အခန်း ၇၂၃
Vol. 49 Ch. 723
အပိုင်း ၇၂၃ : အလိမ်မခံရအောင် သတိထားပါ
ထိုလူငယ်ပြောလိုက်သည့် စကားများကို ကြားသောအခါ စကတ်တိုဝတ်ထားသော မိန်းမမှာ ယခင်က အင်တာနက်ဆယ်လီရုပ်ပေါက်နေသည့် မိန်းမဖြစ်ကြောင်း ယဲ့ချန်း ရုတ်တရက်သတိရသွားသည်။
သူလည်း ထိုလူငယ်ကို သနားကရုဏာသက်စွာ ကြည့်လိုက်သည်။ ဤလူမှာ တကယ် သနားစရာကောင်းလှသည်။ အင်တာနက်ဆယ်လီမလေးက သူ့ကို ရေရှည်ထမင်းစားလက်မှတ်တစ်ခုလို သဘောထားနေသည်မှာ ထင်ရှားလှသည်။
ဆယ်လီမလေးက ထိုလူငယ်ကို တကယ်တမ်းတော့ ဂရုမစိုက်ပေ။ ထိုလူငယ်၏ ခံစားချက်များအတွက် နှမြောစရာပင်။
"လူကြီးမင်း... ဆောရီးပဲ။ ကျွန်မ သဘောကျတဲ့လူက ဒီလူကြီးမင်းပါ"
ဆယ်လီမလေးက ထိုသို့ပြောရင်း ယဲ့ချန်းအနားသို့ လျှောက်သွားကာ ခြေဖျားထောက်ပြီး သူ့ကို နမ်းရန် ကြိုးစားလိုက်သည်။
လူငယ်မှာမူ မယုံနိုင်ဟန်ဖြင့် ကြည့်နေခဲ့သည်။
သူသည် ဤမိန်းမအတွက် ပိုက်ဆံအများကြီး အကုန်အကျခံခဲ့သော်လည်း သူ(မ)ကတော့ သူ့ကို လက်ကိုင်ခွင့်လေးပင် မပေးပေ။
ယဲ့ချန်းနှင့်ယှဉ်လျှင် သူက အဆင့်အတန်း အများကြီးပိုမြင့်သော်လည်း ဤမိန်းမက ပါဆယ်ပို့သမားတစ်ယောက်ကို အရင်စနမ်းဖို့ ကြိုးစားနေလေသည်။
"ယွီယွီ... မင်း ဘာတွေပြောနေတာလဲ။ မင်း ငါ့ကို ချစ်တယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား"
ထိုလူငယ်၏ မျက်နှာပေါ်တွင် နာကျင်နေဟန် အမူအရာများ ပေါ်လာသည်။
ယဲ့ချန်းလည်း ခေါင်းခါယမ်းလိုက်မိသည်။ ဤသည်မှာ အချစ်ကြီးသည့် ယောက်ျားတစ်ယောက်နှင့် နှလုံးသားမရှိသည့် မိန်းမတစ်ယောက်တို့၏ ဇာတ်လမ်းတစ်ပုဒ်ပဲဟု တွေးလိုက်မိသည်။
သို့သော် သူကတောါ ဤကိစ္စကို နည်းနည်းမှ စိတ်မဝင်စားဘဲ ပါဆယ်ဆက်ပို့ရန်အတွက် မြန်မြန်ထွက်သွားချင်နေချေသည်။
ဆယ်လီမလေးက ထိုလူငယ် သူ(မ)၏အစီအစဉ်များ ဖျက်ဆီးမည်ကို မလိုလားသဖြင့် သူ့အနားသို့ လျှောက်သွားပြီး စကားတစ်ခွန်းပြောရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်လေးအတွင်းမှာပင် ယဲ့ချန်းက အခွင့်အရေးယူ၍ သူ့သုံးဘီးဆိုင်ကယ်ကို မောင်းလျက် ထွက်ပြေးသွားသည်ကို တွေ့လိုက်ရသည်။
ဤလူချောလေးက သူ(မ)၏လက်ထဲမှ နောက်တစ်ကြိမ် လွတ်ထွက်သွားသည်ကို မြင်လိုက်ရသောအခါ ဆယ်လီမလေးလည်း အော်ဟစ်လိုက်၏။
"အချောလေး... ကျွန်မကိုစောင့်ပါဦး။ ရှင်က ကျွန်မအပိုင်နော်"
ထိုသို့ပြောရင်း သူ(မ)၏ပုံရိပ်ကိုပင် ဂရုမစိုက်တော့ဘဲ ယဲ့ချန်း၏ သုံးဘီးဆိုင်ကယ်နောက်သို့ ဒေါက်မြင့်ဖိနပ်ဖြင့် ပြေးလိုက်သွားလေတော့သည်။
"အချောလေး... ကျွန်မနှလုံးသားက ရှင့်အတွက်ပါ။ ကျွန်မခန္ဓာကိုယ်ကလည်း ရှင့်အတွက်ပါပဲ"
"အချောလေး မသွားပါနဲ့... ကျွန်မကို ထားမသွားပါနဲ့"
ပြေးလိုက်ရသဖြင့် လေတိုက်ကာ သူ(မ)၏ဆံပင်များ ဖရိုဖရဲဖြစ်သွားပြီး ဒေါက်မြင့်ဖိနပ်တစ်ဖက်လည်း ကျွတ်ထွက်သွားကာ အဆိုးရွားဆုံးပုံစံပေါက်သွားလေတော့သည်။
သူ(မ) မည်မျှပင် ပြေးလိုက်စေကာမူ သုံးဘီးဆိုင်ကယ်မှာ သူ(မ)နှင့် တဖြည်းဖြည်း ပိုဝေးသွားသည်။
သူ(မ)မှာ ပြေးစရာခွန်အားမရှိတော့ကြောင်း သိလိုက်သဖြင့် လမ်းဘေးတွင်ထိုင်ချ၍ အသံထွက် ငိုကြွေးလေရာ သူ(မ)၏ မိတ်ကပ်များလည်း မျက်ရည်များကြောင့် ပျက်စီးသွားသည်။
လမ်းဘေးက ဖြတ်သွားဖြတ်လာများလည်း ဤမြင်ကွင်းကို မြင်သောအခါ လန့်ဖျပ်သွားပြီး သူ(မ)နှင့် ခပ်ခွာခွာနေကြလေသည်။
ထိုလူငယ်ကမူ သူချစ်ရသောယွီယွီက သုံးဘီးဆိုင်ကယ်နောက်သို့ အရူးအမူးလိုက်သွားသည့် မြင်ကွင်းကို မြင်သောအခါ နှလုံးသားတစ်ခုလုံး ကွဲအက်သွားသည်။
သူလည်း ကိုင်ထားသော နှင်းဆီပန်းစည်းကို အမှိုက်ပုံးထဲသို့ ဒေါသတကြီး လွှင့်ပစ်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားလေသည်။
ယဲ့ချန်းကတော့ သီချင်းလေးညည်း၍ သုံးဘီးဆိုင်ကယ်ကို လမ်းမပေါ်တွင် အေးအေးဆေးဆေး မောင်းနှင်ရင်း လမ်းသွယ်များကို ဖြတ်သန်းသွားသည်။
ပါဆယ်တစ်ခုပို့ပြီးနောက် ယဲ့ချန်း၏ဖုန်း မြည်လာခဲ့သည်။
နံပါတ်စိမ်းဖြစ်နေသဖြင့် ယဲ့ချန်း လျစ်လျူရှုထားလိုက်သော်လည်း နောက်ထပ်အကြိမ်အနည်းငယ် ဆက်တိုက်မြည်လာသောအခါ ဖုန်းကိုင်လိုက်သည်။
ဖုန်းထဲမှ အမျိုးသားတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။
"အစ်ကိုချန်း နောက်ဆုံးတော့ ဖုန်းကိုင်ပြီပဲ"
အသံကိုမှတ်မိသွားသဖြင့် ယဲ့ချန်းလည်း သူ့လို ပါဆယ်ပို့နေသည့် သူငယ်ချင်းကောင်း ရှောင်ဖန် ခေါ်ခြင်းဖြစ်ကြောင်း သိလိုက်သည်။
"ရှောင်ဖန်... ဘာကိစ္စရှိလို့လဲ"
ယဲ့ချန်းက မေးလိုက်သည်။
"အစ်ကိုယဲ့... ကျွန်တော် နေ့လယ်စာစားတာများ တစ်ခုခုမှားသွားလားမသိဘူး။ ဝမ်းသွားနေလို့ အိမ်သာထဲကကို မထွက်နိုင်တော့ဘူး။ ကျွန်တော့်အစား ပါဆယ်လေး ကူပို့ပေးလို့ရမလား"
ရှောင်ဖန်က အားတုံ့အားနာဖြင့် ပြောလိုက်သည်။
"ရတာပေါ့။ မင်းလိပ်စာ ပေးလေ။ အခုချက်ချင်း လာခဲ့မယ်"
ယဲ့ချန်းလည်း ရှောင်ဖန်ပို့ပေးသော လိပ်စာအတိုင်း သူ့ကို သွားတွေ့လိုက်သည်။
ထိုအချိန်တွင် ရှောင်ဖန်မှာ ချွေးသီးချွေးပေါက်များ ကျနေပြီး ယဲ့ချန်းကို မြင်သောအခါ ရယ်လိုက်သည်။
"အစ်ကိုချန်း... ကျေးဇူးအများကြီးတင်ပါတယ်။ ဒီဟာတွေအတွက် အစ်ကို့ကို ဒုက္ခပေးရတော့မယ်"
"အစပ်မစားနိုင်မှန်းသိရက်နဲ့ မစားဘဲမနေဘူးနော်"
ယဲ့ချန်းခမျာ ကူကယ်ရာမဲ့ဟန်ဖြင့် ပြောလိုက်သည်။
ရှောင်ဖန်က အစပ်ကို အကြိုက်ဆုံးဖြစ်သော်လည်း စားလိုက်တိုင်း ဝမ်းသွားတတ်မှန်း သူ သိထားသည်။
"အစ်ကိုချန်းလည်း သိသားပဲ။ ကျွန်တော်က အစပ်မပါရင် မစားတတ်တဲ့လူလေ..."
ရှောင်ဖန်က ခေါင်းတကုတ်ကုတ်ဖြင့် ပြောလိုက်၏။
စကားမဆုံးခင်မှာပင် ရှောင်ဖန်၏ မျက်နှာက နာကျင်နေသည့် အမူအရာဖြစ်သွားပြီး အိမ်သာသို့ အပြေးအလွှားသွားလေတော့သည်။
"အစ်ကိုချန်း... အစ်ကို့ကိုပဲ အားကိုးလိုက်တော့မယ်နော်"
ရှောင်ဖန်က ပြေးရင်း ပြောသွားလေသည်။
ယဲ့ချန်း ခေါင်းခါယမ်းလိုက်သည်။ ရှောင်ဖန်မှာ အစားမက်သောကြောင့် အမြဲတမ်း ဒုက္ခရောက်ရသည်။
သူလည်း ရှောင်ဖန်ပို့ရမည့် ပါဆယ်များကို သူ့သုံးဘီးဆိုင်ကယ်ပေါ်သို့ တင်ပြီးနောက် သူကိုယ်တိုင်လည်း အနည်းငယ်ဗိုက်ဆာလာသဖြင့် စားသောက်ရန်အတွက် အနီးအနားရှိ စားသောက်ဆိုင်တစ်ဆိုင်သို့ ဝင်လိုက်သည်။
တံခါးဝရှိ စားပွဲထိုးကောင်မလေးက ယဲ့ချန်းကို ပါဆယ်ပို့သမားယူနီဖောင်းဖြင့် မြင်သောအခါ လျစ်လျူရှုထားလိုက်သည်။
ယဲ့ချန်းက နေရာတစ်နေရာကို ရွေးထိုင်ပြီး မီနူးကို ကြည့်၍ စားပွဲထိုးမလေးကို ခေါ်လိုက်၏။
"ဒီမှာ ဘာဟင်းတွေ နာမည်ကြီးလဲဆိုတာလေး ပြောပြပေးလို့ရမလား"
စားပွဲထိုးမလေးက ယဲ့ချန်းကိုမကြည့်ပါဘဲ မကျေမနပ်မျက်နှာထားဖြင့် ပြောလိုက်သည်။
"ဒီမှာ မီနူးရှိတယ်လေ။ မျက်စိမပါဘူးလား။ ကိုယ့်ဟာကိုယ်ကြည့်ပါလား"
ယဲ့ချန်း ပြန်မဖြေရသေးခင်မှာပင် စားပွဲထိုးမလေးက လှည့်ထွက်သွားသည်။
ယဲ့ချန်းက ဒါ ဘယ်လိုအချိုးမျိုးလဲဟု စိတ်ထဲက တွေးလိုက်သော်လည်း ဤသို့သော လူစားမျိုးများနှင့် စကားမများချင်ပေ။
သူက မီနူးကိုကြည့်ရင်း အချိန်အတော်ကြာအောင် စောင့်နေခဲ့သော်လည်း မည်သူမှ ရောက်မလာခဲ့ပေ။
ထိုအချိန် ကျစ်ဆံမြီးနှစ်ဖက်ကျစ်ထားသော ချစ်စရာကောင်မလေးတစ်ယောက်က သူ့အနားသို့ လျှောက်လာသည်။
ထိုကောင်မလေးက ပြုံးလျက် ပြောလေသည်။
"လူကြီးမင်း...မှာတော့မလားရှင့်"
ယဲ့ချန်းကလည်း ထိုကောင်မလေးကိုကြည့်ပြီး ဘာမှမပြောသေးပေ။ သူ(မ)က အထင်အမြင်သေးတတ်သည့် အခြားစားပွဲထိုးများနှင့် မတူကြောင်း သတိထားမိလိုက်သည်။
ထိုကောင်မလေးမှာ ယဲ့ချန်း၏ အကြည့်ကြောင့် အနည်းငယ်ရှက်သွားပြီး မဝံ့မရဲဖြင့် မေးလိုက်လေသည်။
"လူကြီးမင်း... တစ်ခုခုအဆင်မပြေလို့လား။ ဘာလို့ ကျွန်မကို အဲဒီလိုကြည့်နေတာလဲရှင့်"
ယဲ့ချန်းလည်း မိန်းကလေးတစ်ယောက်ကို စိုက်ကြည့်နေခြင်းမှာ အနည်းငယ်ရိုင်းပြသည်ဟု ခံစားမိသွားပြီး ခေါင်းတကုတ်ကုတ်ဖြင့် ပြောလိုက်၏။
"ဘာမှမဖြစ်ပါဘူး။ ဒီဆိုင်က နာမည်ကြီးဟင်းလျာလေးတွေ မိတ်ဆက်ပေးလို့ ရမလား"
ထိုကောင်မလေးက မီနူးကို လက်ညှိုးထိုးပြပြီး ပြုံးလိုက်၏။
"ဒီအသားကြွပ်ကြော်က ကျွန်မတို့ဆိုင်ရဲ့ အထူးဟင်းလျာပါ။ ပြီးတော့ ဒါရယ် ဒါရယ်..."
ထို့နောက် ကောင်မလေးက ပြော၏။
"လူကြီးမင်း တစ်ယောက်တည်းအတွက်ဆိုရင် အသားဟင်းတစ်ခွက်နဲ့ အရွက်ဟင်းတစ်ခွက်ဆိုရင် လောက်ပြီထင်ပါတယ်"
ယဲ့ချန်းမှာ ကောင်မလေး၏ အကြံပြုချက်အတိုင်း အသားဟင်းတစ်ခွက်၊ အရွက်ဟင်းတစ်ခွက်နှင့် ထမင်းတစ်ပွဲ မှာလိုက်သည်။
ထိုကောင်မလေးက တစ်လျှောက်လုံး အလွန်ကောင်းမွန်သော သဘောထားဖြင့် ဝန်ဆောင်မှု ပေးခဲ့သည်။
စားသောက်ပြီးနောက် ယဲ့ချန်းလည်း ကောင်မလေးကို ပြုံးလျက် မေးလိုက်လေသည်။
"မင်းက ငယ်ငယ်လေးပဲ ရှိသေးတယ်။ ဒီမှာ ဘာလို့ စားပွဲထိုးလာလုပ်နေရတာလဲ"
"ကျွန်မက တက္ကသိုလ်ပထမနှစ်ကျောင်းသူပါ။ အိမ်ကလည်း အခြေအနေ သိပ်မကောင်းတော့ ကျောင်းလခရအောင် အလုပ်လုပ်နေတာပါ"
ကောင်မလေးက ရိုးရိုးရှင်းရှင်းပင် ရှင်းပြလိုက်သည်။
"ဒီမှာ မင်းရဲ့လစာက ဘယ်လောက်ရလဲ"
"တစ်လကို ယွမ်နှစ်ထောင် ရပါတယ်"
"ဪ... မင်းနာမည် ဘယ်လိုခေါ်လဲ"
ယဲ့ချန်းက ပြုံးလျက် မေးလိုက်ပြန်သည်။
ကောင်မလေးကလည်း ခဏတာ တွေဝေသွားပြီးနောက် ပြောလိုက်၏။
"လူကြီးမင်း ကျွန်မကို ယင်းရွှယ်လို့ ခေါ်လို့ရပါတယ်"
"နာမည်လေးက လှလိုက်တာ"
ယဲ့ချန်းက ချီးကျူးလိုက်သည်။
ထို့နောက် သူက ကောင်မလေးကို လိပ်စာကတ်တစ်ခု ကမ်းပေးလိုက်၏။
"ဒီကတ်ထဲက လူကို ဆက်သွယ်လိုက်ပါ။ ကိုယ်က ဆက်ခိုင်းတယ်လို့ သူ့ကိုပြောလိုက်ရင် သူ ဘာသဘောလဲဆိုတာ နားလည်ပါလိမ့်မယ်"
ထိုကောင်မလေးက ယဲ့ချန်းထံမှ ကတ်ကို မဝံ့မရဲ လှမ်းယူပြီးနောက် ထွက်သွားချေသည်။
ဤလူက သူ(မ)ကို ကတ်ပေးခြင်းမှာ ဘာသဘောလဲဆိုသည်ကို သေချာမသိသော်လည်း ငြင်းလိုက်မည်ဆိုလျှင် ရိုင်းရာကျမည်ဟု ခံစားမိသည်။
"လူကြီးမင်း ကောင်းကောင်းပြန်ပါရှင့်။ နောက်လည်း ထပ်လာဖို့ ကြိုဆိုပါတယ်"
ထိုကောင်မလေးက ယဉ်ကျေးစွာ ပြောလိုက်သည်။
ယဲ့ချန်း ထွက်သွားပြီးနောက် ကောင်မလေးက စားပွဲကိုရှင်းလင်း၍ ကောင်တာဆီသို့ သွားလိုက်သည်။
အစောပိုင်းတုန်းက စားပွဲထိုးမလေးမှာ ယင်းရွှယ်၏လက်ထဲရှိ ကတ်ကို မြင်သောအခါ ပြောလိုက်လေသည်။
"ရှောင်ရွှယ်.. လူဆိုးတွေအများကြီး ရှိတယ်နော်။ နင်က ငယ်ငယ်လေးပဲ ရှိသေးတာ။ အလိမ်မခံရစေနဲ့နော်"
သူ(မ)က ယဲ့ချန်းနှင့် ထိုကောင်မလေး စကားပြောနေသည်ကို အစောပိုင်းက မြင်လိုက်သည်။
"ကျေးဇူးပါ အစ်မကျိုး"
ကောင်မလေး၏ လက်ထဲရှိ ကတ်ကို မြင်သောအခါ ထိုစားပွဲထိုးမက မဲ့ပြုံးပြုံးလျက် ပြောလိုက်၏။
"ပါဆယ်ပို့သမားတစ်ယောက်က အဲဒီလိုလူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။ လူလိမ်တွေက အမြဲတမ်း လှည့်ကွက်အသစ်တွေ ထုတ်သုံးနေကြတာ"
အစ်မကျိုးလည်း ကတ်ပေါ်တွင် ရိုက်နှိပ်ထားသော စာသားများကို ကြည့်လိုက်သောအခါ သူ(မ)၏ မျက်နှာထက်တွင် မယုံကြည်နိုင်သည့် အမူအရာများ ပေါ်လာလေသည်။
စောစောက ပါဆယ်ပို့သမားလေးက ဤမျှအဆင့်ရှိသော လူတစ်ယောက်ကို သိနေလိမ့်မည်ဟု သူ(မ) လုံးဝမယုံကြည်နိုင်ပေ။
••••••••••••••••••••••••