အခန်း ၇၁၀
Vol. 48 Ch. 710
အပိုင်း ၇၁၀ : ပါဆယ်ပို့တာ ဘာဖြစ်နေလို့လဲ
ဧည့်သည်များက ယဲ့ချန်း၏ ဝတ်စားဆင်ယင်ပုံကို ကြည့်ပြီး သူ့ကို ဆင်းရဲသားတစ်ယောက်ဟု ထင်နေသလားတော့မသိ။ သူ စန္ဒရားလုံးဝမတီးနိုင်ဘူးဟု အပြည့်အဝယုံကြည်နေကြပြီး လှောင်ပြောင်ရယ်မောချင်နေကြသည်။
ယဲ့ချန်း စန္ဒရားမတီးခင် သူ ဘာသီချင်းတီးမည်ဟု လူအများကို မပြောပြခဲ့ပေ။
ယဲ့ချန်း တီးခတ်လိုက်သည့်အသံကို ကြားလိုက်ရချိန်ဝယ် လူအုပ်ကြီးက သူ စန္ဒရားတီးနိုင်သဖြင့် အံ့ဩသွားကြသော်ငြား အစောပိုင်းက စွန်းကျယ် တီးခတ်သွားသောအဆင့်နှင့် ယှဉ်လျှင် အများကြီး အလှမ်းကွာနေသေးသည်ဟု ထင်နေကြဆဲသာ။
ယဲ့ချန်း၏ လက်ချောင်းလေးများက စန္ဒရားခလုတ်များပေါ်တွင် အဆက်မပြတ် လှုပ်ရှားလာချိန်ဝယ် လူတိုင်း၏ မျက်နှာပေါ်ရှိ အမူအရာများမှာ စတင်ပြောင်းလဲလာသည်။ လှောင်ပြောင်ချင်စိတ်နှင့် အထင်သေးမှုများ ပျောက်ကွယ်သွားပြီး အံ့ဩမှင်တက်မှုများ အစားထိုးဝင်ရောက်လာသည်။
သူက စန္ဒရားနှင့် တစ်သားတည်းဖြစ်သွားသည့်အလား ကြည်နူးသာယာစွာ မျက်လုံးမှိတ်ထားလိုက်သည်။
စန္ဒရားခလုတ်များပေါ်က သူ့လက်ချောင်းလှုပ်ရှားမှုများနှင့်အတူ ခံစားချက်များက ပြင်းပြမှု၊ နူးညံ့မှု၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုများအကြား တစ်လှည့်စီ ကူးပြောင်းနေပြီး ထိုနေရာရှိ လူအားလုံးကို ညှို့ယူဖမ်းစားထားတော့သည်။
ဤတေးသွားက သိမ်မွေ့နူးညံ့၍ တည်ငြိမ်လှသော သံစဉ်တစ်ခုရှိပြီး တိတ်ဆိတ်စွာဖြင့် တဖြည်းဖြည်း မြင့်တက်လာပြီး တိုးတက်မှုအဆင့်တိုင်းမှာ အနည်းငယ်ကွေ့ကောက်ကာ နောက်ဆုံးတွင်မူ အထွတ်အထိပ်ကို ရောက်ရှိသွားသည်။ အရှေ့ကို ကွေ့ဝိုက်ချီတက်ချိန်တိုင်းမှာ ခံစားချက်အလွှာများကို ကွဲပြားစွာ ထုတ်လွှတ်ပေးပြီး အချိုးအကွေ့ အပြောင်းအလဲ တော်တော်များများ ပါဝင်နေပေသည်။
ဧည့်သည်များ၏ မျက်လုံးထဲတွင်မူ ရေစပ်၌ ရပ်နေသော လှပသည့် မိန်းကလေးတစ်ယောက်က ရှုခင်းလှလှလေးများအကြား ယစ်မူးသာယာနေသလို ခံစားလာရသည်။
သီးသန့်ခန်းထဲတွင် တိတ်ဆိတ်သွားပြီး လှောင်ပြောင်မှုအရိပ်အယောင် လုံးဝမရှိတော့ပါဘဲ လူတိုင်းက ဂီတပင်လယ်ထဲဝယ် နစ်မြောနေကြသည်။
စွန်းကျယ်ခမျာ အလွန်အံ့ဩသွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။ သူ့မျက်နှာပေါ်တွင် မယုံနိုင်လေဟန် အမူအရာများ ပေါ်လွင်နေသည်။
သူ့ခမျာ တစ်ကိုယ်တည်း ရေရွတ်နေမိသည်။
"ဒါ လုံးဝ မဖြစ်နိုင်ဘူး"
အခြားသူများကတော့ ဤစန္ဒရားတီးကွက်က အစောပိုင်းက သူတီးခဲ့သည်ထက် ပိုလှပပြီး နားထောင်ကောင်းသည်ဟုသာ ခံစားမိနိုင်သော်ငြား ကျွမ်းကျင်စွာ သင်ယူလေ့ကျင့်ထားသည့် စွန်းကျယ်ကတော့ ယဲ့ချန်းတီးခတ်သွားသော တေးသွားမှာ စန္ဒရားပညာရပ်တွင် ဆရာတစ်ဆူအဆင့်ရှိမှသာ တီးခတ်နိုင်မည်ဖြစ်ကြောင်း ကောင်းကောင်းသိသည်။
ယဲ့ချန်း၏ သွယ်လျလျလက်ချောင်းလေးများက နောက်ဆုံးစန္ဒရားခလုတ်ကို ဖိနှိပ်လိုက်ချိန်ဝယ် အခန်းထဲတွင် အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။
လူတိုင်းက ယဲ့ချန်းတီးခတ်သွားသည့် သံစဉ်ထဲမှာ လုံးဝနစ်မြောနေကြပြီး အချိန်အတော်ကြာသည်အထိ ရုန်းမထွက်နိုင်ကြဘဲ မျက်ရည်ကျလောက်အောင်ပင် စိတ်လှုပ်ရှားသွားကြသည်။
ရှောင်ယာ၏ မျက်လုံးထဲတွင်လည်း မျက်ရည်များ အိုင်နေပြီး သူ့ရှေ့ရှိ ဤအမျိုးသားကို ပို၍ပင် သဘောကျသွားတော့သည်။
စွန်းကျယ်က သူ့ပတ်ဝန်းကျင်ရှိ လူများ၏အမူအရာကို ကြည့်ပြီး ဤလူ သူ့နေရာကို လုယူသွားပြီဟု တွေးကာ အမုန်းတရားများဖြင့် အံကြိတ်နေတော့သည်။
အတန်ကြာပြီးနောက် လူအများက သာယာလှပသော ဂီတသမုဒ္ဒရာထဲက သတိပြန်ဝင်လာကြသော်လည်း သူတို့၏ မျက်နှာထက်တွင်မူ စိတ်လှုပ်ရှားကြည်နူးနေသော အမူအရာများ ကျန်ရစ်နေဆဲပင်။
စင်ပေါ်က ယဲ့ချန်းကို ကြည့်ရင်း ထိုအံဖွယ်တေးသွားကို သာမန်ဝတ်စုံသာ ဝတ်ဆင်ထားသည့် ဤလူငယ်လေးက တကယ်တီးခတ်သွားသလားဆိုသည်ကို သူတို့အနေနှင့် ယုံကြည်ဖို့ ခက်ခဲနေဆဲပင်။
ယဲ့ချန်းတစ်ယောက်သာ တည်ငြိမ်နေဆဲဖြစ်ပြီး မတ်တတ်မရပ်သေးဘဲ မိုက်ခရိုဖုန်းနှင့် စကားပြောလိုက်သည်။
"နောက်တစ်ပုဒ်ကိုတော့ ကျွန်တော် ရှောင်ယာ့အတွက် ရည်ညွှန်းပြီး တီးပြချင်ပါတယ်"
သွယ်လျသော သူ့လက်ချောင်းလေးများက ခလုတ်များကို ပြန်နှိပ်လိုက်သောအခါ သာယာငြိမ့်ညောင်းသော တေးသွားတစ်ခု ထွက်ပေါ်လာပြီးနောက် ယဲ့ချန်းက မိုက်ခရိုဖုန်းရှေ့တွင် ခံစားချက်အပြည့်ဖြင့် သီဆိုလိုက်သည်။
"ဘယ်လိုစတင်ခဲ့လဲဆိုတာ မေ့နေခဲ့တယ်။ ဒါပေမဲ့ မင်းက ကိုယ့်ကို ခံစားချက်တစ်ခုပေးခဲ့တာလည်း ဖြစ်နိုင်ပါတယ်...
ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် ပြန်ရှာတွေ့လိုက်တယ်။ မင်းကို နက်နက်ရှိုင်းရှိုင်းနဲ့ အမှန်တကယ် ချစ်နေမိတယ်။ အချစ်ဆိုတာ တကယ်တော့ ရိုးရှင်းပါတယ်...
မှောင်မိုက်ပြီး အဆုံးမရှိတဲ့ အချစ်ထဲမှာ ဘာဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ အမှားအမှန်ကို ရွေးချယ်လို့ မရနိုင်ဘူး... အိုး~~
…
ဘယ်တော့မှ လက်မလျှော့ပါဘူး။ မင်းကို ချစ်ခွင့်လေးတစ်ခုပါပဲ"
ယဲ့ချန်းက နတ်ဘုရားအဆင့် သီချင်းကျွမ်းကျင်မှုကို အသက်သွင်းထားသောကြောင့် သူ သီဆိုလိုက်သည့်အသံက မူရင်းအသံအတိုင်းပင်။
လူတိုင်း အံ့ဩမှင်တက်သွားပြန်သည်။ ဤလူက စန္ဒရားတီးကောင်းရုံသာမက သီချင်းဆိုရာတွင်ပါ အလွန်ကောင်းမွန်နေသည်။
စွန်းကျယ်က လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ပြီး ယဲ့ချန်းကို ပို၍ပင်မနာလိုသည့် အကြည့်များနှင့် ကြည့်ကာ တွေးလိုက်သည်။
'ဒီကောင်က ငါ့နေရာကို လုယူရုံတင်မကဘူး။ ငါ့ပွဲကိုပါ လာဖျက်ဆီးနေတာပဲ"
သူက စန္ဒရားတီးနိုင်သော်လည်း သီချင်းဆိုခြင်းကတော့ သူ့အားသာချက် လုံးဝမဟုတ်ချေ။ ယဲ့ချန်းနှင့် ယှဉ်လိုက်လျှင် သူသည် ဖုန်တစ်မှုန့်လောက်ပင် မရှိပေ။
ယဲ့ချန်းက သူ(မ)အတွက် ဤသီချင်းကို သီဆိုပေးနေသဖြင့် ရှောင်ယာ၏ ငြိမ်သက်ခါစခံစားချက်များက ပြန်လှုပ်ရှားလာပြီး ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျလာသည်။
သူ(မ)က ပတ်ဝန်းကျင်ရှိ အခြားသူများ၏ အကြည့်များ၊ အမြင်များကို ဂရုမစိုက်ပါဘဲ ယဲ့ချန်းထံသို့ လျှောက်သွားပြီး ယဲ့ချန်း၏ပါးပြင်ကို ဖွဖွလေး နမ်းလိုက်သည်။
ပါးပြင်ပေါ်ရှိ စိုစွတ်မှုကို ခံစားလိုက်ရသောအခါ ယဲ့ချန်း၏ရင်ထဲဝယ် မီးတောက်လေးတစ်ခု တောက်လောင်သွားသည်။
လက်ခုပ်သံများ ထွက်ပေါ်လာပြီးနောက် အချိန်အတော်ကြာသည်အထိ ဆက်တိုက်ပဲ့တင်ထပ်နေတော့သည်။
စွန်းကျယ်၏ မျက်နှာအမူအရာက အလွန်ကြည့်ရဆိုးနေချေသည်။ သူပိုင်ဆိုင်ရမည့် စင်မြင့်နှင့် ဂုဏ်ကျက်သရေများအားလုံးကို ယဲ့ချန်းက လုယူသွားလေပြီ။
လူအများထံမှ အာရုံစိုက်ခံရသူမှာ သူမဟုတ်တော့ချေ။ အရေးအကြီးဆုံးမှာ သူက ယဲ့ချန်းကို အရှက်ခွဲဖို့ ကြိုးစားခဲ့သော်ငြား အဆုံးတွင်မူ ပြောင်းပြန်အကျိုးသက်ရောက်သွားသည်။
ယဲ့ချန်းက လူတိုင်း၏ ချစ်ခင်လေးစားမှုကို ရရှိသွားပြီး ဤအရာအားလုံးကိုလည်း စွန်းကျယ်ကိုယ်တိုင် ဖန်တီးပေးလိုက်သလို ဖြစ်သွားသည်။
နောင်တတရား၊ မကျေနပ်မှုနှင့် မနာလိုမှုများ အားလုံးက သူ့ရင်ထဲတွင် ပွက်ပွက်ဆူလာသည်။
စွန်းကျယ် မျက်စိပျက်မျက်နှာပျက် ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ယဲ့ချန်းအနေနှင့် ယခုလိုအခွင့်ကောင်းမျိုးကို ဘယ်လိုလုပ်ပြီး လက်လွှတ်ခံနိုင်မည်နည်း။ သူသည် သံပူတုန်း နာနာရိုက်တတ်သူဖြစ်၏။
ယဲ့ချန်းက စွန်းကျယ်ဆီသို့ ပြုံးတုံ့တုံ့ဖြင့် လျှောက်လာပြီး ပြောလိုက်၏။
"ကျွန်တော့်ကို ဒီအခွင့်အရေးပေးတဲ့အတွက် သခင်လေးစွန်းကို ကျေးဇူးတင်ပါတယ်"
ယဲ့ချန်း၏စကားကို ကြားလိုက်ရသောအခါ စွန်းကျယ်မှာ ဒေါသထွက်လွန်း၍ သတိလစ်မတတ် ဖြစ်သွားသည်။
ဒါက လှောင်လိုက်တာမဟုတ်လား။
ယဲ့ချန်း၏အမူအရာကို ကြည့်လိုက်သည်နှင့် တစ်ဖက်လူက သူ့ကို ဒေါသထွက်အောင် တမင်သက်သက် လုပ်နေခြင်းဖြစ်ကြောင်း သိသာလှသည်။
စွန်းကျယ်၏မျက်နှာက ဒေါသကြောင့် ပြာနှမ်းသွားပြီး အပြင်ကို ဒေါသတကြီးထွက်သွားကာ တံခါးဝအရောက်တွင် စကားကြမ်းကြမ်းတစ်ခွန်းချန်ခဲ့ဖို့လည်း မမေ့ပေ။
"ယဲ့ချန်း... ဒီကိစ္စက မပြီးသေးဘူး။ မင်း စောင့်နေလိုက်စမ်းပါ"
သို့သော် ယဲ့ချန်းကတော့ လျစ်လျူရှုထားသည့်အပြုံးမျိုး ပြုံးလိုက်ပြီး စွန်းကျယ်၏ ခြိမ်းခြောက်မှုကို လုံးဝဂရုမစိုက်ပေ။
ရှောင်ယာက ရယ်မောရင်း ပြောလိုက်၏။
"ယဲ့ချန်း... ရှင် ဒီနေ့ သူ့ကိုပေးလိုက်တဲ့ ဒဏ်ရာကြောင့် စွန်းကျယ်တော့ တော်တော်စိတ်ဒဏ်ရာရသွားလောက်တယ်"
နောက်ဆုံးမှာတော့ သူ့တာဝန် ပြီးဆုံးသွားပြီဖြစ်သဖြင့် ယဲ့ချန်းနှင့် ရှောင်ယာတို့ အတူထွက်လာခဲ့ကြသည်။
နောက်တစ်နေ့တွင်မူ ယဲ့ချန်းလည်း သူ့အလုပ်ကို ဆက်လုပ်ရသည်။
ယနေ့တွင်မူ ယဲ့ချန်းမှာ ဇိမ်ခံကြယ်ငါးပွင့်ဟိုတယ်ကြီးတစ်ခု၏ ဝင်ပေါက်သို့ ရောက်လာခဲ့သည်။
ဝင်ပေါက်သို့ရောက်သည်နှင့် လုံခြုံရေးဝန်ထမ်းတစ်ယောက်က မျက်မှောင်ကြုတ်လိုက်သည်။
"ဒလီသမား... ဝင်ပေါက်မှာ မရပ်နဲ့လေ။ ဒါက ကြယ်ငါးပွင့်ဟိုတယ်ကွ"
ယဲ့ချန်း ခဏမျှ မှင်တက်သွားသည်။
ကြယ်ငါးပွင့်ဟိုတယ်ဆိုတော့ရော ဘာဖြစ်လဲ။
ထိုအချိန်တွင် ဟိုတယ်ထဲမှ စုံတွဲတစ်တွဲ ထွက်လာပြီး ယဲ့ချန်းကို ရွံရှာစက်ဆုပ်သည့် အကြည့်ဖြင့် ကြည့်လိုက်ကြသည်။
အမျိုးသားက ဟားမိစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ကောက်ဝတ်ထက်တွင် ရိုးလက်စ်နာရီတစ်လုံးကို ပတ်ထားသည်။
ထိုအမျိုးသမီးက ခန္ဓာကိုယ်အချိုးအစား ကောင်းမွန်ပြီး ဂူချီနေကာမျက်မှန်ကို တပ်ဆင်ကာ မိတ်ကပ်အထူကြီး လိမ်းထားပြီး အမျိုးသားတစ်ယောက်၏ လက်မောင်းကို ဖက်ထားသည်။
"ဒီမှာ... ဒီလိုအဆင့်မြင့်ဟိုတယ်ရဲ့ ဝင်ပေါက်မှာ ပါဆယ်ပို့တဲ့လူက ဘယ်လိုလုပ်ပြီး ရပ်နေရတာလဲ"
ထိုအမျိုးသားက မျက်မှောင်ကြုတ်၍ လုံခြုံရေးဝန်ထမ်းကို ပြောလိုက်သည်။
"ဟုတ်တယ်။ နဂိုက တော်တော်အဆင့်မြင့်တဲ့ ဟိုတယ်ကို ဒီလူက ပုံရိပ်ကို လာဖျက်ဆီးနေတာပဲ"
ထိုအမျိုးသမီးကလည်း အမျိုးသား၏ ကြွယ်ဝချမ်းသာမှုအပေါ် အားကိုး၍ မာနထောင်လွှားစွာ ပြောလိုက်သည်။
ထိုအမျိုးသားနှင့် အမျိုးသမီးတို့၏ စကားကို ကြားလိုက်ရသောအခါ လုံခြုံရေးဝန်ထမ်း၏ အမူအရာမှာ ပြောင်းလဲသွားသည်။
ဤနေရာမှာ အဆင့်မြင့်ဟိုတယ်တစ်ခုဖြစ်ပြီး အဆင့်အတန်းရှိသူများသာ တည်းခိုနိုင်သော နေရာပင်။
လုံခြုံရေးဝန်ထမ်းက ယဲ့ချန်းကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။ ဤလူ့ကြောင့် ဧည့်သည်များထံမှ စောဒကတက်ခံနေရသည်။
ယဲ့ချန်းက ပါဆယ်လာပို့ခြင်းသာ ဖြစ်ပြီး ထိုအမျိုးသားနှင့် အမျိုးသမီးတို့၏ စကားကို ကြားလိုက်ရသောအခါ သူ့စိတ်ထဲတွင် ချက်ချင်းအမြင်ကပ်သွားတော့သည်။
ပါဆယ်ပို့တာ ဘာဖြစ်နေလို့လဲ။ ဟိုတယ်ဝင်ပေါက်က ခင်ဗျားတို့ပိုင်တာမှ မဟုတ်တာ။ ကျွန်တော်က ခင်ဗျားတို့လမ်းကို ပိတ်ရပ်နေတာလည်း မဟုတ်ဘဲနဲ့ ဘာတွေလာပြီး စကားများနေတာလဲ...
ယဲ့ချန်းက အေးစက်စက်နှာခေါင်းရှုံ့လိုက်လေသည်။
"ပါဆယ်ပို့တဲ့လူဆိုတော့ရော ဘာဖြစ်လဲ။ ခင်ဗျားတို့ရော အွန်လိုင်းကနေ ပစ္စည်းမဝယ်ဖူးဘူးလား။ ပါဆယ်ပို့တဲ့လူမရှိရင် ခင်ဗျားရည်းစားအတွက် ဝယ်ပေးထားတဲ့ အိတ်အတုကြီးက ဘယ်လိုလုပ် ရောက်လာမှာလဲ"
"ဘာအိတ်အတုလဲ"
ယဲ့ချန်း၏ စကားကို ကြားလိုက်ရသောအခါ အမျိုးသား၏အမူအရာမှာ ချက်ချင်းပြောင်းလဲသွားသည်။
အမှန်တကယ်တော့ ထိုအမျိုးသမီးကိုင်ထားသော ဂူချီအိတ်မှာ သူဝယ်ထားသည့် အဆင့်မြင့်အိတ်အတုတစ်လုံးသာ ဖြစ်သော်ငြား သူသည် သူ့ကောင်မလေးကို အစစ်အဖြစ်ဟန်ဆောင်ကာ ပေးထားခြင်းပင်။
ဒီကောင်က သာမန်ပါဆယ်ပို့တဲ့လူတစ်ယောက်ပဲကို။ ဒါက အတုမှန်း သူက ဘယ်လိုလုပ်သိနေရတာလဲ။
••••••••••••••••••••