတ်သခင် ယွမ်မုန့်က ဆက်လက်၍
“ပြီးခဲ့တဲ့အကြိမ်တုန်းက ကျွန်မ လုချန်းအပေါ် ‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ ကို အသုံးပြုခဲ့တုန်းက လုချန်းရဲ့ အိပ်မက်ထဲမှာ ယွမ်ယုတိနဲ့ လုချန်းတို့ဟာ တရားမဝင် ပတ်သက်နေကြတာကို တွေ့ခဲ့ရတယ်။”
နတ်သခင် ကောင်းကင်၏ စိတ်ထဲ ပြောစရာ စကားလုံးများပင် ပျောက်ရှသွားရ၏။
ယွမ်ယုတိ အပါအဝင်ဆိုလျှင် သူမ၏ တပည့်ရင်း သုံးဦးစလုံးမှာ လုချန်း၏ လက်ထဲသို့ ကျရောက်သွားခဲ့ပြီ ဖြစ်သည်။
ရှုကျင့်ရှူးနှင့် တွေ့ဆုံချိန်၌ သူမ လုချန်း၏ ရင်သွေးကို လွယ်ထားပြီးဖြစ်သောကြောင့် ခွင့်လွှတ်နိုင်သော်လည်း ယွမ်ချင်းရှုနှင့် ယွမ်ယုတိတို့ကတော့ မတူပေ။
ထိုနှစ်ယောက်သည် သူမ၏ တပည့်များအဖြစ် အရင်ရောက်ရှိခဲ့သူများဖြစ်သည်။
လုချန်းက သူမ၏ တပည့်များကို သက်သက် ပစ်မှတ်ထားနေခြင်းလား။
နတ်သခင် ယွမ်မုန့်က ဆက်လက်၍
“ယွမ်ယုတိဟာ နတ်သခင် နယ်ပယ်ကို တက်ရောက်သွားပြီဖြစ်လို့ သူ့ကို လိုလိုလားလားနဲ့ ခန္ဓာကိုယ် အပ်နှံစေနိုင်တဲ့သူဟာ လုချန်းရဲ့ ပင်မကိုယ် ဖြစ်ဖို့ အခွင့်အလမ်း အများကြီး ရှိတယ်။”
နတ်သခင် ယွမ်မုန့် ပေးအပ်သော အချက်အလက်များကို နားလည်သွားပြီးနောက် နတ်သခင် ကောင်းကင်က
“ကျွန်မ ဘာလုပ်ရမလဲဆိုတာ သိပါပြီ။ ကျွန်မကို ခွင့်ပြုပါဦး။”
ထိုသို့ ပြောပြီးနောက် နတ်သခင် ကောင်းကင်သည် အခြား မည်သည့် ပြင်ဆင်မှုမှ ထပ်မံ မပြုလုပ်တော့ပဲ အရိုင်းနယ်မြေသို့ တိုက်ရိုက် ထွက်ခွာသွားတော့သည်။
--
………….