အခန်း ၇၁၇
Vol. 48 Ch. 717
အပိုင်း ၇၁၇ : တော်ဝင်မင်းသမီးလေး
ယဲ့ချန်း၏စကားကို ကြားသောအခါ အဘွားအိုမှာ အစပိုင်းတွင် အံ့အားသင့်သွားပြီးနောက် ရင်ထဲတွင် နွေးထွေးမှုလှိုင်းလုံးတစ်ခု စီးဆင်းသွားသလို ခံစားလိုက်ရသည်။
အဘွားအို ငြိမ်သက်နေသည်ကို မြင်သောအခါ ယဲ့ချန်းကလည်း သူ့ကို မယုံကြည်ဘူးဟု ထင်သွားပြီး အမြန်ပြောလိုက်သည်။
"အဘွား... ကျွန်တော်က လူဆိုးမဟုတ်ပါဘူးဗျ"
"မဟုတ်ပါဘူးကွယ်။ အဘွား စိတ်လှုပ်ရှားသွားလို့ပါ"
အဘွားအိုက မျက်ရည်ဝဲလျက် ပြောလိုက်ချေသည်။
အဘွားအို၏ သဘောတူညီချက်ကို ရပြီးနောက် ယဲ့ချန်းလည်း မီးဖိုချောင်ထဲသို့ ဝင်ကာ သူ့အလုပ်ကို စတင်လိုက်သည်။
ရေခဲသေတ္တာထဲရှိ ပါဝင်ပစ္စည်းများကို ကြည့်လိုက်လေရာ ခရမ်းချဉ်သီး၊ ကြက်ဥနှင့် ခေါက်ဆွဲတို့ကို တွေ့လိုက်ရသည်။
သွားမကောင်းသော သက်ကြီးရွယ်အိုများအတွက် ပျော့ပျောင်းသော အစားအစာက ပိုသင့်တော်မည်ဖြစ်သဖြင့် အဘွားအိုအတွက် ခရမ်းချဉ်သီးခေါက်ဆွဲပြုတ်တစ်ပန်းကန် ချက်ပေးရန် ယဲ့ချန်း ဆုံးဖြတ်လိုက်သည်။
မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော ယဲ့ချန်းကို ကြည့်ရင်း အဘွားအို၏ ပါးပြင်ထက်တွင် မမျှော်လင့်ထားပါဘဲ မျက်ရည်များ စီးကျလာခဲ့သည်။
ခဏအကြာတွင် ယဲ့ချန်းသည် အငွေ့တထောင်းထောင်းထနေသော ခရမ်းချဉ်သီးခေါက်ဆွဲပြုတ်တစ်ပန်းကန်ကိုကိုင်၍ ထွက်လာပြီး အဘွားအိုကို ကျွေးလိုက်သည်။
အစကတော့ အဘွားအိုမှာ စားချင်စိတ် သိပ်မရှိလှပေ။ သို့သော် ပန်းကန်ထဲရှိ မွှေးပျံ့သောရနံ့ကို ရှူရှိုက်မိလိုက်သောအခါ တူကိုကောက်ကိုင်၍ မစားဘဲမနေနိုင်တော့ပေ။
ဖုန်းမြည်လာသဖြင့် ယဲ့ချန်း လှမ်းကြည့်လိုက်သော် ကျိုးစုစုခေါ်နေခြင်းပင်။ တစ်ဖက်က မိန်းကလေးအသံ ထွက်ပေါ်လာသည်။
"ယဲ့ချန်း... ကျွန်မရောက်နေပြီ။ ရှင် ဘယ်မှာလဲ"
"ကိုယ့်ဘက်မှာ ကိစ္စလေးတစ်ခုရှိလို့။ ခဏနေမှ လာခဲ့မယ်"
ယဲ့ချန်းကလည်း ပြန်ဖြေလိုက်သည်။
"ကောင်းပြီလေ။ ဒါဆိုလည်း ရှင့်ကိစ္စကို အရင်ရှင်းလိုက်ပါ"
ကျိုးစုစုက နားလည်မှုရှိစွာဖြင့် ဖုန်းထဲကတစ်ဆဆင့် အကြောင်းအရင်းကို ဆက်မမေးတော့ဘဲ ပြောလိုက်သည်။
သူတို့နှစ်ယောက်၏ စကားများကို ကြားသောအခါ အဘွားအိုက ကပျာကယာဖြင့် ဆိုလာလေသည်။
"ကောင်လေး... တောင်းပန်ပါတယ်ကွယ်။ မင်းအချိန်တွေကို နှောင့်နှေးအောင် လုပ်မိသွားပြီ။ မြန်မြန်သွားတော့လေ"
အစကတည်းက သူ(မ)အတွက် ယဲ့ချန်းကို ဟင်းချက်ခိုင်းလိုက်ရသဖြင့် အဘွားအိုမှာ အားနာနေလေသည်။
ယခုမူ ယဲ့ချန်းခမျာ သူ(မ)ကြောင့် ကိုယ်ပိုင်ကိစ္စများပါ အချိန်ကြန့်ကြာသွားရသဖြင့် သူ(မ)မှာ ပို၍ပင် အားနာသွားသည်။
"ရပါတယ် အဘွားရဲ့။ ဒါနဲ့... ကျွန်တော့်နာမည်က ယဲ့ချန်းပါ။ အဘွား ကျွန်တော့်ကို နာမည်ပဲ ခေါ်လို့ရပါတယ်"
ယဲ့ချန်းက အဘွားအိုအပေါ် ရင်းနှီးကျွမ်းဝင်သလို ခံစားရသဖြင့် သူ့နာမည်ကို ပြောပြလိုက်သည်။
"ကောင်းပါပြီ ယဲ့ချန်းရယ်... ကျေးဇူးပါပဲကွယ်"
အဘွားအိုခမျာ ထိုသို့ပြောရင်း ငိုချလိုက်လေတော့သည်။
အဘွားအို ရုတ်တရက် ဘာကြောင့်ငိုချလေမှန်း ယဲ့ချန်း နားမလည်သဖြင့် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
ယဲ့ချန်း၏ ပျာယာခတ်နေသော အမူအရာကို မြင်သောအခါ အဘွားအိုကလည်း မျက်ရည်များကို သုတ်ပြီး ပြောလိုက်၏။
"ယဲ့ချန်း... နောင်ဆိုရင် အဘွားကို အဘွားကျန်းလို့ ခေါ်လို့ရတယ်နော်။ ဒီနေ့ အဘွား တကယ်စိတ်လှုပ်ရှားမိတယ်။ မင်းက အဘွားနဲ့ စကားလည်းပြောပေးတယ်။ ဟင်းလည်း ချက်ကျွေးတယ်။ အဘွားရဲ့ သမီးအရင်းတောင် အဘွားအတွက် တစ်ခါမှ ဟင်းမချက်ပေးဖူးဘူး"
အဘွားအိုက ဆက်မငိုတော့သော်လည်း သူ(မ)၏ရင်ထဲရှိ ခါးသီးမှုများကို ယဲ့ချန်း သဘောပေါက်လိုက်သည်။
"အဘွားကျန်း... အဘွားသာ အဆင်ပြေရင် ကျွန်တော် အားတဲ့အချိန်တိုင်း အဘွားဆီလာပြီး စကားပြောပေးမယ်။ ဟင်းတွေလည်း ချက်ကျွေးမယ်လေ"
ယဲ့ချန်းက အဘွားအိုကို နှစ်သိမ့်ပေးလိုက်သည်။
"ယဲ့ချန်းရယ်... အဲဒီလိုဆိုရင် သိပ်ကောင်းတာပေါ့။ အဘွားက သဘောကျတာပေါ့"
အဘွားအိုက မျက်နှာထက်တွင် အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။
သမီးဖြစ်သူနှင့် ဆက်သွယ်ရာတွင် မိုဘိုင်းဖုန်းကိုသာ အဓိကအသုံးပြုရပြီး သမီးဖြစ်သူကလည်း အိမ်ကို လာခဲလှသည်။ လာခဲ့လျှင်လည်း မိနစ်အနည်းငယ်အတွင်း ပြန်သွားလေ့ရှိသည်။
"ဒါနဲ့ အဘွားကျန်း... ခုနက ဘာလို့ ဖုန်းမကိုင်တာလဲ"
ယဲ့ချန်းက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
"အဲဒါက အဘွားသမီးရဲ့ ဖုန်းနံပါတ်လေ။ သူက အဘွားအလိမ်ခံရမှာစိုးလို့ ပါဆယ်တွေ၊ အော်ဒါတွေအကုန်လုံးကို သူ့ဖုန်းနံပါတ်နဲ့ပဲ စာရင်းပေးထားတာလေ"
"အဘွားကျန်း... ကျွန်တော့်ဖုန်းနံပါတ်ကို မှတ်ထားလိုက်ပါ။ ကိစ္စရှိရင် ကျွန်တော့်ဆီ ဖုန်းဆက်ပေါ့"
ယဲ့ချန်းက အဘွားအိုအား သူ့ဖုန်းနံပါတ်ကို ပြောပြလိုက်သည်။ သက်ကြီးရွယ်အိုတစ်ယောက် အိမ်တွင် တစ်ယောက်တည်းနေရသည်မှာ မလုံခြုံဘူးဟု သူ ခံစားရသည်။
ယဲ့ချန်းက အဘွားအိုကို သူ့ဖုန်းနံပါတ်သို့ ခေါ်ခိုင်းပြီး ဖုန်းနံပါတ်ကို မှတ်ထားလိုက်သည်။ သို့မှသာ အဘွားအို ဖုန်းဆက်လာပါက ယဲ့ချန်းက လူလိမ်ဖုန်းဟု မထင်မည်သာ။
အဘွားအိုကို ပန်းကန်ဆေးကူပေးပြီးနောက် ယဲ့ချန်းလည်း မှာစရာရှိသည်များကိုမှာပြီး ထွက်လာခဲ့သည်။
သူသည် ခိုင်လိုင်ဇိုက်အနောက်တိုင်း စားသောက်ဆိုင်သို့ ကားမောင်းသွားလိုက်သည်။ အစက အိမ်ပြန်၍ အဝတ်အစားလဲရန် စီစဉ်ထားသော်လည်း အဘွားကျန်း၏ကိစ္စကြောင့် အချိန်နောက်ကျသွားခဲ့ရသည်။
ကားရပ်ပြီးသည်နှင့် ယဲ့ချန်းလည်း စားသောက်ဆိုင်အဝင်ဝသို့ လျှောက်သွားလိုက်၏။
စားပွဲထိုးက ယဲ့ချန်းတစ်ယောက် ပစ္စည်းပို့သမား ယူနီဖောင်းဝတ်ထားသည်ကို မြင်သောအခါ အဖက်ပင်မလုပ်ပေ။
ယဲ့ချန်းက ထိုကဲ့သို့ ခွဲခြားဆက်ဆံတတ်သူများကို ဂရုမစိုက်အားသဖြင့် ကျိုးစုစုရှိရာကိုသာ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
သူ့ရှေ့ရှိ ကျိုးစုစုမှာ အခြားလူတစ်ယောက်လို ဖြစ်နေလေသည်။ ပခုံးလျှောအပြာရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး ဆံပင်ကို အထက်သို့ မြှင့်တင်ထုံးဖွဲ့ကာ ခြေဖျားတွင် တောက်ပလှသော ဒေါက်မြင့်ဖိနပ်ကို စီးထားလေရာ တော်ဝင်မင်းသမီးလေးတစ်ပါးနှင့် တူနေချေသည်။
သူ(မ)ကို ရဲအရာရှိတစ်ယောက်ဟု ဆက်စပ်တွေးကြည့်ရန် တကယ်ပင် ခက်ခဲလှသည်။
သူ့ရှေ့ရှိ အလှလေးကို ကြည့်ရင်း ယဲ့ချန်းမှာ မိန်းမောသွားရသည်။ ယနေ့ ကျိုးစုစုသည် ထူးထူးခြားခြားလှပနေလေသည်။ အသက်ရှူမှားလောက်အောင် လှပချောမောသည့် အလှမျိုးပင်။
အမျိုးသမီးပေါင်းများစွာကို မြင်ဖူးပြီး ဘေးနားတွင် အဆင့်မြင့်အလှမယ်များ ဝန်းရံနေတတ်သော ယဲ့ချန်းပင် သူ(မ)၏ အလှတွင် ဖမ်းစားခံလိုက်ရသည်။
ကျိုးစုစုက ယဲ့ချန်း၏ရှေ့တွင် သွယ်လျလှသော သူ(မ)၏လက်လေးကို ဝှေ့ယမ်းပြီး စိတ်ဆိုးဟန်ဆောင်ကာ ပြောလိုက်၏။
"ရှင် ဘာတွေတွေးနေတာလဲ"
ယဲ့ချန်းလည်း သူ့အပြုအမူမှာ အနည်းငယ်မသင့်တော်ဘူးဟု ခံစားလိုက်ရသဖြင့် ခေါင်းတကုတ်ကုတ်လုပ်၍ ရိုးသားစွာ ပြောလိုက်သည်။
"ဒီနေ့ မင်းက အရမ်းလှနေတော့ ကိုယ် မျက်စိတောင်ကျိန်းတယ်"
ကျိုးစုစု စားသောက်ဆိုင်ထဲသို့ ဝင်လာချိန်ကတည်းက ပတ်ပတ်လည်ရှိ အမျိုးသားများ၏ အကြည့်များကို ဆွဲဆောင်ထားနိုင်ခဲ့ပြီး ဆိုင်ထဲရှိ အမျိုးသမီးများကို အားကျစေခဲ့သည်။
အမျိုးသားတော်တော်များများက ကျိုးစုစုကို လာရောက်ပိုးပန်းချင်ခဲ့ကြသော်လည်း သူ(မ)က မည်သူ့ကိုမှ ဂရုမစိုက်ခဲ့ပေ။
သို့သော် ကျိုးစုစုက ပစ္စည်းပို့သမားယူနီဖောင်းကို ဝတ်ထားသည့် လူငယ်လေးတစ်ယောက်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေကြောင်း မြင်သောအခါ ထိုအမျိုးသားများမှာ အတိုင်းထက်အလွန် ဒေါသထွက်သွားကြသည်။
ယဲ့ချန်းမှာ အလွန်ခန့်ညားသော်လည်း ဤခေတ်ကြီးတွင် ရုပ်ရည်တစ်ခုတည်းနှင့် မလုံလောက်ချေ။ ငွေကသာ စကားပြောသည်မဟုတ်ပါလော။
"ကဲ... အမှန်အတိုင်းဝန်ခံနော်။ ခုနက ဘယ်ကို လေလွင့်နေလို့ ဒီလောက်နောက်ကျနေရတာလဲ"
ကျိုးစုစုက အနည်းငယ်မကျေနပ်ဟန်ဖြင့် ပြောလိုက်သည်။
"မင်းထင်သလို မဟုတ်ပါဘူး။ ကိုယ် အရေးကြီးတဲ့ကိစ္စတစ်ခု လုပ်ခဲ့လို့ပါ"
ယဲ့ချန်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။
ကျိုးစုစုသည် သူ(မ)က ယဲ့ချန်း၏ချစ်သူ မဟုတ်သည့်အတွက် သူ့ကို မေးခွန်းထုတ်ပိုင်ခွင့် မရှိကြောင်း သိထားသည်။
ယဲ့ချန်းက စနောက်လိုက်၏။
"မင်းက ကိုယ့်ကို တွေ့ချင်နေလို့ ညစာကို အကြောင်းပြလိုက်တာ မဟုတ်လား"
"ပေါက်ကရတွေ... ကျွန်မက ရှင့်ကို ကျေးဇူးတင်လို့ ညစာဖိတ်ကျွေးတာပါ"
ပါးပြင်နှစ်ဖက် အနည်းငယ်နီမြန်းသွားသော်လည်း ကျိုးစုစု ပြန်ပြောလိုက်သည်။
ယဲ့ချန်းက သူ(မ)၏ အတွေးများကို ကွက်တိမှန်းနိုင်ခဲ့သည်။ ယခုတလော သူ(မ) ယဲ့ချန်းကို အလွန်လွမ်းနေမိသည်။
ကျိုးစုစုသည် ငယ်စဉ်ကတည်းက မိန်းကလေးများမှာ ဣန္ဒြေစောင့်သင့်သည်ဟု သွန်သင်ခံခဲ့ရသဖြင့် ယဲ့ချန်းကို ပွင့်ပွင့်လင်းလင်းချိန်းရန် တွန့်ဆုတ်နေခဲ့ရသည်။
နောက်ဆုံးတွင်မူ သူ(မ)က ကျေးဇူးဆပ်သည်ဟူသော အကြောင်းပြချက်ဖြင့် ယဲ့ချန်းကို ညစာစားရန် ဖိတ်ခေါ်ဖို့ သတ္တိမွေးလိုက်သည်။
ယဲ့ချန်းက နူးညံ့သိမ်မွေ့သော မိန်းကလေးများကို သဘောကျကြောင်း သိထားသဖြင့် ကျိုးစုစုမှာ ယဲ့ချန်းနှင့် တွေ့ဆုံရန်အတွက် သေသေချာချာ ပြင်ဆင်ဝတ်စားလာခဲ့သည်။
ကျိုးစုစု၏မျက်နှာကား ရင့်မှည့်နေသော ပန်းသီးလေးလို နီမြန်းသွားကြောင်း မြင်သောအခါ ယဲ့ချန်းလည်း ထပ်မစတော့ချေ။
သူသည် လေထုကို အမြန်ပြောင်းလဲလိုက်ပြီး ပြုံးလျက် ပြောလိုက်၏။
"ဒီတစ်ခေါက် မင်း အမှုဖော်ထုတ်နိုင်ခဲ့တယ်ဆိုတော့ ဆုကြေးငွေတွေ အများကြီးရထားတယ်မလား။ ကိုယ့်ကို တစ်ဝက်ခွဲပေးရမယ်နော်"
"ကျွန်မက ဘယ်လိုလုပ်ပြီး ဆုကြေးငွေရမှာလဲ။ စိတ်ကူးယဉ်နေလိုက်"
ကျိုးစုစုက သူ့ကို မျက်စောင်းထိုးရင်း ပြောလိုက်သည်။
ဆုကြေးငွေငါးသန်းကတော့ သည်အတိုင်းပလုံသွားပြီဟု ယဲ့ချန်း စိတ်ထဲက ညည်းတွားလိုက်သည်။ တကယ်နှမြောစရာပင်။ အဓိကကတော့ သူ့ကိုယ်သူ ပြဿနာမရှာချင်သောကြောင့်သာ ဖြစ်၏။
"အခုမှ နှမြောနေတာလား။ ဘယ်သူက ရှင့်ကို အရင်လစ်ပြေးခိုင်းလို့လဲ"
ကျိုးစုစုက ဆက်ပြောလိုက်သည်။
"အင်းလေ... ငါးသန်းတောင်..."
ယဲ့ချန်းကလည်း ရင်နာဟန်ဆောင်၍ ပြောလိုက်သည်။
ကျိုးစုစုက သိချင်စိတ်ဖြင့် မေးလိုက်၏။
"ယဲ့ချန်း... အဲဒီလူဆိုးကို ရှင် ဘယ်လိုရှာတွေ့ခဲ့တာလဲဆိုတာ ပြောပြပါလား"
"အဲဒါက လျှို့ဝှက်ချက်လေ။ မင်းကို ပြောပြလို့ မဖြစ်ဘူး"
ယဲ့ချန်းက ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်သည်။
လူသတ်သမားဆီသို့ ခြင်တစ်ကောင်က လမ်းပြပေးခဲ့သည်ဟု ကျိုးစုစုကို သူ သေချာပေါက် ပြောပြ၍မရပေ။ ယုတ္တိမတန်လွန်းလှသဖြင့် သူပြောပြလျှင်ပင် မည်သူက ယုံကြည်မည်နည်း။
ယဲ့ချန်း ပြောမပြချင်သည်ကို မြင်သောအခါ ကျိုးစုစုကလည်း အတင်းဆက်မမေးတော့ပေ။
သူတို့နှစ်ယောက် စကားပြောနေစဉ် တံခါးဝမှ စုံတွဲတစ်တွဲ ဝင်လာခဲ့သည်။ သူတို့ကို မြင်သောအခါ ကျိုးစုစု၏ မျက်နှာအမူအရာကား အနည်းငယ်ပျက်ယွင်းသွားသည်။
••••••••••••••••••••