အခန်း ၇၂၅
Vol. 49 Ch. 725
အပိုင်း ၇၂၅ : အိပ်မက်များ အကောင်အထည်ပေါ်လာခြင်း
မန်နေဂျာကျန်းက သူ့ရှေ့ရှိ လူငယ်လေးကို ကြည့်၍ ရိုသေလေးစားစွာ ပြောလိုက်၏။
"မစ္စတာယဲ့... လူကြီးမင်းကိုယ်တိုင် ကြွလာတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အဝေးကနေ မကြိုနိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်"
ထိုစကားကို ကြားသောအခါ ကတုံးအမျိုးသားနှင့် အမျိုးသမီးတို့မှာ အံ့ဩတုန်လှုပ်သွားကြပြီး မန်နေဂျာလျိုလည်း ပျာယာခတ်သွားသလို လူလတ်ပိုင်းအရွယ်အမျိုးသားမှာမူ နားမလည်နိုင်လောက်အောင် ဖြစ်သွားသည်။
မန်နေဂျာကျန်းက ဤကဲ့သို့ ခေါ်ဝေါ်လိုက်ခြင်းကြောင့် ဤလူငယ်၏ အဆင့်အတန်းမှာ သာမန်မဟုတ်ကြောင်း လူတိုင်း သိလိုက်ကြသည်။
"မန်နေဂျာကျန်း... ငါတို့ဟိုတယ်က ဖောက်သည်တွေကို ဦးစားပေးရမယ်ဆိုတဲ့ မူဝါဒကို အမြဲတမ်းလိုက်နာခဲ့တာ မဟုတ်ဘူးလား။ အဲဒီမူဝါဒတွေက ဘယ်တုန်းက ပြောင်းသွားတာလဲ"
ယဲ့ချန်းက အေးစက်ခက်ထန်စွာ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ မန်နေဂျာကျန်းလည်း တွေဝေသွားသည်။ သူသည် ရုံးချုပ်၏ လုပ်ငန်းရှင်းလင်းပွဲသို့ တက်ရောက်နေသဖြင့် ဟိုတယ်တွင် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို လုံးဝမသိပေ။
သို့သော် ယဲ့ချန်းက ဤကဲ့သို့ မေးလာသောအခါ သူ ဘာမှမပြောနိုင်ချေ။
"မစ္စတာယဲ့... ဟိုတယ်က ဖောက်သည်တွေကို ဦးစားပေးရမယ်ဆိုတဲ့ မူဝါဒကို အမြဲတမ်း လက်ကိုင်ထားပါတယ်။ ဘယ်တုန်းကမှလည်း မပြောင်းလဲခဲ့ပါဘူး"
"ငါတော့ အဲဒီလိုမထင်ဘူး။ မင်းတို့က ဧည့်သည်တွေကို အဆင့်အတန်းခွဲခြားရဲတယ်ပေါ့"
ယဲ့ချန်းက သုန်မှုန်နေသော မျက်နှာထားဖြင့် ပြောလိုက်လေသည်။
ယဲ့ချန်း၏စကားများကို ကြားပြီးနောက် သူ့ရှေ့ရှိ လူလတ်ပိုင်းအရွယ်အမျိုးသားကို ကြည့်လိုက်လေရာ မန်နေဂျာကျန်း တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။
ဖြူဖပ်ဖြူရော်ဖြစ်ကာ တုန်ယင်နေသော မန်နေဂျာလျိုကိုကြည့်ရင်း မန်နေဂျာကျန်းက မေးလိုက်လေတော့သည်။
"မန်နေဂျာလျို... ဒီမှာဘာတွေဖြစ်နေတာလဲဆိုတာ ပြောစမ်းပါဦး"
"မန်နေဂျာကျန်း... ကျွန်တော် မှားသွားပါတယ်။ ကျွန်တော်က ဥက္ကဋ္ဌကျန်းကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိမှာကြောက်လို့ ဒီလူကြီးမင်းကို ဟိုတယ်ကနေ မောင်းထုတ်ချင်ခဲ့တာပါ"
မန်နေဂျာလျိုကလည်း သူ့အတွေးများကို ဖွင့်ဟဝန်ခံလိုက်သည်။
မန်နေဂျာကျန်းက ဒေါသတကြီးဖြင့် ပြောလိုက်၏။
"ဟိုတယ်ကိုလာတဲ့ လူတိုင်းက ဧည့်သည်တွေချည်းပဲ။ မင်းအနေနဲ့ ဘယ်လိုလုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် မျက်နှာလိုက်ပြီး ခွဲခြားဆက်ဆံလို့ရမှာလဲ"
"တောင်းပန်ပါတယ်။ ကျွန်တော် မှားသွားပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"
မန်နေဂျာလျိုက အမှားလုပ်ထားသော ကလေးငယ်တစ်ယောက်လို တောင်းပန်ရှာသည်။
"မင်း မစ္စတာယဲ့ကိုပဲ တောင်းပန်လိုက်ပါ။ သူက ဒီဟိုတယ်ရဲ့ ပိုင်ရှင်ပဲ"
မန်နေဂျာကျန်းက ကူကယ်ရာမဲ့လေဟန် အမူအရာဖြင့် ပြောလိုက်သည်။
မန်နေဂျာကျန်း၏ စကားများကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး လေထုမှာ ရေခဲတမျှ အေးစက်သွားလေဟန်ပင်။
မန်နေဂျာကျန်း၏ ခေါ်ဝေါ်ဆက်ဆံပုံအရ ယဲ့ချန်းတွင် အဆင့်အတန်းတစ်ခုခုရှိမည်ဟု လူတိုင်းက ယုံကြည်ထားခဲ့ကြသော်လည်း သူသည် ဟိုတယ်ပိုင်ရှင် ဖြစ်နေလိမ့်မည်ဟုတော့ မည်သူကမှ မျှော်လင့်မထားခဲ့ကြပေ။
ဟိုတယ်ပိုင်ရှင်တစ်ယောက်က ပါဆယ်လိုက်ပို့နေလိမ့်မည်ဟု မည်သူကမှ တွေးမိမည်မဟုတ်ချေ။
"သူဌေး... ကျွန်တော် မှားသွားပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"
မန်နေဂျာလျိုက ခါးသီးစွာ တောင်းပန်လိုက်သည်။
"ငါ့ဟိုတယ်က သေးလွန်းလို့ မင်းလိုလူကို လက်မခံနိုင်ဘူး။ မင်းကို အလုပ်ဖြုတ်လိုက်ပြီ"
ယဲ့ချန်းက သနားညှာတာမှုကင်းမဲ့စွာ ပြောလိုက်သည်။
သူအမုန်းဆုံးအရာမှာ အခြားသူများကို အထင်အမြင်သေးတတ်သော လူများပင်။ ဟိုတယ်၏ စီမံခန့်ခွဲမှုအဖွဲ့တွင် ထိုသို့သောလူစားမျိုး ရှိနေခြင်းမှာ ဟိုတယ်၏ တိုးတက်မှုကို ထိခိုက်စေလိမ့်မည်။
ယဲ့ချန်း၏ တုံ့ပြန်စကားကို ကြားသောအခါ မန်နေဂျာလျိုခမျာ မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားသည်။ သူ့အမြော်အမြင်နည်းပါးမှုကြောင့် အနာဂတ်အလားအလာများ ပြီးဆုံးသွားရပြီဖြစ်ကြောင်း မယုံနိုင်လောက်အောင် ဖြစ်နေလေသည်။
"မန်နေဂျာကျန်း... မန်နေဂျာလျိုနဲ့ ပတ်သက်တဲ့ကိစ္စတွေကို လူ့စွမ်းအားအရင်းအမြစ်ဌာနကနေ ကိုင်တွယ်ခိုင်းလိုက်ပါ။ ပြီးတော့ သူ့ကို ဒီလအတွက် လစာပေးလိုက်ပါ"
ယဲ့ချန်းက ဂရုမစိုက်လေဟန်ဖြင့် ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ... စိတ်ချပါ။ ကျွန်တော် ချက်ချင်း စီစဉ်လိုက်ပါ့မယ်"
မန်နေဂျာကျန်းက တရိုတသေ ပြောလိုက်လေသည်။
ယဲ့ချန်းက ကတုံးအမျိုးသားကို ကြည့်၍ ပြောလိုက်လေသည်။
"အခုအချိန်ကစပြီး ခင်ဗျားက ကျုပ်တို့ဟိုတယ်ရဲ့ အထူးဗီအိုင်ပီမဟုတ်တော့ဘူး။ ခင်ဗျားကို ဒီနေရာမှာ မကြိုဆိုဘူး"
"ချာတိတ်.. ငါက မင်းတို့ဟိုတယ်မှာ နှစ်တိုင်း ယွမ်သန်းချီပြီး သုံးနေတဲ့လူဆိုတာ မင်းသိလား"
ကတုံးအမျိုးသားက ကြွားလုံးထုတ်လိုက်လေသည်။
"ခင်ဗျားရဲ့ အဲဒီပိုက်ဆံလေးလောက်ကို ကျုပ် ဂရုမစိုက်ဘူး"
ယဲ့ချန်းက အေးစက်စက် ပြောလိုက်သည်။
ကတုံးအမျိုးသားက ယဲ့ချန်း သူ့ကို တောင်းပန်လိမ့်မည်ဟု ထင်ထားသော်လည်း ယဲ့ချန်းဘက်က ထိုငွေသန်းပေါင်းများစွာကို လုံးဝဂရုမစိုက်ဘဲ နေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
ယဲ့ချန်းက ကတုံးအမျိုးသားနှင့် စကားပြောရင်း အချိန်မဖြုန်းချင်တော့သဖြင့် အေးစက်ခက်ထန်စွာ ပြောလိုက်၏။
"ထွက်သွားပေးပါ"
"ငါ ထွက်မသွားနိုင်ဘူး။ မင်း ဘာလုပ်နိုင်လဲ"
ကတုံးအမျိုးသားက မာရေကျောရေဖြင့် ပြန်ချေပလိုက်သည်။
ယဲ့ချန်းကလည်း လုံခြုံရေးဝန်ထမ်းကို လှမ်းကြည့်လိုက်လေရာ တစ်ဖက်လူကလည်း နားလည်သဘောပေါက်သွားသည်။
"လူကြီးမင်း... ကျေးဇူးပြုပြီး ထွက်သွားပေးပါ။ ကျွန်တော်တို့ကို အင်အားသုံးရအောင် မလုပ်ပါနဲ့"
မည်သို့ပင်ဖြစ်စေ ကတုံးအမျိုးသားမှာ အသိုင်းအဝိုင်းထဲတွင် နာမည်ရနေသူတစ်ဦး ဖြစ်၏။ ဟိုတယ်ထဲက မောင်းထုတ်ခံရပြီး စီးပွားရေးအသိုင်းအဝိုင်းထဲ သတင်းပြန့်သွားလျှင် ရှက်ဖွယ်ကောင်းလှပေမည်။
ထို့ကြောင့် သူ့ခမျာ အမျိုးသမီးနှင့်အတူ အရှက်တကွဲ ထွက်ခွာသွားရတော့သည်။
ဤကိစ္စများကို ဖြေရှင်းပြီးနောက် ယဲ့ချန်းက လူလတ်ပိုင်းအရွယ် အမျိုးသားကို ပြောလိုက်၏။
"ဦးလေး... အားမနာဘဲ အေးအေးဆေးဆေးစားသောက်ပါ။ ဒီနေ့က ဦးလေးသမီးရဲ့ မွေးနေ့ဆိုတော့ ဦးလေးတို့ကို ဟိုတယ်ရဲ့ အကောင်းဆုံး သီးသန့်ခန်းကို သုံးခွင့်ပေးပါ့မယ်"
လူလတ်ပိုင်းအရွယ် အမျိုးသားက အိတ်ကပ်ထဲရှိ တွန့်ကြေနေသော ပိုက်ဆံအနည်းငယ်ကို ထုတ်ယူပြီး အခက်တွေ့နေလေဟန် မျက်နှာထားဖြင့် ပြောလိုက်သည်။
"မစ္စတာယဲ့... ကျွန်တော်ယူလာတဲ့ ပိုက်ဆံက ဒါအကုန်ပဲဗျ။ အခန်းခအတွက် မလောက်နိုင်ပါဘူး"
"ဦးလေး စိတ်ချပါ... ဒီနေ့ ဟိုတယ်က ကုန်ကျစရိတ်တွေအားလုံးကို ကျွန်တော်တို့ တာဝန်ယူပေးပါ့မယ်။ ဦးလေးရဲ့သမီးလေး အမှတ်တရကောင်းလေးတွေ ရသွားဖို့အတွက် မွေးနေ့လက်ဆောင်လို့ပဲ သဘောထားလိုက်ပါ"
ယဲ့ချန်းက နှစ်သိမ့်လေဟန်အပြုံးဖြင့် ပြောလိုက်သည်။
ထို့နောက် သူက ကောင်မလေးကို ကြည့်၍ ပြောလိုက်၏။
"ညီမလေး... မွေးနေ့မှာ ပျော်ရွှင်ပါစေ။ ဒီနေ့ ဟိုတယ်မှာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေနော်"
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"
ကောင်မလေးက ဝမ်းသာအားရ ပြောလိုက်လေသည်။
ယဲ့ချန်းက မန်နေဂျာကျန်းကို ပြောလိုက်၏။
"ဒီနေ့ သူတို့ ဘာပဲမှာမှာ အကုန်အခမဲ့ပဲ။ သူတို့ကို ငါတို့ရဲ့ဧကရာဇ်ခန်းမကို သုံးခွင့်ပေးလိုက်"
မန်နေဂျာကျန်းက ခေါင်းညိတ်ပြလျက် ပြောလိုက်၏။
"မစ္စတာယဲ့... စိတ်ချပါ။ ကျွန်တော်တို့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ပါ့မယ်"
ယဲ့ချန်းက စားပွဲထိုးမလေးတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။
"မင်းကို အကူအညီနည်းနည်းလောက် တောင်းချင်လို့"
ထို့နောက် သူ(မ)ကို စကားအနည်းငယ် တိုးတိုးလေး ကပ်ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ သူဌေး"
စားပွဲထိုးမလေးက ပြုံးလျက် ပြန်ဖြေလိုက်သည်။
မိန်းကလေးတိုင်းမှာ မင်းသမီးလေးတစ်ပါး ဖြစ်ချင်သည့် အိပ်မက်တစ်ခု ရှိတတ်ကြကြောင်း သူသိသည်။ ယနေ့ ထိုကောင်မလေး၏ အိပ်မက်များ တကယ်ဖြစ်လာစေရန် ကူညီပေးချင်မိသည်။
ယဲ့ချန်း ထွက်သွားတော့မည့်အချိန်တွင် ကောင်မလေးက ရုတ်တရက် သူ့ကို လှမ်းခေါ်လိုက်၏။
"အစ်ကိုကြီး... သမီးရဲ့မွေးနေ့မှာ သမီးတို့နဲ့အတူ အချိန်ဖြုန်းပေးလို့ ရမလားဟင်"
ကောင်မလေး၏ မျက်လုံးထဲရှိ တောင်းဆိုနေလေဟန်အကြည့်ကို မြင်သောအခါ ယဲ့ချန်း မငြင်းရက်တော့ပေ။
"ရတာပေါ့... ကိစ္စမရှိပါဘူး"
ယဲ့ချန်းလည်း လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် ထိုကောင်မလေးကို ဧကရာဇ်ခန်းမဆီသို့ ခေါ်သွားလိုက်သည်။
အထဲဝင်လိုက်သည်နှင့် သူတို့တစ်သိုက် နန်းတော်ထဲသို့ ရောက်သွားသလို ခံစားလိုက်ရပြီး အခန်း၏အပြင်အဆင်ကြောင့် နှစ်ယောက်စလုံး ဆွံ့အသွားကြသည်။ ယဲ့ချန်းနှင့်သာ မသိခဲ့လျှင် သူတို့တစ်သက်တာတွင် ဤမျှအဆင့်မြင့်သော အခန်းထဲသို့ ဝင်ရောက်နိုင်မည်မဟုတ်ပေ။
ဧကရာဇ်ခန်းမသည် ငွေရှိရုံဖြင့် ဘိုကင်လုပ်၍ ရနိုင်သောအရာ မဟုတ်ကြောင်း သိထားသင့်သည်။
ကောင်မလေးက ဝမ်းသာအားရဖြင့် ပြောလိုက်၏။
"ဖေဖေ... မနက်ဖြန်ကျရင် သမီး အတန်းဖော်တွေကို ဒီနေ့ မယ်ရီယော့ဟိုတယ်ရဲ့ အလှဆုံး အခမ်းနားဆုံးအခန်းထဲမှာ ညစာစားခဲ့တယ်လို့ ပြောပြရမယ်။ ဒါဆို သူတို့ သမီးကို လှောင်တော့မှာမဟုတ်ဘူး"
"ယာယာ... ဒါတွေအားလုံးက ဖေဖေ့ကြောင့်ပါ။ ဖေဖေ့မှာသာ အရည်အချင်းတွေပိုရှိပြီး ကောင်းမွန်တဲ့ အလုပ်တစ်ခုရှိခဲ့ရင် သမီးလည်း အတန်းဖော်တွေဆီက လှောင်ပြောင်ခံရမှာမဟုတ်ဘူး"
လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့ကိုယ်သူ အပြစ်တင်ရှာသည်။
ထိုကောင်မလေးက သူ့အဖေဘေးသို့ သွား၍ ပြောလိုက်၏။
"မဟုတ်ပါဘူး... ဖေဖေက သမီးကို ဂရုတစိုက်နဲ့ ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဒီကမ္ဘာပေါ်မှာ အကြီးကျယ်အခမ်းနားဆုံး အဖေပါပဲ"
သားအဖနှစ်ယောက်၏ ရင်နင့်ဖွယ်ကောင်းသော စကားများကို ကြားသောအခါ ယဲ့ချန်းလည်း စကားလမ်းကြောင်းပြောင်းလိုက်သည်။
"ယာယာ... ဒီနေ့က သမီးမွေးနေ့ဆိုတော့ ပျော်စရာကောင်းတာတွေကိုပဲ တွေးသင့်တယ်လေ"
"ဟုတ်တယ် ယာယာ... မွေးနေ့မှာ ပျော်ရွှင်ပါစေ။ ဒါက ဖေဖေပေးတဲ့ လက်ဆောင်ပါ"
ထိုသို့ပြောရင်း လူလတ်ပိုင်းအရွယ် အမျိုးသားက ကောင်မလေးကို ပါဆယ်ထုတ်လေးတစ်ခု ကမ်းပေးလိုက်သည်။
ကောင်မလေးကလည်း ဖွင့်ကြည့်လိုက်လေရာ ဆံထိုးလေးတစ်ခုကို တွေ့လိုက်ရသဖြင့် ဝမ်းသာအားရ ပြုံးလိုက်သည်။
ဤအရာမှာ သူ(မ)၏အဖေက ကြိုးကြိုးစားစား စုဆောင်းထားသည့်ငွေဖြင့် ဝယ်ပေးထားခြင်းဖြစ်ကြောင်း သူ(မ) ကောင်းကောင်းသိသဖြင့် ဤအရာကို အလွန်တန်ဖိုးထားသည်။
ထိုအချိန်တွင် စားပွဲထိုးမလေး ဝင်လာပြီး ကိတ်မုန့်တစ်လုံးနှင့် စျေးဝယ်အိတ်တစ်အိတ်ကို သယ်ဆောင်လာသည်။
သူ(မ)က ကိတ်မုန့်ကို စားပွဲပေါ်သို့ တင်လိုက်ပြီး ကောင်မလေးကို လက်ယပ်ခေါ်လိုက်သည်။
"ညီမလေး... ဒါက ညီမလေးအတွက် အစ်မတို့သူဌေးပေးတဲ့ လက်ဆောင်လေ"
ကောင်မလေးမှာ နားမလည်နိုင်လောက်အောင် ဖြစ်သွားပြီး ယဲ့ချန်းကို မေးခွန်းထုတ်ချင်နေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။
"ဒါက ညီမလေးအတွက် အစ်ကိုကြီးပေးတဲ့ စပရိုက်လေ။ သွားကြည့်ကြည့်လိုက်"
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။
ကောင်မလေးကလည်း နာခံကျိုးနွံစွာ လျှောက်သွားပြီးနောက် အိတ်ထဲရှိ ပစ္စည်းများကို မြင်လိုက်ရသောအခါ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုကြောင့် အလင်းတန်းများ ဖြာထွက်သွားလေတော့သည်။
ဤအရာမှာ သူ(မ) အကြိမ်ပေါင်းမရေမတွက်နိုင်အောင် မက်ခဲ့ဖူးသည့် အိပ်မက်တစ်ခုဖြစ်သည်။ သူ(မ)၏အိပ်မက်က ယနေ့ အကောင်အထည်ပေါ်လာလိမ့်မည်ဟု လုံးဝထင်မထားပေ။
•••••••••••••••••••••••