အခန်း ၇၀၈
Vol. 48 Ch. 708
အခန်း ၇၀၈ : မင်း ငါ့ကို ငွေနဲ့ဝယ်လို့မရဘူး
ယဲ့ချန်းက ရှောင်ယာ့ကို ဘေးသို့ အမြန်တွန်းထုတ်ပြီး သန့်စင်ခန်းဘက်သို့ ပြေးသွားလေသည်။
ဤကောင်မလေးက သွေးဆောင်ဖြားယောင်းလွန်းသည်။ သူသာ ချက်ချင်းထွက်မလာခဲ့လျှင် ဘာဆက်လုပ်မိမည်ကို သူ့ကိုယ်သူပင် သိမည်မဟုတ်ပေ။
ယဲ့ချန်း ထွက်သွားသည်ကို မြင်သောအခါ ရှောင်ယာ၏ နှုတ်ခမ်းထက်တွင် ကျေနပ်ဂုဏ်ယူနေသော အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။
ယဲ့ချန်းလည်း သန့်စင်ခန်းထဲရောက်သည်နှင့် ရေပိုက်ဖွင့်၍ မျက်နှာကို ရေအေးအေးဖြင့် အဆက်မပြတ် သစ်လိုက်သည်။ သူ့ရင်ထဲရှိ တပ်မက်မှုမီးတောက်များ အတော်အတန် ငြိမ်းအေးသွားပြီးနောက်မှသာ အပေါ့သွားရန် အထဲဝင်သွားလိုက်သည်။
ထိုအရာအားလုံးကို လုပ်ပြီးနောက် ထိုကောင်မလေးကြောင့် ဆူပွက်လာသော ခံစားချက်များက သိသိသာသာ ငြိမ်ကျသွားသည်။
သူ သန့်စင်ခန်းထဲက ထွက်မည်အပြု တံခါးဝ၌ လူတစ်ယောက်က သူ့လမ်းတွင် ပိတ်ရပ်နေသည်ကို ရုတ်တရက်သတိထားမိလိုက်သည်။
သူ့ရှေ့ရှိ လူငယ်လေးမှာ အာမန်နီဝတ်စုံကို ဝတ်ဆင်ထားပြီး ခေတ်မီဆန်းသစ်သော ဆံပင်ပုံစံရှိကာ မျက်နှာပေါ်တွင်လည်း မောက်မာဝင့်ကြွားသော အမူအရာမျိုး ရှိနေပေသည်။
"ခွေးကောင်းဆိုတာ လမ်းပိတ်မရပ်ရဘူး"
ယဲ့ချန်းက ခပ်ပြတ်ပြတ် ပြောလိုက်ချေသည်။
လူငယ်လေး၏ နှုတ်ခမ်းအစုံကား တွန့်ကွေးသွားသော်လည်း မျက်နှာပေါ်တွင် ဒေါသထွက်သည့်အရိပ်အယောင်မျိုးမပြဘဲ ပြုံးလိုက်သည်။
"မင်္ဂလာပါ။ ကျွန်တော့်နာမည်က စွန်းကျယ်ပါ။ ကျွန်တော့်အဘိုးက စွန်းလုပ်ငန်းစုရဲ့ အကြီးအကဲပေါ့။ ကျွန်တော်က သူ့မြေးအရင်းပါ"
စွန်းကျယ်က ဂုဏ်ယူဝင့်ကြွားစွာ မိတ်ဆက်ပြီးနောက် မေးလိုက်လေသည်။
"ခင်ဗျား စွန်းလုပ်ငန်းစုအကြောင်းတော့ ကြားဖူးမှာပေါ့။ ဟုတ်တယ်မလား။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဟုတ်ရင်တောင် ဟူဟိုင်မှာတော့ ထိပ်တန်းကုမ္ပဏီတွေထဲက တစ်ခုပဲလေ"
ယဲ့ချန်း၏ မျက်လုံးထဲတွင် အံ့ဩမှု သို့မဟုတ် မနာလိုမှုများကို မြင်ရလိမ့်မည်ဟု သူ မျှော်လင့်ထားသော်လည်း ယဲ့ချန်း၏အကြည့်က ဂရုမစိုက်သလို အေးတိအေးစက်သာ ဖြစ်နေချေသည်။
သူ့ရှေ့ရှိ လူငယ်လေး ထပ်ကြွားလုံးမထုတ်စေရန်အတွက် ယဲ့ချန်းက ခံစားချက်မဲ့သော မျက်နှာထားဖြင့် ပြောလိုက်၏။
"စွန်းလုပ်ငန်းစုဆိုတာ ဘာကြီးလဲ။ တစ်ခါမှမကြားဖူးပါဘူး"
စွန်းကျယ်၏ နှုတ်ခမ်းအစုံကား တွန့်ကွေးသွားသည်။ သူ့မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း ဘာမှတော့ မတုံ့ပြန်ပေ။
တကယ်တော့ ယဲ့ချန်းက သူ့ကို တမင်တကာ ရန်စလိုက်ခြင်းပင်။ ကေတီဗီအခန်းထဲသို့ ဝင်လာကတည်းက ဤလူငယ်က ရှောင်ယာ့ကို အရသာရှိသော အစားအစာတစ်ခုကို မြင်လိုက်ရသည့် ဆာလောင်နေသော ဝံပုလွေတစ်ကောင်အလား မကောင်းသော ရည်ရွယ်ချက်များဖြင့် တောက်လျှောက်ကြည့်နေသည်ကို သူ သတိထားမိသည်။
သူနှင့် ရှောင်ယာ့ကြားတွင် ထိုကဲ့သို့သော ဆက်ဆံရေးမျိုး မရှိသော်လည်း ဤမျှကောင်းမွန်သော မိန်းကလေးတစ်ယောက်ကို ယခုလိုလူစားမျိုး၏ လက်ထဲသို့ မကျရောက်စေချင်ပေ။
"အစ်ကို.. ရပါတယ်။ ခင်ဗျား မကြားဖူးတာလည်း ပုံမှန်ပါပဲ"
စွန်းကျယ်ခမျာ သူ့ရင်ထဲရှိ ဒေါသကို မျိုသိပ်ကာ ဆက်ပြုံးပြနေပေသည်။
မိသားစု၏ သွန်သင်ဆုံးမမှုနှင့် လွှမ်းမိုးမှုများက သူ့ခံစားချက်များကို ဖုံးကွယ်နိုင်သည့် အရည်အချင်းကို နှစ်ပေါင်းများစွာကြာအောင် မွေးမြူပေးထားခြင်းလည်း ဖြစ်နိုင်သည်။
ယဲ့ချန်းက ဒေါသကို မျိုသိပ်နေရသော စွန်းကျယ်ကို ကြည့်၍ ရယ်ချင်စိတ်ပေါက်သွားသည်။
"ငါ့ရှေ့လာပြီး ကြွားလုံးထုတ်ဖို့ဆိုရင် မင်း လိုပါသေးတယ်။ ငါက အကြွားဘုရင်လို့ နာမည်ကြီးတယ်ဆိုတာ မင်းမသိဘူးလား"
သူသည် စွန်းကျယ်ကို လျစ်လျူရှု၍ အပြင်သို့ ထွက်လာခဲ့သော်လည်း စွန်းကျယ်ကမူ သူ့ကို ပိတ်ရပ်လိုက်ပြန်သည်။
ဤလူ ဝင်လာသည်နှင့် ရှောင်ယာက သူ့အနားတွင်သာ တဝဲလည်လည်ဖြစ်နေကြောင်း စွန်းကျယ် သတိထားမိလိုက်လေရာ သူတို့နှစ်ယောက်မှာ အရင်းနှီးဆုံး သူငယ်ချင်းများ ဖြစ်လောက်မည်ဟု ခန့်မှန်းမိသည်။
ထို့ကြောင့် ဤလူ့ဆီကတစ်ဆင့် ချဉ်းကပ်၍ သတင်းအချက်အလက်အချို့ရယူရန် တွေးလိုက်သည်။
စွန်းကျယ်ထံမှ နောက်တစ်ကြိမ် ပိတ်ရပ်ခံလိုက်ရသောကြောင့် ယဲ့ချန်း မကျေမနပ်ဖြစ်သွားသည်။ သူက ယဉ်ကျေးချင်ယောင်ဆောင်နေမည့် လူစားမျိုး မဟုတ်သည့်အတွက် အေးစက်မာကျောစွာ ပြောလိုက်၏။
"ဖယ်စမ်း"
စွန်းကျယ်ကမူ ပြုံးမြဲပြုံးဆဲအနေအထားဖြင့် ယဉ်ကျေးစွာ ပြောလိုက်လေသည်။
"ကျွန်တော် ခင်ဗျားနာမည်ကို မသိရသေးဘူးနော်"
"ယဲ့ချန်း"
ယဲ့ချန်းကမူ ခပ်ပြတ်ပြတ်ပင် ပြန်ဖြေလိုက်သည်။
"ဪ ယဲ့ချန်း... တွေ့ရတာဝမ်းသာပါတယ်"
စွန်းကျယ်က ပြုံးလျက် သူ့လက်ကို ကမ်းပေးလိုက်သည်။
ယဲ့ချန်းကမူ လက်ဆွဲနှုတ်မဆက်ပေ။ အကြောင်းမှာ စွန်းကျယ်၏ခေါ်ဝေါ်ပုံအရ ဤလူမှာ အလွန်မောက်မာလွန်းသည်ဟု ထင်သောကြောင့်ပင်။
စွန်းကျယ်က ယဲ့ချန်းထက် အသက်နည်းနည်း ပိုငယ်သဖြင့် "အစ်ကိုယဲ့" သို့မဟုတ် "အစ်ကိုချန်း"ဟု ခေါ်သင့်သော်လည်း နာမည်အပြည့်အစုံကို ခေါ်ဝေါ်ခြင်းမှာ အလွန်ရိုင်းပျရာကျသည်။
ယဲ့ချန်း လက်ကမ်းမပေးသည်ကို မြင်သောအခါ စွန်းကျယ်လည်း သူ့လက်ကို ကိုးရိုးကားရား ပြန်ရုပ်လိုက်၏။
"ယဲ့ချန်း.. ခင်ဗျားကို အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ"
"ဘာအကူအညီလဲ"
စွန်းကျယ် ဘာကြံစည်နေသလဲဆိုသည်ကို သိချင်သောကြောင့် ယဲ့ချန်းက ပြန်မေးလိုက်သည်။
"ဪ.. တကယ်တော့ ထွေထွေထူးထူးမဟုတ်ပါဘူး။ ခင်ဗျားက ရှောင်ယာနဲ့ တော်တော်ရင်းနှီးလို့ ခင်ဗျားဆီကတစ်ဆင့် သူ့သတင်းလေးတွေကို မကြာမကြာ သိချင်လို့ပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်က ရှောင်ယာ့ကို သဘောကျနေတာ။ ဒါပေမဲ့ ကျွန်တော့်အပေါ် သူက တော်တော်အေးတိအေးစက်နိုင်တယ်"
စွန်းကျယ်က တောင်းဆိုလိုက်သည်။
ပြောနေရင်းဖြင့် ပိုက်ဆံအိတ်ထဲမှ ငွေတစ်ထပ်ကို ထုတ်ယူ၍ ယဲ့ချန်းကို ကမ်းပေးလိုက်၏။
"သေချာတာပေါ့.. ခင်ဗျားကို အလကားကူညီခိုင်းမှာမဟုတ်ပါဘူး။ ဒါက ခင်ဗျားအတွက် ဆုကြေးငွေပါ။ ပြီးတော့ ကျွန်တော် လတိုင်းလည်း ပေးပါ့မယ်။ ရှောင်ယာ့ကိုသာ ပိုင်ဆိုင်ရရင် ခင်ဗျားကို ကျေးဇူးဆပ်တဲ့အနေနဲ့ လက်ဆောင်ကြီးကြီးမားမားတစ်ခု ပေးပါ့မယ်"
ယဲ့ချန်းက ပြုံးလိုက်ပြီးနောက် စွန်းကျယ်၏ လက်ထဲရှိ ထိုငွေထုပ်ကို ယူလိုက်သည်။
ယဲ့ချန်း၏ လုပ်ရပ်ကို မြင်သောအခါ စွန်းကျယ်၏ မျက်နှာထက်တွင် အထင်အမြင်သေးလေဟန် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"ဆင်းရဲသားကတော့ ဆင်းရဲသားပဲလေ။ ငွေမက်လိုက်တာ"
ယဲ့ချန်းက ထိုငွေများကို အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သောအခါ စွန်းကျယ်၏မျက်နှာကား ကြည့်ရဆိုးသွားလေတော့သည်။
"ဆောရီးပဲ... ငါက မင်း ငွေနဲ့ဝယ်လို့ရတဲ့လူစားမျိုး မဟုတ်ဘူး။ မင်းပိုက်ဆံတွေ အမှိုက်ပုံးထဲမှာ ရှိတယ်။ သွားကောက်လိုက်တော့"
ထိုသို့ပြောပြီးနောက် ယဲ့ချန်း လှည့်ထွက်သွားခဲ့သည်။
အမှိုက်ပုံးထဲရှိ ပိုက်ဆံများကို ကြောင်အမ်းအမ်းဖြင့်ကြည့်ရင်း စွန်းကျယ်ခမျာ ကျန်ရစ်နေခဲ့သည်။
ဒါ အဓိပ္ပာယ်မရှိဘူးလေ။
စွန်းကျယ်က ငွေဖြင့် အရာအားလုံးကို ဖြေရှင်းနိုင်သည်ဟု ယုံကြည်ကာ ကြီးပြင်းလာခဲ့သူဖြစ်သော်လည်း သူ့ရှေ့ရှိ လူငယ်လေးအပေါ်တွင်မူ ထိုအရာက အလုပ်မဖြစ်လေဟန်ပင်။
ယဲ့ချန်း၏ သရုပ်မှန်ကိုသာ သူသိလျှင် ယုံနိုင်စရာမရှိလောက်အောင် အံ့အားသင့်သွားမည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော် ဤငွေပမာဏမှာ ယဲ့ချန်းအတွက်တော့ ဂရုစိုက်နေစရာပင် မလိုချေ။
ယဲ့ချန်း သီးသန့်ခန်းထဲသို့ ပြန်ဝင်လာပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သောအခါ ရှောင်ယာက သူ(မ)၏ သူငယ်ချင်းတစ်သိုက်နှင့် စကားစမြည်ပြောနေကြောင်း တွေ့လိုက်ရသည်။
သူလည်း ထောင့်နားရှိ ဆိုဖာတစ်ခုဆီသို့ တိတ်တဆိတ် သွားထိုင်လိုက်သည်။ စွန်းကျယ်၏ အပြုအမူကို ပြန်တွေးမိသောအခါ သူ ရယ်ချင်သွားသည်။ သူ့ကို ငွေဖြင့်ဝယ်နိုင်မည်ဟု ထင်နေသည့် ငတုံးတစ်ကောင်ပင်။ တကယ်ရယ်စရာကောင်းလှသော အတွေးပင်။
ရှောင်ယာက မျက်လုံးထောင့်ကတစ်ဆင့် ယဲ့ချန်းကို မြင်သွားသည်။ ထို့နောက် မတ်တတ်ထရပ်ကာ သူ့နားသို့ လျှောက်လာပြီး ဘေးရှိ ဆိုဖာပေါ်သို့ လှဲချလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် ယဲ့ချန်း အချိန်မီ ရှောင်နိုင်လိုက်သည်။ သို့မဟုတ်ပါက ထိုကောင်မလေးက သူ့အပေါ်သို့ တည့်တည့်ကြီး ကျလာမည်သာ။
ယဲ့ချန်းက သူ(မ)ကို ရှောင်ဖယ်သွားကြောင်း မြင်သောအခါ ရှောင်ယာခမျာ ပထမတော့ နှုတ်ခမ်းစူလိုက်သည်။ ထို့နောက် ခပ်ညစ်ညစ်ပြုံးလိုက်၏။
သူ(မ) ယဲ့ချန်းဆီသို့ တိုးကပ်လိုက်သော်ငြား ယဲ့ချန်းကမူ ဆက်တိုက်ရှောင်နေချေသည်။ သူတို့နှစ်ယောက် တိုးလိုက်ရှောင်လိုက် ကစားနေရင်း ယဲ့ချန်းအနေနှင့် ဆုတ်ခွာစရာနေရာမရှိတော့သည့်အချိန်မှသာ ထိုကစားပွဲက ပြီးဆုံးသွားတော့သည်။
ထိုအချိန်တွင် ရှောင်ယာ၏ သူငယ်ချင်းမများလည်း ရောက်လာကြသည်။ သူတို့နှစ်ယောက်ကို မြင်သောအခါ သဘောတကျဖြင့် ရယ်လိုက်ကြသည်။
ထိုအချိန်တွင် ယဲ့ချန်းမှာ ကူကယ်ရာမဲ့နေလေဟန် ပေါက်နေပြီး ရှောင်ယာကတော့ အလွန်ကျေနပ်ဂုဏ်ယူနေပေသည်။
သူငယ်ချင်းမလေးများက စွန်းကျယ် အခန်းထဲသို့ ဝင်လာသည်ကို မြင်သောအခါ ရှောင်ယာ့အကြောင်းကို အားကျစွာ အတင်းတုတ်ကြတော့သည်။
"ရှောင်ယာ... စွန်းကျယ်လို ထူးချွန်တဲ့ ယောက်ျားတစ်ယောက်က နင့်ကို စိတ်ဝင်စားနေတာ နင် တကယ်ကံကောင်းတာပဲ။ ငါတော့ နင့်ကို အရမ်းမနာလိုတာပဲ"
"ရှောင်ယာက စွန်းကျယ်ရဲ့ အချစ်ဦးတဲ့။ လူတစ်ယောက်တည်းကို သုံးနှစ်တိတိ ကြိုက်နေတယ်ဆိုတာ တကယ်စွဲလမ်းမြတ်နိုးနေလို့ပဲ"
"စွန်းလုပ်ငန်းစုရဲ့ အမွေဆက်ခံသူတစ်ယောက်အနေနဲ့ စွန်းကျယ်က တွေ့ကရာလူကို လိုက်ကြိုက်ပြီး ဖောက်ပြန်တတ်တဲ့ တခြားသူဌေးသားတွေနဲ့ မတူဘူး။ သူက ဟာသဉာဏ်ရွှင်ပြီး ဆွဲဆောင်မှုရှိရုံတင်မကဘူး။ စိတ်သဘောထားလည်း အရမ်းကောင်းတယ်"
"ဟုတ်တယ်။ ကျောင်းမတက်နိုင်တဲ့ ကလေးတွေကို ကူညီဖို့အတွက် မျှော်လင့်ခြင်းပရောဂျက်ကို နှစ်တိုင်းအလှူငွေထည့်ပေးဖို့ သူ့အဘိုးကို တောင်းဆိုထားတယ်လို့ ငါကြားတယ်။ သူ့လိုယောကျ်ားမျိုးကို မီးအိမ်ထွန်းရှာရင်တောင် တွေ့ဖို့ခဲယဉ်းတယ်"
"ရှောင်ယာ... နင် သူ့ကို လက်လွှတ်မခံတာ ပိုကောင်းမယ်။ အဲဒီလိုယောကျ်ားမျိုးက ရဖို့အရမ်းခက်တယ်။ ပြီးတော့ နင်ကလည်း သူ့အပေါ် အမြဲအေးစက်စက်နိုင်လွန်းတယ်။ ဘယ်သူမဆို သည်းခံနိုင်မှာ မဟုတ်ဘူး။ စွန်းကျယ်သာ သူသဘောကျတဲ့ တခြားကောင်မလေးတစ်ယောက်ကို တွေ့သွားရင် နင် ငိုဖို့တောင် အချိန်ရလိုက်မှာမဟုတ်ဘူး"
သူ့သူငယ်ချင်းမများ၏ စကားကို နားထောင်ရင်း ရှောင်ယာ၏ မျက်နှာအမူအရာကား မသာမယာဖြစ်လာသည်။ သူ(မ)၏ လက်သီးဆုပ်လေးများကို တင်းတင်းဆုပ်ထားရင်း ပေါက်ကွဲတော့မည့်ဆဲဆဲတွင် ယဲ့ချန်းက ဘာမှမပြောရန် အချက်ပြသည့်အနေနှင့် သူ(မ)ကို တစ်ချက်ကြည့်လိုက်သည်။
ဤသူငယ်ချင်းမများထဲရှိ အချို့မှာ စွန်းကျယ် ငွေပေးထားသူများဖြစ်ပြီး အချို့ကမူ လေယူရာယိမ်းနေကြခြင်းသာဖြစ်ကြောင်း ယဲ့ချန်း သိသည်။
ရှောင်ယာ့ကို လိုက်ပိုးဖို့အတွက် ဤမျှ အကွက်ချစီစဉ်ထားသည်အထိ စွန်းကျယ်က ကောက်ကျစ်စဉ်းလဲလွန်းသည်။
ယဲ့ချန်းလည်း အကွက်ကြီးကြီးတစ်ကွက်ဖြင့် လှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။ သူဆက်ပြောလိုက်သော စကားကြောင့် ထိုသူငယ်ချင်းမလေးများမှာ ဆွံ့အသွားကြသော်လည်း ရှောင်ယာကတော့ ဝမ်းသာလုံးဆို့သွားလေသည်။
••••••••••••••••••••••••