အခန်း ၇၁၉
Vol. 48 Ch. 719
အပိုင်း ၇၁၉ : တကယ်ကို ရဲရဲတင်းတင်းကစားရဲတာပဲ
"ရောက်ရင် သိပါလိမ့်မယ်"
ရှောင်ယာက လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် ပြောလိုက်သည်။
ကောင်မလေး၏ အဖြေကို ကြားလိုက်ရချိန်တွင် ယဲ့ချန်းတစ်ယောက် ဓားပြကားပေါ် ရောက်သွားသလို ခံစားလိုက်ရသည်။
အနီရောင်ဖယ်ရာရီကားလေးသည် လမ်းမပေါ်၌ လျင်မြန်စွာ ပြေးလွှားပြီးနောက် ခဏအကြာတွင် ရပ်တန့်သွားသည်။
ရှောင်ယာက ကားတံခါးဖွင့်၍ ယဲ့ချန်းကို ဆင်းရန် အချက်ပြလိုက်သည်။
ယဲ့ချန်းကမူ သူ့ရှေ့ရှိ မြင်ကွင်းကို မြင်လိုက်ရသောအခါ သူ အလိမ်ခံလိုက်ရမှန်း သိသွားသည်။
"တကယ်ဉာဏ်များတဲ့ မကောင်းဆိုးဝါးမလေးပဲ"ဟု စိတ်ထဲက ကြိတ်တွေးလိုက်သည်။
သူ့ရှေ့တွင် ပြိုင်ကားကွင်းတစ်ခု ရှိနေသော်လည်း သာမန်ကွင်းများနှင့်မတူပါဘဲ ဤကွင်းက ဝင်ကြေးပေးရသော ကွင်းဖြစ်သည်။
ပတ်ဝန်းကျင်တစ်ဝိုက်တွင် ဇိမ်ခံကားများဖြင့် ပြည့်နှက်နေပြီး ရှေ့နားတွင်မူ လက်မှတ်အရောင်းကောင်တာ ရှိသည်။ ရှောင်ယာက ယဲ့ချန်းကို လက်မှတ်အရောင်းကောင်တာသို့ ခေါ်သွားသည်။
ပြသထားသော အချက်အလက်များကို ကြည့်ပြီး ယဲ့ချန်းလည်း လူငယ်များဆီက ပိုက်ဆံလိမ်ယူရသည်မှာ တော်တော်လွယ်တာပဲဟု စိတ်ထဲက တွေးလိုက်မိသည်။ ဝင်ကြေးက တစ်ယောက်ကို ယွမ်တစ်ထောင်ဖြစ်ပြီး ပြိုင်ပွဲဝင်လက်မှတ်က တစ်ပွဲကို ယွမ်တစ်သောင်းဖြစ်၏။
ဤသည်မှာ နေ့ခင်းကြောင်တောင် ဓားပြတိုက်နေခြင်းပင်။ ဖတ်ကြည့်ပြီးနောက် ယဲ့ချန်း လှည့်ထွက်ရန် ပြင်လိုက်သည်။ သူ့တွင် ပိုက်ဆံရှိသော်လည်း ဤနေရာတွင်တော့ အလကား အကုန်ခံမည် မဟုတ်ပေ။
ယဲ့ချန်း ထွက်သွားတော့မည်ကို မြင်သောအခါ ရှောင်ယာက ကမန်းကတန်း ပြေးလိုက်သွားသည်။
"အစ်ကိုယဲ့ချန်း ဘယ်သွားမလို့လဲ"
ရှောင်ယာက စိုးရိမ်တကြီး မေးလိုက်သည်။
"ပြန်မလို့လေ။ ကိုယ် လုပ်စရာတွေအများကြီး ရှိသေးတယ်။ မင်းနဲ့အတူ ဒီမှာအချိန်ဖြုန်းနေဖို့ အချိန်မရှိဘူး"
ယဲ့ချန်းက လမ်းလျှောက်ရင်း ပြောလိုက်သည်။
ထိုစဉ် အဝေးမှ ဘန်ထလေကားတစ်စီး ရောက်လာပြီး ယဲ့ချန်းနှင့် ရှောင်ယာတို့ရှေ့တွင် ရပ်တန့်သွားသည်။
ကားထဲက အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ဆင်းလာသည်။ အမျိုးသားက ကားပြိုင်ပွဲဝင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အမျိုးသမီးကမူ ဇာအဖြူရောင်ဂါဝန်လေးကို ဝတ်ဆင်ထားကာ ရှောင်ယာနှင့်ယှဉ်လျှင်ပင် ပိုမိန်းမဆန်ပြီး ကောက်ကြောင်းပေါ်လွင်ကာ ဆွဲဆောင်မှုရှိလှသည်။
"ရှောင်ယာ.. နင် တကယ်လာရဲလိမ့်မယ်လို့ ငါ မထင်ထားဘူး"
ဇာဂါဝန်နှင့် အမျိုးသမီးက ပြုံးရင်း ပြောလိုက်သည်။
"ဝမ်ဝမ်... ငါက ဘာကိစ္စနဲ့ နင့်ကို ကြောက်ရမှာလဲ"
ရှောင်ယာကလည်း ယုံကြည်မှုရှိရှိ ပြန်ပြောလိုက်သည်။
ဝမ်ဝမ်က ရယ်မောလိုက်၏။
"ရှောင်ယာ... ငါက ပြိုင်ကားမောင်းသမားကို ခေါ်လာတာ။ ဒီနေ့ နင်ကိုယ်တိုင် ဝင်ပြိုင်မယ်လို့တော့ မပြောနဲ့နော်"
ရှောင်ယာက သူ(မ)ကို လျစ်လျူရှုလိုက်ပြီး ဘေးနားရှိ ယဲ့ချန်းကိုသာ သနားစရာမျက်နှာလေးဖြင့် အသနားခံသလို ကြည့်လိုက်သည်။
ထိုအချိန်မှသာ ဝမ်ဝမ်ကလည်း ယဲ့ချန်းကို သတိထားမိသွားသည်။ ဤရုပ်ချောချောကောင်လေးက သူ(မ)၏အကြိုက်နှင့် ကွက်တိပင်။
"ဟိုင်း... လူချောလေး။ ကျွန်မက ဝမ်ဝမ်ပါ။ ကျွန်မတို့အချင်းချင်း မိတ်ဆက်ကြရအောင်"
ဝမ်ဝမ်က သူမ၏ နူးညံ့သော လက်ကလေးကို ကမ်းပေးလိုက်ပြီး ယဲ့ချန်းကို မြှူဆွယ်သည့် အကြည့်များဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
ရှောင်ယာလည်း စိတ်ထဲက တွေးလိုက်မိသည်။
"ဒုက္ခပါပဲ။ ဒီမြေခွေးမက ငါ့အစ်ကိုယဲ့ချန်းကို မြှူဆွယ်ချင်နေပြန်ပြီ"
သို့သော် ယဲ့ချန်းက ဝမ်ဝမ့်ကို အဖက်မလုပ်ကြောင်း မြင်သောအခါ ရှောင်ယာမှာ အောင်ပွဲခံလိုက်ရသလို ခံစားလိုက်ရသည်။
ဘယ်ယောကျာ်းကမှ သူ(မ)ကို မငြင်းဆန်ဖူးသလို ယခုလိုလည်း အဖက်လုပ်မခံရဖူးသဖြင့် ဝမ်ဝမ်၏ မျက်နှာထက်တွင် မကျေနပ်လေဟန်အရိပ်အယောင်များ ပေါ်လာသည်။
"ဘာလို့ ဒီလောက်တောင် ချေနေတာလဲ။ ရုပ်လေး နည်းနည်းချောတာနဲ့များ။ နင့်ဝတ်ပုံစားပုံကိုလည်း ပြန်ကြည့်ဦး။ ငမွဲတစ်ကောင်ကများ"
ဝမ်ဝမ်၏စကားများက နားခါးလွန်းသဖြင့် ရှောင်ယာက ဝင်ပြောရန် ပြင်လိုက်သော်လည်း ယဲ့ချန်းက တားလိုက်သည်။
ယဲ့ချန်းလည်း ရှောင်ယာ့ကို လက်မှတ်ကောင်တာဆီသို့ ခေါ်သွားပြီး ယွမ်တစ်သောင်းအကုန်ခံကာ ပြိုင်ပွဲဝင်လက်မှတ်ကို ဝယ်လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်သား ပြိုင်ကွင်းထဲသို့ မောင်းဝင်သွားပြီး စောင့်ဆိုင်းရာနေရာတွင် ရပ်လိုက်သည်။
"အစ်ကိုယဲ့ချန်း... ဝမ်ဝမ့်ကို ဂရုမစိုက်နဲ့။ သူက အဲဒီလိုလူစားမျိုးပဲ။ သူ့ကို ညီမ တကယ် သဘောမကျဘူး"
ရှောင်ယာက မရဲတရဲပြောလိုက်လေသည်။
"ငတုံးမလေး... ကိုယ် စိတ်ထဲမထားပါဘူး"
ယဲ့ချန်းက ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။
သူများကို နှိမ့်ချဆက်ဆံတတ်သူများနှင့် ပတ်သက်လာလျှင် ယဲ့ချန်း၏နည်းလမ်းမှာ သူတို့ကို လျစ်လျူရှုထားပြီးမှ မျက်နှာဖြတ်ရိုက်ကာ နာကျင်မှုဆိုသည်မှာ ဘာလဲဆိုသည်ကို နားလည်သွားအောင် လုပ်ပြခြင်းပင်။
"အစ်ကိုယဲ့ချန်း... ဘာလို့ ရုတ်တရက်ကြီးစိတ်ပြောင်းသွားတာလဲဟင်"
ရှောင်ယာက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မေးလိုက်သည်။
"မင်းကိုအနိုင်ကျင့်တာကို ကိုယ် ခွင့်မပြုနိုင်လို့လေ"
ယဲ့ချန်း၏စကားကို ကြားသောအခါ ရှောင်ယာ၏ ရင်ထဲတွင် နွေးထွေးသွားသည်။ ယဲ့ချန်း သူ(မ)ကို ဂရုစိုက်ကြောင်း သူ(မ) သိလိုက်သည်။
ယဲ့ချန်းက သူ(မ)ကို လျစ်လျူရှုထားကြောင်း မြင်သော် ဝမ်ဝမ်က ဘေးနားရှိ အမျိုးသားကို ပြောလိုက်လေသည်။
"ရှောင်ယန်...နေဦးလေ။ နင့်အရည်အချင်းတွေကို သူတို့ကို ပြလိုက်စမ်းပါ။ ငါ့ဒေါသတွေပြေသွားအောင် နင် ကူညီပေးရမယ်နော်"
"စိတ်မပူပါနဲ့ မိန်းကလေးဝမ်..ကျွန်တော့်ရဲ့ ကားမောင်းစွမ်းရည်ကို မယုံလို့လား"
ထိုအမျိုးသားက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
ရှောင်ယန်နှင့် ဝမ်ဝမ်တို့ကလည်း ပြိုင်ကွင်း၏ စောင့်ဆိုင်းရာနေရာသို့ မောင်းဝင်လာခဲ့ကြသည်။
ဝမ်ဝမ်၏ ဘန်ထလေကားက ရှောင်ယာ၏ အနီရောင်ဖယ်ရာရီဘေးတွင် ကပ်ရပ်လိုက်သည်။
သူ(မ)က ကားမှန်ကိုချ၍ ရှောင်ယာ့ကို ပြောလိုက်လေသည်။
"ရှောင်ယာ... ငါတို့ရဲ့လောင်းကြေးကို မမေ့နဲ့နော်"
"နင့်ကို ငါက ကြောက်မယ်များထင်နေလား။ အချိန်တန်ရင် နင် မညစ်နဲ့ပေါ့"
ရှောင်ယာက ပြန်ပြောလိုက်သည်။
ဝမ်ဝမ်နှင့် ရှောင်ယာတို့က အထက်တန်းကျောင်း အတန်းဖော်များဖြစ်ပြီး အမြဲလိုလို ရန်သူတော်များဖြစ်ခဲ့ကြောင်း ရှောင်ယာ့ထံမှ ယဲ့ချန်း သိလိုက်ရသည်။
မိန်းကလေးနှစ်ယောက်စလုံးက ပုန်ကန်တတ်သည့် ဆယ်ကျော်သက်အရွယ်များ ဖြစ်၏။ ကားပြိုင်ပွဲများနှင့် အခြားစိတ်လှုပ်ရှားဖွယ်ရာများကို သဘောကျသည့်အတွက် ရှုံးသူက ပြိုင်ကွင်းထဲတွင် အဝတ်မပါဘဲ ပြေးရမည်ဟု လောင်းထားကြခြင်းဖြစ်၏။
ရှောင်ယာ၏စကားကို ကြားသောအခါ ယဲ့ချန်း၏ စိတ်ထဲတွင် စုတ်သပ်လိုက်မိသည်။
ဤအထက်တန်းကျောင်းသူလေးများက ယခုလိုလောင်းကြေးထပ်ရလောက်အောင်အထိ ရဲတင်းလွန်းသည်။
"ရှောင်ယာ... လောင်းကြေးထပ်တိုးရဲလား"
ဝမ်ဝမ်က စိန်ခေါ်လိုက်သည်။
"ရတာပေါ့။ တိုးလေ"
ရှောင်ယာကလည်း နောက်မဆုတ်ဘဲ ပြန်ဖြေလိုက်သည်။
"ကောင်းပြီလေ။ အရင်လောင်းကြေးအပြင် နောက်ထပ် ယွမ်ငါးသန်း ထပ်တိုးမယ်"
"သဘောတူတယ်"
ရှောင်ယာကလည်း တစ်ခါတည်းသဘောတူလိုက်သည်။
ယဲ့ချန်း၏စိတ်ထဲတွင် တွေးလိုက်လေသည်။
"သူတို့မိဘတွေ ပိုက်ဆံရှာရတာ ဘယ်လောက်ပင်ပန်းမှန်း နားမလည်ကြတဲ့ အလိုလိုက်ခံထားရတဲ့ ကလေးတွေပါလား"
အဝေးမှ ဂူချီအားကစားဝတ်စုံနှင့် အမျိုးသားတစ်ယောက်က ရှောင်ယာ့ကို လက်ပြရင်း လျှောက်လာချေသည်။
ထိုအခိုက်တွင် ရှောင်ယာ၏ မျက်နှာအမူအရာကား အနည်းငယ် ပျက်ယွင်းသွားသည်။ ယဲ့ချန်းကလည်း အကြောင်းအရင်းကို သိလိုက်သည်။ ဤအမျိုးသားမှာ စတားလိုက်ကေတီဗီတွင် သူတို့ဆုံခဲ့ဖူးသည့် စွန်းကျယ်ပင်။
စွန်းကျယ်က ပြုံးဖြီးဖြီးဖြင့် အနားရောက်လာပြီး ပြောလိုက်၏။
"ရှောင်ယာ... ဒီနေ့ မင်း လာမယ်ဆိုတာ ကိုယ်သိသားပဲ"
"ငါလာတာ နင့်ကြောင့် မဟုတ်ဘူး"
ရှောင်ယာက စွန်းကျယ်ကို မျက်စောင်းထိုးရင်း ပြန်ပြောလိုက်သည်။
စွန်းကျယ်မှာ အဖက်လုပ်မခံရသလို ခံစားလိုက်ရသော်လည်း ကာလကြာရှည်စွာ လေ့ကျင့်ပေးထားသည့် သူ့မိသားစု၏ ပြုစုပျိုးထောင်မှုကြောင့် သူ ဒေါသမထွက်ခဲ့ပေ။
ဝမ်ဝမ်က ဝင်ပြောလိုက်သည်။
"သခင်လေးစွန်း.. ကျွန်မက ရှောင်ယာနဲ့ လောင်းကြေးထပ်ထားပြီးပြီ။ ရှင်က ပွဲကိုစောင့်ကြည့်ဖို့ပဲ ကျန်တော့တယ်"
တကယ်တော့ ဝမ်ဝမ်နှင့် ရှောင်ယာတို့ မတည့်ရသည့် အကြောင်းအရင်းများထဲက တစ်ခုမှာ စွန်းကျယ်က ရှောင်ယာ့ကို လိုက်နေပြီး ဝမ်ဝမ်ကို လျစ်လျူရှုထားသောကြောင့်။ ထိုအချက်ကို မာနကြီးသော ဝမ်ဝမ်က လက်မခံနိုင်ချေ။
စွန်းကျယ်က ဝမ်ဝမ့်စကားကို မကြားသလို ဟန်ဆောင်ကာ ရှောင်ယာကို စိုးရိမ်တကြီးကြည့်လိုက်၏။
"ရှောင်ယာ.. ကိုယ့်ပြိုင်ကားမောင်းသမားကို သုံးမလား"
"မလိုဘူး။ အစ်ကိုယဲ့ချန်းက ငါ့အတွက် ဝင်ပြိုင်ပေးလိမ့်မယ်"
ရှောင်ယာက မညှာမတာ ငြင်းပယ်လိုက်သည်။
ယဲ့ချန်း၏နာမည်ကို ကြားသည်နှင့် စွန်းကျယ်မှာ သူ့ကို အလွန်အမင်းမုန်းတီးသွားသည်။ ယခင်တစ်ခေါက်က ယဲ့ချန်းကြောင့် သူ့ဂုဏ်သိက္ခာ ကျဆင်းခဲ့ရုံသာမက အရှက်ပါကွဲခဲ့ရသည်ကို မှတ်မိသွားပြီး သူ့မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ပေါ်လာသည်။
ရှောင်ယာ၏ဘေးနားတွင် ယဲ့ချန်း ထိုင်နေကြောင်း မြင်သောအခါ စွန်းကျယ်မှာ သူ့စိတ်ခံစားချက်များကို ပို၍ပင် မထိန်းချုပ်နိုင်တော့ပေ။
"သူ့လိုလူက ဘယ်လိုလုပ်ပြီး ကားပြိုင်နိုင်မှာလဲ။ ရှောင်ယာ.. မင်း ကိုယ့်ကိုယ်ကိုယ် တာဝန်ယူမှုမရှိဘူးပဲ"
"ဘယ်သူပြောလဲ။ ငါကတော့ အစ်ကိုယဲ့ချန်းကို ယုံကြည်တယ်"
ရှောင်ယာက ယဲ့ချန်းကို ချစ်စရာကောင်းအောင် ပြုံးပြရင်း ပြောလိုက်သည်။
ရှောင်ယာက ယဲ့ချန်းအပေါ် ကောင်းကောင်းဆက်ဆံလေလေ စွန်းကျယ် ဒေါသပိုထွက်လေလေပင်။
သူက ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"ကောင်းပြီလေ ရှောင်ယာ... စောင့်ကြည့်နေလိုက်။ နောက်ပွဲစဉ်မှာ ကိုယ် ပထမဆုကို ရအောင်ယူပြမယ်"
"မင်းလိုကောင်က အပြောပဲရှိတာ။ တော်တော်အရှက်မရှိဘူးပဲ"
ယဲ့ချန်းက ရုတ်တရက် ဝင်ပြောလိုက်သည်။
"ဟေ့ကောင်.. မင်း ဘာပြောလိုက်တယ်။ မင်းသာ ကားမတိုက်အောင် သတိထားနေစမ်းပါ"
စွန်းကျယ်က ရန်လိုသောလေသံဖြင့် ပြောလိုက်သည်။
ယခုမူ သူသည် ပြိုင်ပွဲတွင် ဘယ်သူက ဆရာကျကြောင်း ယဲ့ချန်းအား ပြသရန် ဆုံးဖြတ်ချက်ချလိုက်ပြီး ယဲ့ချန်းကို ပစ်မှတ်ထားရန်ပင် ရည်ရွယ်လိုက်သည်။
"သတိထားသင့်တဲ့လူက မင်းလို့ ငါထင်တယ်"
ယဲ့ချန်းက အေးစက်ခက်ထန်သော လေသံဖြင့် ပြန်ပြောလိုက်သည်။
"ဟေ့ကောင်.. မင်းက ပြဿနာရှာနေတာမလား"
စွန်းကျယ်က ဒေါသူပုန်ထ၍ ပြန်အော်လိုက်သည်။
ယောကျာ်းဆိုသည်မှာ စကားများနေမည့်အစား လက်တွေ့လုပ်ရပ်ဖြင့်သာ သက်သေပြသင့်သည်ဟု ယုံကြည်သောကြောင့် ယဲ့ချန်း သူ့ကို လျစ်လျူရှုထားလိုက်သည်။
ယဲ့ချန်းက သူ့ကို အဖက်မလုပ်ကြောင်း မြင်သောအခါ စွန်းကျယ်လည်း ကိုယ့်ကိုယ်ကိုယ် ထပ်အရှက်မခွဲရန် ဆုံးဖြတ်ချက်ချကာ သူ့ပြိုင်ကားဆီသို့ လှည့်ထွက်သွားတော့သည်။
••••••••••••••••••••••