← Chapters

အခန်း ၇၂၂

Vol. 49 Ch. 722

အခန်း ၇၂၂

Vol. 49 Ch. 722

အပိုင်း ၇၂၂ : ပုံရိပ်များ လုံးဝပျက်စီးသွားခြင်း

ရှောင်ယာနှင့် စကားပြောဆိုရာမှတစ်ဆင့် ယဲ့ချန်း သိလိုက်ရသည်မှာ သူ(မ) အသက်သုံးနှစ်အရွယ်တွင် မိဘများကွာရှင်းခဲ့ကြပြီး မိခင်ဖြစ်သူကသာ သူ(မ)ကို တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့ခြင်းဖြစ်၏။

ရှောင်ယာ၏ဘဝ ပိုမိုကောင်းမွန်စေရန်အတွက် မေမေရှောင်သည် ပိုက်ဆံရရန် ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ရသည်။ ဝင်ငွေများသာ တိုးလာခဲ့သော်လည်း သမီးဖြစ်သူနှင့် အတူနေသည့် အချိန်များကတော့ လျော့နည်းလာသည်။

ရှောင်ယာက တစ်နှစ်ပတ်လုံး မိခင်ဖြစ်သူနှင့် တွေ့ခွင့်ရရန် အခွင့်အရေး အလွန်နည်းပါးလှလေရာ ထိုအချက်ကပင် သူ(မ)ကို ပုန်ကန်တတ်သောစရိုက်မျိုး ရှိလာစေသည်။

ထို့နောက် သူတို့နှစ်ယောက်သား အဆင့်မြင့် စားသောက်ဆိုင်တစ်ဆိုင်သို့ ကားမောင်းသွားပြီး စားသောက်ခဲ့ကြသည်။ ယဲ့ချန်းမှာ အစက ရှောင်ယာ့ကို အိမ်ပြန်ပို့ပေးမည်ဟု ပြောခဲ့သော်လည်း ကောင်မလေးက သူ့ကို အတင်းကျေးဇူးဆပ်ချင်နေသည်။

မတတ်နိုင်သည့်အဆုံးတွင် သူလည်း သူ(မ)နှင့်အတူ ညစာစားပေးခဲ့ရသည်။ ထိုအချိန်တွင် လင်းဝမ်ယိုက သူ ဘယ်အချိန်အိမ်ပြန်လာမလဲဟု စာပို့၍ မေးထားသည်။

ယဲ့ချန်းက ရှောင်ယာ့ကို အထဲသို့ အရင်ဝင်ခိုင်းလိုက်ပြီး အပြင်ဘက်တွင် လင်းဝမ်ယိုထံသို့ ဖုန်းဆက်လိုက်သည်။ "ဝမ်ယို.. ကိုယ် ဒီည အပြင်မှာ ကိစ္စလေးရှိလို့။ ညစာစားဖို့ ကိုယ့်ကို စောင့်မနေနဲ့တော့နော်"

"ဟုတ်ကဲ့ပါ သခင်လေး"

လင်းဝမ်ယိုက လိမ္မာရေးခြားရှိစွာ ပြန်ဖြေလိုက်သည်။

ယဲ့ချန်း၏ မိန်းကလေးတစ်ယောက်အနေနှင့် ဤမျှ အရည်အချင်းပြည့်ဝသော အမျိုးသားတစ်ယောက်၏ဘေးနားတွင် မိန်းကလေးများစွာ ရှိနေမည်မှာ သေချာကြောင်း လင်းဝမ်ယို ကောင်းစွာနားလည်ထားသဖြင့် ဘာမှအပိုမပြောခဲ့ပေ။

ယဲ့ချန်း သူ(မ)ကို လိုအပ်သည့်အချိန်တိုင်း သူ(မ)က သူ့ဘေးတွင် အသင့်ရှိနေပေးတတ်သည်။

လင်းဝမ်ယိုသာမက ယဲ့ချန်းအနားရှိ အခြားမိန်းကလေးများကလည်း သည်အတိုင်းပင်ဖြစ်လေရာ ယဲ့ချန်းအတွက် အနှောင့်အယှက်ကင်းကင်းဖြင့် ဘဝကို ဖြတ်သန်းခွင့်ရသည်။

ယဲ့ချန်း ဝင်လာသည်ကို မြင်သောအခါ ရှောင်ယာက မကျေနပ်လေဟန်ဖြင့် ပြောလိုက်၏။

"အစ်ကို မိန်းမတစ်ယောက်ကို ဖုန်းဆက်နေတာလား။ ကျွန်မကွယ်ရာမှာ ဘယ်လိုတောင် လုပ်ရဲတာလဲ"

"ကလေးစုတ်လေး... ကိုယ့်ကိစ္စတွေကို ဝင်မစွက်စမ်းပါနဲ့"

ယဲ့ချန်းကလည်း ခပ်ပြတ်ပြတ် တုံ့ပြန်လိုက်သည်။

"ဘယ်သူက ကလေးလဲ။ ကျွန်မ အသက်၁၈နှစ်တောင် ပြည့်နေပြီနော်"

ရှောင်ယာကလည်း ဒေါသတကြီးဖြင့် ပြန်လည်ချေပလိုက်သည်။

"ကိုယ့်အတွက်တော့ မင်းက ကလေးစုတ်လေးပါပဲ"

ရှောင်ယာက စကားလမ်းကြောင်းပြောင်းလိုက်၏။

"အစ်ကိုယဲ့ချန်း... ခုနက ကားပြိုင်တုန်းက ကျွန်မပြောတာတွေ ကြားလိုက်လား"

"ဘာပြောလိုက်လို့လဲ"

ယဲ့ချန်းမှာ မသိချင်ယောင်ဆောင်၍ မေးလိုက်သည်။

တကယ်တော့ သူသည် ရှောင်ယာ့ကို ညီမလေးတစ်ယောက်လိုသာ အမြဲသဘောထားခဲ့ပြီး အခြား ဘာစိတ်ကူးမှမရှိပေ။

သို့သော် ဤကောင်မလေးက ခေါင်းမာလွန်းလှသဖြင့် ယဲ့ချန်းလည်း သူ(မ)ကို မနာကျင်စေချင်သောကြောင့် သူ(မ)ရှေ့တွင် မသိချင်ယောင်သာ ဆောင်နေလိုက်ရသည်။

"ကျွန်မ အစ်ကို့ကို သဘောကျတယ်လေ။ အစ်ကိုကရော ဘယ်လိုလဲ"

ရှောင်ယာက ခေါင်းငုံ့၍ ရှက်သွေးဖြာလျက် ပြောလိုက်သည်။

ယဲ့ချန်းက တုံ့ဆိုင်းမနေဘဲ ပြန်ပြောလိုက်သည်။

"ကိုယ်က မင်းအပေါ် အဲဒီလိုခံစားချက်မျိုး မရှိပါဘူး။ ကိုယ်က မင်းကို ညီမလေးတစ်ယောက်လိုပဲ မြင်တာ"

ရှောင်ယာ ဘာမှမပြောနိုင်ခင်မှာပင် သူက ဆက်ပြောလိုက်သည်။

"မင်း ကြီးပြင်းလာတဲ့အချိန်မှာ ဖခင်မေတ္တာ ငတ်မွတ်ခဲ့လို့ အခုလိုခံစားရတာပါ။ ဒါကြောင့် မင်းထက် အသက်အများကြီးကြီးတဲ့ ယောက်ျားတွေကို သဘောကျနေတာပေါ့။ ဒါတွေက စိတ်ထင်ယောင်ထင်မှား ဖြစ်တာတွေပါ"

"မဟုတ်ဘူး အစ်ကိုယဲ့ချန်း...ကျွန်မရဲ့ခံစားချက်တွေကို ကျွန်မ နားလည်ပါတယ်။ ကျွန်မ တကယ်ပဲ အစ်ကို့ကို သဘောကျပြီး အစ်ကိုနဲ့အတူတူ ရှိနေချင်တာပါ"

ရှောင်ယာက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

"ကဲပါ... ဒါတွေ ဆက်မပြောနဲ့တော့။ ညစာစားပြီးရင် မင်းကို အိမ်မြန်မြန်ပြန်ပို့ပေးမယ်။ မနက်ဖြန် မင်း အတန်းတက်ရဦးမယ်မလား"

ယဲ့ချန်း ထိုအကြောင်းအရာကို ဆက်မပြောချင်တော့ပေ။

ယခုအချိန်တွင် သူ ဘာပြောပြော အလကားဖြစ်မည်ကို သိသဖြင့် ထပ်မဆွေးနွေးတော့ရန်သာ ရွေးချယ်လိုက်သည်။

ရှောင်ယာက ထပ်ပြောချင်သေးသော်လည်း ယဲ့ချန်း၏စကားများကြောင့် သူ(မ) ဆွံ့အသွားရသည်။

ယဲ့ချန်းကို စိတ်အနှောင့်အယှက်ပေးမိလျှင် တွေ့ခွင့်လေး ဆုံးရှုံးသွားမည်ကို ကြောက်သဖြင့် သူ(မ) နာခံကျိုးနွံစွာ ဆက်စားနေလိုက်သည်။

ညစာစားပြီးနောက် ယဲ့ချန်းက ရှောင်ယာ့ကို အိမ်သို့ ကားဖြင့် ပြန်ပို့ပေးခဲ့သည်။

ဗီလာမီးများပိတ်ထားသည်ကို မြင်ရသဖြင့် အိမ်ထဲတွင် လူမရှိကြောင်း ထင်ရှားလှသည်။

"အစ်ကိုယဲ့ချန်း.. အိမ်ထဲဝင်ပြီး ရေတစ်ခွက်လောက် သောက်သွားပါဦးလား"

ရှောင်ယာက နွေးထွေးစွာ ဖိတ်ခေါ်လိုက်သည်။

"မသောက်တော့ပါဘူး။ ကျေးဇူးပဲ။ အချိန်လည်း လင့်နေပြီဆိုတော့ မင်း မြန်မြန်အနားယူလိုက်ဦး။ မနက်ဖြန်ကျောင်းသွားဖို့ စောစောထရဦးမယ်လေ"

ယဲ့ချန်းက ညင်သာစွာ ငြင်းဆိုလိုက်သည်။

ရှောင်ယာကမူ ကောက်ကျစ်လေဟန်ဖြင့် ပြုံးလိုက်သည်။

"အစ်ကိုယဲ့ချန်းက ကျွန်မ အစ်ကို့ကို စားပစ်လိုက်မှာ ကြောက်နေတာလား"

"ဟုတ်တယ်။ မင်းက ကိုယ့်ကို ကြောက်အောင်လုပ်နေတာလေ"

ယဲ့ချန်းကလည်း နောက်ပြောင်လိုက်သည်။

"ကောင်းပါပြီလေ။ ဖုန်းနဲ့ပဲ အဆက်အသွယ်လုပ်ကြတာပေါ့။ ကျွန်မ အစ်ကို့ကို သတိရနေမှာပါ"

ယဲ့ချန်းက ပြတ်ပြတ်သားသား ငြင်းဆိုနေသဖြင့် ရှောင်ယာလည်း ရွေးချယ်စရာမရှိတော့ဘဲ စိတ်ပျက်လက်ပျက်ဖြင့် အိမ်ထဲသို့ ဝင်သွားလေတော့သည်။

မိန်းကလေးတစ်ယောက်တည်း အိမ်မှာနေရသည်မှာ မလုံခြုံနိုင်ကြောင်း တွေးမိသဖြင့် တံခါးပိတ်ခါနီးတွင် ယဲ့ချန်း မှာလိုက်သည်။

"အိမ်မှာ တစ်ယောက်တည်းဆိုတော့ ဂရုစိုက်နေဦးနော်"

ယဲ့ချန်း၏ စကားများကို ကြားပြီးနောက် ရှောင်ယာလည်း တက်ကြွသွားသည်။

"အစ်ကိုယဲ့ချန်းက တကယ်တော့ ကျွန်မကို ဂရုစိုက်သားပဲ ဟုတ်တယ်မလား"

ယဲ့ချန်း : "..."

ရှောင်ယာ အိမ်ထဲဝင်သွားပြီးနောက် ဗီလာမီးများ ပွင့်လာသည်ကို ကြည့်ရင်း ထူးခြားသော အခြေအနေ မရှိကြောင်း သေချာသည်အထိ ယဲ့ချန်း အပြင်ဘက်တွင် ခဏစောင့်ကြည့်နေခဲ့သည်။

ထိုအခါမှသာ ယဲ့ချန်းလည်း ဗီလာအိမ်ရာဧရိယာထဲက ထွက်ခွာလာပြီး တက္ကစီငှား၍ ဟွားစံအိမ်သို့ ပြန်လာခဲ့သည်။

အိမ်ပြန်ရောက်သောအခါ လင်းဝမ်ယိုမှာ အိပ်ပျော်နေပြီဖြစ်၏။

တစ်နေ့လုံး ပင်ပန်းထားသဖြင့် အိပ်မောကျနေမည်ဖြစ်ကြောင်း ခန့်မှန်းမိသောကြောင့် ယဲ့ချန်းလည်း သူ(မ)ကို မနှိုးတော့ပေ။

သူ ရေချိုးပြီး ခုတင်ပေါ်လှဲ၍ သတင်းဖတ်ရင်း အိပ်ရာဝင်ခဲ့သည်။

နောက်တစ်နေ့မနက်တွင် လင်းဝမ်ယိုက စားစရာများ ပြင်ဆင်ထားပြီးဖြစ်၏။

ယဲ့ချန်းက စားသောက်ပြီးနောက် ထိုနေ့အတွက် ပါဆယ်များသွားယူရန် ပါဆယ်ပေးပို့ရေးဂိတ်သို့ ကူလီနန်ကားကို မောင်းသွားခဲ့သည်။

ပါဆယ်ပေးပို့ရေးဂိတ်တွင် ယဲ့ချန်းက သူ့ကားကို ဘေးတစ်ဖက်တွင် ရပ်ထားခဲ့ပြီး လျှပ်စစ်သုံးဘီးဆိုင်ကယ်ကို ပြောင်းစီးလိုက်သည်။

ပါဆယ်ထုတ်များအားလုံးကို သုံးဘီးဆိုင်ကယ်ပေါ် တင်ပြီး သူသွားရမည့်လမ်းကြောင်းကို အစီအစဉ်ဆွဲကာ အိမ်တစ်အိမ်မှ တစ်အိမ်သို့ သွားရာတွင် သီချင်းလေးညည်းရင်း အေးဆေးပေါ့ပါးစွာ မောင်းနှင်သွားသည်။

ပါဆယ်တစ်ခု ပို့ပြီးနောက် ယဲ့ချန်း အောက်ထပ်သို့ ဆင်းလာချိန်တွင် သူ့သုံးဘီးဆိုင်ကယ်အနီး၌ စကတ်ခပ်တိုတိုဝတ်ထားသော မိန်းမတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။

"မိန်းကလေး ကျေးဇူးပြုပြီး နည်းနည်းလောက် ဖယ်ပေးလို့ရမလား"

ယဲ့ချန်းက ယဉ်ကျေးစွာ မေးလိုက်သည်။

"အချောလေး... ရှင် ကျွန်မကို မမှတ်မိဘူးလား"

စကတ်တိုဝတ်ထားသော မိန်းမက ယဲ့ချန်းကို ဆွဲဆောင်မှုရှိသောအကြည့်ဖြင့် ကြည့်ရင်း မေးလိုက်သည်။

ယဲ့ချန်း ထိုမိန်းမ၏မျက်နှာကို ကြည့်လိုက်လေရာ သာမန်ဆယ်လီတစ်ယောက်၏ မျက်နှာပေါက်မျိုးဖြစ်ပြီး ပခုံးပေါ်တွင် လှိုင်းတွန့်ဆံပင်များကို ချထားကာ ပခုံးအဟိုက်ဇာအင်္ကျီနှင့် အပြာရင့်ရောင် ဂျင်းစကတ်တိုကို ဝတ်ဆင်ထားကြောင်း တွေ့လိုက်ရသည်။

"ကျွန်တော် ခင်ဗျားကို မမှတ်မိပါဘူး"

ယဲ့ချန်းက သုံးဘီးဆိုင်ကယ်ပေါ် တက်ထိုင်ရင်း ထိုမိန်းမကို နောက်တစ်ခေါက် ထပ်မကြည့်တော့ဘဲ ပြောလိုက်သည်။

သူ(မ)ကမူ သူ့အပေါ် ပြင်းထန်လှသော အထင်အမြင်တစ်ခု ချန်ထားနိုင်ခဲ့ပြီဟု ထင်ထားသော်လည်း တစ်ဖက်လူက သူ(မ)ကို မမှတ်မိကြောင်း သိလိုက်ရသောအခါ ယဲ့ချန်း၏စကားများကြောင့် ထိုမိန်းမမှာ စိတ်ဓာတ်ကျသွားလေသည်။

သို့သော်လည်း ဤလူချောလေးမှာ အလွန်ဆွဲဆောင်မှုရှိပြီး အလှအပနောက်သို့ မပါသွားကြောင်း သိရသဖြင့် ရင်ထဲတွင် စိတ်လှုပ်ရှားမှုကိုလည်း ခံစားလိုက်ရသည်။

သာမန်ယောက်ျားများဆိုလျှင် မရင်းနှီးလျှင်ပင် စကတ်တိုဝတ်ထားသော မိန်းမတစ်ယောက်က ဤကဲ့သို့ ချဉ်းကပ်လာသည့်အခါ သိသလိုလို ဟန်ဆောင်တတ်ကြသည်။

သို့သော် ယဲ့ချန်းကမူ သူ(မ)ကို ဒုတိယအကြိမ် ပြန်မကြည့်ခဲ့ချေ။ ဤသည်မှာ သူသည် ဖြောင့်မတ်မှန်ကန်သော လူချောတစ်ယောက်ဖြစ်ကြောင်း ဖော်ပြနေသည်။

ထိုမိန်းမသည် ထိုသို့စိတ်ကူးယဉ်ရင်း ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေစဉ် ယဲ့ချန်း ထွက်သွားတော့မည်ကို မြင်လိုက်ရသဖြင့် သူ့ကို အလျင်အမြန် ပိတ်ရပ်လိုက်သည်။

"အချောလေး မသွားပါနဲ့ဦး။ ကျွန်မ ရှင့်ကို သဘောကျတယ်။ ကျွန်မနှလုံးသားက ရှင့်တစ်ယောက်တည်းအတွက်ပါပဲ"

"ခင်ဗျား ရူးနေလား။ ကျွန်တော် ခင်ဗျားကိုမှ မသိတာ"

ယဲ့ချန်းကမူ ပျော်ရွှင်ခြင်းအလျဉ်းမရှိပါဘဲ ပြန်လည်ချေပလိုက်သည်။

စကတ်တိုဝတ်ထားသော မိန်းမမှာ ဒေါသမထွက်သည့်အပြင် ယနေ့ ဘာဖြစ်ဖြစ် ယဲ့ချန်းကို အပိုင်ရအောင် သိမ်းပိုက်မည်ဟု ဆုံးဖြတ်ထားသည်။

သူ(မ)က ခေါင်းငုံ့၍ ရှက်သွေးဖြာဟန်ဖြင့် ပြောလိုက်သည်။

"ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် မသိကြသေးလည်း ကိစ္စမရှိပါဘူး။ ရင်းနှီးသွားအောင် တစ်နေရာရာကို သွားလို့ရတာပဲလေ"

"မိန်းကလေး...ကျွန်တော့်မှာ ခင်ဗျားနဲ့ ကစားနေဖို့ အချိန်မရှိဘူး။ အလုပ်တွေရှိသေးတယ်"

ယဲ့ချန်းက မတတ်နိုင်လေဟန်ဖြင့် ပြောလိုက်သည်။

သူ စကားပြောပြီးသည်နှင့် သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော လူရွယ်တစ်ယောက်က အဝေးက ပြေးလာရင်း စိတ်လှုပ်ရှားစွာ အော်ခေါ်လိုက်သည်။

"ယွီယွီ... မင်းကိုတွေ့ပြီ"

ထိုလူကို မြင်သောအခါ စကတ်တိုဝတ်ထားသော မိန်းမ၏ မျက်နှာမှာ မကျေမနပ်ဖြစ်သွားလေသည်။

"ရှင် လူမှားနေပြီထင်တယ်။ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက်သိတယ်လို့ မထင်ပါဘူး"

သူ(မ)က ထိုလူ၏မျက်လုံးကိုပင် တည့်တည့်မကြည့်ပါချေ။ သူ(မ)၏မျက်နှာပေါ်တွင် စိတ်ရှုပ်နေသည့် အမူအရာက အထင်းသားပေါ်လွင်နေသည်။

"ယွီယွီ.. မင်း ဘယ်လိုပြောလိုက်တာလဲ။ ကိုယ် မင်းအတွက် ပစ္စည်းတွေအများကြီး ဝယ်ပေးခဲ့တာကို။ အခုကျတော့ ကိုယ့်ကို မသိဘူးလို့ ပြောရက်တယ်ပေါ့။ အကန့်အသတ်နဲ့ထုတ်ထားတဲ့အိတ်ကို ဝယ်ပေးပြီးရင် ကိုယ့်ကို ဆက်သွယ်မယ်ဆိုပြီး ပြောခဲ့တယ်မလား။ အခုကျတော့ မင်းက ကိုယ့်ကို လျစ်လျူရှုထားတယ်"

ထိုလူငယ်က နာကြည်းစွာ ပြောလိုက်သည်။

ထိုလူ၏ စကားများကို ကြားသောအခါ စကတ်တိုဝတ်ထားသည့် မိန်းမမှာ ရင်ထိတ်သွားပြီး ယဲ့ချန်း၏အမြင်တွင် သူ(မ)၏ပုံရိပ်များ လုံးဝ ပျက်စီးသွားပြီဖြစ်ကြောင်း သိလိုက်လေသည်။

•••••••••••••••••••••

All Chapters