← Chapters

အခန်း ၂၆၆

Vol. 18 Ch. 266

အခန်း ၂၆၆

Vol. 18 Ch. 266

အခန်း ၂၆၆ - ကြေးညိုရောင် ရှေးဟောင်း သေတ္တာ၊ ဖန်ဆင်းခြင်း ပင်လယ်

"ကလစ်..."

ရီယွင်က သူ၏ လက်ဖြင့် ညင်သာစွာ ဖိချလိုက်ပြီး ကြေးညိုရောင် ရှေးဟောင်း သေတ္တာကို နောက်တစ်ကြိမ် ပိတ်လိုက်သည်။ ထို့နောက် သူက မတ်မတ်ထိုင်ကာ မျက်လုံးများကို ပိတ်လိုက်ပြီး သူ၏ စိတ်ကို အနားပေးလိုက်သည်။

'ဒီတော့ သခင်ကြီးက ဒီကောင်းကင်အကာအကွယ်ရတနာကို တန်ဖိုးထား သိမ်းဆည်းဖို့ ဆုံးဖြတ်လိုက်တာပေါ့...'

မုချင့်က မှိန်ဖျော့စွာ ပြုံးလိုက်သည်။ သူမက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ သစ်သားစားပွဲ တစ်လုံးနှင့် ခွေးခြေအချို့မှလွဲ၍ အခြား မည်သည့်အရာမျှ မရှိချေ။ သူမမှာ အလုပ်မရှိဘဲ အားနေခဲ့သည်။ သခင်ကြီးက သူမကို တာဝန်ပေးထားသည်မှာ လက်ဖက်ရည်နှင့် ရေတို့ကို ခပ်ပေးရန် ဖြစ်ပေသည်။ သို့သော် လောလောဆယ်တော့ သခင်ကြီးက လက်ဖက်ရည် သောက်မည့် အစီအစဉ် ရှိပုံမပေါ်ချေ။

"သခင်ကြီး... လက်ဖက်ရည် သောက်ချင်သေးလား... ဒါမှမဟုတ် ကျွန်မ ရေနွေးကျိုပေးရမလား..."

အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် မုချင့်က သတ္တိမွေးကာ မေးမြန်းလိုက်သည်။

"အခုလောလောဆယ်တော့ မလိုသေးဘူး... လိုရင် ငါပြောမယ်..."

ရီယွင်က မျက်လုံးများကို မှိတ်ထားဆဲဖြင့် တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။

မုချင့်က အသိအမှတ်ပြုလိုက်ပြီး ရီယွင် ယခင်က ပေးထားသော ပုလင်းငယ်ကို ထုတ်ယူလိုက်သည်။ ၎င်းအတွင်းရှိ ဆန်းကြယ်သော အစိမ်းရောင် အရည် တစ်စက်ကို ငေးကြည့်ရင်း သူမ၏ လှပသော မျက်နှာပေါ်တွင် ဝမ်းသာပီတိဖြစ်မှု အရိပ်အယောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။

'ဒါက နတ်ဘုရားရေစင် တစ်စက်ပဲ... ဘယ်လောက်ပဲ ပြင်းထန်တဲ့ ဒဏ်ရာဖြစ်ပါစေ ဒီအရည်ကို သောက်လိုက်တာနဲ့ ကုသပေးနိုင်တယ်... တကယ်ကို မယုံနိုင်စရာပဲ...'

ခေတ္တမျှ ချစ်ခင်မြတ်နိုးစွာ ကြည့်ရှုပြီးနောက် မုချင့်က ပုလင်းငယ်ကို ပြန်သိမ်းလိုက်သည်။ ထို့နောက် သူမသည် မျက်လုံးများကို ပိတ်ကာ ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။ ကျင့်ကြံမှု စတင်ပြီး မိနစ်အနည်းငယ် အကြာတွင် သူမသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားခဲ့သည်။

'ကြောင်နီလေး တစ်ကောင် ပါတယ် မဟုတ်ဘူးလား... အခု သူ ဘယ်ရောက်သွားတာလဲ...'

ထိုအတွေး သူမ၏ စိတ်ထဲတွင် ဖြစ်ပေါ်လာချိန်မှာပင် အပြင်ဘက်ရှိ ကြောင်နက်ကြီးက မေးမြန်းလိုက်သည်ကို မုချင့် ကြားလိုက်ရသည်။

"ဦးလေးမြင်း... ဟိုစီနီယာက ဘယ်ရောက်သွားတာလဲ..."

"သခင်ကြီးခိုင်းထားတဲ့ ကိစ္စတစ်ခုအတွက် သွားနေတာပါ..."

မြင်းနက်ကြီးက တောင်လမ်းအတိုင်း ဖြည်းညင်းစွာ လျှောက်သွားရင်း ခေါင်းငုံ့ကာ ပေါ့ပေါ့ပါးပါး ပြန်လည်ဖြေကြားလိုက်သည်။

"ဪ..."

ကြောင်နက်ကြီးက ခေါင်းညိတ်ပြလိုက်သည်။ ဦးလေးမြင်းမှာ ရထားလုံး ဆွဲရသည်ကို ပင်ပန်းနေပုံရကာ စိတ်ဓာတ်ကျနေသည်ကို သတိပြုမိလိုက်သည့်အခါ သူ၏ မျက်လုံးများက တောက်ပလာခဲ့သည်။

'ငါ ဘယ်လိုလုပ်ပြီးတော့ပဲဖြစ်ဖြစ် ဦးလေးမြင်းကို စိတ်ဓာတ်ခွန်အား တက်လာအောင် လုပ်ပေးရမယ်... မည်သို့ပင်ဆိုစေ ဦးလေးမြင်းက ဒီခရီးစဉ်မှာ ငါ့ကို အများကြီး ဂရုစိုက်ပေးခဲ့တာပဲ...'

ကြောင်နက်ကြီးက အသည်းအသန် ဦးနှောက်စားနေစဉ်မှာပင် 'နံရံမှာ နားရှိတယ်' ဟူသော စကားအတိုင်း မုချင့်သည် ကြောင်နီလေး ရှိရာ နေရာကို သိရှိသွားခဲ့သည်။

"အချိန်တန်လောက်ပြီ..."

မုချင့်က ကျင့်ကြံခြင်းကို နောက်တစ်ကြိမ် စတင်ရန် ပြင်ဆင်နေချိန်မှာပင် သူမ၏ နားအနီးမှနေ၍ သခင်ကြီး၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။ သူမ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ သခင်ကြီးက ကြေးညိုရောင် ရှေးဟောင်း သေတ္တာအပေါ်သို့ သူ၏ လက်ကို နောက်တစ်ကြိမ် တင်လိုက်သည်ကို မြင်လိုက်ရသည်။ မုချင့်မှာ လုံးဝဥဿုံ ဝေခွဲမရ ဖြစ်သွားခဲ့သည်။

'သခင်ကြီးက ဒါ ဘာလုပ်ဖို့ စီစဉ်နေတာလဲ... ကောင်းကင်အကာအကွယ်ရတနာကို လုံလုံခြုံခြုံ သိမ်းဆည်းဖို့ သေတ္တာထဲကို ထည့်လိုက်တာ မဟုတ်ဘူးလား... ပြီးတော့ စောစောက သူပြောတဲ့ အချိန်တန်လောက်ပြီ ဆိုတာက ဘာကို ဆိုလိုတာလဲ... တန်ဖိုးထား သိမ်းဆည်းတာက အချိန်ခဏလေးပဲ လိုတာများလား...'

မုချင့်က မျက်လုံးအဝိုင်းသားနှင့် ရီယွင်၏ လှုပ်ရှားမှုများကို မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေခဲ့သည်။ မုချင့်၏ မျက်နှာပေါ်ရှိ အံ့အားသင့်နေသော အမူအရာကို မြင်လိုက်ရသော်လည်း ရီယွင်က ဂရုမစိုက်ခဲ့ချေ။ သူ၏ လက်ဖြင့် ညင်သာစွာ တွန်းလိုက်ရာ ကြေးညိုရောင် ရှေးဟောင်း သေတ္တာမှာ 'ကလစ်'ခနဲ အသံနှင့်အတူ ပြန်ပွင့်လာခဲ့သည်။ ရီယွင်၏ အကြည့်များက သေတ္တာ၏ အတွင်းပိုင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

ကြေးညိုရောင် ရှေးဟောင်း သေတ္တာ၏ အတွင်းပိုင်းမှာ အလွန်တရာ ကျယ်ပြောလှပြီး မှိန်ဖျော့ပြီး ဆန်းကြယ်သော အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေသည့် ရွှေရောင် သမုဒ္ဒရာ တစ်ခု ပါဝင်နေပေသည်။ ဤအခိုက်အတန့်တွင် ကောင်းကင်အကာအကွယ်ရတနာမှာ ရွှေရောင် သမုဒ္ဒရာအတွင်း၌ နှစ်မြုပ်နေပြီး ဆန်းကြယ်သော ရွှေရောင် အလင်းတန်း တစ်မျိုးကို စုပ်ယူနေခဲ့သည်။ မကြာမီမှာပင် ကောင်းကင်အကာအကွယ်ရတနာမှာ ယခင်က ရှေးကျပြီး ဟောင်းနွမ်းနေသော အသွင်အပြင်နှင့် လုံးဝ ကွာခြားသွားခဲ့သည်။ ၎င်းသည် ယခုအခါတွင် လုံးဝ အသစ်စက်စက် ဖြစ်သွားပြီဟု ဆိုနိုင်ပေသည်။ အရေးအကြီးဆုံးအချက်မှာ ကောင်းကင်အကာအကွယ်ရတနာ၏ အဆင့်မှာ မြေကမ္ဘာအဆင့်မှ လက်ရှိ ဧကရာဇ်အဆင့် အလယ်အလတ်သို့ ထိုးတက်သွားခဲ့ခြင်း ဖြစ်ပေသည်။ ယခုအခါတွင် ၎င်း၏ ယခင်က အမြင့်ဆုံးအဆင့် ဖြစ်သော ဧကရာဇ်အဆင့် အထွတ်အထိပ် သို့ရောက်ရန် အဆင့်ငယ်တစ်ခုသာ လိုတော့သည်။

ရီယွင်က တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။ ကောင်းကင်အကာအကွယ်ရတနာ အပြည့်အဝ ပြန်လည်ကောင်းမွန်လာရန် အချိန်များများ ကြာမည်မဟုတ်ဟု သူ ခန့်မှန်းထားပေသည်။

မုချင့်က ရီယွင်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသဖြင့် ကြေးညိုရောင် သေတ္တာ အတွင်းရှိ မြင်ကွင်းကို မမြင်တွေ့နိုင်ချေ။ သို့သော်လည်း သူမက အနီးသို့သွား၍ မကြည့်ရဲဘဲ သခင်ကြီး၏ လုပ်ရပ်များ နောက်ကွယ်ရှိ အကြောင်းရင်းကို စိုးရိမ်တကြီးဖြင့်သာ ခန့်မှန်းနေခဲ့သည်။

အသက်ရှူကြိမ် ဆယ်ကြိမ်ခန့်မျှသာ ရှိသော အချိန်တိုလေးအတွင်းမှာပင် ကောင်းကင်အကာအကွယ်ရတနာ၏ အဆင့်မှာ ဧကရာဇ်အဆင့် အထွတ်အထိပ်သို့ လုံးဝဥဿုံ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ရီယွင်က ညင်သာစွာ လှမ်းဆွဲလိုက်ရာ ကောင်းကင်အကာအကွယ်ရတနာမှာ ရွှေရောင် သမုဒ္ဒရာအတွင်းမှနေ၍ လွင့်ပျံလာပြီး ကြေးညိုရောင် ရှေးဟောင်း သေတ္တာထဲမှ ထွက်ကာ သူ၏ လက်ထဲသို့ ရောက်ရှိလာတော့သည်။

အသစ်စက်စက် ဖြစ်နေပြီး ရင်းနှီးနေသော ပုံစံများ ထင်ရှားနေသည့် ကောင်းကင်အကာအကွယ်ရတနာကို ငေးကြည့်ရင်း ရီယွင်မှာ သက်ပြင်းရှည်ကြီး တစ်ချက် မချဘဲ မနေနိုင်တော့ချေ။ ဤအခိုက်အတန့်တွင် သူ၏ သွေးသောက်ညီအစ်ကို လေးချန်း သူ၏ရှေ့တွင် နောက်တစ်ကြိမ် ပြန်လည်ရပ်နေသည်ကို သူ မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ဤပြန်လည်ပြင်ဆင်ထားသော ကောင်းကင်အကာအကွယ်ရတနာကို လေးချန်းအား နောက်တစ်ကြိမ် သူ ပေးအပ်ချင်မိသည်။ သို့သော် ဤသည်မှာ အချည်းနှီးသော မျှော်လင့်ချက် တစ်ခုမျှသာ ဖြစ်ကြောင်း သူ သိရှိထားပေသည်။ ယခုအခါ ပြန်လည်ပြင်ဆင်ထားသော ကောင်းကင်အကာအကွယ်ရတနာကို သူ၏ သွေးသောက်ညီအစ်ကို၏ မျိုးဆက်ဖြစ်သော လီချန်နန်ကိုသာ ပေးအပ်နိုင်တော့မည် ဖြစ်သည်။

ရီယွင်၏ လက်ထဲရှိ ကောင်းကင်အကာအကွယ်ရတနာမှာ လုံးဝဥဿုံ ရွှေရောင် ဖြစ်နေပြီး ၎င်းအပေါ်တွင် ရှေးဟောင်း ပုံစံအမျိုးမျိုးဖြင့် တန်ဆာဆင်ထားကာ နူးညံ့ပြီး တောက်ပသော ရွှေရောင် အလင်းတန်းတစ်ခုကို ထွက်ပေါ်နေခဲ့သည်။ ၎င်းသည် အလွန်တရာ မြင့်မြတ်သော အော်ရာတစ်ခုကို ထုတ်လွှတ်နေပေ၏။

အဝေးမှနေ၍ မုချင့်သည် အသစ်စက်စက် ဖြစ်နေသော ကောင်းကင်အကာအကွယ်ရတနာကို စောင့်ကြည့်နေခဲ့သည်။ သူမ၏ ကြီးမားသော မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားခဲ့ပြီး ရုပ်တုတစ်ခုအလား မလှုပ်မယှက် ရပ်နေခဲ့သည်။ မုချင့်မှာ လုံးဝဥဿုံ ထိတ်လန့်သွားခဲ့သည်။ မြေကမ္ဘာအဆင့် ရတနာတစ်ခုကို ကြေးညိုရောင် ရှေးဟောင်း သေတ္တာအတွင်းသို့ ထည့်လိုက်သည်ကို သူမ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရပြီး အမွှေးတိုင် တစ်တိုင် မကုန်မီ အချိန်လေးအတွင်းမှာပင် ထိုအရာသည် ဧကရာဇ်အဆင့် အထွတ်အထိပ် သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ဤသည်မှာ လုံးဝ မယုံနိုင်စရာပင်။

'ဒီကြေးညိုရောင် ရှေးဟောင်း သေတ္တာက ဘယ်လို ရတနာမျိုးလဲ... ရတနာတွေကို ပြန်လည်ပြင်ဆင်တဲ့ နေရာမှာ သူ့ရဲ့ အရှိန်က အံ့ဩစရာကောင်းလောက်အောင်ကို မြန်ဆန်လှပါလား...'

မုချင့် သိရှိထားမှုများအရ ချန်းနန်ကုန်းမြေကြီးပေါ်တွင် ဧကရာဇ်အဆင့် အထွတ်အထိပ် ရတနာတစ်ခုကို ပြန်လည်ပြင်ဆင်ရန်အတွက် စိတ်ကူး၍မရနိုင်လောက်အောင် များပြားလှသော လူအင်အား၊ ပစ္စည်းများနှင့် ဘဏ္ဍာရေးအရင်းအမြစ်များ လိုအပ်ပေသည်။ ၎င်းကို အောင်မြင်စွာ ပြန်လည်ပြင်ဆင်ရန်အတွက် နှစ်ပေါင်း ရာနှင့်ချီ၍ အချိန်ယူရလောက်ပေသည်။ သို့သော် သခင်ကြီးသည် ကောင်းကင်အကာအကွယ်ရတနာကို ဤကြေးညိုရောင် ရှေးဟောင်း သေတ္တာကို အသုံးပြု၍ ဤမျှတိုတောင်းသော အချိန်လေးအတွင်း ပြန်လည်ပြင်ဆင်နိုင်ခဲ့သည်။

"ဒါက တကယ့်ကို မယုံနိုင်စရာပဲ..."

မုချင့်က ထွက်ကျလာသော စကားလုံးများကို မတားဆီးနိုင်တော့ဘဲ တီးတိုးရေရွတ်လိုက်သည်။

မုချင့်၏ အံ့အားသင့်နေသော အမူအရာကို မြင်လိုက်ရသည့်အခါ ရီယွင်က တည်ငြိမ်စွာ ပြုံးလိုက်ပြီး မေးမြန်းလိုက်၏။

"မင်းဆီမှာ ပျက်စီးနေတဲ့ ရတနာတွေများ ရှိသေးလား..."

သူ၏ မေးခွန်းကို ကြားလိုက်ရသည့်အခါ မုချင့်မှာ သူမ၏ ထိတ်လန့်မှုမှ အသိပြန်ဝင်လာခဲ့သည်။ သူမထံတွင် ဝူခွန်းတောင် မှောင်ခိုဈေးမှ ဝယ်ယူခဲ့သော ရတနာတစ်ခု အမှန်တကယ် ရှိနေသော်လည်း ၎င်းမှာ ပျက်စီးနေခဲ့သည်။ ၎င်း၏ အရည်အသွေးမှာ ပြင်းပြင်းထန်ထန် ကျဆင်းနေခဲ့ပြီ ဖြစ်သည်။ သူမက ပုတီးစေ့တစ်လုံးကို ထုတ်ယူလိုက်၏။ ၎င်းကို တုန်ယင်နေသော လက်များဖြင့် မြှောက်ကိုင်လိုက်ပြီး တုန်ယင်နေသော အသံဖြင့် မေးမြန်းလိုက်သည်။

"သခင်ကြီး... ကျွန်မအတွက် ဒါလေးကို ပြင်ပေးလို့ ရမလား..."

"ပြဿနာ မရှိပါဘူး..."

ရီယွင်က မှိန်ဖျော့စွာ ပြုံးလိုက်ပြီး သူမထံမှ ပုတီးစေ့ကို ယူလိုက်သည်။

အာရုံစူးစိုက်မှု ပုတီးစေ့ဟု လူသိများသော ဤပုတီးစေ့မှာ ကျင့်ကြံခြင်းကို အထောက်အကူပြုရန် အသုံးပြုသော ကောင်းကင်အဆင့် အနိမ့် ရတနာတစ်ခုမျှသာ ဖြစ်ပေသည်။ ရီယွင်က အာရုံစူးစိုက်မှု ပုတီးစေ့ကို ကြေးညိုရောင် ရှေးဟောင်း သေတ္တာ အတွင်းသို့ ညင်သာစွာ ထည့်လိုက်သည်။ မုချင့်က သတ္တိမွေးကာ ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားပြီး ကြေးညိုရောင် ရှေးဟောင်း သေတ္တာ အတွင်းသို့ ချောင်းကြည့်လိုက်သည်။ သူမ မြင်တွေ့လိုက်ရသော အရာက သူမကို နောက်တစ်ကြိမ် အံ့အားသင့်သွားစေခဲ့သည်။

ကြေးညိုရောင် ရှေးဟောင်း သေတ္တာ အတွင်း၌ အလွန် ကျယ်ပြောလှသော ရွှေရောင် သမုဒ္ဒရာ တစ်ခု ရှိနေပြီး သူမ၏ အာရုံစူးစိုက်မှု ပုတီးစေ့မှာ ၎င်းအတွင်း၌ ရွှေရောင် အလင်းတန်းများကို အဆက်မပြတ် စုပ်ယူနေခဲ့သည်။

"သခင်ကြီး... သခင်ကြီးရဲ့ ဒီကြေးညိုရောင် သေတ္တာက ဘယ်လို ရတနာမျိုးလဲ..."

မုချင့်က စကားထစ်အစွာဖြင့် မေးမြန်းလိုက်သည်။

"ဒီကြေးညိုရောင် ရှေးဟောင်း သေတ္တာမှာ နာမည် မရှိဘူး..."

ရီယွင်က မှိန်ဖျော့စွာ ပြုံးလိုက်သည်။

'ဒီကြေးညိုရောင် ရှေးဟောင်း သေတ္တာက တကယ်ပဲ နာမည် မရှိဘူး... ဒါပေမဲ့ သူက စိတ်ကူးလို့မရနိုင်လောက်တဲ့ ဖန်ဆင်းခြင်း စွမ်းအားကိုတော့ ပိုင်ဆိုင်ထားတယ်... တကယ်လို့ ငါက နာမည်တစ်ခု ပေးရမယ်ဆိုရင်တော့... သူ့ကို ဖန်ဆင်းခြင်းပင်လယ်လို့ ခေါ်လိုက်တာက အကောင်းဆုံးပဲ...'

သို့သော် ဤအတွေးမှာ ရီယွင်၏ စိတ်ထဲတွင် ခဏတာမျှသာ ဝင်းခနဲ ဖြတ်သန်းသွားခဲ့ပြီး မုချင့်ကို ဖွင့်မပြောခဲ့ချေ။ ရီယွင်က ဤကြေးညိုရောင် ရှေးဟောင်း သေတ္တာ၏ နာမည်ကို အမှန်တကယ် ဂရုမစိုက်ခဲ့ချေ။ သူ၏ သိုလှောင်မှုထဲတွင် ရတနာများ အများအပြား ရှိနေပေသည်။ သူ၏ သိုလှောင်ရုံ တစ်ခုတည်းတွင်ပင် အခြား ရတနာများကို ပြန်လည်ပြင်ဆင်ပေးနိုင်စွမ်းရှိသော ရတနာပေါင်း သောင်းနှင့်ချီ၍ ရှိနေပေသည်။ ကောင်းကင်အကာအကွယ်ရတနာကို ပြန်လည်ပြင်ဆင်ရန်အတွက် ရီယွင်က ဤကြေးညိုရောင် ရှေးဟောင်း သေတ္တာကို ရိုးရှင်းစွာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ အဆင့်မှာ ဤလောက၏ စံနှုန်းများအရ လက်ခံနိုင်ဖွယ်ရာ ရှိပေသည်။

အသက်ရှူကြိမ် နှစ်ကြိမ်၊ သုံးကြိမ်အကြာတွင် ရီယွင်က ပြောလိုက်သည်။

"ပြီးပြီ..."

ရီယွင်က လက်လှမ်းလိုက်ရာ အာရုံစူးစိုက်မှု ပုတီးစေ့မှာ သေတ္တာထဲမှ လွင့်ပျံလာခဲ့သည်။ ဤအခိုက်အတန့်တွင် အာရုံစူးစိုက်မှု ပုတီးစေ့မှာ ကောင်းကင်အဆင့် အနိမ့်မှ ဧကရာဇ်အဆင့် အနိမ့်သို့ အဆင့်တက်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းသည် အဓိက အဆင့်တစ်ခုလုံး မြင့်တက်သွားခဲ့ခြင်း ဖြစ်သည်။ အာရုံစူးစိုက်မှု ပုတီးစေ့မှာ ၎င်း၏ မူလ အဆင့်သို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်ပေသည်။

အခန်း ၂၆၆ ပြီးပါပြီ။

--

All Chapters