အခန်း ၇၁၁
Vol. 48 Ch. 711
အပိုင်း ၇၁၁ : မင်းဖြစ်နေတာကိုး
ထိုအမျိုးသားမှာ ယဲ့ချန်း၏ ရဲတင်းမှုကြောင့် အလွန်အရှက်ရသွားပြီး အေးစက်ခက်ထန်စွာ ပြောလိုက်၏။
"ဟေ့ကောင်... ဘယ်သူက အတုတွေဝယ်တယ်လို့ မင်းပြောနေတာလဲ။ မင်းကို ငါတိုင်မယ်။ ပြီးတော့ မင်းကိုပါ တိုင်မယ်"
ထိုသို့ပြောပြီးနောက် ထိုအမျိုးသားက ယဲ့ချန်းကို လက်ညိုးထိုးပြီး ဘေးမှရပ်ကြည့်နေသော လုံခြုံရေးကိုပါ လက်ညိုးထိုးလိုက်သည်။
လုံခြုံရေးခမျာ အပြစ်ကင်းစင်စွာဖြင့် တွေးလိုက်မိသည်။
"မင်းက ငါ့ကိုတိုင်ရအောင် ငါက ဘာလုပ်မိလို့လဲ"
ယဲ့ချန်းက လှောင်ပြုံးပြုံးလိုက်၏။
"ဘာလဲ... ငါက အမှန်အတိုင်းပြောလိုက်လို့ မင်း ပျာယာခတ်သွားတာလား။ လုံခြုံရေးဦးလေးကြီးကိုရော ဘာလို့တိုင်မှာလဲ။ သူက မင်းကို ဘာလုပ်မိလို့လဲ"
စကားနိုင်လုရမည်ဆိုလျှင် ယဲ့ချန်းက ဘယ်တော့မှ ကြောက်တတ်သူမဟုတ်ပေ။
ထိုအမျိုးသားမှာ ယဲ့ချန်း၏ ရဲတင်းမှုကြောင့် စကားပင် မဟနိုင်တော့ပေ။
သူတို့ဘေးရှိ လုံခြုံရေးမှာလည်း ကြောင်အမ်းအမ်း ဖြစ်သွားသည်။
ဤမျှမောက်မာသော ပစ္စည်းပို့သမားမျိုးကို သူ တစ်ခါမှ မမြင်ဖူးပေ။
ပုံမှန်အားဖြင့် ပစ္စည်းပို့သမားများကို ယခုလို ပြောလိုက်ပါက ခေါင်းငုံ့ပြီး တောင်းပန်တတ်ကြသော်လည်း ဤပစ္စည်းပို့သမားကတော့ တကယ်အံ့ဩစရာကောင်းလွန်းလှသည်။
သို့သော် လုံခြုံရေးဦးလေးကြီးကလည်း ထိုစုံတွဲကို အမြင်မကြည်သဖြင့် ယဲ့ချန်းကို သဘောကျသွားသည်။
ထိုအချိန်တွင် အနက်ရောင်ဝတ်စုံဝတ်ထားသော လူတချို့ လျှောက်လာကြသည်။
သူတို့က အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ထားပြီး နေကာမျက်မှန်များ တပ်ဆင်ထားသဖြင့် သက်တော်စောင့်များနှင့် တူလှသည်။
သူတို့ထဲရှိ ခေါင်းဆောင်ဖြစ်သူက မေးလိုက်၏။
"ဒီမှာ ဘာတွေဖြစ်နေတာလဲ"
ထိုအမျိုးသားက ယဲ့ချန်းကို စွပ်စွဲတော့မည့်အချိန်မှာပင် ယဲ့ချန်းက အရင်ဦးအောင် ပြောလိုက်သည်။
"ဘာမှမဖြစ်ပါဘူး။ ပစ္စည်းလာပို့ရင်း ငတုံးတစ်ယောက်နဲ့ တိုးနေလို့ပါ။ ဪ... ကျွန်တော်က ကျွမ်းရှောင်ဖေးအတွက် ပစ္စည်းလာပို့တာပါ။ ဒီမှာ အဲဒီနာမည်နဲ့လူ ရှိလားဗျ"
ကျွမ်းရှောင်ဖေးလား...
သူ(မ)က ယခုတစ်ကြိမ် သူတို့ကာကွယ်ပေးရမည့် အနုပညာရှင် မဟုတ်လော။
မကြာသေးမီက ကျွမ်းရှောင်ဖေးသည် ဇာတ်လမ်းတွဲအချို့တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး အလွန်နာမည်ကြီးလာသောကြောင့် ဖျော်ဖြေရေးကုမ္ပဏီသူဌေး၏ ချီးကျူးအသိအမှတ်ပြုမှုများကို ရရှိထားသူဖြစ်၏။
ဤတစ်ကြိမ်တွင် သူ(မ)သည် 'ပျော်ရွှင်သောဘဝ'အစီအစဉ်ကို ရိုက်ကူးနေခြင်းဖြစ်ပြီး ရှောင်တိနှင့်တွဲဖက်ကာ အထူးဧည့်သည်တော်အဖြစ်ပင် ပါဝင်လာသည်။
သက်တော်စောင့်က ပြောလိုက်၏။
"ကျွမ်းရှောင်ဖေးက တကယ်ပဲ ဒီမှာတည်းနေတယ်"
ယဲ့ချန်းက ပြန်ပြောလိုက်၏။
"ဒါဆို သူ့ပစ္စည်းကို မြန်မြန်ထွက်ယူခိုင်းပေးပါ"
သက်တော်စောင့်က ခေါင်းညိတ်လိုက်လေသည်။
"ပစ္စည်းကို ကျွန်တော်တို့ဆီ ပေးခဲ့ပါ။ သူ့ဆီကို ကျွန်တော်တို့ ပို့ပေးလိုက်ပါ့မယ်"
ယဲ့ချန်းကမူ ခေါင်းခါလိုက်လေသည်။
"မရဘူး... ဒီပစ္စည်းက တော်တော်တန်ဖိုးကြီးပုံရတယ်။ သူကိုယ်တိုင်လက်မှတ်ထိုးမှ ကျွန်တော် ပေးလို့ရမယ်"
ထိုအမျိုးသားမှာ အကွာအဝေးတစ်ခုတွင် ရပ်နေပြီး အလွန်နေရခက်နေချေသည်။
သူ့ခမျာ ဆက်သွားရမလား။ နေရမလားပင် မသိတော့ပေ။
ဤပစ္စည်းပို့သမားက နာမည်ကြီးအနုပညာရှင်၏ သက်တော်စောင့်နှင့်ပင် စကားပြောနိုင်လောက်အောင် အဆက်အသွယ်ကောင်းပုံရသည်။
သူ အလွန် စိတ်အနှောင့်အယှက်ဖြစ်သွားသည်။
ယဲ့ချန်းက ကျွမ်းရှောင်ဖေး၏ ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။
ဖုန်းထဲမှ သာယာနာပျော်ဖွယ်ကောင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။
"ခဏလေးစောင့်ပါဦး။ သက်တော်စောင့်တစ်ယောက်ကို ခေါ်ခိုင်းလိုက်ပါ့မယ်"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်၏။ ခဏအကြာတွင် သက်တော်စောင့်၏ဖုန်းလည်း မြည်လာခဲ့သည်။
ကျွမ်းရှောင်ဖေးက သက်တော်စောင့်ကို တစ်ခုခု ညွှန်ကြားလိုက်ဟန်ပင်။ ထိုသက်တော်စောင့်က ယဲ့ချန်းကို ပြောလာလေသည်။
"ကျွန်တော်နဲ့ လိုက်ခဲ့ပါ"
သက်တော်စောင့်တစ်ယောက်က ပြုံးလျက် ပြောလိုက်လေသည်။
"အစ်ကို... ကျွန်တော် အဲဒီကိုလိုက်ပို့ပေးပါ့မယ်"
ထိုအချိန်တွင် ခေါင်းဆောင်သက်တော်စောင့်က တရိုတသေပြောလိုက်ခြင်းပင်။
ထို့ကြောင့် ယဲ့ချန်းလည်း ပါဆယ်ထုပ်ကိုကိုင်ကာ သက်တော်စောင့်နောက်ကတစ်ဆင့် ဟိုတယ်ထဲသို့ လိုက်သွားခဲ့သည်။
ယဲ့ချန်း၏ကျောပြင်ကို ကြည့်ရင်း ထိုအမျိုးသား၏မျက်နှာမှာ ပြာနှမ်းသွားသည်။
ထိုအချိန်တွင် သူ့ချစ်သူက ရုတ်တရက်မေးလာသည်။
"ရှင် ကျွန်မအတွက် ဝယ်ပေးတဲ့အိတ်က အတုကြီးလား"
ထိုအမျိုးသားမှာ မျက်နှာပျက်သွားချေသည်။
"ဘယ်လိုလုပ်ပြီး အတုဖြစ်နိုင်မှာလဲ။ အစစ်ပေါ့"
"အစစ်လား။ ဒါဆို ဘာလို့ ပစ္စည်းပို့သမားက အတုလို့ ပြောတာလဲ"
ချစ်သူကောင်မလေးက မေးလိုက်သည်။
"ပစ္စည်းပို့သမားက ဘာနားလည်မှာလဲ"
ထိုအမျိုးသားကမူ လက်မခံချေ။
"မဟုတ်ဘူး... သူက ပစ္စည်းပို့သမားဖြစ်နေလို့ကို အရည်အသွေးမြင့်အတုဆိုတာ ဘာမှန်း သိနေတာပေါ့။ ပြောစမ်း... ဒီအိတ်ကို ရှင် ဘယ်ကဝယ်တာလဲ။ ဘယ်လောက်ပေးရလဲ"
ဤသို့အမေးခံရသောအခါ ထိုအမျိုးသားမှာ ပြောစရာစကား မရှိတော့ပေ။
တကယ်တမ်းတွင် သူသည် ဤအိတ်ကို အွန်လိုင်းမှ အရည်အသွေးမြင့်အတုအဖြစ် ဝယ်ယူခဲ့ခြင်းဖြစ်လေရာ ဤအိတ်၏ တန်ဖိုးအစစ်ကို သူမည်သို့သိနိုင်မည်နည်း။
ထိုအမျိုးသား စကားမပြောနိုင်သည်ကို မြင်သောအခါ အမျိုးသမီးလည်း အတည်ပြုချက်ရသွားသလို ခံစားလိုက်ရသည်။
ဒီကောင်စုတ်က သူ့ကို လှည့်စားဖို့အတွက် အတုဝယ်လာတာ သေချာသွားပြီ။
သူ(မ)လည်း ဒေါသတကြီးဖြင့် ထိုအိတ်ကို အမျိုးသားထံသို့ ပစ်ပေါက်လိုက်၏။
"လူယုတ်မာ... ငါ့ကိုလှည့်စားဖို့ အတုဝယ်လာတယ်ပေါ့လေ"
...
ယဲ့ချန်းက လုံခြုံရေးအနောက်မှ ဟိုတယ်ထဲသို့ လိုက်ဝင်သွားခဲ့သည်။
ထင်ထားသည့်အတိုင်းပင် ဟိုတယ်မှာ ကြယ်ငါးပွင့်အဆင့်ရှိသဖြင့် အတွင်းပိုင်းအလှဆင်မှုမှာ အလွန်ခမ်းနားလှပသည်။
ဤသည်မှာ ပြီးပြည့်စုံသော ဟိုတယ်တစ်ခုဖြစ်ပြီး တည်းခိုရန်နေရာသာမက ရေကူးကန်နှင့် အားကစားခန်းမတို့ကိုပါ ဝန်ဆောင်မှုပေးထားသည်။
သက်တော်စောင့်က လမ်းပြခေါ်ဆောင်လာသောကြောင့် ယဲ့ချန်းလည်း သီးသန့်အားကစားခန်းမတစ်ခု၏ အဝင်ဝသို့ ရောက်လာခဲ့သည်။
ပြတင်းပေါက်ကတစ်ဆင့် ကြည့်လိုက်လေရာ ပြေးစက်ပေါ်တွင် ပြေးနေသော ကျက်သရေရှိလှသည့် အမျိုးသမီးတစ်ယောက်ကို ယဲ့ချန်း မြင်လိုက်ရသည်။
ယဲ့ချန်းလည်း တံခါးကို ယဉ်ကျေးစွာ ခေါက်လိုက်သည်။
ကျွမ်းရှောင်ဖေးက ချွေးသုတ်လိုက်ပြီးနောက် ယဲ့ချန်းကို မြင်သောအခါ မှင်တက်သွားသည်။
ဘုရားရေ... ဒီပစ္စည်းပို့သမားက အရမ်းချောတာပဲ။
ကျွမ်းရှောင်ဖေးခမျာ သူ(မ) ယခင်က အတူရိုက်ကူးရေးလုပ်ခဲ့ဖူးသော မင်းသားပေါက်စလေးများထက်ပင် ယဲ့ချန်းက ပိုချောသည်ဟု ခံစားလိုက်ရသည်။
ဒုက္ခပါပဲ... ဒါက ရင်ခုန်သွားတဲ့ ခံစားချက်မျိုးလား။
ယဲ့ချန်းကမူ ခပ်ဟဟပြုံးလိုက်သည်။
"အလှလေး... ခင်ဗျားရဲ့ပစ္စည်းပါ။ ကျေးဇူးပြုပြီး လက်မှတ်ထိုးပေးပါဦး"
ထိုအချိန်တွင် ကျွမ်းရှောင်ဖေးမှာမူ ယဲ့ချန်းကို ငေးမောကြည့်နေဆဲပင်။
သူ(မ)ခမျာ ယဲ့ချန်း၏ ချောမောမှုကြောင့် ဖမ်းစားခံလိုက်ရသည်။
ယဲ့ချန်းမှာ ပြောစရာစကားပင် ကင်းမဲ့သွားသည်။
သူသည် သူ့ဆွဲဆောင်မှုတန်ဖိုးကို တော်တော်လျှော့ချထားပြီးဖြစ်သော်လည်း အဘယ်ကြောင့်များ ဤအမျိုးသမီးများက သူ့ကို အရူးအမူးဖြစ်နေကြသလဲ။
ယဲ့ချန်းလည်း ကူကယ်ရာမဲ့စွာဖြင့် ထပ်သတိပေးလိုက်ရသည်။
"အလှလေး... ခင်ဗျားရဲ့ပစ္စည်းပါ"
ထိုအခါမှသာ ကျွမ်းရှောင်ဖေးလည်း သတိဝင်လာပြီး ပစ္စည်းကိုယူရန် ကပျာကယာ လက်လှမ်းလိုက်သည်။
သွားပါပြီ... ခုနက သူ(မ) တည်ငြိမ်မှုတွေ ပျောက်ဆုံးသွားတာပဲ ဖြစ်ရမယ်။
ကျွမ်းရှောင်ဖေး၏ မျက်နှာလှလှလေးမှာ နီရဲသွားသည်။
သူ(မ)က ရှက်ကြောက်တတ်သူဖြစ်ပြီး ယခင်က ကောင်လေးများကို သဘောကျဖူးခြင်းမရှိပေ။
သို့သော် ယနေ့တွင်မူ ဤကောင်လေးထံတွင် ဖမ်းစားခံလိုက်ရသည်။
ဘုရားရေ... ဘာလို့ ငါ့ရင်တွေ ဒီလောက်တောင် မြန်မြန်ခုန်နေရတာလဲ။
ယဲ့ချန်းက သူ(မ)၏စိတ်ကို ဖတ်လိုက်နိုင်ဟန်ပင်။
"မစိုးရိမ်ပါနဲ့။ ခင်ဗျား အခုလေးတင် ပြေးထားတာဆိုတော့ ရင်ခုန်သံမြန်နေတာ ပုံမှန်ပါပဲ"
"ကဲ... ပစ္စည်းလည်း လက်မှတ်ထိုးပြီးပြီဆိုတော့ ကျွန်တော် သွားလိုက်ပါဦးမယ်"
"လူကြီးမင်း... ခဏနေပါဦး"
ကျွမ်းရှောင်ဖေးက ရုတ်တရက် လှမ်းပြောလိုက်သည်။
ယဲ့ချန်းမှာ စကားမဆိုနိုင်တော့ပေ။ ယခုခေတ်တွင် ပစ္စည်းပို့ရခြင်းမှာ သည်လောက်တောင် ခက်ခဲလေသလား။ ဘာကြောင့်များ တောင်းဆိုချက်များက ဤမျှများနေရသလဲ။
အရေးအကြီးဆုံးအချက်မှာ တောင်းဆိုလာသူများက အလှလေးများ ဖြစ်နေခြင်းပင်။
ယဲ့ချန်းက မေးလိုက်၏။
"ဘာကိစ္စရှိလို့လဲဗျ"
ကောင်မလေးက ပြောလိုက်လေသည်။
"ကျွန်မတို့ အရင်ကတွေ့ဖူးလား။ ရှင်က ကျွန်မအတွက် အရမ်းရင်းနှီးနေသလိုပဲ"
ယဲ့ချန်း မှင်တက်သွားလေသည်။ ဤသည်မှာ ရိုးအီနေသော နာမည်ကြီးစကား မဟုတ်ဘူးလား။
ထို့ပြင် ဤသည်မှာ ယောကျ်ားများက မိန်းကလေးများကို ပြောလေ့ရှိသော စကားမျိုး မဟုတ်လေလော။
ယဲ့ချန်းကလည်း နေရခက်စွာ ရယ်မောလိုက်၏။
"အလှလေး... ကျွန်တော်တို့ အရင်က မတွေ့ဖူးလောက်ပါဘူး။ တကယ်လို့ တွေ့ဖူးခဲ့ရင်တောင် ကျွန်တော် ခင်ဗျားဆီကို ပစ္စည်းလာပို့တုန်းကပဲ ဖြစ်လောက်မယ်"
"ဒါပေမဲ့ ဘာလို့မှန်းမသိဘူး။ ရှင့်ကိုမြင်တော့ အရင်ကတွေ့ဖူးသလို ခံစားရတယ်"
ယဲ့ချန်းမှာ စကားမဟနိုင်တော့ပေ။
ဒီလိုပရောပရည်လုပ်တဲ့ပုံစံက အရမ်းရိုးအီလွန်းနေပြီ။
ပြီးတော့ မင်းအစ်ကို ငါ့မှာ ပို့စရာပစ္စည်းတွေ အများကြီးကျန်သေးတယ်။
"ရှောင်ဖေး... လေ့ကျင့်ခန်း လုပ်ပြီးပြီလား"
ထိုအချိန်တွင် အခြားအလှလေးတစ်ယောက်က စကားပြောလာလေသည်။
ယဲ့ချန်း ခေါင်းလှည့်ကြည့်လိုက်သောအခါ သူ(မ)ကိုမြင်ပြီး အံ့သြသွားရသည်။
"ဪ... မင်းကိုး"
ရှောင်တိကလည်း ယဲ့ချန်းကို မြင်သောအခါ မှင်တက်သွားသည်။
"အာ... ကျွန်မတို့ ထပ်တွေ့ကြပြန်ပြီ။ တိုက်ဆိုင်လိုက်တာ"
ဤမြင်ကွင်းကို ကြည့်ပြီး ကျွမ်းရှောင်ဖေးလည်း အံ့အားသင့်သွားလေသည်။
"မင်းတို့က သိကြတာလား"
ထိုအကြောင်းကို ပြောသည့်အခါ ရှောင်တိ၏ မျက်နှာလေးမှာ နီရဲသွားသည်။
"ဟုတ်တယ်။ ကျွန်မတို့က သိရုံရုံတင်မကဘူး။ သူက ကျွန်မရဲ့ ကောလာဟလချစ်သူလေ"
"အာ... အင်တာနက်က ကောလာဟလချစ်သူဆိုတာ သူပေါ့"
ကျွမ်းရှောင်ဖေးလည်း ထိုသတင်းကို ကြားထားပြီးဖြစ်၏။
ယခုမှသာ ယဲ့ချန်းက သူ(မ)အတွက် အဘယ်ကြောင့် ရင်းနှီးသလို ဖြစ်နေရသလဲဆိုသည်ကို သူ(မ) နားလည်တော့သည်။
"တကယ်တော့ ဒါက နားလည်မှုလွဲတာပါ"
ယဲ့ချန်းကလည်း နေရခက်စွာ ပြောလိုက်သည်။
ကျွမ်းရှောင်ဖေးက ရယ်မောလိုက်၏။
"ကျွန်မ အခုမှတ်မိပြီ။ ရှင်က ပြိုင်ကားနဲ့ ပစ္စည်းလိုက်ပို့နေတဲ့ ကောင်ချောလေးပဲ။ အဲဒါကြောင့် ရှင့်ကို ဘာလို့ ဒီလောက်ရင်းနှီးနေတာပါလိမ့်လို့ တွေးနေတာ"
ယဲ့ချန်းမှာ စကားမဆိုနိုင်လောက်အောင် ဖြစ်သွားသည်။ သူက ရေပိုက်ပြင်ရာတွင် ကူညီပေးခဲ့ရုံသာ။ ဘယ်လိုလုပ်ပြီး ရှောင်တိ၏ ကောလာဟလချစ်သူ ဖြစ်သွားရလေသလဲ။
ရှောင်တိကလည်း သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ယဲ့ချန်း... ရှင် ဒီကိုဘာလာလုပ်တာလဲ"
ယဲ့ချန်းကမူ ရယ်မောလိုက်၏။
"ပစ္စည်းလာပို့တာပေါ့"
•••••••••••••••••