အခန်း ၇၂၁
Vol. 49 Ch. 721
အပိုင်း ၇၂၁ : သူမကို ကာကွယ်ပေးရန် ကျိန်ဆိုခြင်း
ဖန်သားပြင်ကြီးပေါ်တွင် ပြိုင်ပွဲကြည့်နေသော ပရိသတ်များမှာလည်း ချွေးသီးချွေးပေါက်များ ကျလာပြီး သတ္တိနည်းသော မိန်းကလေးအချို့ဆိုလျှင် ကြောက်လန့်တကြားဖြင့် မျက်လုံးများကိုပင် မှိတ်ထားကြသည်။
ပြိုင်ပွဲရှုံးပြီဟု ထင်ထားခဲ့သော ဝမ်ဝမ်က အရှေ့ရှိ အခြေအနေကို မြင်သောအခါ သူ(မ)အတွက် အခွင့်အရေး ရောက်လာပြီဖြစ်ကြောင်း သိလိုက်သည်။
သူ(မ)က ရှောင်ယန်ကို မကြာခင် ကျော်တက်ရန် အချက်ပြလိုက်သည်။ ဤသည်မှာ "ခရုနဲ့ငှက်တို့ ရန်ဖြစ်တဲ့အခါ တံငါသည်က အကျိုးအမြတ်ရတယ်"ဟူသော စကားပုံကို အမှန်တကယ်ပင် သက်သေပြနေချေသည်။
အစက ရှောင်ယန်၏ မွန်းကျပ်နေသော စိတ်အခြေအနေကလည်း ကောင်းမွန်လာပြီး ကားကို အစွမ်းကုန်မောင်းနှင်လိုက်သည်။
လမ်ဘော်ဂီနီက ဖယ်ရာရီကို ချောက်ထဲသို့ တွန်းချလိုက်ချိန်တွင် ထိုကားများကို ကျော်တက်သွားမည်ဟု သူတွေးထားသည်။
"ရှောင်ယာ.. နင်နဲ့တန်ပါတယ်။ သခင်လေးစွန်းကိုတောင် ဒေါသထွက်အောင် လုပ်ရဲတာကိုး။ အခုတော့ နင့်အသက်ပါ အန္တရာယ်ရှိနေပြီလေ"
ဝမ်ဝမ်က မျက်နှာထက်တွင် နောင်တရနေဟန်ဖြင့် ပြောလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူ(မ)နှင့် ရှောင်ယာက သုံးနှစ်တိုင်တိုင် အတန်းဖော်များ ဖြစ်ခဲ့ကြသည် မဟုတ်ပါလော။ ရှောင်ယာကို မနာလိုဖြစ်သော်လည်း သူ(မ)ကို သေစေလိုသည့် ရည်ရွယ်ချက်မျိုး တစ်ခါမှမရှိခဲ့ပေ။
ယခု ရှောင်ယာ ဤသို့ဇာတ်သိမ်းရတော့မည်ကို မြင်သောအခါ သူ(မ) အနည်းငယ် ဝမ်းနည်းမိသည်။
ဖယ်ရာရီမှာ ချောက်ထဲသို့ ထိုးကျသွားတော့မည်ဟု လူတိုင်း ထင်မှတ်နေချိန်မှာပင် အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာသည်။
အနီရောင်ဖယ်ရာရီသည် အနောက်က ဝင်တိုက်ခံရသည့်အရှိန်ကို အခွင့်ကောင်းယူ၍ ကိုးခုမြောက်အကွေ့ကို အမှန်တကယ် ကျော်ဖြတ်သွားနိုင်ခဲ့ပြီး ပန်းတိုင်ဆီသို့ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်သွားလေတော့သည်။
ဆန့်ကျင်ဘက်အနေနှင့် လမ်ဘော်ဂီနီကတော့ ချောက်ထဲသို့ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့လေရာ စွန်းကျယ်နှင့် ဒရိုင်ဘာမှာ စက္ကူတစ်စနှယ် ဖြူရော်သွားသည်။
ဝမ်ဝမ်၏ ဘန်ထလေကားက လမ်းပေါ်ရှိ လမ်ဘော်ဂီနီက ပိတ်ဆို့ထားသဖြင့် ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်နေချေသည်။
ထိုအချိန်တွင် ပရိသတ်များမှာ အသက်ရှူအောင့်ထားမိကြပြီး အပ်ကျသံကိုပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်နေသည်။
ဇာတ်ကွက်က ရုတ်တရက် ပြောင်းပြန်ဖြစ်သွားပြီး ပရိသတ်များမှာ တစ်ဖန်ပြန်လည်သက်ဝင်လှုပ်ရှားလာကြသည်။
"အဲဒါ အရမ်းအန္တရာယ်များလွန်းတယ်။ နည်းနည်းလေးမှားသွားတာနဲ့ ကပ်ဆိုးကြီးတစ်ခုဖြစ်သွားမှာ"
"ကားမောင်းတဲ့ စွမ်းရည်ကတော့ အတိုင်းထက်အလွန်ပဲဟေ့။ ခုနက ဒရစ်ဖ်ဆွဲသွားတာ မယုံနိုင်စရာကောင်းချက်"
"ဒီဒရိုင်ဘာက ပရော်ဖက်ရှင်နယ်ပဲ ဖြစ်ရမယ်။ သာမန်လူသာဆိုရင် သေချာပေါက်သေပြီ"
စောစောက စိတ်လှုပ်ရှားမှုမှာ အနည်းငယ် လွန်ကဲသွားသည်ထင့်။ ကြေညာသူ၏အသံမှာ တုန်ယင်နေလေသည်။
"ဖယ်ရာရီက နောက်ဆုံးအကွေ့ကို အောင်အောင်မြင်မြင် ကျော်ဖြတ်သွားနိုင်ခဲ့တာမို့ ပန်းတိုင်ဆီကို အပြေးအလွှားသွားနေပါပြီ။ အောင်ပွဲက သူ့အတွက်ပါပဲ"
စကားဆုံးသည်နှင့် ဖယ်ရာရီသည် ပန်းတိုင်ဆီသို့ ဦးတည်ပြီး ရပ်တန့်သွားသည်။
ပရိသတ်များထံမှ အားပေးဟစ်ကြွေးသံများနှင့် လက်ခုပ်သံများ ထွက်ပေါ်လာခဲ့သည်။
ယဲ့ချန်းလည်း မျက်လုံးမှိတ်ထားပြီး မျက်နှာတစ်ခုလုံး ဖြူရော်နေသော ရှောင်ယာ့ကို ကြည့်ကာ ပြုံးစစဖြင့် ပြောလိုက်သည်။
"ကိုယ်တို့ နိုင်သွားပြီ"
"အစ်ကိုယဲ့ချန်း... ကျွန်မတို့ မသေသေးဘူးနော်"
ပတ်ဝန်းကျင်မှ အားပေးဟစ်ကြွေးသံများနှင့် လက်ခုပ်သံများကို ကြားသောအခါ ရှောင်ယာလည်း အံ့အားသင့်စွာ မျက်လုံးဖွင့်လိုက်လေသည်။
"ဒါပေါ့... ငတုံးမလေးရယ်"
ယဲ့ချန်းက သူ(မ)၏ ခေါင်းလေးကို ညင်သာစွာ ပုတ်ရင်း တိုးညင်းစွာ ပြောလိုက်သည်။
"အစ်ကိုယဲ့ချန်း... အရမ်းတော်တာပဲ"
ရှောင်ယာက စိတ်လှုပ်ရှားလွန်းသဖြင့် ငိုချလိုက်လေတော့သည်။
ယဲ့ချန်းနှင့်အတူ သူ(မ) ထိုနေရာတွင် သေရတော့မည်ဟု အစက ထင်ထားခဲ့ခြင်းပင်။ ဤသို့ အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားပေ။ ထိုအံ့ဖွယ်ဖြစ်ရပ်ကို သူ(မ)ဘေးရှိ အမျိုးသားက ဖန်တီးပေးခဲ့ခြင်းပင်။
ခဏကြာပြီးနောက် လမ်ဘော်ဂီနီနှင့် ဘန်ထလေတို့လည်း ပန်းတိုင်သို့ ရောက်လာကြသည်။
စွန်းကျယ်နှင့် ဒရိုင်ဘာတို့ ကားပေါ်က ဆင်းလာကြပြီးနောက် ကြောက်လန့်မှုကြောင့် သူတို့၏ ခြေထောက်များမှာ တုန်ယင်နေဆဲပင်။
ထိုအချိန်တွင် စွန်းကျယ်ထံ၌ အစောပိုင်းကလို ထောင်လွှားနေသော အမူအရာမျိုး မရှိတော့ဘဲ ကြောက်ရွံ့မှုကသာ နေရာယူထားလေသည်။
ခဏအကြာတွင် စွန်းကျယ်နှင့် ဒရိုင်ဘာတို့ကို သူ့အဖေစေလွှတ်လိုက်သော လူများက ခေါ်ဆောင်သွားကြသည်။
စွန်းကျယ်မှာမူ ယဲ့ချန်းနားက ဖြတ်သွားချိန်တွင် သူ့ကို အထိတ်တလန့်ဖြင့် ကြည့်သွားသေးသည်။
သို့သော် ယဲ့ချန်းက ဘာမှမပြောပေ။ အကြောင်းမှာ သူသည် "သူတစ်ပါးက ကိုယ့်ကို အရင်လာမစသရွေ့ သူတစ်ပါးကို အပြစ်မပြုပါ"ဟူသော မူဝါဒကို အမြဲစောင့်ထိန်းသောကြောင့်ပင်။
ဤတစ်ကြိမ်တွင် စွန်းကျယ် သင်ခန်းစာရသွားပြီဖြစ်ရာ နောက်ထပ် တမင်သက်သက် ရန်စရဲမည်မဟုတ်ကြောင်း သူ သိနေချေသည်။
ဝမ်ဝမ်က ရှောင်ယာ့ကို ကြည့်ပြီး ပြုံးလိုက်၏။
"ရှောင်ယာ... ပထမဆုရတာ ဂုဏ်ယူပါတယ်နော်"
ရှောင်ယာကမူ ဘာမှမပြောဘဲ လက်ကမ်းပေးလိုက်သည်။
ဝမ်ဝမ်က ရှောင်ယာ ဘာကိုဆိုလိုမှန်း သိသဖြင့် သူ(မ)၏အိတ်ထဲမှ ချက်လက်မှတ်တစ်စောင်ကို ချက်ချင်းထုတ်ယူ၍ ဖြည့်စွက်ပြီးနောက် ရှောင်ယာထံသို့ ကမ်းပေးလိုက်သည်။
"ရှောင်ယာ... ငါ အရင်သွားတော့မယ်"
သူ(မ) လှည့်ထွက်သွားတော့မည့် အချိန်တွင်...
"နင် တစ်ခုခုမေ့နေသလိုပဲ"
ရှောင်ယာက အေးစက်ခက်ထန်စွာ ပြောလိုက်သည်။
ရှောင်ယာ၏စကားကို ကြားသောအခါ ဝမ်ဝမ်ခမျာ တောင့်ခဲသွားပြီး ထိုနေရာမှာပင် ရပ်နေခဲ့သည်။
"ရှောင်ယာ... ငါ တောင်းပန်ပါတယ်။ ငါ့ကို ခွင့်လွှတ်ပါ။ ငါ မှားသွားပါတယ်"
ဝမ်ဝမ်က နောင်တရဟန်ဖြင့် ပြောလိုက်သည်။
အကယ်၍ အလောင်းအစားအတိုင်းသာ တကယ်လုပ်ရမည်ဆိုလျှင် သူ(မ)အနေနှင့် လူကြားထဲ ခေါင်းဖော်နိုင်တော့မည်မဟုတ်။
"ဒါက နင့်ရဲ့ အလောင်းအစားလေ။ ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး"
ရှောင်ယာက ခပ်ပြတ်ပြတ် ပြောလိုက်သည်။
"အစ်ကိုယဲ့ချန်း... ကျေးဇူးပြုပြီး ရှောင်ယာ့ကို နားချပေးပါဦး"
ဝမ်ဝမ်က ယဲ့ချန်းနှင့် ရှောင်ယာတို့၏ဆက်ဆံရေးကောင်းမွန်ကြောင်း သိထားသဖြင့် သူ့အကူအညီကို တောင်းခံရုံသာ တတ်နိုင်တော့သည်။
မိန်းကလေး၏ မျှော်လင့်ချက်မဲ့နေသော တောင်းဆိုမှုကို မြင်ရပြီးနောက် မိန်းကလေးတစ်ယောက်အတွက် ထိုလောင်းကြေးက မည်မျှရက်စက်ကြောင်း ထည့်သွင်းစဉ်းစားကြည့်လိုက်၏။
ယဲ့ချန်းက ရှောင်ယာ့ကို ကြည့်ပြီး ပြောလိုက်သည်။
"ကောင်မလေး... လွှတ်ပေးလိုက်ပါတော့။ ခွင့်လွှတ်နိုင်တဲ့နေရာမှာ ခွင့်လွှတ်တာ ကောင်းပါတယ်။ သူလည်း မှားမှန်း သိနေပြီပဲ။ သူ့ကို ခွင့်လွှတ်ပေးလိုက်ပါ"
"ဒါပေမဲ့..."
ရှောင်ယာ စကားမဆုံးခင်မှာပင် ယဲ့ချန်းက ဖြတ်ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် သူက မိန်းကလေးတစ်ယောက်လေ။ မင်းသာ ဒီလိုတကယ်လုပ်လိုက်ရင် သူ လူကြားထဲကို ဘယ်လိုပြန်ဝင်နိုင်တော့မှာလဲ။ ရှောင်ယာက အကြင်နာတရားအရှိဆုံးဆိုတာ ကိုယ် သိပါတယ်။ ဒါတွေက ဒေါသထွက်ပြီး ပြောမိတဲ့ စကားတွေပဲ မဟုတ်လား"
ယဲ့ချန်းက ထိုသို့ပြောလိုက်သဖြင့် ရှောင်ယာလည်း ဆက်တောင်းဆိုရန် အနည်းငယ် အားနာသွားသည်။
"သွားတော့... အစ်ကိုယဲ့ချန်းက နင့်အတွက် ဝင်ပြောပေးလို့ ဒီတစ်ခါတော့ ငါ နင့်ကို လွှတ်ပေးလိုက်မယ်။ နောက်တစ်ခါဆိုရင်တော့ ငါ ဒီလောက်အထိ သဘောကောင်းနေမှာမဟုတ်ဘူး"
ရှောင်ယာက ဝမ်ဝမ့်ကို မကျေမနပ်ဖြင့် ပြောလိုက်သည်။
"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် အစ်ကိုယဲ့ချန်း"
ဝမ်ဝမ်က ယဲ့ချန်းကို ကျေးဇူးတင်လေဟန်ဖြင့် ကြည့်လိုက်သည်။
ယဲ့ချန်းကို သူ(မ) အစောပိုင်းတုန်းက လှောင်ပြောင်ခဲ့သည်ကို ပြန်တွေးမိလိုက်သည်။ သူကတော့ သူ(မ)အတွက် တောင်းပန်ပေးနေသေးသဖြင့် သူ(မ) ရှက်သွားသည်။
ဝမ်ဝမ် ထွက်သွားသည်ကို မြင်သောအခါ ရှောင်ယာက နှုတ်ခမ်းဆူ၍ ပြောလိုက်သည်။
"အစ်ကိုယဲ့ချန်း... အစ်ကို့မျက်နှာကြောင့်သာ အဲဒီမိန်းမကို ခွင့်လွှတ်လိုက်တာနော်။ အစ်ကို ကျွန်မကို တစ်ခု ကတိပေးရမယ်"
"ဘာလဲ"
ယဲ့ချန်းက သူ့အင်္ကျီကို ခပ်တင်းတင်း ဆွဲစေ့ရင်း ပြောလိုက်သည်။
ယဲ့ချန်း ဘာကိုဆိုလိုမှန်း ရှောင်ယာသိသဖြင့် ဒီလူ့ခေါင်းထဲမှာ ဘာပေါက်ကရတွေ တွေးနေပါလိမ့်ဟု တွေးကာ သူ့ကို မျက်စောင်းထိုးလိုက်မိသည်။
သူ(မ) ယဲ့ချန်းကို သဘောကျသော်လည်း ထိုအဆင့်အထိတော့ မရောက်သေးပေ။
"ကျွန်မ မစဉ်းစားရသေးဘူး"
"အင်း... ကောင်းပြီလေ"
ယဲ့ချန်းက ပြောလိုက်သည်။
မကြာခင် ဆုပေးပွဲအခမ်းအနား ကျင်းပမည့်အကြောင်း အသံချဲ့စက်မှ ကြေညာလိုက်သည်။ ရှောင်ယာလည်း စင်မြင့်ပေါ်သို့ တက်သွားပြီး ဆုဖလားနှင့်အတူ ယွမ်ဆယ်သန်းတန် ချက်လက်မှတ်ကို ကိုင်ဆောင်ထားသည်။ သူ(မ)၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ အထင်းသားပေါ်လွင်နေသည်။
"အစ်ကိုယဲ့ချန်း... ဒီဆုကြေးငွေဆယ်သန်းရဲ့ တစ်ဝက်က အစ်ကို့အတွက်ပါ"
ရှောင်ယာက ပြုံးလျက် ပြောလိုက်သည်။
"မလိုပါဘူး။ အကုန်လုံး မင်းအတွက်ပါပဲ"
ယဲ့ချန်းက တည်ငြိမ်စွာ ပြောလိုက်လေသည်။
ယဲ့ချန်း ငြင်းဆန်လိမ့်မည်ဟု ရှောင်ယာ မမျှော်လင့်ထားပေ။ လူအများစုဆိုလျှင် ဤငွေကို ဝမ်းသာအားရ လက်ခံကြမည်ဖြစ်ကြောင်း သိထား၍ပင်။
ယဲ့ချန်းမှာ ပါဆယ်ပို့သမားလေး တစ်ယောက်သာ ဖြစ်ကြောင်း သူ(မ) သိသည်။ ဤသို့နှယ် ငွေများများရဖို့ဆိုသည်မှာ ပါဆယ်ထုတ်ပေါင်း မြောက်မြားစွာကို ပို့ဆောင်ရမည်ဖြစ်၏။
ယဲ့ချန်း၏ တုံ့ပြန်မှုကို မြင်သောအခါ ယဲ့ချန်းအပေါ်ထားသော ရှောင်ယာ၏ နှစ်သက်သဘောကျမှုက ပို၍ပင် တိုးလာခဲ့သည်။
"ကောင်မလေး... မင်းလည်း အားရပါးရပျော်ပြီးပြီဆိုတော့ ပြန်ရမယ့်အချိန် ရောက်ပြီမလား"
"အစ်ကိုယဲ့ချန်း... ကျွန်မ အိမ်မပြန်ချင်သေးဘူး။ ကျွန်မနဲ့အတူ ခဏလောက် ထပ်နေပေးလို့ ရမလား"
ရှောင်ယာက ဝမ်းနည်းနေသော မျက်နှာလေးဖြင့် တောင်းဆိုလိုက်သည်။
"မင်း အပြင်ထွက်နေတာ ကြာပြီပဲ။ မင်းမိဘတွေ စိတ်ပူနေမှာပေါ့"
ယဲ့ချန်းက ပြောလိုက်သည်။
ရှောင်ယာ၏ မျက်နှာထက်တွင် ဝမ်းနည်းရိပ်သန်းသွားလေသည်။
"သူတို့က စိတ်ပူမှာ မဟုတ်ပါဘူး။ ကျွန်မရဲ့ ကျန်းမာရေးကိုလည်း သူတို့ နည်းနည်းမှ ဂရုမစိုက်ကြပါဘူး"
ရှောင်ယာကို စသိကတည်းက ဤမိန်းကလေးက သူ(မ)၏ ပျော်ရွှင်တက်ကြွသော အခြမ်းကိုသာ အမြဲပြသခဲ့သည်။
သို့သော် ယခု မိဘများအကြောင်း ပြောလာချိန်တွင်မူ ထိုမိန်းကလေးမှာ ချက်ချင်းပင် ဝမ်းနည်းကြေကွဲလာသည်။
ရှောင်ယာမှာ မိဘများနှင့် ဆက်ဆံရေးမကောင်းသဖြင့် အနည်းငယ်ပုန်ကန်တတ်သော ကလေးတစ်ယောက် ဖြစ်ကြောင်း ယဲ့ချန်း သိလိုက်သည်။
မိဘများအပေါ် ရှောင်ယာ၏ နာကြည်းမှုကို သူ သဘောပေါက်လိုက်သဖြင့် ထိုအကြောင်းကို ဆက်မပြောတော့ပေ။
သို့သော် ထိုကောင်မလေးက သူနှင့် စကားစမြည် စတင်ပြောဆိုလာပြီး စကားပြောနေချိန်တစ်လျှောက်လုံး ရှောင်ယာ့ကို ကြည့်ရင်း ယဲ့ချန်း၏ရင်ထဲတွင် နာကျင်သွားသည်။
ဤမိန်းကလေးကို ကောင်းကောင်း ကာကွယ်ပေးပြီး သူ(မ)ကို မနာကျင်စေရဘူးဟု သူ ဆုံးဖြတ်ချက်ချလိုက်လေသည်။
••••••••••••••••••••••