← Chapters

အခန်း ၇၂၀

Vol. 48 Ch. 720

အခန်း ၇၂၀

Vol. 48 Ch. 720

အပိုင်း ၇၂၀ : သေချာပေါက်သေရမည့်ကိန်း

ပြိုင်ပွဲက ဆက်လက်ကျင်းပနေဆဲဖြစ်ပြီး ယဲ့ချန်းနှင့် ရှောင်ယာတို့လည်း ကားထဲတွင်ထိုင်ကာ ပြိုင်ပွဲကို စောင့်ကြည့်နေကြသည်။

ပြိုင်ပွဲကို ကျူးလုံတောင်တွင် ကျင်းပခြင်းဖြစ်၏။ အကွေ့ကိုးကွေ့ရှိပြီး တစ်ကွေ့ထက်တစ်ကွေ့ ပိုအန္တရာယ်များသောကြောင့် ထိုနာမည်ကို ပေးထားခြင်းပင်။

ကျွမ်းကျင်သော ပရော်ဖက်ရှင်နယ်ကားမောင်းသူများကသာ ဘေးကင်းလုံခြုံနိုင်ပြီး နှစ်စဉ်နှစ်တိုင်း ဤပြိုင်ပွဲတွင် အသက်ဆုံးရှုံးရသူများစွာရှိသည်။

အန္တရာယ်များသော်လည်း ဆုကြေးငွေယွမ်ဆယ်သန်းကို ရရှိရန်အတွက် လူအများအပြားက ယာဉ်တိုက်မှုနှင့် သေဆုံးနိုင်ခြေများကို စွန့်စားကာ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

အသံချဲ့စက်မှ ကြေညာသံထွက်ပေါ်လာသည်နှင့် လက်ရှိပြိုင်ပွဲအချီ ပြီးဆုံးသွားလေသည်။

ယဲ့ချန်းနှင့် ရှောင်ယာတို့မှာ နေရာချင်းလဲ၍ ပြိုင်ပွဲအတွက် ပြင်ဆင်လိုက်ကြသည်။

ထိုနည်းတူပင် ဝမ်ဝမ်နှင့် စွန်းကျယ်တို့ကလည်း သူတို့ငှားရမ်းထားသော ပြိုင်ကားမောင်းသူကို ကားမောင်းသူနေရာတွင် ထိုင်ခိုင်းပြီး သူတို့ကိုယ်တိုင်ကမူ ခရီးသည်ထိုင်ခုံတွင်ထိုင်ကာ အချိန်မရွေးထွက်ခွာရန် အဆင်သင့်ပြင်နေကြသည်။

ပြိုင်ကွင်း၏ စမှတ်မျဉ်းတွင် ပြိုင်ပွဲဝင်တိုင်းက အစွမ်းကုန်ကြိုးစားရန် အပြည့်အဝ အာရုံစိုက်နေကြသည်။

ယဲ့ချန်းတစ်ယောက်ကသာ ပေါ့ပေါ့ပါးပါးဖြစ်နေပေသည်။ နတ်ဘုရားအဆင့် ကျွမ်းကျင်မှုစွမ်းရည်ကို ပိုင်ဆိုင်ထားသောကြောင့် ဤပြိုင်ပွဲက သူ့အတွက် အသေးအဖွဲလေးသာ ဖြစ်၏။

ဆန့်ကျင်ဘက်အနေနှင့် ဘေးခုံတွင် ထိုင်နေသော ရှောင်ယာ့၏ မျက်နှာပေါ်တွင်မူ စိတ်လှုပ်ရှားနေသော အမူအရာကို တွေ့ရသည်။

ယဲ့ချန်းမှာ သူ(မ)ကိုကြည့်ပြီး ရယ်ချင်စိတ်ကို မထိန်းနိုင်ခဲ့ပေ။

ကြေညာသူက စတင်ရန် အမိန့်ပေးလိုက်သည်နှင့် အနီရောင်ဖယ်ရာရီကလွဲ၍ ကျန်ကားများအားလုံး မြှားတစ်စင်းလို ပြေးထွက်သွားကြသည်။

အနီရောင်ဖယ်ရာရီမှာမူ ရပ်တန့်နေဆဲဖြစ်လေရာ ပွဲကြည့်စင်မှ လူများ၏ လှောင်ရယ်သံများကို ဆွဲဆောင်လိုက်သလို ဖြစ်သွားသည်။

"ကားတောင် မမောင်းတတ်ဘဲနဲ့။ မြန်မြန်ဆင်းစမ်းပါ"

"ဒီလိုအဆင့်နဲ့များ လာပြိုင်ရတယ်လို့။ ဘာပြောရမှန်းတောင် မသိတော့ဘူး"

"ဒီမှာလာပြီး ကိုယ့်ကိုယ်ကိုယ်အရှက်မခွဲချင်နဲ့။ အိမ်သာမြန်မြန်ပြန်တော့"

ပရိသတ်များ၏ လှောင်ပြောင်သံများကို ကြားသောအခါ ရှောင်ယာ၏မျက်နှာမှာ စိုးရိမ်တကြီး ဖြစ်သွားလေသည်။

သို့သော် ယဲ့ချန်းကတော့ တည်ငြိမ်နေဆဲဖြစ်ပြီး အခြားသူများ၏ လွှမ်းမိုးမှုကို မခံရပေ။

သူက ကားကို သေချာစစ်ဆေးကြည့်ပြီးနောက် ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။

"ဆောရီး။ ဂီယာမထိုးရသေးလို့"

ရှောင်ယာက သူ့ကို ပြုံးပြလိုက်သည်။ မည်သို့ပင်ဆိုစေ ယဲ့ချန်းကို သူ(မ)ကိုယ်တိုင် ဖိတ်ခေါ်ထားခြင်းဖြစ်လေရာ သူ့ကို မည်သို့အပြစ်တင်နိုင်မည်နည်း။

သူတို့က ဝမ်ဝမ်၏ကားနောက်တွင် အတော်ပြတ်ကျန်နေခဲ့ပြီဖြစ်သဖြင့် အမီလိုက်ရန် မဖြစ်နိုင်တော့ဘူးဟုတွေးကာ ပြီးသွားပြီဟုသာ စိတ်ထဲတွင် မှတ်ယူလိုက်တော့သည်။

သူ(မ) ထိုသို့တွေးနေစဉ်မှာပင် အနီရောင်ဖယ်ရာရီသည် မြှားတစ်စင်းလို ရှေ့သို့ ပြေးထွက်သွားလေသည်။

ဝမ်ဝမ်က သူ(မ)၏ ဘန်ထလေကားကြီး တော်တော်ဝေးဝေးသို့ ရောက်နေသည်ကို မြင်သောအခါ အနောက်သို့ လှည့်ကြည့်လိုက်သော်ငြား အနီရောင်ဖယ်ရာရီ၏ အရိပ်ကိုပင် မတွေ့ရချေ။

ငနုတွေကတော့ ငနုတွေပါပဲ။ ပရော်ဖက်ရှင်နယ် ပြိုင်ကားသမားတွေနဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ...

စွန်းကျယ်ကလည်း ယဲ့ချန်းနှင့် ရှောင်ယာတို့၏ အရိပ်ကို မမြင်ရသဖြင့် ပြိုင်ပွဲပြီးသည်နှင့် သူတို့ကို ဆက်လှောင်ပြောင်မည်ဟု စိတ်ကူးထားသည်။

ယဲ့ချန်းမှာ အပြည့်အဝအာရုံစူးစိုက်၍ ကားမောင်းနေပြီး ပြိုင်ကားတစ်စီးပြီးတစ်စီးကို ဒရစ်ဖ်ဆွဲကာ အဆက်မပြတ် ကျော်တက်သွားသည်။

ဖန်သားပြင်ကို ကြည့်လိုက်သောအခါ ရှေ့ဆုံးက ဦးဆောင်နေသော ကားသုံးစီးမှာ အဖြူရောင် ဘန်ထလေ၊ ငွေရောင်လမ်ဘော်ဂီနီနှင့် အပြာရောင် ပေါ်ရှေးတို့ဖြစ်ကြောင်း ပြသနေသည်။

ယဲ့ချန်းလည်း အရှေ့ရှိ အကွေ့များကို ဖြတ်သန်းရင်း ရှေ့ကကားများကို ဆက်လက်ကျော်တက်သွားသည်။ နောက်ဆုံးနေရာတွင် ရှိနေခဲ့သော အနီရောင်ဖယ်ရာရီသည် ယခုအခါ အရှေ့ရှိ ကားများကို လျင်မြန်စွာ ကျော်တက်သွားကြောင်း မြင်လိုက်ရသဖြင့် ပွဲကြည့်ပရိသတ်များမှာ အံ့ဩသွားကြသည်။

သို့သော် နှမြောစရာကောင်းသည်မှာ အကယ်၍ အနီရောင်ဖယ်ရာရီသာ အစကတည်းက မြန်မြန် တာထွက်ခဲ့လျှင် ထိပ်ဆုံးသုံးစင်းစာရင်းပင် ဝင်နိုင်သော်လည်း ယခုအခါတွင်မူ အကွေ့သုံးကွေ့သာ ကျန်တော့သဖြင့် အမီလိုက်နိုင်ရန်မှာ လုံးဝမဖြစ်နိုင်တော့ပေ။

ကြေညာသူက ပြောလိုက်၏။

"အခုဆိုရင် ခုနစ်ခုမြောက်၊ ရှစ်ခုမြောက်နဲ့ ကိုးခုမြောက်အကွေ့တွေပဲ ကျန်ပါတော့တယ်။ ရှေ့ဆုံးမှာ ဘန်ထလေ၊ လမ်ဘော်ဂီနီနဲ့ ပေါ်ရှေးတို့ ရှိပါတယ်"

သူ့စကားဆုံးသည်နှင့်တစ်ပြိုင်နက် ယဲ့ချန်းက ခုနစ်​ခုမြောက်အကွေ့ကို ဖြတ်ကျော်ချိန်ဝယ် အရှိန်တင်လိုက်ပြီး ကွေ့နေရာမှ ကြေညာချက်ထဲရှိ ထိုကားသုံးစင်းကို ကျော်တက်သွားသည်။

အစက သေချာပေါက်ရှုံးပြီဟု ထင်ထားခဲ့သော ရှောင်ယာခမျာ နောက်တွင်ကျန်ရစ်ခဲ့သော ကားသုံးစင်းကိုကြည့်ကာ မယုံနိုင်လောက်အောင် ဖြစ်နေချေသည်။

မထင်မှတ်ထားပါဘဲ ယဲ့ချန်းက အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်သည်။

ကြေညာသူက တအံ့တသြရေရွတ်လိုက်သည်။

"မယုံနိုင်စရာပါပဲ။ အနီရောင်ဖယ်ရာရီက အခုဆိုရင် အရှေ့ဆုံးကို ရောက်သွားပါပြီ"

လူတိုင်း အံ့အားသင့်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ အနောက်ဘက်အဝေးကြီးတွင် ကျန်နေခဲ့သော အနီရောင်ဖယ်ရာရီက မည်သို့များ ကျော်တက်သွားနိုင်လေသလဲ။ ဤသည်မှာ သိပ္ပံနည်းမကျပေ။

ယခုမူ အနီရောင်ဖယ်ရာရီက ဦးဆောင်နေပြီး ကျန်အကွေ့နှစ်ကွေ့ကို ကျော်ဖြတ်ပြီးသည်နှင့် ပြိုင်ပွဲက ပြီးဆုံးတော့မည်သာ။

ရှောင်ယာမှာ ယခုမူ အနည်းငယ်စိတ်လှုပ်ရှားနေချေသည်။

"အစ်ကိုယဲ့ချန်း... အစ်ကိုက အရမ်းတော်တာပဲ။ ကျွန်မတို့ သေချာပေါက် ပထမရမှာ"

"ကောင်မလေး... ပြိုင်ပွဲက မပြီးသေးဘူး။ အရမ်းစောစောကြီး အောင်ပွဲမခံနဲ့ဦး"

ယဲ့ချန်းက သတိပေးလိုက်သည်။

ရှောင်ယာမှာမူ လေညင်းကိုခံစားရင်း ကားပြတင်းပေါက်မှ ခေါင်းပြူထွက်ကာ အနောက်ရှိ ကားများကို အောင်ပွဲခံသည့် လက်ဟန်အမူအရာ ပြလိုက်သည်။

ဝမ်ဝမ်က ထိုမြင်ကွင်းကို မြင်သောအခါ ဒေါသထွက်သွားပြီး မျက်နှာဖြူဖပ်ဖြူရော်ဖြင့် ရှောင်ယန်ကို အော်လိုက်၏။

"သူတို့ ငါတို့ကို ကျော်တက်သွားပြီ။ မြန်မြန်လိုက်စမ်းပါ"

"နင်က ပြိုင်ကားသမားရော ဟုတ်ရဲ့လား။ ဘာလို့ လိပ်သွားသလို နှေးကွေးနေရတာလဲ"

"ဒီလိုမှန်းသိရင် နင့်ကို ခေါ်မလာပါဘူး။ ပြိုင်ပွဲရှုံးရတာ အရမ်းရှက်ဖို့ကောင်းတယ်"

လမ်းတစ်လျှောက်လုံး ဝမ်ဝမ်က အဆက်မပြတ် ပွစိပွစိပြောနေသဖြင့် ရှောင်ယန်မှာ စိတ်အနှောင့်အယှက်ဖြစ်ပြီး သူ(မ)ကို လမ်းတစ်ဝက်တွင် လွှင့်ပစ်ချင်စိတ်ပင် ပေါက်လာသည်။

ကျော်တက်ခံလိုက်ရသဖြင့် မကျေမနပ်ဖြစ်နေသော စွန်းကျယ်ကလည်း ကားကို အရှိန်တင်ရန် ပြိုင်ကားသမားကို အမိန့်ပေးလိုက်သည်။

ဝန်မခံချင်သော်လည်း ငှားရမ်းခံထားရသော ပြိုင်ကားသမားများမှာ ယဲ့ချန်း၏ ကျွမ်းကျင်မှုကို အသိအမှတ်ပြုလိုက်ရသည်။

စွန်းကျယ်ကတော့ ပြိုင်ပွဲမနိုင်လျှင်ပင် ယဲ့ချန်းနှင့် ရှောင်ယာတို့ကို အပြစ်ပေးခံရအောင်လုပ်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်၏။

သူက ကားမောင်းသူကို မျက်လုံးတစ်ဖက်မှိတ်ပြလိုက်လေရာ ကားမောင်းသူကလည်း နားလည်သွားသည်။

ရှစ်ခုမြောက်အကွေ့ကို ကျော်ဖြတ်ပြီးနောက် လမ်ဘော်ဂီနီသည် ဘန်ထလေကို ကျော်တက်ကာ ဒုတိယနေရာသို့ ရောက်သွားသည်။

ကြေညာသူက အဆင့်များကို တစ်ဖန်ပြန်ကြေညာလိုက်သည်။

"အခု ပထမနေရာမှာ ဖယ်ရာရီကပဲ ဆက်ရှိနေပါတယ်။ ဘန်ထလေကတော့ လမ်ဘော်ဂီနီဆီက ကျော်တက်ခံလိုက်ရပြီး တတိယနေရာကို ကျသွားပါပြီ"

အကွာအဝေးတစ်ခုအထိ ဆက်ပြိုင်ပြီးနောက် အသည်းယားစရာအကောင်းဆုံး အခိုက်အတန့်သို့ ရောက်ရှိလာပေတော့မည်။ ထိုအရာမှာ ပြိုင်ကားသမားများ ကိုးခုမြောက်အကွေ့ကို ဖြတ်သန်းရမည့် ပြိုင်ပွဲ၏ အရေးအကြီးဆုံးအချိန်ပင်။

ကိုးခုမြောက်အကွေ့မှာ ယခင်အကွေ့ရှစ်ကွေ့နှင့် မတူဘဲ ထောင့်မှန်နီးနီး ချိုးကွေ့ရမည့်နေရာဖြစ်သဖြင့် အနည်းငယ် ပေါ့ဆလိုက်သည်နှင့် ကားမှောက်ပေလိမ့်မည်။

ယဲ့ချန်းက အာရုံစူးစိုက်၍ မောင်းနှင်နေပြီး ရှောင်ယာကတော့ သူ့မျက်လုံးထဲရှိ ပြင်းပြသော အာရုံစူးစိုက်မှုကြောင့် အကြီးအကျယ် ဖမ်းစားခံလိုက်ရသည်။

ယခင်က ယဲ့ချန်း နောက်ပြောင်နေသည်ကိုသာ အမြဲမြင်ခဲ့ရသည်။ ယခုအချိန်တွင်မူ သူသည် ပို၍ပင် ဆွဲဆောင်မှုရှိနေတော့သည်။

ရုတ်ခြည်းပင် လမ်ဘော်ဂီနီက အရှိန်တင်ပြီး ဖယ်ရာရီ၏ အနောက်ပိုင်းကို ဝင်တိုက်လိုက်သည်။

ရှောင်ယာလည်း ကားကြီး တုန်ခါသွားသည်ကို ခံစားလိုက်ရပြီးနောက် သူ(မ)၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ဖြူရော်သွားသည်။

"ငြိမ်ငြိမ်ထိုင်နေ။ စိတ်မပူနဲ့"

ယဲ့ချန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

သူသည် ရှောင်ယာ့ကို နှစ်သိမ့်ပေးရင်း ကားမောင်းရာတွင် အာရုံစိုက်ထားလိုက်သည်။

လမ်ဘော်ဂီနီက တရစပ်ဝင်တိုက်နေပြီး အထဲရှိ စွန်းကျယ်က ဝမ်းသာအားရဖြင့် ပြောလိုက်လေသည်။

"ဟေ့ကောင်.. ငါနဲ့လာပြိုင်တယ်ပေါ့လေ။ ဒီနေ့က မင်းရဲ့သေနေ့ပဲ"

ဘေးနားရှိ ကားမောင်းသူက စိုးရိမ်တကြီး ပြောလိုက်လေသည်။

"သခင်လေးစွန်း.. သခင်မလေးရှောင်လည်း ကားထဲမှာ ပါနေတယ်။ ဒီလိုလုပ်ရပ်မျိုးက သူ့ကိုပါ သတ်မိနိုင်တယ်နော်"

စွန်းကျယ်၏ အပြုံးကား ပျောက်ကွယ်သွားပြီး ရက်စက်ကြမ်းကြုတ်စွာ ပြောလိုက်၏။

"ငါမရနိုင်တဲ့လူကို ဘယ်သူမှမရနိုင်အောင် ဖျက်ဆီးပစ်ရမှာပဲ"

"အစ်ကိုယဲ့ချန်း... ကျွန်မတို့ သေရတော့မှာလား"

ရှောင်ယာက တိုးညင်းစွာ မေးလိုက်လေသည်။

"မသေပါဘူး။ စိတ်မပူနဲ့"

ယဲ့ချန်းက ချော့မော့လိုက်၏။

"အစ်ကိုယဲ့ချန်း... အစ်ကိုနဲ့အတူသေရမှာကို ကျွန်မ မကြောက်ပါဘူး။ ဒါပေမဲ့ အစ်ကို့ကို မပြောရသေးတဲ့ စကားတစ်ခုရှိလို့ပါ"

ရှောင်ယာက ဆက်ပြောလေသည်။

ယဲ့ချန်း ဘာမှမပြောရသေးခင် ရှောင်ယာက သတ္တိမွေး၍ ပြောလိုက်၏။

"အစ်ကိုယဲ့ချန်း... ကျွန်မ အစ်ကို့ကို သဘောကျတယ်"

ထို့နောက် သူ(မ) မျက်လုံးအစုံကို မှိတ်ထားလိုက်ချိန်တွင် ဖယ်ရာရီသည် ခက်ခဲသောအကွေ့ဆီသို့ ဦးတည်နေပြီး အနောက်ရှိ ကားများကလည်း တရစပ်ဝင်တိုက်နေသည်။

အရှိန်ကြောင့် ဖယ်ရာရီသည် ချောက်ကမ်းပါးဆီသို့ သေချာပေါက် ထိုးကျသွားမည်ဖြစ်ကြောင်းနှင့် သူ(မ)နှင့် ယဲ့ချန်းတို့လည်း သေချာပေါက် သေရတော့မည်ဖြစ်ကြောင်း ရှောင်ယာ အတပ်သိသည်။

•••••••••••••••••••••

All Chapters