← Chapters

အခန်း ၇၁၆

Vol. 48 Ch. 716

အခန်း ၇၁၆

Vol. 48 Ch. 716

အပိုင်း ၇၁၆ : နောက်ထပ်စွမ်းဆောင်မှုတစ်ခု

ယဲ့ချန်းက ရှောင်ဝမ်ကို ပြောလိုက်၏။

"တော်တယ်... ကောင်းကောင်းလုပ်နိုင်ခဲ့တယ်"

"ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ် သခင်။ ကျွန်တော် ဆက်ပြီးတော့ ကြိုးစားသွားပါ့မယ်"

ရှောင်ဝမ်ကလည်း ပြန်ဖြေသည်။

သူသည် ကြိုတင်ပြင်ဆင်ထားသော ကြိုးကို အသုံးပြု၍ လူထွားကြီးကို ထိုင်ခုံတွင် ချည်နှောင်လိုက်ပြီးနောက် ကျိုးစုစု၏ ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။

"လူသတ်သမားကို ဖမ်းမိပြီ။ လူတွေခေါ်ပြီး အမြန်လာခဲ့တော့။ ကိုယ့်ဖုန်းထဲကနေ မင်းဆီ တည်နေရာ ပို့ပေးလိုက်မယ်"

ကျိုးစုစုမှာ အနည်းငယ် မယုံနိုင်သလိုဖြစ်သွားသော်လည်း သူ(မ)၏အဖွဲ့ကို ဦးဆောင်၍ ဆင်းရဲသားရပ်ကွက်သို့ လာခဲ့လိုက်သည်။

ကားက အထဲထိ မောင်းဝင်၍မရသောကြောင့် ရဲတပ်ဖွဲ့ဝင်အားလုံးလည်း လူထွားကြီး၏ အခန်းနားသို့ ခြေလျင်သာ သွားခဲ့ကြရသည်။

လက်နက်အပြည့်တပ်ဆင်ထားသော ရဲတပ်ဖွဲ့ဝင်အများအပြားကို မြင်သောအခါ ပတ်ဝန်းကျင်ရှိ လူများမှာ အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။

"ရဲတွေ အများကြီးပါလား။ ဘာတွေဖြစ်လို့လဲမသိဘူး"

"ကိစ္စကြီးကြီးမားမားတစ်ခုဖြစ်လို့ နေမှာပါ"

"ငါလည်းမသိဘူး။ သွားကြည့်ရအောင်"

ပတ်ဝန်းကျင်ရှိ လူများက ရဲများနောက်သို့ လိုက်ပါသွားကြသော်လည်း ရဲတပ်ဖွဲ့ဝင်များကမူ သူတို့ကို လူစုခွဲလိုက်ကြသည်။

ရာဇဝတ်ကောင်သည် အချိန်မရွေး သောင်းကျန်းလာပြီး ပတ်ဝန်းကျင်ရှိ လူများကို အန္တရာယ်ပြုနိုင်သဖြင့် ကျိုးစုစုက စိုးရိမ်နေခြင်းပင်။

ရဲတပ်ဖွဲ့ဝင်အချို့က တံခါးကို စောင့်ကြပ်နေစဉ် ကျိုးစုစုက သူ(မ)၏အဖွဲ့ကို ဦးဆောင်ကာ တံခါးကိုကန်ဖွင့်၍ အရင်ဝင်သွားလေသည်။

ရာဇဝတ်သားကို နှိမ်နင်းရန် အလွန်အားထုတ်ရလိမ့်မည်ဟု အစက ထင်ထားသော်လည်း ယခုအချိန်တွင် ထိုလူထွားကြီးမှာ ထိုင်ခုံပေါ်၌ ချည်တုပ်ခံထားရပြီးသား ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားပေ။

ကျိုးစုစု ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်ရှုနေစဉ် အခြားရဲတပ်ဖွဲ့ဝင်များကလည်း အိမ်အတွင်းအပြင် နှံ့နှံ့စပ်စပ် ရှာဖွေခဲ့ကြသော်ငြား အခြားမည်သူ့ကိုမှ ရှာမတွေ့ခဲ့ကြပေ။

ရဲတပ်ဖွဲ့ဝင်တစ်ယောက်က ခေါင်းတကုတ်ကုတ်ဖြင့် ပြောလိုက်၏။

"တော်တော်ထူးဆန်းတာပဲ။ အခန်းထဲမှာ ဒီလူကြီးတစ်ယောက်တည်း ရှိတာလေ။ ဘယ်သူက သူ့ကို လာချည်သွားတာလဲ။ သူကိုယ်တိုင် သူ့ဟာသူပြန်ချည်ထားတာတော့ မဟုတ်လောက်ပါဘူးနော်"

သူတစ်ယောက်တည်းသာမက အခြားရဲတပ်ဖွဲ့ဝင်များ၏ စိတ်ထဲတွင်လည်း ဤမေးခွန်းက နေရာယူထားသည်။

ထိုလူထွားကြီးကို မည်သူက ချည်နှောင်ထားခဲ့ကြောင်း လူတိုင်း သိချင်နေကြသော်လည်း ကျိုးစုစုတစ်ယောက်သာ အမှန်တရားကို သိပေသည်။

ကျိုးစုစုလည်း ရဲတပ်ဖွဲ့ဝင်များ၏ စိတ်ရှုပ်ထွေးမှုကို ဂရုမစိုက်ပါဘဲ ထိုလူထွားကြီးကို ကြိုးဖြည်ပေးပြီး လက်ထိပ်ခတ်၍ ရဲကားပေါ်သို့ ခေါ်ဆောင်သွားရန် သူတို့ထဲက တစ်ယောက်ကို အချက်ပြလိုက်သည်။

ဆင်းရဲသားရပ်ကွက်ထဲရှိ အခြားနေထိုင်သူများမှာ ရဲများက လူထွားကြီးကို ခေါ်ဆောင်သွားကြောင်း မြင်လိုက်ရသည်။ ထိုလူထွားကြီးမှာ မကောင်းမှုတစ်ခုခု ကျူးလွန်ထားကြောင်း ထင်ရှားနေပေသည်။

လူထွားကြီးကို ရဲစခန်း၏ စစ်ဆေးမေးမြန်းခန်းသို့ ခေါ်ဆောင်လာချိန်တွင် သူ နိုးနေပြီဖြစ်၏။

သူရောက်နေသော ပတ်ဝန်းကျင်နှင့် သူ့ရှေ့တွင် ထိုင်နေသော ရဲအရာရှိနှစ်ယောက်ကို မြင်လိုက်ရသောအခါ သူ့လုပ်ရပ်များ ပေါ်သွားပြီဖြစ်ကြောင်း သိလိုက်သည်။

ရဲအရာရှိများ များများစားစား မမေးရသေးခင်မှာပင် သူ အရာအားလုံးကို ဝန်ခံလိုက်တော့သည်။ ရဲများက သူ့ကို ဖမ်းမိလိမ့်မည်ဟု ထိုလူထွားကြီး ထင်ထားမည်မဟုတ်ချေ။

ရဲအရာရှိတစ်ယောက်က မေးလိုက်၏။

"ဘယ်သူက မင်းကို ချည်ထားခဲ့တာလဲ"

လူထွားကြီးကမူ ခေါင်းခါပြလိုက်သည်။ သူ ရဲစခန်းကို ဘယ်လိုရောက်လာသလဲဆိုသည်ကို သူကိုယ်တိုင်ပင် စဉ်းစား၍မရချေ။

လွန်ခဲ့သည့် မိနစ်ပိုင်းလောက်ကပင် သူသည် သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားကို ကြည့်နေရင်း ရုတ်တရက် အိပ်ငိုက်လာသည်။

သူ ပြန်နိုးလာချိန်တွင်မူ လက်ထိပ်ခတ်ခံထားရပြီး စစ်ဆေးမေးမြန်းခန်းထဲတွင် ထိုင်နေကြောင်း တွေ့လိုက်ရသည်။

ဘေးနားရှိ ရဲအရာရှိက ပြောလိုက်၏။

"ကဲ... ကိုယ့်လူ... အစီရင်ခံစာရေးပြီးပြီလား။ တရားခံက ဝန်ခံသွားပြီဆိုတော့ ငါတို့လည်း တာဝန်ကျေသွားပြီပေါ့"

အမှန်ပင်။ အမှုက ပြီးသွားပြီဖြစ်၍ မည်သူက လူထွားကြီးကို ချည်နှောင်ထားခဲ့ကြောင်း ဘယ်သူကမှ ဂရုမစိုက်ကြတော့ပေ။

လူထွားကြီးမှာ အလွန်စိတ်ပျက်နေလေသည်။ သူသည် နောက်ထပ်ရာဇဝတ်မှုတစ်ခု ထပ်ကျူးလွန်ရန် ကြံစည်နေခဲ့သော်လည်း ယခုလိုအဖမ်းခံလိုက်ရလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ယခုမူ သူသည် ဥပဒေအရ အပြစ်ပေးခံရတော့မည်ဖြစ်၏။

ထိုနေ့မှာပင် သတင်းထဲ၌ "ကျင်းဟိုင်တက္ကသိုလ်မှ တတိယနှစ်ကျောင်းသူလေးကို သတ်ဖြတ်ခဲ့သော ရက်စက်လွန်းသည့် မိစ္ဆာကောင်ကို ဖမ်းဆီးနိုင်ခဲ့ပြီ"ဟု ဖော်ပြလာကြသည်။

မိန်းကလေးကို သတ်ဖြတ်ခဲ့သော ထိုလူထွားကြီး၏ အမှုမှာ လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှု ကြီးမားလှသဖြင့် လူအများ၏ အာရုံစိုက်မှုကို အများအပြား ရရှိခဲ့သည်။

ဆင်းရဲသားရပ်ကွက်ထဲရှိ နေထိုင်သူများမှာ ထိုသတင်းကို မြင်သောအခါ ထိုမိစ္ဆာကောင်ကြီးက သူတို့၏အနားမှာတင် ရှိနေခဲ့ပါလားဟု သိလိုက်ရသဖြင့် အားလုံး ထိတ်လန့်တုန်လှုပ်သွားပြီး တွေးကြည့်ရုံဖြင့် ကြက်သီးထစရာကောင်းနေတော့သည်။

ပုံမှန်အချိန်တွင် လူအများအပေါ် ဖော်ဖော်ရွေရွေ ဆက်ဆံတတ်သော ထိုလူထွားကြီးက တကယ်တမ်းတွင် လူသတ်မိစ္ဆာကြီးတစ်ကောင် ဖြစ်နေလိမ့်မည်ဟု မည်သူမှ ထင်ထားမည်မဟုတ်ပေ။

ဤသည်မှာ "လူ့မျက်နှာကိုပဲ မြင်ရတယ်။ စိတ်ကိုတော့ မသိနိုင်ဘူး" ဟူသည့် စကားပုံကို သက်သေပြနေချေသည်။

ထိုလူသတ်သမားအမှုကို ဖြေရှင်းနိုင်ခဲ့သဖြင့် ကျိုးစုစုလည်း နောက်တစ်ကြိမ် ဆုချီးမြှင့်ခံခဲ့ရသည်။

"ခေါင်းဆောင်ကျိုး... အရမ်းတော်တာပဲ။ အဲဒီလူသတ်သမား အဲဒီမှာရှိမှန်း ဘယ်လိုလုပ်ပြီးသိတာလဲ"

ရဲအရာရှိတစ်ယောက်က ပြုံးတုံ့တုံ့ဖြင့် မေးလိုက်သည်။

"ဒါက လျှို့ဝှက်ချက်လေ"

ကျိုးစုစု စိတ်ထဲက ဂုဏ်ယူစွာ တွေးလိုက်လေသည်။

သူ(မ)အနေနှင့် ယဲ့ချန်း၏ စိတ်နေသဘောထားကို နားလည်ထားသဖြင့် သူ့ကို သစ္စာဖောက်မည် မဟုတ်ပေ။

ယဲ့ချန်းကလည်း အင်တာနက်ပေါ်တွင် ထိုသတင်းကို မြင်လိုက်ရချိန်ဝယ် ခပ်ဖွဖွပြုံးလိုက်မိသည်။

ဖုန်းမြည်လာပြီးနောက် ဖုန်းတစ်ဖက်မှ ကျိုးစုစု၏ အသံ ထွက်ပေါ်လာသည်။

"ယဲ့ချန်း... ဒီည အားလား။ ကျွန်မ ရှင့်ကို ညစာဝယ်ကျွေးချင်လို့"

ယဲ့ချန်းက ပြန်ဖြေလိုက်၏။

"ရဲမေလှလှလေးက ညစာဖိတ်ကျွေးတာပဲ။ အချိန်မရှိရင်တောင် ရအောင်ဖန်တီးရမှာပေါ့"

ယဲ့ချန်း သဘောတူလိုက်သည်ကို ကြားသောအခါ ကျိုးစုစုက ပြောလိုက်၏။

"ဒါဆို ညနေခြောက်နာရီခွဲကျရင် ခိုင်လိုင်ဇိုက်အနောက်တိုင်းစားသောက်ဆိုင်မှာ တွေ့ကြမယ်လေ"

"ကောင်းပြီ... ဒီညတွေ့ကြတာပေါ့"

ယဲ့ချန်းက ထိုသို့ပြော၍ ဖုန်းချလိုက်သည်။

ယဲ့ချန်းလည်း ပါဆယ်ပစ္စည်းများကို ဆက်လက်ပို့ဆောင်ရင်း ရပ်ကွက်တစ်ခု၏ အဝင်ဝသို့ ရောက်လာခဲ့သည်။ သူ ဖုန်းအကြိမ်ကြိမ်ခေါ်သော်လည်း မည်သူမှ မကိုင်သဖြင့် ပါဆယ်ပို့ရမည့် လိပ်စာအတိုင်း အပေါ်ထပ်သို့ တက်သွားရန်ကလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။

တံခါးခေါက်လိုက်သော်လည်း တော်တော်ကြာသည်အထိ မည်သူမှ လာမဖွင့်ပေးပေ။

ယဲ့ချန်း လှည့်ထွက်တော့မည့် အချိန်မှာပင် တံခါးပွင့်လာသည်။ အံ့ဩစရာကောင်းစွာဖြင့် တံခါးလာဖွင့်ပေးသူမှာ ဝှီးချဲလ်ပေါ်ရှိ အဘွားအိုတစ်ယောက် ဖြစ်နေချေသည်။

အဘွားအိုက သဘောကောင်းလှသော အမူအရာဖြင့် မေးလိုက်၏။

"ကောင်လေး... ဘာကိစ္စရှိလို့လဲ"

ယဲ့ချန်းက လက်ထဲရှိ ပါဆယ်ထုတ်ကို ကိုင်ရင်း ပြောလိုက်သည်။

"ဪ... မင်္ဂလာပါ အဘွား။ ကျွန်တော် ပါဆယ်လာပို့တာပါ။ ဒါက အဘွားရဲ့ ပါဆယ်ထုပ်ပါ"

အဘွားအိုက ပြုံးလျက် ပြောလိုက်လေသည်။

"ကောင်လေး... အဲဒါလေးကို အိမ်ထဲအထိ ယူလာပေးလို့ ရမလား"

အမှန်တော့ အဘွားအိုက မတောင်းဆိုလျှင်ပင် ယဲ့ချန်းအနေနှင့် ပစ္စည်းကို အိမ်ထဲအထိ ကူသယ်ပေးမည်သာ။

အခန်းထဲသို့ဝင်၍ ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ အိမ်တွင်းအလှဆင်မှုမှာ အလွန်အဆင့်မြင့်လှသည်။

အဘွားအိုသည် ဝှီးချဲလ်ကိုလှိမ့်ရင်း မီးဖိုချောင်ထဲသို့ ဝင်သွားပြီး ခဏအကြာမှာပင် ရေနွေးကြမ်းတစ်ခွက်ယူ၍ ထွက်လာခဲ့သည်။

"ကောင်လေး... ထိုင်ပါဦး။ ရေနွေးလေးသောက်ပါဦးကွယ်"

သူ့ရှေ့ရှိ သဘောကောင်းလှသည့် အဘွားအိုကို မြင်လိုက်ရသောအခါ ယဲ့ချန်းလည်း ကွယ်လွန်သွားပြီဖြစ်သော သူ့အဘွားကို သတိရမိသည်။

"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် အဘွား"

ယဲ့ချန်းမှာ ငြင်းဆန်ခြင်းမပြုဘဲ ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။

"အိမ်မှာ အဘွားတစ်ယောက်တည်းပဲ ရှိတာလား"

ယဲ့ချန်း မေးကြည့်လိုက်သည်။

အဘွားအိုက အနည်းငယ်ဝမ်းနည်းသွားသော ပုံစံဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"အဘွားမှာ သမီးတစ်ယောက်ရှိတယ်။ ဒါပေမဲ့ သူက အလုပ်အရမ်းများတော့ အဘွားဆီကို လာကြည့်ခဲတယ်။ ဘာထွေထွေထူးထူးကိစ္စမှမရှိရင်လည်း သူ့ကို အဘွား ဒုက္ခမပေးချင်ပါဘူး။ သူ့မှာလည်း သူ့မိသားစုနဲ့သူ ရှိနေပြီဆိုတော့ အဘွား ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်ဘူးလေ"

အဘွားအိုက ပြောပြလေသည်။

အဘွားအိုက ထိုသို့ပြောနေသော်လည်း သမီးဖြစ်သူကို သူ(မ)နှင့်အတူ အချိန်ဖြုန်းစေချင်သေးကြောင်း ယဲ့ချန်း သိသည်။

ယဲ့ချန်း ဘာမှမပြောပါဘဲ ရင်ထဲတွင် စိတ်မကောင်းဖြစ်သွားသည်။ မိဘများက သားသမီးများကို ပြုစုပျိုးထောင်ပေးခဲ့ပြီးနောက် သူတို့၏ အဖော်ပြုမှုကို လိုချင်တောင့်တခြင်းမှာ အလှမ်းဝေးလွန်းသောအရာတစ်ခု ဖြစ်ကြောင်း သိနေသောကြောင့်ပင်။

ယဲ့ချန်း စကားမပြောဘဲ ငြိမ်နေသည်ကို မြင်သောအခါ အဘွားအိုက အနည်းငယ်အားနာသွားသည်။

"ကောင်လေး... အဘွားနဲ့ ခဏလောက် စကားပြောပေးလို့ ရမလား"

"ရတာပေါ့... ပြဿနာမရှိပါဘူး"

ယဲ့ချန်းက မဆိုင်းမတွ ပြန်ဖြေလိုက်သည်။

ဤသို့ဖြင့် လူငယ်နှင့် လူကြီးတို့မှာ အခန်းထဲတွင် စကားတပြောပြောဖြင့် ရံဖန်ရံခါ ရယ်မောသံများပင် ထွက်နေလေသည်။

ယဲ့ချန်း အချိန်ကို တစ်ချက်ကြည့်လိုက်လေရာ ညနေခြောက်နာရီ ထိုးနေပြီဖြစ်၍ ညစာစားရမည့် အချိန်သို့ ရောက်နေလေပြီ။

"အဘွား... ညစာဘာစားမှာလဲ"

ယဲ့ချန်းက မေးလိုက်သည်။

"သမီးက အဘွားအတွက် နေ့တိုင်း အပြင်စာပဲ မှာပေးတယ်။ အဘွားက သွားရလာရတာ မလွယ်တော့ ကိုယ့်ဘာသာကိုယ်လည်း ဟင်းမချက်နိုင်ဘူးလေ"

အဘွားအိုက အားတုံ့အားနာဖြင့် ပြောလိုက်၏။

ဤစကားကို ကြားလိုက်ရသောအခါ ယဲ့ချန်း၏ ရင်ထဲတွင် ဝမ်းနည်းမှုလှိုင်းလုံးတစ်ခု ဖြတ်သန်းသွားသည်။ ဤမျှအသက်ကြီးလှသော အဘွားအိုတစ်ဦးမှာ နေ့တိုင်း အပြင်စာများကိုသာ စားနေရသည်။ ဤသည်မှာ သူ(မ)၏ ကျန်းမာရေးအတွက် မကောင်းလှချေ။

အဘွားအို၏ သမီးဖြစ်သူက မိခင်အပေါ် ဤကဲ့သို့ ဆက်ဆံနေပေသည်။ ထိုအတွေးကြောင့် ယဲ့ချန်းမှာ စိတ်ထဲတွင် မကျေမနပ်ဖြစ်မိသည်။

"အဘွား... ကျွန်တော့်ရဲ့ ဟင်းချက်လက်ရာကို ယုံလား။ ကျွန်တော် အဘွားအတွက် ဟင်းချက်ပေးပါရစေ"

ယဲ့ချန်းက အဘွားအိုကိုကြည့်၍ ခွင့်တောင်းလိုက်လေသည်။

•••••••••••••••••••••••

All Chapters