အခန်း ၇၂၈
Vol. 49 Ch. 728
အပိုင်း ၇၂၈ : စိုးရိမ်တကြီး စောင့်ဆိုင်းခြင်း
ယဲ့ချန်းလည်း သုံးဘီးဆိုင်ကယ်ကို ပစ္စည်းပို့သည့်နေရာသို့ ပြန်စီးသွားပြီး ထိုမှတစ်ဆင့် ကူလီနန်ကားကိုမောင်းကာ ဟွားအိမ်တော်သို့ ထွက်လာခဲ့သည်။
လမ်းတွင် ရှောင်ဖန်ထံသို့ ဖုန်းဆက်ပြီး ပစ္စည်းပို့ခြင်းအားလုံး ပြီးသွားပြီဖြစ်ကြောင်း ပြောလိုက်သည်။
ရှောင်ဖန်ကလည်း အလွန်ကျေးဇူးတင်သွားပြီး နောင်တွင် အကူအညီလိုလျှင် အချိန်မရွေးပြောရန် ပြောလိုက်သည်။
သူ အိမ်ပြန်ရောက်သောအခါ ညရှစ်နာရီထိုးနေပြီ ဖြစ်သော်လည်း လင်းဝမ်ယို အိမ်မှာမရှိပေ။ သူ(မ) အလုပ်များနေမည်ဖြစ်ကြောင်း ယဲ့ချန်း သိလိုက်သည်။
ယဲ့ချန်းလည်း မီးဖိုချောင်ထဲသို့ တစ်ယောက်တည်းဝင်သွားပြီး ရေခဲသေတ္တာဖွင့်၍ ခေါက်ဆွဲ၊ ခရမ်းချဉ်သီးနှင့် ကြက်ဥအချို့ကို ထုတ်ယူကာ ညစာချက်ရန် ပြင်ဆင်လိုက်သည်။
တစ်ယောက်တည်းစားရသည်မှာ ပျော်စရာမကောင်းသဖြင့် ရှုပ်ထွေးခက်ခဲသည့် ဟင်းလျာမျိုး ချက်ချင်စိတ်မရှိပေ။
မကြာခင်မှာပင် ခရမ်းချဉ်သီးခေါက်ဆွဲပြုတ် အဆင်သင့်ဖြစ်သွားသည်။
ယဲ့ချန်းက ဒယ်အိုးကို မီးဖိုချောင်ထဲမှ ထမင်းစားခန်းဆီသို့ သယ်လာခဲ့သည်။ သူ ထိုင်ခုံပေါ် ထိုင်တော့မည့်ဆဲဆဲတွင် ဒေါက်ဖိနပ်သံတတောက်တောက်ကို ကြားလိုက်ရသည်။
လင်းဝမ်ယိုသည် ဖိနပ်စင်မှ အိမ်စီးဖိနပ်ကို လဲစီးလိုက်ပြီးနောက် ထမင်းစားခန်းသို့ တန်းတန်းမတ်မတ် ဝင်လာခဲ့သည်။
အနည်းငယ်ပင်ပန်းနေသော်လည်း လှပနေဆဲဖြစ်သော လင်းဝမ်ယို၏ မျက်နှာလေးကို မြင်လိုက်ရသောအခါ ယဲ့ချန်း၏ရင်ထဲတွင် သနားသွားသည်။
"ဝမ်ယို ပင်ပန်းနေပြီပဲ။ ညစာမစားရသေးဘူးမလား"
"သခင်လေး.. အိမ်ထဲခြေချလိုက်တာနဲ့ ခေါက်ဆွဲပြုတ်နံ့ကို ရလိုက်လို့ တကယ်သွားရည်ကျသွားတာပဲ"
လင်းဝမ်ယိုက ပြုံးလျက် ပြောလိုက်သည်။
"သွား... အဝတ်အစားလဲပြီး လက်ဆေးလိုက်ဦး။ ကိုယ် ခူးပေးထားမယ်"
လင်းဝမ်ယို အဝတ်အစားလဲပြီး ထမင်းစားခန်းသို့ ပြန်ရောက်လာချိန်တွင် စားပွဲပေါ်ရှိ ခေါက်ဆွဲပြုတ်ကိုမြင်ပြီး ပါးစပ်ထဲက သွားရည်များပင် ကျလာတော့မတတ် ဖြစ်သွားသည်။
သူ(မ)လည်း တူကိုကောက်ကိုင်ကာ ခေါက်ဆွဲဖတ်တစ်ဖတ်ကိုယူပြီး ပါးစပ်ထဲထည့်၍ ဖြည်းဖြည်းချင်း အရသာခံလိုက်သည်။
အစပိုင်းတွင်မူ မိန်းမကောင်းလေးတစ်ယောက်လို ဟန်ကိုယ့်ဖို့ စားနေခဲ့သည်။
သို့သော် နောက်ပိုင်းတွင်မူ သူ(မ) ဟန်မဆောင်နိုင်တော့ချေ။ မကြာခင်မှာပင် ပန်းကန်လုံးတစ်လုံးစာ ခေါက်ဆွဲပြုတ်ကို ပြောင်စင်အောင် စားပစ်လိုက်တော့သည်။
လင်းဝမ်ယိုက ပန်းကန်လုံးကို ယဲ့ချန်းထံသို့ ကမ်းပေးရင်း ပြောလိုက်၏။
"သခင်လေး အရမ်းစားကောင်းတာပဲ။ ထပ်စားချင်သေးတယ်"
ယဲ့ချန်းလည်း မတတ်သာသည့်အဆုံး အိုးထဲတွင်ကျန်နေသော ခေါက်ဆွဲအားလုံးကို သူ(မ)၏ ပန်းကန်ထဲသို့ ထည့်ပေးပြီး သူကတော့ ဟင်းရည်နည်းနည်းသာ သောက်လိုက်ရသည်။
ဟင်းချက်စွမ်းရည်ရှိသော ယဲ့ချန်းအတွက်တော့ ရိုးရှင်းသည့် ခေါက်ဆွဲပြုတ်လေးကပင် ကြယ်ငါးပွင့်ဟိုတယ်မှ ထိပ်တန်းစားဖိုမှူးတစ်ယောက် ချက်ထားသလို အရသာရှိနေလေသည်။
လင်းဝမ်ယိုလည်း ခေါက်ဆွဲနှင့် ဟင်းရည်ကို တစ်စက်မျှမကျန်အောင် ပြောင်စင်စွာ စားသောက်လိုက်သည်။
ဤသည်ကိုမြင်သော် ယဲ့ချန်းမှာ မရယ်ဘဲ မနေနိုင်တော့ပေ။ သူသိသော လှပသည့်မိန်းကလေးများက အစားအသောက်ကောင်းများနှင့် တွေ့လျှင် အပြုအမူများ ပြောင်းလဲသွားတတ်ကြသည်။
ယဲ့ချန်း တစ်စုံတစ်ရာ မပြောနိုင်ခင်မှာပင် လင်းဝမ်ယိုက နှုတ်ခမ်းလေးစူ၍ ပြောလိုက်၏။
"သခင်လေးက အရမ်းဆိုးတာပဲ။ ညစာမစားတော့ဘူးလို့ စိတ်ကူးထားတာကို အစားကောင်းလေးနဲ့ ဆွဲဆောင်တော့ အရှုံးပေးလိုက်ရပြီ။ အခုတော့ ဝိတ်တက်တော့မှာ သေချာတယ်"
ယဲ့ချန်း၏စိတ်ထဲတွင် အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ သူက ဟင်းရည်သာ သောက်ရပြီး ဗိုက်ဆာနေသေးသော်လည်း ဤကောင်မလေးကမူ စားချင်တိုင်းစားပြီးမှ ချွဲနွဲ့နေလေသည်။ တကယ်စိတ်ရှုပ်စရာပင်။
ယနေ့ညတော့ ဤမိန်းကလေးကို သေချာအပြစ်ပေးရမည်ဟု သူ ဆုံးဖြတ်လိုက်သည်။
ရေချိုးပြီးနောက် ယဲ့ချန်းမှာ လင်းဝမ်ယို၏ ဆံပင်များကို ခြောက်သွေ့အောင် လုပ်ပေးပြီးနောက် နှစ်ယောက်သား မုန်တိုင်းထန်သည့် ညတစ်ညကို အတူတကွ ဖြတ်သန်းခဲ့ကြသည်။
နှိုးစက်မြည်လာသည့်တိုင်အောင် လင်းဝမ်ယို နိုးမလာခဲ့ပေ။
ယဲ့ချန်းမှာမူ ပစ္စည်းပို့သည့်နေရာသို့ ကားမောင်းသွားလေရာ မန်နေဂျာကျန်းတာ့ဖူ တစ်ယောက်သာ ရှိနေလေသည်။
"ယဲ့ချန်း.. မင်းက ဇိမ်ခံကားကြီးစီးပြီး ဒီလောက်ချမ်းသာနေတာတောင် အလုပ်ကို ကြိုးစားလုပ်နေသေးတာပဲ။ ငါတို့လိုလူတွေက ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ။ ဟိုကောင်စုတ်လေးတွေကို ကြည့်စမ်း။ အခုထိတောင် ရောက်မလာကြသေးဘူး"
ယဲ့ချန်းလည်း ဘာမှပြန်မပြောဘဲ ယနေ့ ပို့ရမည့် ပစ္စည်းများကို လျှပ်စစ်သုံးဘီးဆိုင်ကယ်ပေါ်သို့ တင်လိုက်သည်။
ကျန်းတာ့ဖူ နောက်ထပ်တစ်ခုခုပြောမည်ကိုပင် မစောင့်တော့ဘဲ သီချင်းလေးတအေးအေးဖြင့် ဆိုင်ကယ်မောင်းလာပြီး ပစ္စည်းပို့ရမည့် နောက်ထပ်နေ့သစ်တစ်နေ့ကို စတင်လိုက်သည်။
ဝကစ်ကစ်အဖျော်ယမကာဆိုင်ဟုခေါ်သော နေရာသို့ ရောက်သောအခါ ယဲ့ချန်းလည်း ဆိုင်ကယ်ကို အဝင်ဝတွင် ရပ်လိုက်ပြီး အထဲဝင်ကာ မေးလိုက်၏။
"မင်္ဂလာပါ မိန်းကလေးလျို ရှိလားဗျ။ သူ့အတွက် ပါဆယ်တစ်ခု ပါလာလို့ပါ"
ထိုအချိန်တွင် ဝကစ်ကစ်ယူနီဖောင်းကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်က စကားဆိုလေသည်။
"မင်္ဂလာပါ... အဲဒါ ကျွန်မပါ"
အသံလာရာသို့ ယဲ့ချန်း ကြည့်လိုက်သောအခါ အသက်နှစ်ဆယ်အရွယ် ဘော့ဆံပင်စတိုင်နှင့် သန့်ရှင်းသပ်ရပ်သော လုပ်ငန်းခွင်ယူနီဖောင်းကို ဝတ်ဆင်ထားသည့် ကောင်မလေးတစ်ယောက် ဆိုင်ကို ရှင်းလင်းနေကြောင်း တွေ့လိုက်ရသည်။
"မင်္ဂလာပါ။ ကျေးဇူးပြုပြီး ဒီမှာ လက်မှတ်ထိုးပေးပါ။ ပြီးတော့ စိတ်ကျေနပ်မှုရှိရင် ရီဗျူးကောင်းကောင်းလေး ပေးဖို့ မမေ့နဲ့ဦးနော်"
ယဲ့ချန်းက ကောင်မလေးကို အပြုံးလေးဖြင့် ပါဆယ်ထုပ် ကမ်းပေးလိုက်သည်။
ကောင်မလေး လက်မှတ်ထိုးပြီးနောက် ယဲ့ချန်းလည်း ပြန်ထွက်ရန် တစ်ဖက်လှည့်လိုက်သည်။
"ခဏနေပါဦး"
ကောင်မလေး၏ အသံက အနောက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
ပါဆယ်ထုပ်နှင့်ပတ်သက်ပြီး ပြဿနာတစ်ခုခုများ ရှိနေမလားဟုတွေးကာ ယဲ့ချန်း နောက်လှည့်ပြီး မေးလိုက်၏။
"ပါဆယ်ထုပ်မှာ ပြဿနာတစ်ခုခုရှိလို့လားဗျ"
"မဟုတ်ပါဘူး"
ကောင်မလေးက ထိုသို့ပြန်ဖြေပြီး ကောင်တာဆီသို့ လျှောက်သွားကာ ရေခဲရေတစ်ခွက်ကို ယဲ့ချန်းထံသို့ ကမ်းပေးရင်း ချိုသာစွာ စကားဆိုလေသည်။
"ရှင့်အတွက်ပါ။ ရာသီဥတုကပူတော့ အပူရှပ်မသွားအောင်လို့ပါ"
ကောင်မလေးကမ်းပေးသော ဖျော်ရည်ကိုမြင်သော် ယဲ့ချန်းလည်း ခဏမျှကြက်သေသေသွားသော်လည်း ချက်ချင်းပင် ရင်ထဲ၌ နွေးထွေးသွားသည်။
ပစ္စည်းလိုက်ပို့ရသည့် နေ့ရက်များတစ်လျှောက် သူသည် လူအမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရသည်။ အများစုမှာ ပစ္စည်းပို့သမားများအပေါ် အထင်အမြင်သေးစွာ ဆက်ဆံတတ်ကြသည်။
သို့သော် သူ့ရှေ့ရှိ ဤကောင်မလေးကမူ ထိုလူများနှင့် လုံးဝကွဲပြားခြားနားနေသည့်အတွက် ယဲ့ချန်း၏ စိတ်နှလုံးကို နွေးထွေးသွားစေသည်။
ယဲ့ချန်းလည်း ထိုဖျော်ရည်ကိုယူပြီး ပြောလိုက်၏။
"ကျေးဇူးတင်ပါတယ်"
"လမ်းမှာ ဂရုစိုက်သွားနော်။ သဘောကျတယ်ဆိုရင် နောက်လည်း ခဏခဏလာခဲ့လို့ရပါတယ်နော်"
ကောင်မလေးက တံခါးဝတွင် ရပ်လျက် ယဲ့ချန်း ထွက်သွားသည်ကို လိုက်ပို့ပေးသည်။
ထို့နောက် သူ(မ)က အလုပ်ဆက်လုပ်ရန် ဆိုင်ထဲသို့ ပြန်ဝင်သွားသည်။ ဆိုင်ဖွင့်ဖွင့်ချင်းမှာပင် ချောမောခန့်ညားသော ပစ္စည်းပို့သမားလေးတစ်ယောက်နှင့် ဆုံလိုက်ရသဖြင့် ယနေ့အတွက် အထူးတလည် ရွှင်လန်းနေချေသည်။
ယဲ့ချန်းမှာ လမ်းကြားများထဲ၌ ဆိုင်ကယ်မောင်းကာ ဝယ်သူတစ်ယောက်ချင်းစီထံသို့ ပစ္စည်းများ လိုက်လံပို့ဆောင်နေသည်။
"တီ တီ တီ"
သူ့ဖုန်း မြည်လာသော်လည်း ဆိုင်ကယ်မောင်းနေရသဖြင့် ယဲ့ချန်းအတွက် ဖုန်းကိုင်ရန် အဆင်မပြေပေ။
သို့သော် ဖုန်းမြည်သံက ရပ်မသွားဘဲ ဆက်တိုက်မြည်နေသဖြင့် ယဲ့ချန်းလည်း ဆိုင်ကယ်ကို လမ်းဘေးတွင် ထိုးရပ်ပြီး ဖုန်းခေါ်ဆိုသူကို ကြည့်လိုက်လေရာ အဘွားကျန်းဖြစ်နေချေသည်။
ယဲ့ချန်း ဖုန်းပြန်ခေါ်လိုက်သောအခါ ဖုန်းသံအနည်းငယ်မြည်ပြီးနောက် တစ်ဖက်က ဖုန်းကိုင်လိုက်သည်။
"အဘွားကျန်း... တစ်ခုခုလိုအပ်လို့လားဗျ"
"ရှောင်ချန်း... မင်းကိုမတွေ့ရတာ ရက်တော်တော်ကြာသွားပြီပဲ။ အဘွားက မင်းကိုသတိရလို့ စကားလေးဘာလေး ပြောချင်လို့ပါ။ အခု အလုပ်များနေလား"
"ဪ အဘွားကျန်း.. အဲဒါကလွဲပြီး တခြားကိစ္စတွေရော ရှိသေးလို့လား"
ယဲ့ချန်းက အဖြေမပေးဘဲ ပြန်မေးလိုက်သည်။
"မရှိပါဘူး။ မရှိပါဘူး။ အဘွား မင်းအလုပ်လုပ်နေတာကို အနှောင့်အယှက်ပေးမိသလို ဖြစ်သွားလား"
အဘွားကျန်းက ကြင်နာစွာ မေးရှာသည်။
ယဲ့ချန်းက ဆို၏။
"အဘွားကျန်း... ကျွန်တော့်မှာ ပို့စရာလေးတွေ နည်းနည်းကျန်နေသေးလို့။ ခဏနေမှ အဘွားဆီ ပြန်ဆက်သွယ်လိုက်မယ်နော်။ ရတယ်မလား"
"အေးပါကွယ် အေးပါ။ မင်းအလုပ်သာ ဆက်လုပ်ပါ။ အဘွား အနှောင့်အယှက်မပေးတော့ပါဘူး"
ဖုန်းချပြီးနောက် အိမ်တွင် တစ်ယောက်တည်း စကားပြောဖော်မရှိရှာသော အဘွားကျန်း၏ မျက်နှာပေါ်၌ စိတ်ပျက်ဝမ်းနည်းသွားသည့် အရိပ်အယောင်များ ပေါ်လာသည်။
သူ(မ)၏ သမီးဖြစ်သူကလည်း အလုပ်နှင့် မိသားစုကြောင့် အလုပ်များနေသဖြင့် လာလည်ခဲလှသည်။ ယနေ့တွင် သူ(မ)လည်း သဘောကောင်းသော ထိုပစ္စည်းပို့သမားလေးကို သတိရကာ စကားပြောချင်ခဲ့သော်ငြား သူကလည်း အလုပ်ရှိနေသဖြင့် သူ(မ)လို အဘွားအိုတစ်ယောက်အတွက် အချိန်မပေးနိုင်ပေ။
အဘွားကျန်းလာ်း တစ်ကိုယ်တည်း ရေရွတ်လိုက်၏။
"အင်းလေ... ကိုယ့်သမီးအရင်းတောင် ကိုယ့်ကို အရေးမစိုက်တာ။ အပြင်လူတစ်ယောက်ဆိုရင်တော့ ပြောမနေနဲ့တော့"
အဘွားကျန်းနှင့် ဖုန်းပြောပြီးနောက် အဘွားအိုက စကားပြောချင်နေသည်ကို ကြားလိုက်ရသဖြင့် ယဲ့ချန်းလည်း ပစ္စည်းပို့မည့်အလုပ်ကို မြန်မြန်ပြီးအောင် သုံးဘီးဆိုင်ကယ်ကို အပြင်းနှင်လိုက်သည်။
သူ့မှာ နေ့လယ်စာစားရန်ပင် မနားခဲ့ပေ။ အလုပ်အားလုံးပြီးစီးသွားချိန်တွင် နေ့လယ်နှစ်နာရီပင် ထိုးနေပြီဖြစ်၏။
ဗိုက်ဆာဆာဖြင့်ပင် ယဲ့ချန်းတစ်ယောက် လျှပ်စစ်သုံးဘီးဆိုင်ကယ်ကို အမြန်မောင်းကာ ပါကင်ထိုးပြီးသည်နှင့် အပေါ်ထပ်သို့ အမြန်ပြေးတက်သွားသည်။
ထိုအချိန်တွင် အဘွားအိုမှာ နေ့လယ်ဘက် တစ်ရေးအိပ်ရာမှ နိုးခါစပင် ရှိသေးသည်။
"ဒေါက် ဒေါက် ဒေါက်"
အပြင်ဘက်မှ တံခါးခေါက်သံနှင့်အတူ လူငယ်လေးတစ်ယောက်၏ အသံကိုပါ ကြားလိုက်ရ၏။
"အဘွားကျန်း အဘွားကျန်း... ရှောင်ချန်းပါ"
ထိုလူငယ်လေးကို အလွန်လွမ်းနေမိသဖြင့် ဤအသံကိုကြားသောအခါ အဘွားကျန်းမှာ အိပ်မက်မက်နေသည်ဟု ထင်လိုက်မိသည်။
အဘွားကျန်းလည်း ထုံးစံအတိုင်း အိပ်ရာကို သပ်ရပ်အောင် ရှင်းလင်းပြီး လက်ဖက်ရည်ဖျော်ရန် မီးဖိုချောင်ဆီသို့ ဝှီးချဲကို တွန်းသွားလိုက်သည်။
ယဲ့ချန်းကမူ အကြိမ်ပေါင်းများစွာ တံခါးခေါက်သော်လည်း ဘာတုံ့ပြန်မှုမှ မရသဖြင့် အဘွားကျန်း တစ်ခုခုများဖြစ်နေပြီလားဟု တွေးကာ အနည်းငယ် စိုးရိမ်ပူပန်သွားသည်။
•••••••••••••••••••••