အခန်း ၇၀၆
Vol. 48 Ch. 706
အပိုင်း ၇၀၆ : သူမတူသော အမျိုးသားတစ်ယောက်
"အချစ်.. ကျွန်မလုပ်စရာလေးရှိလို့။ အိတ်ဝယ်ပြီးရင် ကျွန်မဆီ ဖုန်းဆက်လိုက်နော်"
ကောင်မလေးက ထိုသို့ပြောပြီးနောက် ခပ်သုတ်သုတ်ပြေးထွက်သွားလေရာ မျက်မှန်တပ်ထားသော အမျိုးသားမှာ ထိုနေရာမှာတင် ကြောင်အမ်းအမ်းဖြင့် ကျန်နေခဲ့တော့သည်။
ယွီယွီဟုခေါ်သော ဤဆယ်လီမလေးက ပုံမှန်မြင်နေကျ "ငွေမက်သည့်မိန်းကလေး"မျိုးဖြစ်ပြီး တစ်နေ့နေ့တွင် လူကုံထံမိသားစုထဲသို့ အိမ်ထောင်ကျ၍ သူဌေးကတော်ဘဝဖြင့် ဘဝကိုဖြတ်သန်းရန် စိတ်ကူးယဉ်နေသူ တစ်ယောက်သာ။
သူ(မ)၏ စိတ်ထဲတွင် မျက်မှန်နှင့်အမျိုးသားမှာ အခေါ်အပြောလုပ်ရုံမျှဖြင့် သွားလိုက်လာလိုက်လုပ်နေသည့် အရန်လူတစ်ယောက်မျှသာ ဖြစ်၏။
တကယ်တမ်းတွင် သူ(မ) ရှာဖွေနေသည်မှာ ယဲ့ချန်းလို ရုပ်ရည်ချောမောပြီး ချမ်းသာသည့် အမျိုးသားပင်။ အစတုန်းက သူ့ကို ပရောပရည်သွားလုပ်ရန် ရည်ရွယ်ထားသော်ငြား ကား၏ အရိပ်ကိုသာ မြင်လိုက်ရ၏။
ယဲ့ချန်းဝတ်ထားသည့် ယူနီဖောင်းပေါ်က "အမြန်ချောပို့"ဟူသော စကားလုံးကို သူ(မ) အစောကတည်းက သတိထားမိသည်။ ထို့ကြောင့် အနီးအနားရှိ ပါဆယ်ပို့ဆောင်ရေးဌာနသို့ သွားမည်ဖြစ်ကြောင်း ခန့်မှန်းမိသဖြင့် တက္ကစီတစ်စီးငှား၍ အနီးအနားရှိ ပါဆယ်ပို့ဆောင်ရေးဌာနသို့ ကမန်းကတန်းထွက်လာခဲ့သည်။
ယဲ့ချန်းကလည်း ပါဆယ်ပို့ဆောင်ရေးဌာနသို့ ပြန်ရောက်လာပြီးနောက် ပို့ဆောင်ရမည့် ပါဆယ်ထုပ်များကို စစ်ဆေးလိုက်သည်။ ထိုအထဲမှ ပါဆယ်တစ်ထုပ်မှာ အလွန်ကြီးနေသဖြင့် သူ့လိုင်ကန်ကားထဲသို့ ထည့်မရပေ။
အခြားရွေးချယ်စရာမရှိသည့်အတွက် သူကားထဲမှ ပါဆယ်ထုပ်များနှင့် ပါဆယ်ပို့ဆောင်ရေးဌာနရှိ ပါဆယ်ထုပ်များကို လျှပ်စစ်စက်ဘီးပေါ်သို့ ပြောင်းတင်လိုက်ရသည်။
အခြားပစ္စည်းပို့သမားများက ရုပ်ချောချောလူငယ်လေးတစ်ယောက် တန်ဖိုးကြီးကားထဲမှ ပါဆယ်ထုပ်တစ်ခုကို ထုတ်နေကြောင်း မြင်လိုက်ရသည့်အပြင် ယဲ့ချန်းက ပစ္စည်းပို့သမားယူနီဖောင်းကို ဝတ်ဆင်ထားကြောင်းကိုပါ သတိထားမိလိုက်သဖြင့် အားလုံး လန့်ဖျပ်သွားကြသည်။
"ဘယ်သူဌေးသားကများ ဘဝအတွေ့အကြုံလာယူတာလဲ"
"လူချမ်းသာတွေများ တယ်လည်းအပျော်ရှာတတ်ကြတာကိုး"
ယဲ့ချန်းကမူ ထိုမှတ်ချက်များကို ဂရုမစိုက်ပါဘဲ သူသွားလိုရာခရီးကိုသာ လျှပ်စစ်စက်ဘီးဖြင့် ထွက်လာခဲ့လိုက်သည်။
လျှပ်စစ်စက်ဘီးပေါ်ရှိ ယဲ့ချန်းကို မြင်လိုက်ရချိန်ဝယ် အွန်လိုင်းဆယ်လီယွီယွီ၏ မျက်လုံးအစုံကား ဆာလောင်မွတ်သိပ်နေသော ဝံပုလွေတစ်ကောင်က သားကောင်ကို မြင်လိုက်ရသည့်အလား လင်းလက်သွားသည်။
ဤနေရာသို့လာသည့် လမ်းတစ်လျှောက်တွင် ယွီယွီက အစီအစဉ်တစ်ခုဆွဲထားပြီးဖြစ်၏။ ယဲ့ချန်းလို ရုပ်ချောပြီး ချမ်းသာသည့် အမျိုးသားတစ်ယောက်အတွက် မျက်ရည်များနှင့် ချွဲနွဲ့မှုများက အသုံးဝင်မည်မဟုတ်ပေ။
သူ(မ)လက်ထဲက ဘယ်ယောကျ်ားမှ မလွတ်စေမည့် အကောင်းဆုံးအကွက်ကိုသုံးရန် ပြင်ဆင်ထားသည်။
ဆယ်လီယွီယွီက အရှေ့ရှိ လျှပ်စစ်စက်ဘီးနောက်သို့ လိုက်ပေးရန် ကားသမားကို ပြောလိုက်သည်။
ယဲ့ချန်းမှာ ခဏမျှမောင်းသွားပြီးနောက် လျှပ်စစ်စက်ဘီးကိုရပ်ကာ စက်ဘီးပေါ်မှ ပါဆယ်ထုပ်ကြီးတစ်ခုကို ပွေ့ယူလိုက်သည်။
သူသည် လူနေအိမ်ရာတစ်ခု၏ အနောက်ဂိတ်ပေါက်ဆီသို့ လျှောက်သွားချိန်ဝယ် အထဲကထွက်လာသော အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရသည်။ သူ(မ)က ယဲ့ချန်း၏လက်ထဲရှိ ပါဆယ်ထုပ်ကိုကြည့်၍ ပြောလာလေသည်။
"ကောင်လေး.. အဲဒီပါဆယ်ထုပ်က ငါ့ဟာပဲ"
ယဲ့ချန်းကလည်း ပါဆယ်ထုပ်ရှိ အချက်အလက်များကို သေချာစစ်ဆေးပြီးမှ ထိုအမျိုးသမီးထံသို့ ပါဆယ်ထုပ်ပေးလိုက်သည်။
ယဲ့ချန်းက လူနေအိမ်ရာ၏ အနောက်ပေါက်တွင် ရပ်နေကြောင်း မြင်လိုက်ရသောအခါ ဆယ်လီမလေး ယွီယွီက သူ(မ)ကိုလည်း ယဲ့ချန်းနှင့် မလှမ်းမကမ်းတွင် ချပေးရန် ကားဆရာကို ပြောလိုက်သည်။
ထိပ်တိုက်စကားသွားပြောမည့် အစီအစဉ်ကတော့ အလုပ်မဖြစ်ပေ။ သို့သော် ယွီယွီက ထိုလူနေအိမ်ရာ၏ ပတ်ဝန်းကျင်ကို အလွန်ရင်းနှီးကျွမ်းဝင်လေသည်။
သူ(မ)က စွန့်ပစ်ထားသည့် ရထားလမ်းဟောင်းတစ်ခုသို့ ရောက်လာပြီး လမ်းပေါ်ရှိ ကျောက်ခဲများကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်လေသည်။
စွန့်ပစ်ထားသည့် ဤရထားလမ်းကို လူသွားလူလာ နည်းပါးသော်ငြား ယာဉ်များ၊ လျှပ်စစ်စက်ဘီးများနှင့် အခြားခရီးသွားယာဉ်များအတွက်မူ သေချာပေါက်ဖြတ်သန်းသွားရမည့် လမ်းကြောင်းတစ်ခုပင်။
ယဲ့ချန်းလို ရွှေတွင်းကြီးကို သွေးဆောင်ဖြားယောင်းကာ အိမ်ထောင်ပြုပြီး သူဌေးကတော်ဘဝဖြင့် နေထိုင်နိုင်ရန်အတွက် သူ(မ)မှာ လမ်းဘေးတွင် လှဲချရဲသည်အထိ အရှက်အကြောက်ကင်းမဲ့လေသည်။ ထို့ပြင် လှလှပပလေး ပို့စ်ပေးဖို့လည်း မမေ့ခဲ့ချေ။
လျှပ်စစ်စက်ဘီးအသံက အဝေးမှ ပိုနီးလာသည်။ ဆယ်လီယွီယွီမှာ သူ(မ)၏အိပ်မက်များ တကယ်ဖြစ်လာတော့မည်ဟု ခံစားလိုက်ရသည်။
သူ(မ) စိတ်ထဲကပင် တွေးလိုက်မိသည်။
"လာလိုက်စမ်းပါ အချစ်လေးရယ်"
ယဲ့ချန်းက လျှပ်စစ်စက်ဘီးကို စီးလာရင်း အဝေးတစ်နေရာကတစ်ဆင့် သံလမ်းဘေးတွင် လဲကျနေသော အရာတစ်ခုကို မြင်လိုက်ရသဖြင့် အနီးကပ်သွားကြည့်လိုက်သောအခါ အနီရောင်ဂါဝန်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
သူ၏ ပထမဆုံးတုံ့ပြန်မှုကား…
"သေစမ်း.. ဒီနေရာမှာတောင် ဒီလိုလူလိမ်မျိုး ရှိသေးတာပဲ"
ယဲ့ချန်းက လျှပ်စစ်စက်ဘီးကို ထိုအမျိုးသမီးနှင့် နည်းနည်းဝေးသောနေရာတွင် ရပ်လိုက်ပြီး အနီရောင်ဂါဝန်ဝတ်ထားသော အမျိုးသမီးနားသို့ လျှောက်သွားလိုက်သည်။
ယဲ့ချန်း အနားသို့ ချဉ်းကပ်လာပြီး သူ(မ)ကို ပွေ့ချီရန် ငုံ့ကိုင်းလိုက်သည်ကို မြင်သောအခါ ဆယ်လီယွီယွီကလည်း အလွန်ကျေနပ်နေတော့သည်။ သူ(မ)၏အစီအစဉ် အောင်မြင်သွားပြီဖြစ်ကြောင်း သူ (မ) သိလိုက်သည်။ စံအိမ်ကြီးတစ်ခုတွင် နေထိုင်ကာ စူပါကားကိုမောင်းရင်း သူဌေးတစ်ယောက်၏ဘဝကို ဖြတ်သန်းနေရသည်ဟုပင် မြင်ယောင်နေမိသည်။
ယဲ့ချန်းထံမှ ပွေ့ချီခံလိုက်ရချိန်တွင် ယွီယွီတစ်ယောက် ရှက်သွေးဖြာချင်ယောင်ဆောင်ပြီး မျက်လုံးမှိတ်ထားလိုက်သော်ငြား အသာမျက်လုံးဖွင့်၍ ချောမောခန့်ညားလှသော ယဲ့ချန်း၏ မျက်နှာကို ခိုးကြည့်နေဆဲပင်။
ဤတစ်ခေါက်တော့ ယွီယွီမှာ အချီကြီးမိလိုက်ပြီဟု ခံစားရသည်။ ယဲ့ချန်းက ချမ်းသာရုံသာမက ရုပ်လည်းချောသဖြင့် ဤအမျိုးသားက သူ(မ)၏ စိတ်ကူးထဲက ချစ်သူပုံစံမျိုးပင်။
ယဲ့ချန်းက ခြေလှမ်းအနည်းငယ် လျှောက်သွားပြီးနောက် တစ်ဖန်ငုံ့ကိုင်းလိုက်ပြန်သည်။ ယွီယွီခမျာ ပြုတ်ကျတော့မလို ခံစားလိုက်ရပြီး တွေးလိုက်မိသည်။
"ဘာတွေဖြစ်နေတာလဲ"
ဘာဖြစ်သွားကြောင်း သူ(မ) သိလိုက်ရချိန်တွင်မူ ကျောပြင်အောက်က အေးစိမ့်သွားသလို ခံစားလိုက်ရပြီး မြေပြင်ပေါ်သို့ ပြန်ရောက်နေပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
ဆယ်လီယွီယွီ : "…"
သူ(မ) ရင်ကွဲရလေပြီ။ ယဲ့ချန်းက သူ(မ)ကို ဇိမ်ခံကားထဲသို့ ပွေ့ခေါ်သွားရမည်မဟုတ်လော။
ကောင်းကင်ဘုံက ဆင်းသက်လာသည့် အလှပန်းလေးတစ်ပွင့်ကို ယဲ့ချန်းက ယခုလို ဆက်ဆံရက်သည်။ အခြားယောကျ်ားတစ်ယောက်သာဆိုလျှင် ဝမ်းသာလုံးဆို့နေလေပြီ။
အနီရောင်ဂါဝန်ဝတ်ထားသော အမျိုးသမီးကို နေရာချပေးပြီးနောက် ယဲ့ချန်းက သူ့လျှပ်စစ်စက်ဘီးဆီသို့ ပြန်သွားပြီး ထိုအမျိုးသမီးကို ကျော်ပြီး စက်ဘီးကို ရပ်လိုက်သည်။
ယဲ့ချန်းမှာ အနီရောင်ဂါဝန်နှင့် အမျိုးသမီးထံသို့ ထပ်လျှောက်သွားပြီး သူ(မ)ကို ထပ်မံပွေ့ချီရန် ငုံ့ကိုင်းလိုက်ပြန်သည်။
ဆယ်လီယွီယွီကလည်း ကျေနပ်သွားလေသည်။
"ဒီကောင်ချောလေးက နောင်တရသွားတာပဲဖြစ်ရမယ်။ ဒီလောက်လှတဲ့ မိန်းကလေးတစ်ယောက်ကို သူ ဘယ်လိုလုပ်ပြီး အဆုံးရှုံးခံနိုင်မှာလဲ"
သူ(မ) ကျေနပ်ဝမ်းသာနေစဉ်မှာပင် သူ(မ)၏ခန္ဓာကိုယ်က အောက်သို့ ထပ်မံနိမ့်ဆင်းသွားပြန်ကြောင်း ခံစားလိုက်ရသည်။
ယဲ့ချန်းက သူ(မ)ကို မူလနေရာတွင် ပြန်ထားပေးပြီးနောက် ပြောလိုက်၏။
"မင်း ဆက်လှဲနေလိုက်ပါ။ ငါနှောင့်ယှက်လိုက်လို့ မင်းရဲ့အစီအစဉ်တွေကို ပျက်မသွားစေချင်ဘူး"
ဆယ်လီယွီယွီ : "…"
သူ(မ)၏ရင်ထဲတွင် တစ်စစီကွဲကြေသွားသည်။ ယနေ့ သူ(မ)တွေ့လိုက်ရသည့် ဤရုပ်ချောချောလူငယ်လေးက ဘယ်လိုယောကျ်ားမျိုးလေလဲ။
အနီရောင်ဂါဝန်နှင့် အမျိုးသမီးကို နေရာချပေးပြီးနောက် ယဲ့ချန်းလည်း လျှပ်စစ်စက်ဘီးကိုစီး၍ ထွက်သွားသွားပြီး အနီရောင်ဂါဝန်နှင့် အမျိုးသမီးကိုမူ မြေကြီးပေါ်တွင် လှဲနေသည့် အနေအထားအတိုင်း ထားရစ်ခဲ့သည်။
ဤတစ်ကြိမ်တော့ သူ(မ) အရှက်ကွဲသွားရသည်။ ဤသတင်းသာ ပြန့်သွားလျှင် သူ(မ)၏ မိန်းကလေးသူငယ်ချင်းများက သူ(မ)ကို သေချာပေါက်လှောင်ပြောင်ကြပေလိမ့်မည်။
ယဲ့ချန်းထွက်သွားပြီး သိပ်မကြာခင်မှာပင် အဝေးက ကုန်တင်ကားကြီးတစ်စီးက အရှိန်ဖြင့် မောင်းနှင်လာသည်။
ကားသံကြောင့် အနီရောင်ဂါဝန်နှင့် အမျိုးသမီးမှာ လန့်ဖျပ်သွားပြီး မျက်နှာတစ်ခုလုံး ဖြူရော်သွားသည်။ သူ(မ)ခမျာ မြေကြီးပေါ်က အမြန်ထပြီး ရှက်ရှက်ဖြင့် ပြေးပါလေတော့သည်။
ကုန်တင်ကားကြီး ဖြတ်သွားသည်ကို မြင်လိုက်ရချိန်ဝယ် ဆယ်လီယွီယွီ၏ မျက်နှာကား ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။
"အမလေး.. ငါ သေမလိုလန့်သွားတာပဲ။ လူချမ်းသာယောကျ်ားကို မဆွဲဆောင်နိုင်ရုံတင်မကဘူး။ အသက်ပါ ထွက်တော့မလို့။ မတန်ပါဘူး"
ကုန်တင်ကားမောင်းသူကလည်း မြေကြီးပေါ်တွင် လဲကျနေသည့် အနီရောင်ဂါဝန်နှင့် အမျိုးသမီးကို မြင်လိုက်ရသဖြင့် ဖြတ်မောင်းသွားရင်း ဆဲဆိုကြိမ်းမောင်းလေသည်။
"မင်း ဘာဖြစ်နေတာလဲ။ နေ့ခင်းကြောင်တောင်ကြီး ဒီနေရာမှာ သေချင်ယောင်ဆောင်နေတာလား"
အစကတည်းက စိတ်တိုနေသည့် ယွီယွီမှာ ကားဆရာ၏ ဆဲဆိုသံကို ကြားလိုက်ရသောအခါ ဒေါသပေါက်ကွဲလေတော့သည်။
"ရှင်သာ သေချင်ယောင်ဆောင်… ရှင်ကမှ ရူးနေတာ။ ရှင့်တစ်မိသားစုလုံးလည်း အတူတူပဲ"
သူ(မ)က ဆဲရေးတိုင်းထွာရင်း ခုန်ပေါက်နေလေရာ ယဉ်ကျေးမှုရှိသော အမျိုးသမီးတစ်ယောက်ထက် စရိုက်ဆန်သော မိန်းမတစ်ယောက်နှင့် ပိုတူနေတော့သည်။
ပတ်ဝန်းကျင်ရှိ ကားမောင်းသူများနှင့် လမ်းသွားလမ်းလာများက သူ(မ)ကို ဝိုင်းကြည့်နေကြောင်း မြင်လိုက်ရသောအခါ ဆယ်လီမလေးယွီယွီလည်း လန့်ဖျပ်သွားပြီး ကျွတ်ကျန်ရစ်ခဲ့သည့် သူ(မ)၏ဖိနပ်များကိုပင် ဂရုမစိုက်နိုင်တော့ဘဲ မျက်နှာကို ကမန်းကတန်းဖုံးလိုက်သည်။
ထို့နောက် ခြေဗလာဖြင့် ရှက်ရွံ့စွာ ထွက်ပြေးသွားလေတော့သည်။
ဤတစ်ခေါက်တွင်မူ ယဲ့ချန်းက သူ(မ)ကို အခက်တွေ့အောင် လုပ်သွားပြီး သူ(မ)၏စံချိန်ကိုပါ ချိုးဖျက်သွားသည်။
ဆယ်လီယွီယွီနှင့် တွေ့ဆုံဖူးသူ သို့မဟုတ် ပတ်သက်ဖူးသည့် မည်သူမဆို သူ(မ)၏လက်က မရုန်းထွက်နိုင်ခဲ့သော်လည်း ယဲ့ချန်းကတော့ ခြွင်းချက်ပင်။
ယွီယွီခမျာ အလွန်အရှက်ကွဲသွားသဖြင့် ဒေါသတကြီး အံကြိတ်နေမိတော့သည်။
ယဲ့ချန်းကတော့ လျှပ်စစ်စက်ဘီးကို အေးအေးလူလူမောင်းရင်း တွေးနေချေသည်။
"ငါ ဉာဏ်ပြေးလို့ တော်သေးတယ်။ မဟုတ်ရင် အလိမ်ခံရတော့မှာ"
ယဲ့ချန်းတွင် ငွေရှိသော်လည်း လူလိမ်များအပေါ် ငွေဖြုန်းပစ်ရလောက်အောင်အထိတော့ မမိုက်မဲသလို ထိုသို့သောလူစားမျိုးများကိုလည်း မလိုက်လျောနိုင်ပေ။
သူသည် နောက်ထပ်ပါဆယ်တစ်ထုပ်ကို ပို့ဆောင်ရန် လျှပ်စစ်စက်ဘီးကို ဆက်စီးလာခဲ့ပြီး ပါဆယ်ထုပ်ပေါ်ရှိ ဖုန်းနံပါတ်ကို ခေါ်လိုက်လေသည်။
ဖုန်းဝင်သွားချိန်တွင် ယဲ့ချန်းက ပြောလိုက်၏။
"ဟယ်လို.. ခင်ဗျားအတွက် ပါဆယ်ထုပ်တစ်ထုပ်ရောက်နေလို့ပါ။ အိမ်မှာ ရှိလားဗျ"
တစ်ဖက်က ပြန်ဖြေလာသည့်အသံမှာ အမျိုးသားတစ်ယောက်၏အသံပင်။
"အိမ်ရာဝင်းရဲ့ဂိတ်ပေါက်မှာ ခဏလောက်စောင့်ပေးပါ။ ကျွန်တော် ခဏနေရင် လာခဲ့ပါ့မယ်"
••••••••••••••••••••••