← Chapters

အခန်း ၇၂၄

Vol. 49 Ch. 724

အခန်း ၇၂၄

Vol. 49 Ch. 724

အပိုင်း ၇၂၄ : ခင်ဗျားတို့ကို ဒီမှာမကြိုဆိုပါဘူး

အစ်မကျိုး၏ စကားများကိုကြားပြီးနောက် ယင်းရွှယ်မှာ အနည်းငယ် သံသယဝင်သွားသော်လည်း လိပ်စာကတ်ကို သူ(မ)၏ အိတ်ကပ်ထဲသို့ ထည့်ထားလိုက်သည်။

ယဲ့ချန်းက စားသောက်ဆိုင်မှ ထွက်လာပြီးနောက် သူ့လျှပ်စစ်သုံးဘီးဆိုင်ကယ်ဖြင့် ပါဆယ်များကို စတင်ပေးပို့လေသည်။

သူသည် ရှောင်ဖန်၏ ပါဆယ်ကို အရင်ပို့ပေးရန် ဆုံးဖြတ်လိုက်ပြီး စိတ်ထဲမှ အစီအစဉ်တစ်ခုဖြင့် လမ်းကြောင်းကို ကြိုတင်တွေးဆလိုက်သည်။

ခဏမျှမောင်းနှင်ပြီးနောက် ယဲ့ချန်း ဟိုတယ်တစ်ခုသို့ ရောက်လာခဲ့သည်။ ပါဆယ်ပေါ်ရှိ ပေးပို့ရမည့် လိပ်စာမှာ မယ်ရီယော့ဟိုတယ် ဖြစ်နေသည်။

ပါဆယ်ပေါ်ရှိ ဖုန်းနံပါတ်ကို နှိပ်ပြီး ခေါ်ဆိုလိုက်လေရာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။

"ဟယ်လို... ဘယ်သူပါလဲ"

"ကျွန်တော် ပါဆယ်ပို့သမားပါ။ ခင်ဗျားရဲ့ပါဆယ်ကို လာပို့မှာမို့ အခု အထဲဝင်လာခဲ့ပါမယ်"

ယဲ့ချန်းက ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ... ကျေးဇူးတင်ပါတယ်"

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားက ပြန်ဖြေလေသည်။

ယဲ့ချန်းမှာ ပါဆယ်ထုပ်ကိုယူ၍ အထဲသို့ လျှောက်ဝင်သွားသော်လည်း ဝင်ပေါက်ရှိ လုံခြုံရေးဝန်ထမ်းက သူ့ကို တားဆီးလိုက်သည်။

"လူကြီးမင်း... ဒီကို လာစားတာလား"

"မဟုတ်ပါဘူး။ ကျွန်တော် ပါဆယ်လာပို့တာပါ"

ယဲ့ချန်းက ပြန်ဖြေလိုက်သည်။

​"တောင်းပန်ပါတယ်။ ခင်ဗျား အထဲဝင်လို့မရပါဘူး"

လုံခြုံရေးဝန်ထမ်းက ချက်ချင်းပင် ပြောလိုက်သည်။

ယဲ့ချန်းကလည်း ပြန်ပြောလိုက်၏။

"ဒါဆို ဒီပါဆယ်ကို ဘယ်လိုလုပ်ရမလဲ"

"ဧည့်သည်ကို အပြင်ထွက်ပြီး လာယူခိုင်းလိုက်လို့ ရပါတယ်"

"ပါဆယ်ပို့သမားတွေ အထဲမဝင်ရဘူးလို့ ဘယ်သူက စည်းကမ်းထုတ်ထားတာလဲ"

ယဲ့ချန်းက မကျေမနပ်မျက်နှာထားဖြင့် မေးလိုက်သည်။

"ဟိုတယ်မှာလာစားတဲ့ ဧည့်သည်တွေက အဆင့်အတန်းရှိတဲ့လူတွေမို့လို့ ခင်ဗျားကြောင့် သူတို့ အစားအသောက်ပျက်သွားမှာစိုးလို့ပါ"

လုံခြုံရေးဝန်ထမ်းက ရှင်းပြလေသည်။

ဟိုတယ်ရှိ မန်နေဂျာလျိုသည် ဝင်ပေါက်၌ လုံခြုံရေးဝန်ထမ်းနှင့် ပါဆယ်ပို့သမားတစ်ယောက် စကားများနေသည်ကို မြင်သဖြင့် အလျင်အမြန် လျှောက်လာလေသည်။

"ဒီမှာ ဘာတွေဖြစ်နေတာလဲ"

"ဒီပါဆယ်ပို့သမားက ပါဆယ်ပို့ဖို့ အထဲဝင်ချင်နေတာပါ။ ဧည့်သည်တွေကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ ကျွန်တော် တားထားတာပါ"

လုံခြုံရေးဝန်ထမ်းက အမှန်အတိုင်း ရှင်းပြလိုက်သည်။

မန်နေဂျာလျိုမှာ လူသစ်ဖြစ်သဖြင့် ယဲ့ချန်းကို မသိပေ။

သူက အရှေ့ရှိ ပါဆယ်ပို့သမားကို အထင်အမြင်သေးသည့် အမူအရာဖြင့် ကြည့်လိုက်သည်။

"လူကြီးမင်း... ကျေးဇူးပြုပြီး ဧည့်သည်ကို ဖုန်းဆက်ပြီး အပြင်ထွက်ယူခိုင်းလိုက်ပါ။ ခင်ဗျား တကယ် အထဲဝင်လို့မရပါဘူး"

ထိုလူလတ်ပိုင်းအရွယ်အမျိုးသားကလည်း ဝင်ပေါက်နားရှိ အခြေအနေကို မြင်သွားပြီး အမြန်လျှောက်လာလေသည်။

"ခုနက ကျွန်တော့်ဆီဖုန်းဆက်တဲ့ ပါဆယ်ပို့သမားလေးမလား။ ကျေးဇူးတင်ပါတယ်"

ထိုအမျိုးသားက ပြုံးတုံ့တုံ့ဖြင့်ပြောရင်း ပါဆယ်ထုပ်ကို လှမ်းယူရန် လက်ဆန့်လိုက်သည်။

ယဲ့ချန်းက ထိုအမျိုးသားကို အကဲခတ်ကြည့်လိုက်လေရာ စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး ရိုးသားဖြောင့်မတ်သောပုံစံရှိကာ ဖိနပ်တွင်လည်း အပေါက်တစ်ပေါက် ပါနေသည်ကို တွေ့လိုက်ရ၏။

မန်နေဂျာလျိုက ဤလူကို အထင်သေးလေဟန်ဖြင့် ကြည့်လိုက်သည်။

"လုံခြုံရေး... သူ အခုထိ ဘာလို့ထွက်မသွားသေးတာလဲ"

"ကျွန်တော် သူ့ကို ထွက်သွားဖို့ ပြောပြီးပါပြီ။ ဒါပေမဲ့ ဒီလူကြီးမင်းက မသွားဘူးလို့ငြင်းနေတာ"

လုံခြုံရေးဝန်ထမ်းက အခက်တွေ့နေဟန် မျက်နှာထားဖြင့် ပြောလိုက်သည်။

"လူကြီးမင်း... ကျွန်တော်တို့ဟိုတယ်က အစားအသောက်စရိတ် အရမ်းကြီးပါတယ်။ ကျွန်တော်က လူကြီးမင်းအတွက် တွေးပေးလို့ ပြောတာပါ"

မန်နေဂျာလျိုက ပါးနပ်စွာ ပြောဆိုလိုက်သည်။

သူ့စိတ်ထဲတွင် ထိုအမျိုးသားကို မနှစ်မြို့သော်လည်း အပြောအဆိုကိုတော့ နားဝင်ချိုအောင် ပြောလိုက်သည်။

"မန်နေဂျာ... စိတ်မပူပါနဲ့။ ကျွန်တော် အစားအသောက်ဖိုး ပေးနိုင်ပါတယ်"

ထိုအမျိုးသားက ညင်သာစွာ ပြောလိုက်သည်။

ထိုအမျိုးသား၏ ဝတ်စားဆင်ယင်ပုံကို ကြည့်ခြင်းဖြင့် သူသည် ချမ်းသာသူတစ်ဦး မဟုတ်ကြောင်း ယဲ့ချန်း သိလိုက်သည်။

"အဓိကကတော့ လူကြီးမင်းရှိနေရင် တခြားဧည့်သည်တွေကို ထိခိုက်နိုင်လို့ပါ။ ကျွန်တော်တို့အနေနဲ့ ဧည့်သည်တွေဘက်က ကြည့်ပေးရတယ်လေ။ ဟုတ်တယ်မလား"

မန်နေဂျာလျိုက ထိုအမျိုးသားကို မောင်းမထုတ်ဘဲ ညင်သာစွာ စည်းရုံးရန် ကြိုးစားနေလေသည်။

ထိုအချိန်တွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် လျှောက်လာသည်။ အမျိုးသားက စတိုင်ကျကျဝတ်စုံကို ဝတ်ဆင်ထားပြီး ကတုံးတုံးထားကာ အမျိုးသမီးကမူ ဆွဲဆောင်မှုရှိပြီး အဝတ်အစားကို ဟော့ဟော့ရမ်းရမ်း ဝတ်ဆင်ထားသည်။

ကတုံးအမျိုးသားနှင့် ထိုအမျိုးသမီးတို့ အထဲဝင်လာစဉ် စုတ်ချာချာလူလတ်ပိုင်းအမျိုးသားနှင့် ပါဆယ်ပို့သမား ယူနီဖောင်းဝတ်ထားသည့် ကောင်လေးတို့ကို မြင်သောအခါ သူတို့၏မျက်နှာထက်တွင် အထင်အမြင်သေးသည့် အမူအရာများ ပေါ်လာလေသည်။

"ဥက္ကဋ္ဌကျန်း... လူကြီးမင်းတို့အတွက် စားပွဲ အဆင်သင့်ဖြစ်ပါပြီ။ စားပွဲထိုးက လိုက်ပို့ပေးပါလိမ့်မယ်"

မန်နေဂျာလျိုက ရိုသေစွာ ပြောလိုက်သည်။

"ယောက်ျား... ယောက်ျားပြောတော့ ဒါက အဆင့်မြင့်ဟိုတယ်ဆို။ အခုကျတော့ ဘယ်ကမှန်းမသိတဲ့ လမ်းဘေးကလူတွေက ဘယ်လိုဖြစ်ပြီး ဝင်လာနိုင်တာလဲ"

အမျိုးသမီးက ရွဲ့စောင်း၍ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ကတုံးအမျိုးသားက မကျေမနပ်ဖြစ်သွားပြီး မန်နေဂျာလျိုကို ကြည့်လိုက်၏။

"မန်နေဂျာလျို... ခင်ဗျားတို့ဟိုတယ်ရဲ့ အဆင့်အတန်းက ဘယ်လိုဖြစ်ပြီး ဘယ်ကမှန်းမသိတဲ့ လူတွေအကုန် ဝင်ချင်တိုင်းဝင်နေရတာလဲ"

"ဒါက လုံးဝအထင်လွဲတာပါ"

မန်နေဂျာလျိုက နေရခက်လေဟန် မျက်နှာထားဖြင့် ပြောရှာသည်။

ဥက္ကဋ္ဌကျန်းက တန်ဖိုးရှိသော ဖောက်သည်တစ်ယောက်ဖြစ်၏။ သူသည် တစ်နှစ်လျှင် အစည်းအဝေးကျင်းပရုံဖြင့် ယွမ်သန်းပေါင်းများစွာ သုံးနိုင်သည်။ ထို့ပြင် ဟိုတယ်၏ အထူးဗီအိုင်ပီတစ်ယောက်လည်း ဖြစ်လေရာ သူ့ကို မည်သို့များ မျက်နှာပျက်အောင် လုပ်ရဲမည်နည်း။

ထိုသို့ပြောပြီးနောက် မန်နေဂျာလျိုက လုံခြုံရေးဝန်ထမ်းအား ယဲ့ချန်းနှင့် ထိုအမျိုးသားကို ဟိုတယ်အပြင်သို့ မောင်းထုတ်ရန် အချက်ပြလိုက်သည်။

သို့သော် ထိုအမျိုးသားနှင့် ယဲ့ချန်းတို့မှာ ထွက်သွားမည့် အရိပ်အယောင် စိုးစဉ်းမျှ မပြကြပေ။

"ဟိုတယ်မှာ လာစားကာမှ အောက်တန်းစားတွေနဲ့ တိုးနေတာ တကယ်စိတ်ရှုပ်ဖို့ကောင်းတယ်။ စားချင်စိတ်တောင် ကုန်သွားပြီ"

အမျိုးသမီးက လှောင်ပြောင်လိုက်၏။

ယဲ့ချန်းက သူတို့ကို အတော်ကြာအောင် သည်းခံခဲ့သော်လည်း ဤကဲ့သို့သော လူများက ဆက်ရိုင်းစိုင်းနေလိမ့်မည်ဟု မထင်ထားပေ။

ဤသို့သော လူစားမျိုးများနှင့် ရင်ဆိုင်ရလျှင် မည်သို့ပြန်တုံ့ပြန်ရမည်ဖြစ်​ကြောင်း ယဲ့ချန်း ကောင်းကောင်းသိသည်။ ထိုနည်းလမ်းမှာ သူတို့ကို အရှက်ခွဲပစ်ရန်ပင်။

"အဒေါ်ကြီး... ဒီမှာ မစားချင်ရင်လည်း ထွက်သွားလိုက်လေ"

ယဲ့ချန်းက အေးစက်မာကျောစွာ ပြောလိုက်သည်။

ပါဆယ်ပို့သမားတစ်ယောက်က သူ(မ)ကို ယခုလိုပြောဆိုနေသဖြင့် ထိုအမျိုးသမီးက ထေ့ငေါ့လေဟန်ဖြင့် ပြန်ပြောလိုက်သည်။

"နင်က ပါဆယ်ပို့သမားအဆင့်ပဲရှိတာပါ။ ဘာတွေကြီးကျယ်နေတာလဲ"

"ဟုတ်တာပေါ့။ ကျွန်တော်က ပါဆယ်ပို့သမားပါ။ ဒါပေမဲ့ သူများအပေါ် ကပ်ပါးရပ်ပါး မှီခိုနေထိုင်ရတဲ့ ဘဝထက်စာရင်တော့ ပိုသာပါသေးတယ် ဟုတ်တယ်မလား"

ယဲ့ချန်းကလည်း ပြန်လည်ချေပလိုက်သည်။

"နင်... နင်... နင် ပေါက်ကရလျှောက်ပြောနေတယ်"

ထိုအမျိုးသမီးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဝင်ပေါက်ရှိ ဆူညံသံကြောင့် လူအုပ်ကြီး စုရုံးလာသည်။ ယဲ့ချန်းထံမှ အပြောခံလိုက်ရသဖြင့် ထိုအမျိုးသမီးမှာ အရှက်ကွဲသွားသလို ခံစားလိုက်ရသည်။

ယဲ့ချန်းပြောသည်မှာ အမှန်ပင်။ ထိုအမျိုးသမီးမှာ ကတုံးအမျိုးသား၏ အငယ်အနှောင်းသာ ဖြစ်၏။

လူလတ်ပိုင်းအရွယ်အမျိုးသားက သူ့ကြောင့်နှင့် ယဲ့ချန်းက အမျိုးသမီးနှင့် စကားများနေရသည်ကို မြင်သောအခါ အမြန်ဝင်ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ် မောင်ရင်... ဒါပေမဲ့ ဒီကိစ္စက မောင်ရင်နဲ့ မဆိုင်ပါဘူးကွယ်။ မောင်ရင် သွားသင့်ပြီ"

သူ့စကားအဆုံးတွင် ဆံပင်ကို မြင်းမြီးပုံစံစုချည်ထားပြီး ကျောင်းဝတ်စုံဝတ်ကာ ကျောပိုးအိတ်လွယ်ထားသော မိန်းကလေးတစ်ယောက် ဝင်လာချေသည်။

"ဖေဖေ... ဘာလို့ ဒီမှာရပ်နေတာလဲဟင်"

ကောင်မလေးက မေးလိုက်သည်။

"ယာယာ... ခဏလေးစောင့်ဦးနော်"

ထိုလူလတ်ပိုင်းအရွယ်အမျိုးသားက ပြုံးလျက် ပြောလိုက်သည်။

သူက မန်နေဂျာလျိုကို ဘေးသို့ဆွဲခေါ်ကာ အသနားခံသည့် လေသံဖြင့် တောင်းပန်လိုက်သည်။

"မန်နေဂျာကြီး... ဒီနေ့က ကျွန်တော့်သမီးလေးရဲ့ မွေးနေ့မို့လို့ပါ။ ကျေးဇူးပြုပြီး ခွင့်ပြုပေးလို့ မရဘူးလား။ ကျွန်တော်တို့ မြန်မြန်စားပြီး မြန်မြန်ပြန်ပါ့မယ်။ တခြားဧည့်သည်တွေကိုလည်း မနှောင့်ယှက်ပါဘူး"

"မရပါဘူး။ ဥက္ကဋ္ဌကျန်းရဲ့ သဘောထားကိုလည်း ခင်ဗျားမြင်သားပဲ"

မန်နေဂျာလျိုက အခက်တွေ့နေဟန်ဖြင့် ပြောလိုက်သည်။

ထိုလူလတ်ပိုင်းအရွယ်အမျိုးသားသည် ကတုံးအမျိုးသားထံသို့ သွားတောင်းပန်လေတော့သည်။

"ဥက္ကဋ္ဌကျန်း... ဒီနေ့ ကျွန်တော့်သမီးလေးရဲ့ မွေးနေ့မို့လို့ပါ။ သမီးလေးရဲ့ဆန္ဒက ဒီဟိုတယ်မှာ လာစားချင်တာမို့ ကျေးဇူးပြုပြီး သဘောထားကြီးစွာနဲ့ ခွင့်ပြုပေးပါ"

"ခင်ဗျားလို လူတန်းစားမျိုးနဲ့ ဟိုတယ်တစ်ခုတည်းမှာ အတူတူစားရတာက ကျုပ်အတွက် သိပ်ရှက်ဖို့ကောင်းတယ်"

ကတုံးအမျိုးသားက လူလတ်ပိုင်းအရွယ် အမျိုးသားကို လှည့်ပင်မကြည့်ဘဲ ရိုင်းစိုင်းစွာ ပြောလိုက်သည်။

"ဖေဖေ... သမီးတို့ တခြားနေရာမှာပဲ သွားစားရအောင်နော်"

ကောင်မလေးက လိမ္မာသိတတ်စွာဖြင့် ပြောရှာသည်။

သမီးဖြစ်သူက ဖခင်နှင့် ထိုလူနှစ်ယောက် ပြောဆိုနေသည့် စကားများကတစ်ဆင့် အခြေအနေကို နားလည်သွားသည်။

သမီးဖြစ်သူ၏ ဝမ်းနည်းနေသော မျက်နှာလေးကို မြင်သောအခါ လူလတ်ပိုင်းအရွယ် အမျိုးသားက သူ(မ)၏ ခေါင်းလေးကို ပွတ်သပ်၍ နှစ်သိမ့်လိုက်၏။

"ယာယာ... ဖေဖေတို့ နောက်မှပဲ ဒီမှာလာစားကြတာပေါ့"

ထိုသို့ပြောပြီးနောက် ထိုလူလတ်ပိုင်းအရွယ်အမျိုးသားက သူ့သမီး၏လက်ကိုဆွဲကာ တံခါးဝသို့ လျှောက်သွားလေသည်။

"နေပါဦး..."

ယဲ့ချန်းက သူတို့၏လမ်းကို ပိတ်ရပ်၍ ပြောလိုက်သည်။

ထို့နောက် သူက ကတုံးအမျိုးသားနှင့် ထိုအမျိုးသမီးကို ကြည့်ကာ ပြောလိုက်၏။

"ထွက်သွားရမယ့်လူက ခင်ဗျားတို့ပဲ။ ဒီဟိုတယ်က ခင်ဗျားတို့လိုလူစားမျိုးကို မကြိုဆိုဘူး"

ယဲ့ချန်း၏စကားများကြောင့် လူတိုင်း ကြောင်အသွားကြသည်။

ကတုံးအမျိုးသားက အတန်ကြာမှ သတိပြန်ဝင်လာပြီး ပြောလိုက်၏။

"ချာတိတ်..ငါ့ကိုမောင်းထုတ်ဖို့ မင်းမှာ ဘာအရည်အချင်းရှိလို့လဲ။ မင်းကိုယ်မင်း ဘာကောင်မှတ်နေလဲ"

"ဟုတ်ပါရဲ့... ပါဆယ်ပို့သမားတစ်ယောက်ကများ ငါတို့ကို လာပြီးအမိန့်ပေးရဲတယ် ဟုတ်လား"

အမျိုးသမီးက ပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်နှယ် ပြောလိုက်လေသည်။

ထိုအချိန်တွင် မန်နေဂျာကျန်း ရောက်လာလေသည်။ ယဲ့ချန်းကို ပါဆယ်ပို့သမားယူနီဖောင်းဖြင့် မြင်လိုက်ရသောအခါ သူ့မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာတစ်ခု ပေါ်လာပြီး အပြေးအလွှား လျှောက်လာလေတော့သည်။

လူတိုင်းကလည်း သူ့အမူအရာကို သတိထားမိသွားသဖြင့် စူးစမ်းလိုစိတ်များ ပြင်းထန်လာသည်။

•••••••••••••••••••••

All Chapters