အခန်း ၇၀၉
Vol. 48 Ch. 709
အပိုင်း ၇၀၉ : မင်း ဘယ်လောက်တောင်ညံ့လဲဆိုတာသိအောင် လုပ်ပေးမယ်
ယဲ့ချန်းလည်း ဤအုပ်စု၏ အတင်းအဖျင်းများကို ဆက်နားမထောင်နိုင်တော့ပေ။ သူတို့သည် စွန်းကျယ်ဆီက အကျိုးအမြတ်များကို ယူထားပြီး အဆိပ်အတောက်ဆန်သည့် သူငယ်ချင်းတုများအဖြစ် ရှောင်ယာ့ကို မီးတွင်းထဲသို့ တွန်းပို့နေခြင်းဖြစ်ကြောင်း သိသာလှသည်။
ယဲ့ချန်း စွန်းကျယ်၏ ကိုယ်ရေးရာဇဝင်ကို ယခုလေးတင် စစ်ဆေးကြည့်ထားသည်။ သူသည် စွန်းလုပ်ငန်းစုအကြီးအကဲ၏ အကြီးဆုံးမြေးဆိုသည်မှာမူ အမှန်ပင်။ သို့သော် ဤလူက မိန်းမရှုပ်သည့်အပြင် အထက်တန်းကျောင်းသူလေးတစ်ယောက်ကိုလည်း ကိုယ်ဝန်ရအောင် လုပ်ခဲ့ဖူးသည်။ ထို့ပြင် စွန်းမိသားစုက သူတို့၏အာဏာကိုသုံးပြီး ကောင်မလေးကို ကိုယ်ဝန်ဖျက်ချရန် ဖိအားပေးခဲ့သလို ကျောင်းကပါ ထုတ်ပစ်ခဲ့သေးသည်။ ဤသို့သော လုပ်ရပ်မျိုးက ရွံရှာစရာကောင်းလွန်းလှသည်။
ရှောင်ယာသာ စွန်းကျယ်နှင့် တွဲလိုက်မည်ဆိုပါက သူ(မ)၏ဘဝလည်း အဆုံးသတ်သွားပေလိမ့်မည်။
ယဲ့ချန်းက အေးစက်စက်မျက်နှာထားဖြင့် ပြောလိုက်၏။
"မင်းတို့တွေက ရှောင်ယာရဲ့ သူငယ်ချင်းအရင်းတွေလေ။ သူက မင်းတို့ကို နေ့တိုင်း ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့တာပဲ။ ဒါပေမဲ့ မင်းတို့ကျတော့ သူများဆီက အကျိုးအမြတ်တွေယူပြီး ကိုယ့်ကိုယ်ကျိုးအတွက်နဲ့ ကိုယ့်ညီမလိုဖြစ်နေတဲ့ သူငယ်ချင်းကောင်းကို ဒုက္ခတွင်းထဲ တွန်းပို့နေကြတယ်"
"သေချာတာပေါ့... မင်းတို့ထဲက တချို့ကတော့ ငွေမယူထားပါဘူး။ အမှန်တရားကို မသိကြလို့ ရှောင်ယာပျော်ရွှင်ဖို့ စဉ်းစားပေးကြတယ်ဆိုတာကိုတော့ ငါသိပါတယ်"
စွန်းကျယ်ဆီက အကျိုးအမြတ်ယူထားသည့် သူငယ်ချင်းများ၏မျက်နှာမှာ ဖြူရာမှ နီသွားပြီး နောက်ဆုံးတွင် ဖြူဖျော့သွားသည်။ ယဲ့ချန်းက အမှန်တရားကို ဖွင့်ချပြလိုက်ချေပြီ။
"စွန်းကျယ်က ငါ့ထက်ပိုချောလို့လား။ သူက ငါ့ထက်ပိုပြီး ဆွဲဆောင်မှုရှိလို့လား။ သူက ရှောင်ယာ့ကို ငါ့ထက်ပိုပြီး ကောင်းကောင်းမွန်မွန် ထားနိုင်မှာမို့လို့လား"
ယဲ့ချန်းက မေးခွန်းများကို ဆက်တိုက်ဆိုသလို ထုတ်မေးလိုက်သည်။
ထိုသူငယ်ချင်းများခမျာ သူတို့ရှေ့ရှိ ယဲ့ချန်းကို တစ်လှည့်၊ အခြားလူများနှင့် စကားပြောနေသော စွန်းကျယ်ကိုတစ်လှည့် ကြည့်လိုက်ကြသည်။ သူတို့၏ရင်ထဲတွင် အဖြေထွက်နေပြီးသားပင်။
ယဲ့ချန်းက ရုပ်ရှင်မင်းသားတစ်ယောက်လို ရုပ်ရည်မျိုးရှိပြီး စွန်းကျယ်၏ ရုပ်ရည်ကတော့ သာမန်ပင်။ သူ့မိသားစု၏ ချမ်းသာကြွယ်ဝမှုကသာ သူ့ကို အဆင့်မြှင့်တင်ပေးထားခြင်းပင်။
"ပြီးတော့ စွန်းကျယ်က မင်းတို့ပြောသလောက် တကယ်ကောင်းနေတယ်ဆိုရင် ဘာလို့ မင်းတို့ဘာသာ မလိုက်ကြတာလဲ။ ဘာလို့ ရှောင်ယာ့ကိုကျမှ ဇွတ်တွန်းအားပေးနေကြတာလဲ"
စကားဖြတ်ပြောခံရမည်ကို စိုးရိမ်သည့်အတွက် ယဲ့ချန်းလည်း သူပြောစရာရှိသည့် စကားများကို ဒက်ခနဲ ပြောချလိုက်သည်။ ထို့နောက် လည်ချောင်းခြောက်လာသလို ခံစားလိုက်ရသောကြောင့် စားပွဲပေါ်ရှိ ရေခွက်ကို ကမန်းကတန်း ကောက်ယူ၍ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
သူငယ်ချင်းတစ်သိုက်မှာ ယဲ့ချန်းကြောင့် ဆွံ့အသွားကြပြီး တစ်ယောက်ကိုတစ်ယောက် ကြောင်အမ်းအမ်းဖြင့် အကဲခတ်ကြည့်လိုက်ကြသည်။
ထိုအချိန်တွင် စွန်းကျယ်၏အသံ ထွက်ပေါ်လာသည်။
"အခု ကျွန်တော်သဘောကျရတဲ့ ရှောင်ယာ့အတွက် ကျွန်တော့်ရဲ့အချစ်တွေကို ဖော်ပြတဲ့အနေနဲ့ 'အဲလစ်စ်'လို့ခေါ်တဲ့ စန္ဒရားတေးသွားလေးကို တီးခတ်ပြချင်ပါတယ်"
ထိုသို့ပြောပြီးနောက် စွန်းကျယ်က စင်ပေါ်သို့ အထာကျကျ လျှောက်သွားပြီး စန္ဒရားရှေ့တွင် လူကြီးလူကောင်းဆန်ဆန် ကျော့ကျော့မော့မော့လေး ဝင်ထိုင်လိုက်သည်။
အဖြူရောင်ဝတ်စုံက အနက်ရောင်စန္ဒရားကြီးနှင့် ပြီးပြည့်စုံစွာ လိုက်ဖက်နေချေသည်။
တင်!
စွန်းကျယ်၏ လက်ချောင်းရှည်လေးများက စန္ဒရားခလုတ်များကို ထိတွေ့လိုက်သည်နှင့် လှပသော တေးသွားတစ်ခု စီးဆင်းလာသည်။
စွန်းကျယ်က စန္ဒရားကို အလွန်ကောင်းမွန်စွာ တီးခတ်နိုင်ကြောင်းကိုမူ ဝန်ခံရပေမည်။
သာယာနာပျော်ဖွယ်ကောင်းသော တေးဂီတသံက စန္ဒရားခလုတ်များ၏ လှုပ်ရှားမှုနှင့်အတူ ထွက်ပေါ်လာသည်။
ဤတေးသွားက ထိုနေရာရှိ မိန်းကလေးများစွာ၏ နှလုံးသားကို ဖမ်းစားလိုက်သည်။
ထိုအချိန်တွင် သူငယ်ချင်းများက ရှောင်ယာ့ကို ထပ်မံဖြားယောင်းသွေးဆောင်ကြပြန်သည်။
"ရှောင်ယာ... စွန်းကျယ် စန္ဒရားတီးတာ ဘယ်လောက်ကောင်းလဲဆိုတာ ကြည့်စမ်းပါဦး"
"ဒါပေါ့... သူက စန္ဒရားမင်းသားလေးလေ"
"ကောင်းမွန်တဲ့မိသားစုနောက်ခံရယ် ပါရမီရယ်... ဒါက ငါတို့မိန်းကလေးတွေ ချစ်သင့်တဲ့ ယောကျ်ားမျိုးပဲ"
ကောင်မလေးများက စွန်းကျယ်ကို ကုန်ပစ္စည်းတစ်ခုလို သဘောထားပြီး မည်သည့်နည်းလမ်းနှင့်မဆို အမြတ်ရအောင် ရောင်းထုတ်တော့မည့်အတိုင်း ဈေးကွက်ရှာနေကြသည်။
သို့သော် ရှောင်ယာကတော့ သူတို့၏ အရောင်းမြှင့်တင်မှုများအပေါ် ဘာခံစားချက်မှ မရှိပေ။
သူ(မ)၏ မျက်လုံးထဲတွင် ယဲ့ချန်းကသာ သူ(မ)၏ အချစ်စစ်ဖြစ်ပြီး စွန်းကျယ်က သူ(မ)၏ အမြင်အာရုံထဲမှာပင် မရှိပေ။
ယဲ့ချန်းက ဘေးနားက ဝင်ပြောလေသည်။
"သူ့ရဲ့ သူငယ်တန်းအဆင့်လောက်ပဲရှိတဲ့ အရည်အချင်းနဲ့များ စန္ဒရားမင်းသားလေးလို့ အခေါ်ခံရဖို့ ထိုက်တန်လို့လား"
ကောင်မလေးများက ယဲ့ချန်းကို မျက်စောင်းထိုးလိုက်ကြသည်။
နင့်ကိုယ်နင် အဲဒီလောက် ယုံကြည်မှုရှိနေရင်လည်း နင်ကိုယ်တိုင် စန္ဒရားသွားတီးလိုက်ပါလား။
ထိုအချိန်တွင် တေးသွားပြီးဆုံးသွားပြီး စွန်းကျယ်က ရှောင်ယာ့ဘက်သို့လှည့်ကာ လူကြီးလူကောင်းဆန်ဆန် အရိုအသေပေးလိုက်သည်။
ကံမကောင်းစွာဖြင့် ရှောင်ယာက တစ်ချက်ပင် လှည့်မကြည့်ခဲ့ပေ။ သူ(မ)၏ အာရုံစိုက်မှုက ယဲ့ချန်းအပေါ်တွင်သာ ရှိနေလေသည်။
စွန်းကျယ်လည်း အံတင်းတင်းကြိတ်၍ သူ့အတန်းဖော်တစ်ယောက်ထံမှ နှင်းဆီပန်းစည်းတစ်စည်းကို လှမ်းယူလိုက်သည်။
နှင်းဆီပန်း အပွင့်ကိုးရာကိုးဆယ့်ကိုးပွင့်ပါဝင်သော ပန်းစည်းကြီးကိုကိုင်ကာ ရှောင်ယာ့အနားသို့ ချဉ်းကပ်သွားသည်။
"ရှောင်ယာ... ကျောင်းမှာ ငါတို့ ပထမဆုံးစတွေ့ကတည်းက ငါ မင်းကို ချစ်မိခဲ့တာပါ။ မင်းရဲ့အပြုံးလေးတွေနဲ့ လှုပ်ရှားမှုတိုင်းက ငါ့ကို ဖမ်းစားထားပြီး အိပ်မပျော်တဲ့ ညတွေလည်း အများကြီးဖြစ်ခဲ့ရတယ်။ ကျေးဇူးပြုပြီး ငါ့အချစ်တွေကို လက်ခံပေးပြီး ငါ့ချစ်သူလုပ်ပါနော်"
စွန်းကျယ်၏ ဖွင့်ဟဝန်ခံစကားကို ကြားသောအခါ ထိုနေရာတစ်ခုလုံး လက်ခုပ်သံများဖြင့် ဆူညံသွားသည်။
သို့သော် ရှောင်ယာ၏ မျက်နှာကတော့ ခက်ထန်သွားသည်။
သူ(မ)က စိတ်မဝင်စားကြောင်း ရှင်းရှင်းလင်းလင်း ပြသခဲ့ပြီးဖြစ်သော်လည်း စွန်းကျယ်ကမူ သူ့အချစ်ကို အတင်းအကျပ် ပေးအပ်နေဆဲပင်။
ထိုအချိန်တွင် ယဲ့ချန်းက ရယ်မောရင်း သူသောက်နေသော ရေများကို ဖူးခနဲ ထွေးထုတ်လိုက်သည်။
နှင်းဆီပန်းများလည်း ချက်ချင်းပင် ရေရွှဲသွားတော့သည်။
ယဲ့ချန်းက အပြုံးတစ်ပွင့်ဖြင့် ရှောင်ယာ၏ အရှေ့သို့ ထွက်ရပ်လိုက်၏။
"စွန်းကျယ်နော် ဟုတ်တယ်မလား။ ဆောရီးပဲကွာ... ရှောင်ယာက မင်းကို စိတ်မဝင်စားဘူး။ ဒီပန်းတွေက ငါ့အတွက်ဆိုရင်တော့ ငါက ပိုလို့တောင် စိတ်မဝင်စားသေးတယ်"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းက နှင်းဆီပန်းစည်းကို လှမ်းယူ၍ လက်ဖြင့် ပင့်ကန်ဟန်ပြုပြီး လွှင့်ပစ်လိုက်သည်။
စွန်းကျယ်ဝယ်လာသော နှင်းဆီပန်းများမှာ အမှိုက်ပုံးထဲသို့သာ ရောက်သွားတော့သည်။
ထိုအရာကို မြင်သောအခါ စွန်းကျယ်၏ မျက်နှာကား ပျက်ယွင်းသွားသည်။
ယဲ့ချန်းက ခပ်ဟဟပြုံးလိုက်၏။
"ဘာကြည့်တာလဲ။ ငါ့ကို ခြောက်လှန့်ဖို့ ကြိုးစားနေတာလား"
စွန်းကျယ်က သူ့ဒေါသစိတ်ကို ထိန်းချုပ်ပြီး အေးစက်စက်ဖြင့် ပြောလိုက်လေသည်။
"ယဲ့ချန်း ဟုတ်တယ်မလား။ ခုနတုန်းကလည်း မင်းက ငါစန္ဒရားတီးတာ ညံ့လိုက်တာလို့ ပြောခဲ့တယ်ဆိုတော့ မင်းမှာ ဂီတပါရမီလေး နည်းနည်းပါးပါးရှိတယ်ဆိုတဲ့ သဘောပေါ့။ ကဲ... မင်းက ငါ့ထက် မညံ့ဘူးဆိုရင် ငါတို့ကို ပြစမ်းပါဦး"
ထိုသို့ပြောပြီးနောက် ယဲ့ချန်း ပြန်မဖြေနိုင်ခင်မှာပင် စွန်းကျယ်က တစ်ဖက်လှည့်၍ ကြေညာလိုက်သည်။
"အားလုံးပဲ... မစ္စတာယဲ့ချန်းက ကျွန်တော်တို့အတွက် တေးသွားတစ်ခု တီးခတ်ပြမယ်တဲ့။ သူ့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပေးကြပါဦးဗျာ"
ချက်ချင်းဆိုသလိုပင် ခန်းမထဲတွင် ဟိုတစ်စဒီတစ်စ လက်ခုပ်သံများ ထွက်ပေါ်လာခဲ့သည်။
သို့သော် ဤလက်ခုပ်သံများမှာ စွန်းကျယ်ရခဲ့သည်ထက် အများကြီးနည်းပါးနေသည်။
စွန်းကျယ်ကမူ ကျေနပ်ဂုဏ်ယူနေပုံရသည်။
သူက မူလတန်းကတည်းက စန္ဒရားတီးသင်ခဲ့သည်။ သူ့အဆင့်မှာ မိုတုမြို့ရှိ ရွယ်တူတန်းတူများအကြားတွင် ထူးချွန်သည်ဟု သတ်မှတ်ခံရသူဖြစ်၏။ ယဲ့ချန်း၏ စန္ဒရားတီးစွမ်းရည်က သူ့ထက် သာလွန်နိုင်မည်ဟု သူ မယုံကြည်ပေ။
ထို့ကြောင့် ယဲ့ချန်း စန္ဒရားတီးတတ်လျှင်ပင် သူ့အရည်အချင်းထက် နိမ့်ကျနေမည်ဆိုပါက အရှက်ကွဲရမည်မှာ သေချာပေသည်။
အကယ်၍ မတီးတတ်လျှင်မူ ပို၍ပင် အရှက်ကွဲရပေဦးမည်။
ထို့ကြောင့် ယဲ့ချန်း ဘာကိုရွေးချယ်ရွေးချယ် အရှက်ကွဲခြင်းနှင့်သာ အဆုံးသတ်ရမည်ဖြစ်၏။
ရှောင်ယာ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး ယဲ့ချန်းကို ကာကွယ်ရန် အရှေ့သို့ ထွက်ရပ်လိုက်သည်။
သို့သော် ယဲ့ချန်းက ညင်သာစွာ ပြုံးပြီး ပြောလိုက်လေသည်။
"ရပါတယ် ရှောင်ယာ... အစ်ကို့မှာလည်း မင်းအတွက် ရည်ရွယ်ထားတဲ့ သီချင်းတစ်ပုဒ် ရှိလို့ပါ"
စွန်းကျယ်ဘက်သို့ လှည့်၍ ယဲ့ချန်းက သာမန်ကာလျှံကာ ပြောလိုက်လေသည်။
"မင်းကိုယ်မင်း ဘယ်လောက်တောင် အသုံးမကျလဲဆိုတာ သိချင်နေတော့လည်း ငါ ဖြည့်ဆည်းပေးရမှာပေါ့"
ယဲ့ချန်း၏ စကားကြောင့် စွန်းကျယ်ခမျာ မှင်တက်သွားသည်။
ဒီကောင်က ဒီလိုမျိုးတောင် ရဲရဲတင်းတင်းပြောရဲတာပဲ။
သို့သော် စွန်းကျယ်၏ နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။
စွန်းကျယ်တွင် အစီအစဉ်တစ်ခု ရှိပြီးသားပင်။ ယဲ့ချန်း စန္ဒရားတီးတာသာ ညံ့ဖျင်းနေခဲ့လျှင် သူသည် ယဲ့ချန်းကို အပီအပြင်အရှက်ခွဲပစ်ပြီး သူ့ကို ဆန့်ကျင်သည့် အကျိုးဆက်များကို နားလည်သွားအောင် လုပ်ပြရန် ရည်ရွယ်ထားသည်။
"အစ်ကိုယဲ့ချန်း... သေချာရဲ့လား"
ရှောင်ယာက စိုးရိမ်တကြီး မေးလိုက်သည်။
"ဟားဟား... စန္ဒရားတီးတာလေးပဲ မဟုတ်ဘူးလား။ အစ်ကိုက တီးနိုင်ရုံတင်မကဘူး။ သီချင်းပါ ဆိုနိုင်သေးတယ်"
ယဲ့ချန်း ပြန်ဖြေလိုက်သည်။
အားလုံး၏အကြည့်များ သူ့အပေါ်သို့ ကျရောက်နေစဉ် ယဲ့ချန်းကလည်း စန္ဒရားဆီသို့ လျှောက်သွားလိုက်သည်။
အစောကမှ စွန်းကျယ်၏ ဖျော်ဖြေမှုကို နားဆင်ခဲ့ရသဖြင့် လူအုပ်ကြီးမှာ စွန်းကျယ်၏ စန္ဒရားတီးစွမ်းရည်ကြောင့် ဖမ်းစားခံထားရပြီးဖြစ်၏။
ဘာကိုမှဂရုမစိုက်လေဟန် အမူအရာရှိသော ယဲ့ချန်းကို ကြည့်ပြီး လူတော်တော်များများက တိတ်တဆိတ် ခေါင်းခါယမ်းလိုက်ကြသည်။
မည်သို့ပင်ဆိုစေကာမူ စွန်းကျယ်က လူငယ်စန္ဒရားအဖွဲ့၏ ချန်ပီယံဖြစ်ခဲ့သည်။
ယဲ့ချန်းကရော....
တော်တော်များများက ယဲ့ချန်း စန္ဒရားတီးတတ်ရဲ့လားဆိုသည်ကိုပင် သိချင်နေကြသည်။
"ဟားဟား... ဒီကောင်လေးကတော့ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲနေတာပဲ"
"အရမ်းနားထောင်လို့ မကောင်းရင်တော့ ငါ နားကြပ်တပ်ထားလိုက်မယ်"
"အဲဒီယုံကြည်မှုတွေ ဘယ်ကရလာလဲဆိုတာ သိချင်လိုက်တာ"
ဤလူများအားလုံးက စွန်းကျယ်၏ နောက်လိုက်များဖြစ်ကြပြီး အသံကျယ်ကျယ်ဖြင့် ပြောဆိုနေကြလေသည်။
မူလက သူတို့သည် ယဲ့ချန်း၏ စိတ်ခံစားချက်ကို ထိခိုက်စေရန် ရည်ရွယ်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူတို့၏ ရန်စမှုများကို တုံ့ပြန်သည့်အနေနှင့် ယဲ့ချန်း၏ မျက်နှာထက်တွင် ဘာပြောင်းလဲမှုမှ မရှိခဲ့ပေ။
ယဲ့ချန်းက စန္ဒရားခုံတွင် စဉ်းစားခန်းဝင်နေဟန်ဖြင့် ထိုင်လိုက်ပြီးနောက် သူ့လက်များက တူရိယာကို ပွတ်သပ်လိုက်ချိန်တွင် သူ့ထံမှ စန္ဒရားပညာရှင်စွမ်းရည်နှင့် နတ်ဘုရားအဆင့် သီချင်းဆိုစွမ်းရည်များ နိုးကြားလာသည်။
နောက်စက္ကန့်တွင် မျက်လုံးများ တောက်ပသွားပြီးနောက် ယဲ့ချန်း၏ လက်ချောင်းများက စန္ဒရားခလုတ်များပေါ်တွင် ကခုန်လေတော့သည်။
••••••••••••••••••••••••••••••°