အခန်း ၇၁၄
Vol. 48 Ch. 714
အပိုင်း ၇၁၄ : ကျိုးစုစုထံ သွားရောက်လည်ပတ်ခြင်း
ဤခြင်ကို အရင်ဆုံး အဆင့်မြှင့်ကြည့်ပြီး အကျိုးသက်ရောက်မှုက ဘယ်လိုဖြစ်မလဲဆိုသည်ကို စမ်းကြည့်ရန် ယဲ့ချန်း ဆုံးဖြတ်လိုက်သည်။
ခြင်က ဖန်ပုလင်းထဲတွင် ဟိုတိုက်သည်တိုက် ဖြစ်နေချေသည်။
[တင်! ခြင်တစ်ကောင်ကို ဖမ်းမိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ အဲဒီခြင်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် သတ်မှတ်ချင်ပါသလား]
ယဲ့ချန်း၏ နားထဲတွင် သတိပေးသံတစ်သံ ထွက်ပေါ်လာသည်။
"သတ်မှတ်မယ်"
[ဒီခြင်က ပိုင်ရှင့်ရဲ့ နံပါတ်တစ်အိမ်မွေးတိရစ္ဆာန် ဖြစ်သွားပါပြီ။ ကျေးဇူးပြုပြီး နာမည်ပေးပါ]
ယဲ့ချန်း ဆွံ့အသွားသည်။ ခြင်တစ်ကောင်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် သုံးသူမှာ သမိုင်းတွင် သူက ပထမဆုံးလူ ဖြစ်လောက်သည်။
သူ ခဏလောက် စဉ်းစားလိုက်ပြီးနောက် ရှောင်ဝမ်ဟု နာမည်ပေးရန် ဆုံးဖြတ်လိုက်သည်။
[ပိုင်ရှင်က ရှောင်ဝမ်လို့ နာမည်ပေးတာ အောင်မြင်ပါတယ်]
ယဲ့ချန်း၏ရှေ့တွင် ရှောင်ဝမ်၏ စွမ်းရည်အမျိုးမျိုးကို ပြသထားသော ထိန်းချုပ်ရေးမျက်နှာပြင်တစ်ခု ပေါ်လာသည်။
အိမ်မွေးတိရစ္ဆာန်အမည် : [ရှောင်ဝမ်]
အမှတ်စဉ် : [၀၀၁]
ပိုင်ရှင် : ယဲ့ချန်း
တိုက်ခိုက်ရေးစွမ်းအား : ၁
အိမ်မွေးတိရစ္ဆာန်အခြေအနေ : အဆင့်မမြှင့်ရသေး
...
တိုက်ခိုက်ရေးစွမ်းအားက ၁ဖြစ်လေရာ သွေးစုပ်ပြီး လူအများကို ယားယံအောင်သာ လုပ်နိုင်လောက်မည်။ ဤသတ်မှတ်ချက်က အလွန်လက်တွေ့ကျလှသည်။
ဟူး... ဈေးပေါတဲ့အရာတွေက ဘယ်တော့မှ မကောင်းဘူးလေ။
ထို့ပြင် သူ့အနေနှင့် ဤအိမ်မွေးတိရစ္ဆာန်အတွက် ပိုက်ဆံတစ်ပြားမှပင် မကုန်ခဲ့ပေ။
[စနစ်... အိမ်မွေးတိရစ္ဆာန်ကို ဘယ်လိုအဆင့်မြှင့်ရမလဲ]
[ပိုင်ရှင့်အနေနဲ့ အိမ်မွေးတိရစ္ဆာန်ကို အဆင့်မြှင့်တင်ဖို့ နည်းလမ်းသုံးခုထဲက ရွေးချယ်နိုင်ပါတယ်။ ကျပန်းအဆင့်မြှင့်တင်ခြင်းနဲ့ ရွေးချယ်အဆင့်မြှင့်တင်ခြင်းပါ]
အိမ်မွေးတိရစ္ဆာန်များကို အေ၊ ဘီ၊ စီ၊ ဒီ ဟူ၍ အဆင့်လေးဆင့် ခွဲခြားထားပြီး အေအဆင့်က အသန်မာဆုံးဖြစ်ကာ ဒီအဆင့်က အားအနည်းဆုံးပင်။
အပြည့်အဝအဆင့်မြှင့်တင်ခြင်းမှာ ဈေးအကြီးဆုံးဖြစ်ပြီး အေအဆင့် အိမ်မွေးတိရစ္ဆာန်ကို ရရှိစေမည်။
ကျပန်းအဆင့်မြှင့်တင်ခြင်းကတော့ အိမ်မွေးတိရစ္ဆာန်၏ အဆင့်ကို အေမှ ဒီအတွင်း ရရှိစေမည်ဖြစ်၏။
ရွေးချယ်အဆင့်မြှင့်တင်ခြင်းကား အဆင့်ကို ရွေးချယ်ခွင့်ပေးသော်လည်း အဆင့်တစ်ခုစီအတွက် ကုန်ကျစရိတ်ကွာခြားမည်။
ဈေးနှုန်းပြမျက်နှာပြင်ကို ယဲ့ချန်း လှမ်းကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ဆွံ့အသွားသည်။
ကျပန်းအဆင့်မြှင့်တင်ခြင်း : ယွမ်၈သန်း
ရွေးချယ်အဆင့်မြှင့်တင်ခြင်း :
ဒီအဆင့် - ယွမ်တစ်သောင်း
ဘီအဆင့် - ယွမ်တစ်သိန်း
စီအဆင့် - ယွမ်တစ်သန်း
အေအဆင့် - ယွမ်ဆယ်သန်း
Sအဆင့် - ယွမ်သန်းတစ်ရာ + အထူးတာဝန်
အမလေး... ဈေးအပေါဆုံးဒီအဆင့်ကတောင် ယွမ်တစ်သောင်း ပေးရတယ်ပေါ့လေ။
ခြင်တစ်ကောင်ကို အဆင့်မြှင့်ဖို့ကပင် ဤမျှဈေးကြီးနေသည်။ တိရစ္ဆာန်ကြီးများဆိုလျှင် အမြောက်အများ ကုန်ကျပေမည်။
ကံကောင်းထောက်မစွာဖြင့် ယဲ့ချန်းမှာ ယခုအချိန်တွင် ငွေရေးကြေးရေး မပူပန်ရပေ။
[ဒါက ပိုင်ရှင်ဟာ စနစ်နဲ့ ပထမဆုံးအကြိမ် ချိတ်ဆက်ခြင်းဖြစ်တာကြောင့် အခမဲ့ကျပန်းအဆင့်မြှင့်တင်ခွင့်တစ်ကြိမ် ရရှိမှာပါ]
ယဲ့ချန်း : [ဒါကို ငွေသားအဖြစ် လဲလို့ရလား]
ကျပန်းအဆင့်မြှင့်တင်ခြင်းမှာ ယွမ်ရှစ်သန်းတန်ပေသည်။
စနစ် : [စိတ်ကူးယဉ်မနေနဲ့]
ယဲ့ချန်းကလည်း ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်၏။
"ဒါဆိုလည်း ကျပန်းအဆင့်မြှင့်တင်ခြင်းကိုပဲ သုံးလိုက်တော့မယ်"
[တင်! ပိုင်ရှင်က ရှောင်ဝမ်ကို ကျပန်းအဆင့်မြှင့်တင်ဖို့ ရွေးချယ်လိုက်ပါတယ်]
သူစကားပြောပြီးသည်နှင့် စနစ်မျက်နှာပြင်တွင် အေ၊ ဘီ၊ စီ၊ ဒီ ဟူ၍ ရွေးချယ်စရာများက တစ်လှည့်စီ လည်ပတ်နေသည်။
သေချာပေါက် အေအဆင့် ရပါစေဟု ယဲ့ချန်း စိတ်ထဲက ဆုတောင်းနေမိသည်။
ဒီအဆင့်သာဆိုလျှင် ခြင်တစ်ကောင် အဆင့်တက်သွားသည့်တိုင် ဘာလုပ်နိုင်မည်နည်း။ အလွန်ဆုံးရှိလှ သွေးနည်းနည်းပိုစုပ်နိုင်ရုံလောက်သာ ရှိမည်။
သို့သော် အေအဆင့်ဆိုလျှင်မူ ဤခြင်က သဲလွန်စမကျန်ဘဲ လူသတ်နိုင်စွမ်း ရှိလာမည်သာ။
လူသတ်နိုင်သည့် ခြင်တစ်ကောင်တဲ့။ တွေးကြည့်ရုံဖြင့် စိတ်လှုပ်ရှားဖို့ ကောင်းနေချေပြီ။
ယဲ့ချန်း သုံးမိနစ်တိတိ စောင့်လိုက်ရသည်။
[တင်! ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ ရှောင်ဝမ် အဆင့်မြှင့်တင်မှု အောင်မြင်သွားပါပြီ]
[ဒီတစ်ခေါက်မှာ ရှောင်ဝမ်က အေအဆင့်အထိ အဆင့်တက်သွားပါပြီ]
ယဲ့ချန်း ထိန်းချုပ်ရေးမျက်နှာပြင်ကို ကြည့်လိုက်လေရာ အမှန်တကယ်ပင် စွမ်းရည်အချက်အလက်များအားလုံး ပြောင်းလဲသွားပြီဖြစ်၏။
အိမ်မွေးတိရစ္ဆာန်အမည် : [ရှောင်ဝမ်]
အမှတ်စဉ် : [၀၀၁]
ပိုင်ရှင် - ယဲ့ချန်း
တိုက်ခိုက်ရေးစွမ်းအား : ၁၂၈၈
အိမ်မွေးတိရစ္ဆာန်အခြေအနေ : အေအဆင့်
အမြန်နှုန်း : အေအဆင့်
ခွန်အား : အေအဆင့်
အာရုံခံစားမှု : အေအဆင့်
ပင်ကိုယ်စွမ်းရည် : အဆိပ် (လူတစ်ယောက်ကို တစ်နာရီကြာ သတိလစ်သွားစေနိုင်သည်)
စနစ်၏ သတိပေးချက်ကို မြင်လိုက်ရပြီးနောက် ယဲ့ချန်းမှာ အလွန်ဝမ်းသာသွားသည်။
မိုက်လိုက်တာ...
ထိုအချိန်မှာပင် ယဲ့ချန်း၏ဖုန်းက မြည်လာလေသည်။ ယဲ့ချန်းလည်း ဖုန်းကိုင်လိုက်၏။
"ယဲ့ချန်းလား"
"ဘယ်သူပါလဲ"
"ရှောင်ဝမ်လေ"
အမလေး တော်တော်လန်းတာပဲ။ အဆင့်မြှင့်ထားတဲ့ အိမ်မွေးတိရစ္ဆာန်က ဖုန်းတောင် ဆက်နိုင်တာလား။
"မင်းက ငါ့ရဲ့ အိမ်မွေးတိရစ္ဆာန် ရှောင်ဝမ်လား"
"သွားစမ်းပါ"
ဖုန်းထဲမှ အထက်စီးဆန်သော မိန်းမအသံတစ်သံ ထွက်ပေါ်လာသည်။
အမလေး... ဒီခြင်က တော်တော်ရဲတင်းတာပဲ။ ပိုင်ရှင်ကိုတောင် သွားစမ်းပါလို့ ပြောရဲတယ်။
ယဲ့ချန်း ရုတ်တရက် သတိရသွားသည်။ ဤသည်မှာ ကျိုးစုစု၏လက်ထောက် ကျောက်ဝမ်ပင်။
ရှက်စရာကောင်းလိုက်တာ...
"ဆောရီး ကျောက်ဝမ်... ငါက နောက်နေတာပါ"
ယဲ့ချန်း ပြန်ပြောလိုက်သည်။
"ဟွန့်... ကျွန်မကို နောက်တစ်ခါ ဒီလိုစနောက်ရဲရင် အစ်မစုစုကို ရှင့်ကိုရိုက်ဖို့ ပြောလိုက်မယ်"
ကျောက်ဝမ်ကလည်း ပြန်ပြောသည်။
"ဒါနဲ့ စုစု အခုတလော ဘယ်လိုနေလဲ"
ယဲ့ချန်းက မေးလိုက်သည်။
ကျောက်ဝမ်မှာမူ သက်ပြင်းချလိုက်လေ၏။
"အစ်မစုစုက အခုတလော တော်တော် အလုပ်များနေတယ်။ အဲဒီကွင်းဆက်လူသတ်သမားကို အခုထိ မဖမ်းမိသေးဘူး။ တစ်ညလုံး မအိပ်ဘဲ စောင့်ကြည့်ကင်မရာတွေကို ကြည့်နေရတာနဲ့ ပင်ပန်းပြီး ဆေးရုံတင်လိုက်ရပြီ"
ဤစကားကို ကြားသောအခါ ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။
"ဘယ်လိုလုပ်ပြီး အဲဒီလို ဖြစ်သွားရတာလဲ"
ကျောက်ဝမ်ကလည်း ပြန်ဖြေလေ၏။
"ဒီအမှုကို မြို့တော်က တိုက်ရိုက်ကြီးကြပ်နေတာဆိုတော့ အစ်မစုစုလည်း ဖိအားတွေ အများကြီးရှိတယ်။ သူ့ခမျာ နေ့ရောညပါ ကင်မရာတွေကို အဆက်မပြတ် စောင့်ကြည့်နေခဲ့တာ။ ဒါပေမဲ့ ကံမကောင်းချင်တော့ အခုထိ ဘာသဲလွန်စမှ မရသေးဘူး။ သူလည်း စိတ်ပူပြီး ပင်ပန်းသွားတာနဲ့ လဲသွားတာဖြစ်မယ်"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်၏။
"ဪ.. အဲဒီလိုကိုး"
ကျောက်ဝမ်က ရုတ်တရက်ပြောလိုက်လေသည်။
"အစ်ကိုယဲ့ချန်း... ကျွန်မတို့ခေါင်းဆောင်ကို လာတွေ့ပေးလို့ရမလား။ ခေါင်းဆောင်နားမှာ ကျွန်မရှိနေတုန်းက သူက အိပ်မက်ထဲမှာတောင် အစ်ကို့နာမည်ကို ယောင်နေတာ"
ယဲ့ချန်းလည်း သဘောတူလိုက်၏။
"ရပါတယ်။ ငါ အခုချက်ချင်း လာခဲ့မယ်"
တိုက်တိုက်ဆိုင်ဆိုင်ပင် ဆေးရုံသို့သွားရင်း အမှုအခင်းအသေးစိတ်ကို ယဲ့ချန်းအနေနှင့် အနီးကပ် လေ့လာနိုင်ပေလိမ့်မည်။
ယဲ့ချန်းမှာမူ ဈေးသို့ အရင်သွားပြီး ကြက်မည်းတစ်ကောင် ဝယ်လိုက်သည်။
တစ်နာရီကြာပြီးနောက် အငွေ့တထောင်းထောင်းထနေသော ကြက်မည်းစွပ်ပြုတ်တစ်အိုး ရလာလေသည်။
ငြင်းစရာမရှိပါချေ။ ယဲ့ချန်းချက်ထားသော ကြက်မည်းစွပ်ပြုတ်က အလွန်အရသာရှိလွန်းလှသည်။
ယဲ့ချန်းမှာ တစ်ကျိုက်သောက်ကြည့်ပြီး သူ့ဟင်းချက်လက်ရာကို သဘောကျသွားသည်။ နတ်ဘုရားအဆင့် ဟင်းချက်စွမ်းရည်ဟု ခေါ်ထိုက်ပါပေသည်။
ကြက်မည်းစွပ်ပြုတ်ကို ချိုင့်ထဲထည့်၍ ယဲ့ချန်းလည်း ဆေးရုံသို့ တန်းမောင်းလာခဲ့သည်။
သူနာပြုကောင်တာတွင် ယဲ့ချန်းက အကျိုးအကြောင်းမေးလိုက်သည်။
"ကျိုးစုစုက ဘယ်အခန်းမှာလဲဆိုတာ ပြောပြလို့ရမလားဗျ"
သူနာပြုက လူနာစာရင်းကို တစ်ချက်ကြည့်လိုက်၏။
"အခန်း ၁၁၈ပါ"
"ဟုတ်ကဲ့ပါ"
ယဲ့ချန်းက ထိုသို့ပြော၍ ကြက်မည်းစွပ်ပြုတ်ကိုဆွဲပြီး ထွက်လာခဲ့သည်။
ယဲ့ချန်း ထွက်သွားသည်နှင့် သူနာပြုတစ်ယောက်က အနံ့ခံရင်း မေးလိုက်သည်။
"မွှေးတဲ့အနံ့လေး ရကြလား"
အခြားသူနာပြုတစ်ယောက်ကလည်း ခေါင်းညိတ်လိုက်၏။
"အင်း.. ငါလည်း ရတယ်။ ခုနက ကောင်လေးချောချောလေးကိုင်သွားတဲ့ ချိုင့်ထဲက ထွက်လာတာနေမယ်"
ကြက်မည်းစွပ်ပြုတ်ချိုင့်ကို ကိုင်ထားသော ယဲ့ချန်းက ဆေးရုံလူနာဆောင်ဘက်သို့ လျှောက်သွားသောအခါ မွှေးရနံ့က နေရာအနှံ့ ပျံ့လွင့်သွားသည်။
အခန်းနံပါတ်အတိုင်း လိုက်ရှာရင်း ယဲ့ချန်းမှာ အချိန်တိုအတွင်းမှာပင် အခန်း၁၁၈ကို ရှာတွေ့သွားသည်။
တံခါးခေါက်လိုက်ချိန်ဝယ် ရဲမေတစ်ယောက်က ခေါင်းပြူထွက်လာသည်။
ထိုရဲမေမှာ အခြားလူမဟုတ်ပေ။ ကျောက်ဝမ်ပင်။
"အစ်ကိုယဲ့ချန်း... ရောက်လာပြီကိုး"
သူ(မ)က စကားစလိုက်သည်။
ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလိုက်၏။
"စုစု ဘယ်လိုနေလဲ"
"သူ အခုလေးတင် ပုလင်းချိတ်ပြီးသွားတာ။ အခုချက်ချင်း ဆေးရုံဆင်းချင်တယ်လို့ ပြောနေတယ်လေ။ ကျေးဇူးပြုပြီး သူ့ကို နားချပေးပါဦး"
ကျောက်ဝမ်က ပြောလာလေသည်။
ယဲ့ချန်း ရယ်မောလိုက်မိသည်။
"ကောင်းပြီလေ... ငါ နားချလိုက်ပါ့မယ်"
အခန်းထဲတွင်မူ ယဲ့ချန်းကို မြင်လိုက်ရသောအခါ ကျိုးစုစု အံ့အားသင့်သွားပုံရသည်။
ထို့နောက် ဘေးနားရှိ ကျောက်ဝမ်ကို ကြည့်လိုက်၏။
"နင်သွားပြောလိုက်တာမလား"
ကျောက်ဝမ်က ဆို၏။
"မဟုတ်ရပါဘူး။ အစ်ကိုယဲ့ချန်းက သတင်းကြားပြီး သူ့ဘာသာ လာတာပါ"
ယဲ့ချန်းကမူ ရယ်မောလိုက်ချေသည်။
"ဟုတ်တယ်... မင်းက မကြိုဆိုချင်ဘူးဆိုရင်လည်း ကိုယ် ပြန်လိုက်ရမလား"
ကျိုးစုစုက ပြန်ပြောလေသည်။
"ဘာမှမဖြစ်ပါဘူး။ ကျွန်မက ဆေးရုံကတောင် ဆင်းတော့မှာ"
ယဲ့ချန်းက ပြောလိုက်၏။
"ဟေ့... နေမကောင်းရင် ဆရာဝန်ပြရတယ်။ ဗိုက်ဆာရင် စားရတယ်။ ကိုယ် မင်းအတွက် ချက်လာတဲ့ ကြက်မည်းစွပ်ပြုတ်ကို မြည်းကြည့်ပါဦး"
ကျိုးစုစုကမူ ခေါင်းခါလိုက်လေသည်။
"ကျွန်မ မ..."
သို့သော် ယဲ့ချန်းက ချိုင့်ကို ဖွင့်လိုက်သောအခါ သူ(မ)စကား၏ နောက်တစ်ဝက်ကို ပြန်မျိုချလိုက်ရသည်။
ယဲ့ချန်း၏ ချိုင့်ထဲမှ ကြက်မည်းစွပ်ပြုတ်က တကယ်မွှေးပျံ့နေသည်။
ဘုရားရေ... လောကကြီးမှာ ဒီလောက်မွှေးတဲ့ ကြက်မည်းစွပ်ပြုတ်မျိုးလည်း ရှိတာပဲ။
"အာ... စုစုက မသောက်ချင်ဘူးဆိုတော့လည်း ကျောက်ဝမ်... မင်းပဲ သောက်လိုက်တော့လေ"
"ဟုတ်ကဲ့"
ကျောက်ဝမ်က ပြောလိုက်သည်။
အနံ့ကို ရှူရှိုက်မိပြီးနောက် ကျောက်ဝမ်မှာ မနည်းအောင့်အည်းထားရသည်။
ကျိုးစုစုကမူ ချိုင့်ကို ကပျာကယာ လုယူလိုက်၏။
"ဒီကြက်မည်းစွပ်ပြုတ်က ငါ့ဟာ"
ယဲ့ချန်းမှာ တဟားဟားရယ်မောလိုက်၏။
"ကဲပါ... မင်းတို့နှစ်ယောက်လုံးအတွက် လုံလုံလောက်လောက်ရှိပါတယ်"
ယဲ့ချန်းက ကျိုးစုစုနှင့် ကျောက်ဝမ်တို့ နှစ်ယောက်စလုံးကို တစ်ပန်းကန်စီ ခူးပေးလိုက်သည်။
သူတို့နှစ်ယောက်သား အငမ်းမရ စားသောက်လိုက်ကြလေရာ ကြက်မည်းစွပ်ပြုတ်တစ်အိုးလုံး ပြောင်သလင်းခါသွားလေသည်။
သူတို့က ကြက်ရိုးများကိုတောင် အလွတ်မပေးဘဲ ကိုက်စားခဲ့ကြသည်။
•••••••••••••••••••••