အခန်း ၇၁၃
Vol. 48 Ch. 713
အပိုင်း ၇၁၃ : ခြင်တွေကလည်း လူသတ်နိုင်တယ်
အင်တာနက်ဆယ်လီမလေးက စိတ်လှုပ်ရှားနေသော မျက်နှာဖြင့် ယဲ့ချန်းကို ကြည့်လိုက်သည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျွန်မ ရှင့်ကိုလွမ်းနေတာ။ ဝီချက်ကနေ စာတွေပို့ပေမဲ့ ရှင်က တစ်ခါမှ ပြန်မပို့ဘူး။ ဖုန်းဆက်တော့လည်း အမြဲတမ်း မအားဘူးချည်းပဲ။ ရှင် ကျွန်မကို မုန်းသွားပြီလား... မချစ်တော့ဘူးလားဟင်"
ယဲ့ချန်း အနည်းငယ် ကြောင်အသွားသည်။
ဒါတွေက ဘာတွေလဲဟ။
ငါက မင်းကို ဘယ်တုန်းက ချစ်ဖူးလို့လဲ။
ထိုအချိန်က ပစ္စည်းပို့ရန်နှင့် လက်ခံရန်အတွက်သာ ရည်ရွယ်ပြီး ထိုအင်တာနက်ဆယ်လီမလေးကို ဝီချက်တွင် အပ်ခဲ့မိကြောင်း သူ နောက်ဆုံးတော့ သတိရသွားသည်။
သို့သော် တစ်ဖက်လူက ပရောပရည်လုပ်သော စာများသာ ဆက်တိုက်ပို့နေသဖြင့် ယဲ့ချန်းက မမြင်ချင်ယောင်ဆောင်၍ တန်းဖျက်ပစ်ခဲ့သည်။
သို့သော်လည်း ဤတိုက်ရိုက်ထုတ်လွှင့်သူကောင်မလေးက သူ့ကို လိုက်ရှာလိမ့်မည်ဟု ယဲ့ချန်း အိပ်မက်ပင် မမက်ဖူးပေ။
ယဲ့ချန်းလည်း နေရခက်စွာ ပြုံးပြလိုက်၏။
"ဆောရီးပါဗျာ။ ကျွန်တော် ဝီချက်သိပ်မသုံးဖြစ်လို့။ ပြီးတော့ ကျွန်တော် အလုပ်လေးတွေ ရှိသေးလို့ အရင်သွားနှင့်ပါရစေ"
ဤကဲ့သို့သော အမျိုးသမီးမျိုးက ရှုပ်ရှုပ်ယှက်ယှက်နိုင်လွန်းသဖြင့် ယဲ့ချန်းလည်း လစ်ထွက်သွားရန် ကြံစည်လိုက်သည်။
သို့သော် တစ်ဖက်လူက ကားရှေ့တွင် ဝင်ထိုင်ချလိုက်သည်။
ယဲ့ချန်း ဆွံ့အသွားလေသည်။
"အစ်မကြီး... ခင်ဗျား ဘာဖြစ်ချင်နေတာလဲ"
"ပစ္စည်းပို့တဲ့အစ်ကို... အရင်တစ်ခေါက် ရှင့်ကို မြင်ပြီးကတည်းက ရှင့်ပုံရိပ်လေးက ကျွန်မစိတ်ထဲမှာ စွဲကျန်နေခဲ့တာ။ ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့လားဟင်"
ထိုတိုက်ရိုက်ထုတ်လွှင့်သူက တောင်းပန်တိုးလျှိုးလေဟန် မျက်နှာထားဖြင့် ကားရှေ့တွင် လဲကျနေပေသည်။
ထိုအချိန်တွင် ကားရှေ့၌ထိုင်နေသော အမျိုးသမီးကို လမ်းသွားလမ်းလာ တော်တော်များများက မြင်သွားကြသည်။
"ဒီအမျိုးသမီးက ဘာသဘောလဲ။ ပစ္စည်းပို့သမားကို ရိုက်စားလုပ်မလို့လား"
"ပစ္စည်းပို့သမားက ပင်ပင်ပန်းပန်း အလုပ်လုပ်နေရတာကို အခုလိုလိမ်စားတာကတော့ လွန်လွန်းပါတယ်"
ယဲ့ချန်း စကားပင် မဆိုနိုင်တော့ပေ။
ဤအမျိုးသမီးက ကိုင်တွယ်ဖြေရှင်းရ ခက်ခဲလွန်းသည်။
"အစ်မကြီး... ကျွန်တော် တကယ် ပစ္စည်းပို့ရဦးမယ်။ ဖောက်သည်တွေအများကြီး စောင့်နေကြတယ်ဗျ"
"မရဘူး... ဒီနေ့ ရှင် ကျွန်မနားမှာ နေပေးရမယ်"
ထိုအမျိုးသမီးက အတင်းအကျပ် ပြောလိုက်သည်။
ယဲ့ချန်း အလွန်ဆွံ့အသွားသည်။
ငါက ဘာလို့ မင်းအနားမှာ နေပေးရမှာလဲ။
"အစ်မကြီး... ဒီပစ္စည်းတွေကိုလည်း ကြည့်ပါဦး။ ကျွန်တော် နောက်ကျမှပို့ရင် ကုမ္ပဏီက လစာဖြတ်လိမ့်မယ်"
"ရပါတယ်... ကျွန်မ ရှင့်ကို ထောက်ပံ့ထားမှာပေါ့"
အမျိုးသမီးက ကြီးစိုးခြယ်လှယ်ချင်သည့် မျက်နှာထားဖြင့် ပြောလိုက်သည်။
နောက်ဆုံးတွင် ထိုအမျိုးသမီးက အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။
"ဒီလိုလုပ်... ရှင် ကျွန်မနဲ့အတူ တိုက်ရိုက်လွှင့်ပေးမယ်ဆိုရင် ရှင့်ကို သွားခွင့်ပြုမယ်"
တကယ်တော့ ထိုအမျိုးသမီးက ယဲ့ချန်းကို ဒုက္ခပေးနေရသည့် နောက်ထပ်အရေးကြီးအကြောင်းပြချက်တစ်ခု ရှိနေလေသည်။
မနေ့က ယဲ့ချန်း ထွက်သွားပြီးနောက် ယဲ့ချန်းသည် တကယ်တမ်းတွင် ရှောင်တိ၏ ကောလာဟလချစ်သူဖြစ်ကြောင်း သူ(မ) သိလိုက်ရသည်။
ဤသည်မှာ နာမည်ကြီးရန်အတွက် အလွန်ကောင်းမွန်သော အခွင့်အရေးပင်။
ထို့ပြင် ဤအမျိုးသားက ပြိုင်ကားမောင်းပြီး ဘဝအတွေ့အကြုံယူနေသော သူဌေးသားတစ်ယောက် ဖြစ်နေလေသည်။
ထို့ကြောင့် ဤအခွင့်အရေးကို အမိအရဆုပ်ကိုင်ရန် သူ(မ) ဆုံးဖြတ်ချက်ချလိုက်သည်။
ယဲ့ချန်းကို အမိဖမ်းရန် သူ(မ) ဤနေရာတွင် တစ်ရက်လုံးလုံး စောင့်နေခဲ့သည်။
အင်တာနက်ဆယ်လီမလေးက ယဲ့ချန်းကိုသာ ဖမ်းစားနိုင်ပြီး သူ့မိန်းမ ဖြစ်သွားပါက အနာဂတ်တွင် စားဝတ်နေရေးအတွက် ပူပန်စရာမလိုတော့ဘူးဟုတွေးကာ ကြိုတင်စီစဉ်ထားပြီးဖြစ်၏။
အကယ်၍ ထိုအခွင့်အရေး မရှိခဲ့လျှင်ပင် အနည်းဆုံးတော့ သူ(မ)၏ရေပန်းစားမှု မြင့်တက်လာစေရန်အတွက် ယဲ့ချန်းကို သူ(မ)နှင့်အတူ လိုက်ဖ်လွှင့်ပေးစေချင်သည်။
ယဲ့ချန်းကတော့ ခေါင်းခါလိုက်၏။
"ဆောရီးပါ။ ကျွန်တော် ကင်မရာပေါ်မှာ မျက်နှာပြရတာ မကြိုက်ဘူး။ ပြီးတော့ မိန်းမတစ်ယောက်က တင်ကျွေးထားတာကိုလည်း မလိုချင်ဘူး။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရတာကိုပဲ ပိုသဘောကျတယ်"
ထိုအချိန်တွင် အော်ဒီကားတစ်စီးက ထိုအမျိုးသမီး၏ရှေ့သို့ ရုတ်တရက် ထိုးရပ်လိုက်သည်။
ဝတ်စုံပြည့်ဝတ်ဆင်၍ နက်ခ်တိုင်တပ်ထားသော အမျိုးသားတစ်ယောက်က ပန်းစည်းကိုင်လျက် စိတ်လှုပ်ရှားနေသော မျက်နှာဖြင့် အော်ဒီကားပေါ်က ဆင်းလာသည်။
"ရှောင်ရွှယ်... ကိုယ်မင်းကို လွမ်းနေတာ။ အရင်တစ်ခေါက် တွေ့ပြီးကတည်းက မင်းကို ကိုယ်မေ့မရဘူး။ ကျေးဇူးပြုပြီး ကိုယ့်ကို မင်းချစ်သူဖြစ်ခွင့်ပေးပါ"
ဤအခြေအနေကိုမြင်သော် ယဲ့ချန်း မှင်တက်သွားသည်။
ဤအမျိုးသားက အင်တာနက်ဆယ်လီမလေး၏ ပရိသတ်တစ်ယောက် ဖြစ်ရမည်ဟု သူ သဘောပေါက်လိုက်သည်။
ထို့ပြင် တစ်ဖက်လူမှာ အသက်လေးဆယ်ကျော်အရွယ် ထိပ်ပြောင်ပြောင် အမျိုးသားတစ်ယောက် ဖြစ်နေချေသည်။
အင်တာနက်ဆယ်လီမလေးမှာ ယဲ့ချန်းနှင့် ပရောပရည်လုပ်နေစဉ် အဘိုးကြီးတစ်ယောက် ရုတ်တရက် ပေါ်လာသဖြင့် ရူးမတတ် ဖြစ်သွားရသည်။
သူ(မ) အပင်ပန်းခံ၍ ဖန်တီးထားသော အငွေ့အသက်များကို အဆိုးရွားဆုံးအချိန်ကိုမှ ရွေးပြီး ပေါ်လာသော ဤအဘိုးကြီးက ဖျက်ဆီးပစ်လိုက်လေသည်။
အင်တာနက်ဆယ်လီမလေးက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
"ဆောရီးပဲ... ရှင်ဘယ်သူလဲ။ ကျွန်မမသိဘူး။ လူမှားနေပြီထင်တယ်"
မည်သို့ပင်ဖြစ်စေ အသက်လေးဆယ်ကျော် အဘိုးကြီးများကိုပင် သူ(မ)က သဘောကျတတ်ကြောင်း ယဲ့ချန်း မြင်သွား၍မဖြစ်ပေ။
ထိုသို့ဆိုလျှင် အလွန်ပရမ်းပတာနိုင်သွားလိမ့်မည်။
မည်သို့ပင်ဆိုစေ ယဲ့ချန်းရှေ့တွင် ဖြူစင်ရိုးသားသော ပုံရိပ်တစ်ခုကို ဖန်တီးရန် လိုအပ်နေပေသည်။
ထိုအချိန်ဝယ် အဘိုးကြီးမှာ စိုးရိမ်သွားသည်။
"ရှောင်ရွှယ်... ကိုယ့်ကိုမသိဘူးလို့ မင်းဘယ်လိုလုပ်ပြီး ပြောထွက်ရတာလဲ။ ကိုယ်က အားဟောင်လေ။ ကိုယ် မင်းကို လိုက်နေတာ တစ်နှစ်ကျော်နေပြီ။ နေ့တိုင်းလည်း လက်ဆောင်တွေပို့ပေးတယ်။ ထမင်းလည်း ခဏခဏဝယ်ကျွေးဖူးတယ်။ ကိုယ့်ကို ဘယ်လိုလုပ်ပြီး မသိရမှာလဲ"
အဘိုးကြီးက အင်တာနက်ဆယ်လီမလေးအပေါ် ငွေအမြောက်အမြား အကုန်အကျခံထားသည်ဖြစ်ရာ သူ့ကိုမသိဘူးဟု ငြင်းဆိုလိုက်သည်ကို ကြားသောအခါ ပျာယာခတ်သွားလေသည်။
ထိုအခါမှသာ အဘိုးကြီးကလည်း ဘေးတွင် ပစ္စည်းပို့သမားဝတ်စုံနှင့် ရပ်နေသော ယဲ့ချန်းကို သတိပြုမိသွားသည်။
ယဲ့ချန်းက အလွန်ချောမောနေသဖြင့် ထိုအဘိုးကြီးမှာ တစ်ချက်ကြည့်လိုက်ရုံဖြင့် ချက်ချင်း နားလည်သွားသည်။
"ရှောင်ရွှယ်... ဒီကောင်ကလည်း မင်းကိုလိုက်နေတာလား"
သူ(မ)၏ လျှို့ဝှက်ချက်လေးကို ဤအဘိုးကြီးက ဖွင့်ချလိုက်သဖြင့် အင်တာနက်ဆယ်လီမလေးမှာ အလွန်အရှက်ရသွားသည်။
ဤအမျိုးသားကို သူ(မ) တကယ်ထွက်သွားစေချင်နေလေပြီ။
သို့သော် ယဲ့ချန်းက အနားတွင်ရှိနေသဖြင့် သူ(မ) ပြဿနာမရှာချင်ပေ။
ဤအခြေအနေတွင် အဘိုးကြီးလည်း အမှန်တရားကို သူသိပြီဟု ထင်မှတ်သွားသည်။
ဤရုပ်ချောချောပစ္စည်းပို့သမားကလည်း ရှောင်ရွှယ်ကို လိုက်ပိုးနေခြင်းပင်ဖြစ်ရမည်။
အဘိုးကြီးက ပြောလိုက်၏။
"ရှောင်ရွှယ်... ဒီရုပ်ချောချောကောင်လေးက တကယ်ချောပါတယ်။ ဒါပေမဲ့ မင်းလိုချင်တာအားလုံးကို ကိုယ်ပေးနိုင်တယ်။ မင်း ဘာလိုချင်လဲ။ ကိုယ်ပေးနိုင်တယ်။ မင်း သေသေချာချာ စဉ်းစားဖို့ပဲလိုတယ်။ ဒီနေ့ခေတ်လူ့အဖွဲ့အစည်းမှာ ရုပ်ရည်က အရေးမကြီးဘူး။ ပိုက်ဆံကသာ အဓိကပဲ။ မင်းပြောတော့ ပိုက်ဆံကို အကြိုက်ဆုံးဆို။ ကိုယ့်ဆီမှာ ရှိတယ်လေ"
ပြင်းထန်လှသော ဤစကားလုံးတိုက်ခိုက်မှုများကြောင့် အင်တာနက်ဆယ်လီမလေးမှာ စကားပင် မဆိုနိုင်တော့ပေ။
"ကျွန်မ..."
ရှင်က ကျွန်မ အကွက်ချထားတာတွေကို လာဖျက်ဆီးနေတာလား။
ဤကောင်ချောလေးကို သူ(မ) ဖျားယောင်းနိုင်တော့မည်ဟု ခံစားနေရသည်။
သို့သော် ဤအဘိုးကြီး၏ ကြမ်းတမ်းလှသော လုပ်ရပ်များကတော့...
ယဲ့ချန်းမှာ ပို၍ပင် ဇဝေဇဝါဖြစ်သွားသည်။
သို့သော် သူ့မျက်လုံးများကတော့ အရောင်လက်သွားချေသည်။
"အစ်ကိုကြီး... ခင်ဗျားက တကယ်မိုက်တယ်။ တကယ်ကို လန်းတာ။ ဒီမိန်းမကို ခင်ဗျားဆီမှာပဲ အပ်ခဲ့တော့မယ်"
ထိုသို့ပြောပြီး ယဲ့ချန်းလည်း ကားကိုကွေ့ကာ အရှိန်တင်၍ မောင်းထွက်သွားလေသည်။
အင်တာနက်ဆယ်လီမလေးမှာ ကြောင်အမ်းအမ်းဖြစ်သွားပြီး ငိုယိုကာ မျက်ရည်များ သုတ်နေတော့သည်။
"ပစ္စည်းပို့တဲ့အစ်ကို... မသွားပါနဲ့။ ရှင်ထွက်သွားရင် ကျွန်မ ဘယ်လိုဆက်ရှင်သန်ရမလဲ"
အင်တာနက်ဆယ်လီမလေးမှာ မိတ်ကပ်များပင် ပျက်ကုန်သည်အထိ ဝမ်းနည်းပမ်းနည်း ငိုကြွေးနေလေသည်။
ထိုအချိန်တွင် ဘေးပတ်ဝန်းကျင်ရှိ လမ်းသွားလမ်းလာများအားလုံး မှင်တက်သွားကြသည်။
ဘာတွေဖြစ်ကုန်တာလဲ။
ကားနောက်သို့ ပြေးလိုက်နေဆဲဖြစ်သော အင်တာနက်ဆယ်လီမလေးကို ကြည့်ကာ ယဲ့ချန်းလည်း လီဗာမနင်းဘဲ မနေနိုင်တော့ပေ။
သေစမ်း... သူ့အချိန်တွေက အရမ်းတန်ဖိုးရှိတာ။ ဒီအင်တာနက်ဆယ်လီမလေးက သူ့အချိန်တွေကို ဒီလောက်တောင် ဖြုန်းတီးပစ်ခဲ့တာဆိုတော့ တကယ်ရာဇဝတ်မှုမြောက်နေပြီ။
မောင်းထွက်သွားသောကားကို ကြည့်ရင်း အင်တာနက်ဆယ်လီမလေးခမျာ စိတ်ပျက်လက်ပျက်ဖြင့် မြေပြင်ပေါ်သို့ ထိုင်ချလိုက်တော့သည်။
"ပစ္စည်းပို့တဲ့အစ်ကို... ကျွန်မ ရှင့်ကို မခွဲနိုင်ဘူး"
ပစ္စည်းပို့နေသော ယဲ့ချန်းမှာ ရေဒီယိုထဲမှ သတင်းကြေညာချက်တစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။
"ဆုငွေထုတ်ပြန်ကြေညာချက် : ဒီနေ့ ကျင်းဟိုင်မြို့မှာ ကြီးမားတဲ့ ပြစ်မှုဆိုင်ရာ အမှုအခင်းတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ နစ်နာသူမိန်းကလေးစွန်း၊ အမျိုးသမီး၊ အသက်၂၂နှစ်၊ ကျွန်တော်တို့မြို့က ကျင်းဟိုင်တက္ကသိုလ် တတိယနှစ်ကျောင်းသူဟာ ညဘက်ပြေးရင်း ပျောက်ဆုံးသွားခဲ့ပါတယ်။ သူ့ရဲ့ရုပ်အလောင်းကို ကျင်းဟိုင်တက္ကသိုလ် တောအုပ်ထဲမှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ပြည်သူတွေဆီက သဲလွန်စတွေကို တောင်းခံနေပါတယ်။ ဆုငွေကတော့ တစ်သန်း ထုတ်ပြန်ထားပါတယ်။ သဲလွန်စတစ်စုံတစ်ရာ တွေ့ရှိပါက သတင်းပေးပို့ရန် နံပါတ် - 138XXXXX အရာရှိဝမ်ကို ဆက်သွယ်နိုင်ပါတယ်"
ဤအရာကြောင့် ကျိုးစုစုတင်ထားသည့်စာကို ယဲ့ချန်း သတိရသွားသည်။
"လူသတ်သမားကို ဖမ်းဖို့အတွက် ငါ အိမ်မပြန်ရတာ သုံးရက်နဲ့သုံးညရှိနေပြီ။ သေနာကောင်... မင်းကို ကောင်းကင်ဘုံက အပြစ်ပေးလိမ့်မယ်"
ထိုအချိန်တွင် ခြင်တစ်ကောင်က ယဲ့ချန်း၏ ကားပြတင်းပေါက်နားတွင် ပျံသန်းနေသဖြင့် ယဲ့ချန်းကလည်း ချက်ချင်းလှမ်းဖမ်းလိုက်သည်။
"စနစ်... ဒီခြင်က လူသတ်နိုင်လား"
[ပိုင်ရှင်... သားရဲတစ်သောင်းစနစ်နဲ့ဆိုရင် ဘယ်တိရစ္ဆာန်ကိုမဆို တစ်ရာရာခိုင်နှုန်း အမိန့်နာခံလာအောင် ထိန်းချုပ်နိုင်ပါတယ်။ ခြင်ပဲဖြစ်ဖြစ် အဆင့်မြှင့်တင်ထားတဲ့ တိရစ္ဆာန်တွေက အရမ်းအားကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်နိုင်ပါတယ်။ အပြည့်အဝဆင့်ကဲပြောင်းလဲထားတဲ့ ခြင်တစ်ကောင်က သဲလွန်စမကျန်အောင် လူသတ်နိုင်ပါတယ်]
•••••••••••••••••••••